စတင်မည့်နေ့
Vol. 3 Ch. 64
လက်ရှိအချိန်၌ ရှောင်ယောင်က စံအိမ်၏အနီးတွင်ရှိသည့်ထောင့်တစ်နေရာတွင်ရှိကာ သူ၏နေရာက နေရာကောင်းရထားသည်ဟုဆိုနိုင်သည်။
စွန်းအိမ်တော်တွင်တည်းခိုခွင့်ရသူတစ်ယောက်အနေဖြင့် ရှောင်ယောင်က ယခုလိုနေရာတစ်ခုရသည်က ပုံမှန်ဖြစ်ပြီး အခြားလူများနည်းတူ နံနက်စောစောထ၍ နေရာကောင်းတစ်ခုရှာယူထားခြင်းဖြစ်သည် ။။
ဤနေရာမှဆိုလျှင် ပြိုင်ပွဲစင့်မြင့်ကိုကောင်းစွာမြင်နိုင်သလို ကွင်းပြင်ထဲတွင်လို အနီး၌လူများစွာလည်းမရှိပေ။
ထို့အပြင် ဒုတိယအချက်က စံအိမ်ရှေ့ဘက်ရှိဒိုင်လူကြီးများ၏နေရာနှင့် နီးကပ်၍ဖြစ်ပြီး ထိုအထဲတွင် စန်းဟုန်းလျန်ပါလျှင် လွယ်ကူစွာတွေ့ဆုံနိုင်ရန် ဤနေရာကိုယူထားခြင်းဖြစ်သည်။
မှန်ပေသည်။
ပန်းတစ်ရာတောင်ကုန်းတွင် လမ်းမခွဲမီပြောခဲ့သည့် စန်းဟုန်းလျန်၏စကားအရဆိုပါက စွန်းအိမ်တော်သိုင်းပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရမည်ဖြစ်ပြီး သူ၏သိုင်းပညာအရဆိုလျှင် ကျန်လူများထက်အောက်ကျမည်မဟုတ်ပေ။
ထို့ကြောင့် ရှောင်ယောင်နှင့် စွန်းအိမ်တော်တွင်ပြန်တွေ့ရန်ချိန်းဆိုကာ ကျန်လူများနှင့်အတူ ဟွာရှန်းတောင်သို့လိုက်ပါသွားခြင်းဖြစ်ပြီး အကယ်၍ ရှောင်ယောင်သာအန္တရာယ်ကျရောက်မည့်အကြောင်းကို ကြိုတင်သိရှိပါက စန်းဟုန်းလျန်မှာ သူ၏ဘေးမှတစ်ဖဝါးမှပင်ခွာမည်မဟုတိပေ။
ရှောင်ယောင်က စန်းဟုန်းလျန်နှင့်အတူမရှိ၍လည်း သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ယောက်၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။
အဆိုးထဲမှအကောင်းဟုပြောရမည်က ထိုလူ၏လက်မှရှောင်တိမ်းရင်း ရေတံခွန်နောက်လျှို့ဝှက်နေရာကိုဝင်ရောက်နိုင်ခဲ့သလို ကျောက်စိမ်းခေါင်းတလားထဲမှမိန်းမပျိုနှင့်တွေ့ဆုံရခြင်းဖြစ်သည် ။
အကောင်းနှင့်အဆိုးကတစ်လှည့်စီကျရောက်နေပြီး လျှို့ဝှက်နေရာတွင်ပိတ်မိခဲ့သည့်အတွက်ကျောက်စိမ်းခေါင်းတလားတွင်းမှ မိန်းမပျိုနှင့်ဆုံဆည်းရခြင်းဖြစ်၏။
ထို့ကြောင့်ရှောင်ယောင်မှာ သူကိုယ်သူကံကောင်းသည်လောကံဆိုးသည်လောကိုပင်မခွဲခြားနိုင်ဘဲ သေချာသည့်အရာတစ်ခုကား လျှို့ဝှက်နေရာသိူ့ဝင်ရောက်ကာ မိန်းမပျိုနှင့်တွေ့ခွင့်ရခြင်းအတွက် သူလုံးဝကျေနပ်မိခြင်းဖြစ်၏။
တစ်ခါတစ်ရံ ထိုသို့ဖြစ်စေရန်တွန်းအားပေးခဲ့သည့် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားကိုပင် ကျေးဇူးတင်မိသေးသည်။
ရှောင်ယောင်က အတွေးများဖြင့်တစ်ကိုယ်တည်းနစ်မျောနေ၍ ဘေးဘက်ရှိအဖြူရောင်ဝတ်စုံဝတ်မိန်းမလှလေးက သူ၏လက်မောင်းကိုရိုက်ကာပြောလိုက်သည်။
“ အစ်ကိုရှောင်ယောင် ဘာတွေတွေးနေတာလဲ.....”
