မှတ်တမ်းမှတ်ရာ
Vol. 3 Ch. 61
အနီရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကြောင့် ကျန်နှစ်ယောက် မျက်နှာအနည်းငယ်ပျက်သွားကြပြီး မိန်းမပျိုလေးဒေါသထွက်မည်ကိုစိုးရိမ်သွားမိကြ၏။
သို့သော် သစ်သားမျက်နှာဖုံးအောက်မှမိန်းမပျိုလေး၏အမူအယာကိုခန့်မှန်း၍မရဘဲ သူမ၏စူးရှတောက်ပသည့်အကြည့်များက အနီရောင်ဝတ်စုံဝတ်လူကြီးထံသို့ကျရောက်လာပြီး ညင်သာစွာရယ်မောလိုက်သည်။
တေးသီငှက်ကလေးများထက်ပင်ချိုသာပြီး လူတစ်ယာက်၏စိတ်ဝိညာဉ်ကိုမိန်းမောသွားနိုင်စွမ်းရှိသည့်ထိုအသံကလေးကြောင့် သက်လက်ပိုင်းလူကြီးသုံးယောက်မှာ စိတ်ထဲမှကြိတ်၍သက်ပြင်းချလိုက်မိကြ၏။
သူတို့၏ရှေ့ရှိမိန်းမပျိုလေးက လွန်စွာပြီးပြည့်စုံလှကာ အင်အားကြီးမားလှသည့်နောက်ခံပင်ဖြစ်စေ ၊ မြင့်မြတ်ကာလွှမ်းမိုးနိုင်စွမ်းရှိသည့်အရှိန်အဝါပင်ဖြစ်စေ၊ လွန်စွာချိုသာကြည်လင်လှသည့် အသံကလေးပင်ဖြစ်စေ မည်သူမှတုဖက်ယှဉ်ပြိုင်၍ရမည်မဟုတ်ဘဲ သူမ၏ရုပ်ရည်ကိုဖုံးကွယ်ထားသည့်တိုင် နတ်မိမယ်တမျှလှပနေမည်က သေချာသလောက်ရှိသည်။
ထိုသို့သော ပြီးပြည့်စူံလှသည့်မိန်းမပျိုတစ်ယောက်လောကတွင်ရှိနေသည်က အံ့ဩဖွယ်ဖြစ်ပြီး ထိုမိန်းကလေး၏နောက်ခံကိုထည့်မတွက်လျှင်ပင် သူမ၏ကြောက်မက်ဖွယ်ကောင်းလှသည့်အရည်အချင်းဖြင့်သိုင်းလောကတစ်ခုလုံးကိုလှုပ်ခါနိုင်စွမ်းရှိသည်။
အကယ်၍ မိန်းမပျိုသာသိုင်းလောကကိုအုပ်စိုးရန်ကြံစည်ပါက သိုင်းလောကသားများအနေဖြင်ါ နှင်းငွေ့မိစ္ဆာသခင်နှင့်ခရမ်းရောင်သွေးလဂိုဏ်းထက်ပို၍ကြီးမားသည့်အန္တရာယ်တစ်ခုပိုရင်ဆိုင်ရနိုင်ချေရှိသည် ။
“ စိတ်မပူပါနဲ့....ကျမမှာ ရူးမိုက်တဲ့အကြံအစည်တွေမရှိပါဘူး ။ ခေတ်အဆက်ဆက်မှာသိုင်းလောကိုအုပ်ချုပ်ဖို့ကြံစည်ခဲ့တဲ့လူတွေမှန်သမျှ ဘယ်သူဇာတ်သိမ်းကောင်းလို့လဲ.....”
မိန်းမပျိုလေး၏စကားကြောင့် ရင်ထဲမှအလုံးကြီးကျဆင်းသွားသော်လည်း သူ၏စိတ်ထဲမှအတွေးကို ထိုမိန်းကလေးကအကဲခပ်မိနေ၍ အနီရောင်ဝတ်စုံဝတ်လူကြီးလည်းအနည်းငယ်တုန်လှုပ်သွားသည်။
သို့သော် မိန်းမပျိုက အနီရောင်ဝတ်စုံဝတ်လူကြီးကို ဂရုမစိုက်ဘဲဆက်ပြောလိုက်သည်။
“ အခုလို အင်အားစုတစ်ခုဖွဲ့စည်းချင်တာက ကျမလုပ်ချင်တာမှန်သမျှလုပ်နိုင်ဖို့ပဲ။ ဒီမှာနေရတာလဲ ငြီးငွေ့လာပြီဆိုတော့ သိုင်းလောကထဲကိုဆင်းပြီး လှူပ်လှုပ်ရှားရှားလေးလုပ်မလားလို့ ....”
မိန်းမပျိုလေးက ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း သက်လက