လွီချင်းအာ၏ ချိုလွင်သည့်အသံလေးကြောင့် ရှောင်ယောင်လည်း အတွေးစများအားဖြတ်တောက်ကာ ခေါင်းယမ်းပြလိုက်သည်။
လွီချင်းအာက သူနှင့်အတူရှိနေကာ ကြာပန်းဖြူဂိုဏ်းမှလူများလည်း အနီးတွင်အတူရှိနေပေသည်။
ကြာပန်းဖြူဂိုဏ်းမှ မိန်းကလေးသုံးယောက်မှာ များပြားလှသည့်သိုင်းလောကသားများကိုကြည့်ရင်း ရှောင်ယောင်နည်းတူအံ့အားသင့်နေမိကာ သူတို့ကို ဒေါ်လေးရှောနှင့်ကျန်အမျိူးသမီးက ရှင်းပြလျက်ရှိသည်။
ဝါရင့်သိုင်းသမားများပီသစွာ ဒေါ်လေးရှောင်တို့နှစ်ယောက်က ကျော်ကြားသည့်သိုင်းသမားအတော်များများကိုသိရှိကြပြီး အတွေ့အကြုံနည်းပါးသည့်မိန်းကလေးများကို ရှင်းပြနေခြင်းဖြစ်၏ ။
ထို့ကြောင့် လွီချင်းအာကိုမည်သူမှဂရုမစိုက်နိုင်လဲ သူမက ရှောင်ယောင်၏အနီးတွင် တောက်တဲ့တစ်ကောင်လိုတွယ်ကပ်နေခြင်းဖြစ်ပေသည်။
လွီချင်းအာက ကြာပန်းဖြူဂိုဏ်း၏အဖြူရောင်ဝတ်စုံလေးဖြင့် နုပျိုတက်ကြွနေပြီး လွန်စွာလှပနေသည့်အတွက် သူမကိုအနီးရှိလူများပင် မကြာခဏကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။
သို့သော် ထိုမိန်းကလေးက ရှောင်ယောင်၏အနီးတွင်သာတစ်ချိန်လုံးရှိနေ၍ မိန်းမလှလေးနှင့်လွန်စွာရင်းနှီးနေသညိ့ရှောင်ယောင့်ဆီသို့ မနာလိုငည့်အကြည့်များပင်ရောက်ရှိလာတတ်သည်။
ရှောင်ယောင့်အတွက်မူ မိန်းမလှများနှင့်အတူရှိရခြင်းမှာတစ်ကြိမ်မကတော့၍ ထိုသို့သောအကြည့်များကိုကျင့်သားရနေပြီဖြစ်ပြီး လွီချင်းအာ၏မျက်နှာကိုကြည့်လိုက်မိကာ အနည်းငယ်ကရုဏာသက်သွားမိ၏ ။
အကြောင်းကား သူမ၏တောက်ပရွှန်းလဲ့သည့်မျက်ဝန်းများက အနည်းငယ်အစ်မို့နေပြီး ယမန်နေ့ညက ငိုကြွေးထားဟန်တူသည်။
ရှောင်ယောင်သည်လည်း တုံးအသူတစ်ယောက်မဟုတ်ရာ သူမငိုကြွေးရခြင်းက မနေ့က မနက်ပိုင်းတွင် ဒေါ်လေးရှောင်၏စကားကို ပွင့်လင်းစွာငြင်းဆန်ခဲ့ခြင်းကြောင့်ဖြစ်မှန်းရိပ်စားမိသည်။
သို့တိုင် ထိုမိန်းကလေးကသူ့ကိုစိတ်မပျက်ဘဲ တွယ်ကပ်နေဆဲဖြစ်ပြီး ရှောင်ယောင်လည်း သူမကို ညီမတစ်ယောက်လိုဂရုစိုက်ပေးရန်ဆုံးဖြတ်ပြီးဖြစ်လေသည်။
ယခုအခါ လွီချင်းအာ၏နီရဲရဲနှုတ်ခမ်းနှစ်လွှာကအနည်းငယ်စုချွန်လာပြီး မကျေနပ်သည့်လေသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုက မဟူရာနတ်သမီးဆိုတဲ့ စီးတုယွမ်ချင်းကိုလိုက်ရှာနေတာမလား သူလည်းသေချာပေါက်လာမှာကို....”
လွီချင်းအာက ရှောင်ယောင်နှင့်စီးတုယွမ်ချင်းတို့၏ ကောလဟာလများအကြောင်းကို မကျေမနပ်ဖြင့်မကြာခဏပြောဆိုတတ်လေသညိ။
ထိုသို့ပြောဆိုတိုင် သူကောင်းစွာရှင်းပြသော်ငြား ထိုမိန်းကလေးက နောက်တစ်ကြိမ်ထပ်မံ၍ စကားနာထိုးဆဲပက်။
စိတ်ဆိုးဒေါသထွက်ချင်ဟန်ဆောင်ထား၍ ပါးအို့နီနီနှစ်ဖက်ကအနည်းငယ်ဖောင်းနေသည့် သူမ၏ပုံစံက လွန်စွာချစ်စရာကောင်းနေပြီး ရှောင်ယောင်လည်းရယ်မောလိုက်မိသည်။
ထို့နောက် သူ၏လက်ကိုမြောက်ကာ အရှုံးပေးသည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ အစ်ကိုနဲ့ယွမ်ချင်းက ရိုးရိုးသားသားပဲ ခင်မင်တာပါဆို ။ အခုက အစ်ကိုနဲ့တွေ့ဖို့ချိန်ထားတဲ့ ဦးလေးစန်းနဲ့ တခြားအသိမိတ်ဆွေတွေပါမလားလို့လိုက်ရှာနေတာ....”
ရှောင်ယောင်၏အဖြေကြောင့် လွီချင်းအာ၏မျက်ဝန်းများတောက်ပသွားပြီး သူမ၏စိတ်က နောက်ထပ်အကြောင်းအရာတစ်ခုဆီသို့ရောက်ရှိသွားသည်။
“ ဒါနဲ့ အစ်ကို့ကိုသေချာမမေးခဲ့ရဘူး....ဓားကျိုးဘုရင်စန်းဟုန်းလျန်က အစ်ကိုရဲ့ဦးလေးဆို.....”
လွီချင်းအာ၏စိတ်ဝင်တစားအမူအယာလေးကြောင့် ရှောင်ယောင်လည်း ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်တယ် အစ်ကိုတို့က သွေးသားမတော်စပ်ပေမယ့် တကယ့်ဆွေမျိုးသားချင်းတွေထက်တောင်ပိုပြီးသွေးနီးသေးတယ်။
အစ်ကိုမွေးလာတဲ့အချိန်ကနေစပြီးအသက်ဆယ်နှစ်အထိ ဦးလေးစန်းနဲ့အတူနေလာတာလေ။ ပြီးတော့ ရှောင်လင်ကျောင်းတော်ကိုလည်းသူပဲပို့ပေးခဲ့တာ။
ရှောင်လင်ကျောင်းတော်မှာ ဆယ်နှစ်ပညာသင်ပြီးတော့အစ်ကိုသိုင်းလောကထဲပြန်ဆင်းခဲ့တယ်။
ဦးလေးစန်းနဲ့ပြန်တွေ့တာတော့ ဟွာရှန်းတောင်ပြိုင်ပွဲမတိုင်ခင်ပဲ။ ပြီးတော့လမ်းခွဲပြီး အခု ဒီမှာပြန်တွေ့ဖို့ချိန်းထားကြတာ....”
ရှောင်ယောင်က စန်းဟုန်းလျန်နှင့်ချိန်းထားသည့်အကြောင်းကို အစအဆုံးရှင်းပြလိုက်သည်။
ထိုအခါ လွီချင်းအာ၏အမူအယာကအနည်းငယ်ထူးဆန်းသွားပြီး သူမ၏လက်သီးကလေးနှစ်ဖက်ကိုတင်းကြပ်စွာဆုပ်ကာပြောလိုက်သည်။
“ ဓားကျိုးဘုရင်ရဲ့အကြောင်းကို ညီမကြားဖူးတယ် သူက နဂါးခုနစ်ကောင်စာရင်းဝင်တဲ့သိုင်းဝိဇ္ဇာတစ်ယောက်မဟုတ်လား....ဒီတော့ သူက ညီမကို သဘောကျပါ့မလား....”
စိုးရိမ်စရာမရှိ ရှာကြံစိုးရိမ်နေသည့်ထိုမိန်းကလေးကြောင့် ရှောင်ယောင်လည်းပြုံး၍နှစ်သိမ့်လိုက်သည်။
“ စိတ်မပူပါနဲ့ ဦးလေးစန်းက စိတ်ထားအရမ်းကောင်းတာ။ ပြီးတော့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် စိတ်ရင်းနဲ့ပဲဆက်ဆံတယ် ။ သူညီမကို သေချာပေါက်သဘောကျမှာပဲ....”
ထိုသို့ပြောလိုက်ပြီးမှသူ့အဖြစ်က ချစ်သူမိန်းကလေးကိုအုပ်ထိမ်းသူနှင့်မိတ်ဆက်ပေးမည့်သဘောသက်ရောက်နေမှန်းသိလိုက်၍ရှောင်ယောင်လည်း ကြောင်အမ်းအမ်းဖြစ်သွားမိသည်။
ရှောင်ယောင်၏အဖြေကြောင့် လွီချင်းအာမှာ ခေါင်းငုံ့၍ ရှက်ပြုံးကလေးပြုံးနေပြီး သူမ၏စိတ်ထဲတွင်လည်း ရှောင်ယောင်သူမကို သဘောကျချစ်မြတ်နိုးလာသည်အထိကြိုးစားရမည်ဟု ကြိတ်၍ဆုံးဖြတ်လိုက်မိသည်။
စကားများသည့် သာလိကာမလေး တိတ်ဆိတ်သွား၍ ရှောင်ယောင်လည်း လူအုပ်တွင်းသို့လိုက်ကြည့်နေမိကာ စီးတုယွမ်ချင်း ၊ ဟောင်ရန်နှင့်အခြားမိတ်ဆွေများကိုရှာဖွေနေမိသည်။
သူသိုင်းလောကထဲဝင်ရောက်ချိန်မှစ၍ အသိမိတ်ဆွေအနည်းငယ်သာရရှိခဲ့သော်လည်း ထိုလူအားလုံးနှင့် လွန်စွာရင်းနှီးမှုရှိပေသည်။
လျှိုစမ်းမြို့မှ အရက်ချိုးနှင့်ကဗျာဆရာတို့က ယခုလိုပွဲမျိုးကိုလာရောက်မည်မဟုတ်သော်လည်း စာပေသမားသုံးယောက်သို့မဟုတ် အရူးသုံးယောက်ကား သေချာပေါက်လာရောက်မည့်လူများဖြစ်သည်။
တစ်ဖန် စီးတုယွမ်ချင်းသည်လည်း ကျန်းနန်တွင်ရှိနေပြီး ယခင်ရက်များက လာရောက်ခြင်းမရှိဘဲ ပြိုင်ပွဲနေ့မှလာရောက်မည်ဟုဆုံးဖြတ်ထားဟန်တူ၍ ယနေ့နံနက်ပိုင်းတွင် သူမရောက်လာပေလိမ့်မည်။
ရှောင်ယောင်၏စိတ်ထဲတွင် သတိရနေသည့်အခြားတစ်ယောက်က ဟောင်ရန်ဆိုသည့်လူငယ်လေးသာဖြစ်၏။
ဟန်ကျန်းတွင် သူတို့လမ်းခွဲသွားပြီးနောက် ချောင်မျိုးနွယ်ဝင်များနှင့်လိုက်ပါသွားသည့်ဟောင်ရန်တစ်ယောက်အဆင်ပြေပါမည်လားဟု သူစိတ်ပူမိသည်။
ထိုလူငယ်လေးက အစွမ်းထက်သိုင်းထိပ်သီးတစ်ယောက်ဖြစ်သည့်တိုင် အတွေ့အကြုံနည်းပါးပြီးဖြူစင်ကြင်နာတတ်၍ အလွယ်တကူလှည့်စားခံရနိုင်ချေရှိသည်။
သို့သော် သူနှင့်အတူ ချောင်ဖေးဟုန်တို့ပါသွား၍ အဆင်ပြေမည်ဟုတော့ထင်မိကာ သူသဘောကျရသည့် ချောင်ရှန်းရှန်းနှင့်ပင် ချစ်သူများဖြစ်ကောင်းဖြစ်သွားနိုင်သည် ။
အကြောင်းကား ချောင်ဖေးဟုန်ကိုယ်တိုင်က ဟောင်ရန့်ကိုသဘောကျနေဟန်တူသည့်အပြင် ဟောင်ရန်ကလည်း ချောင်ရှန်းရှန်းကိုစိတ်ဝင်စားပုံရ၍ဖြစ်သည် ။
ထိုအကြောင်းကိုတွေးမိရင်း ရှောင်ယောင်၏မျက်နှာထက်တွင်အပြုံးတစ်ခုထွက်ပေါ်လာသည်။
ထိုလူငယ်လေးနှင့်တွေ့ဆုံခင်မင်ခဲ့သည်က အချိန်များစွာမကြာခဲ့သော်လည်း ကြွယ်ယန်နှင့်ကြွယ်စင်းနည်းတူ ဟောင်ရန့်ကို သူ၏ညီတစ်ယောက်လိုသဘောထားခြင်းဖြစ်ပေသည်။
တစ်ခါတစ်ရံ၌ အနိုင်မခံအရှုံးမပေးစကားနိုင်လုတတ်သည့်ထိုလူငယ်လေးကို သူသတိရမိပေသည်။
ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကိုတော့ ယခုပြိုင်ပွဲတွင်တွေ့ရမည်မထင်ပေ။
အကြောင်းကား သူတို့နှစ်ယောက်ကရှောင်လင်ကျောင်းတွင်သာရှိနေသေး၍ဖြစ်ပြီး တံခါးနီဆောင်ကိုကျော်ဖြတ်ပြီးမှ သိုင်းလောကသို့ဆင်းခွင့်ရမည်ဖြစ်၍ပင်။
သူ၏စိတ်ထဲတွင် အတွေးများစွာဖြတ်ပြေးနေသည့်တိုင် ယခုအချိန်ထိသူရင်းနှီးသည့်တစ်ယောက်ယောက်ကိုမှမတွေ့ရသေးပေ။
ကျော်ကြားသည့်သိုင်းသမားများကတော့စုံလင်စွာရောက်ရှိလာပြီး ကွင်းပြင်ရှိလူများပင်ခြောက်ရာကျော်ခုနစ်ရာနီးပါးသို့ရောက်ရှိလာပြီဖြစ်သည် ။
ယခုအချိန်ထိ ဒိုင်လူကြီးများကိုမတွေ့ရသေးစလို စွန်းအိမ်တော်မှတာဝန်ရှိသူများကိုလည်းမမြင်ရသေးပေ။
ရှောင်ယောင်တစ်ယောက် လူအုပ်ထဲသို့ဟိုကြည့်သည်ကြည့်ကြည့်နေစဉ်မှာပင် စွန်းအိမ်တော်၏အနောက်ဘက်မှလူတစ်စုဝင်ရောက်လာလေသည်။
သူတို့က စုစုပေါင်းဆယ့်နှစ်ယောက်ဖြစ်ကာ အော့မေ့ဂိုဏ်း၏မီးခိုးရောင်ဝတ်စုံဝတ်မိန်းမပျိုများနှင့် အဖြူရောင်သိုင်းဝတ်စုံဝတ်လူငယ်နှစ်ယောက်တို့ဖြစ်သည်။
ထိုလူစုက ပင်မတံခါးကြီးမှ ဝင်ရောက်လာခြင်းမဟုတ်ဘဲ နောက်ဘက်တံခါးမှဝင်လာခြင်းဖြစ်ပြီး အခြားလူများနှင့် တိုးဝှေ့နေစရာလည်းမလိုအပ်ပေ။
ဂိုဏ်းကြီးခြောက်ဂိုဏ်းမှတစ်ခုဖြစ်သည့် အော့မေ့ဂိုဏ်းဝင်များအနေဖြင့် ထိုသို့သောမျက်နှာသာပေးမှုကိုခံရသည်ကပုံမှန်ဖြစ်ပြီး ကျန်လူငယ်နှစ်ယောက်ကလည်း သာမန်ညောင်ည လူများမဟုတ်ကြ။
အဖြူရောင်သိုင်းဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားပြီး ကြံ့ခိုင်တောင့်တင်းသည့်သူတို့၏ခန္တာကိုယ်များက ယောင်္ကျားပီသဟန်တူသည်။
သို့သော် လူငယ်တစ်ယောက်၏ခန္တာကိုယ်က အနည်းငယ်ဝဝဖိုင့်ဖိုင့်ဖြစ်နေပြီး ပြုံးရွှငိနေသည့်သူ၏မျက်နှာက လူစိမ်းတစ်ယောက်ပင်အလွယ်တကူခင်မင်စေနိုင်မည့်ရုပ်သွင်မျိုးဖြစ်၏။
ကျန်တစ်ယောက်ကား ကြည့်ကောင်းသည့်လူငယ်လေးဖြစ်ကာ ဘေးနားရှိလူငယ်နှင့်သက်တူရွယ်တုများဖြစ်၏ ။
သူတို့နှစ်ယောက်လုံးက အော့မေ့ဂိုဏ်းသူများနှင့်အတူရောက်ရှိလာခြင်းဖြစ်ကာသူတို့၏ကြား၌ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရှိဟန်တူသည်။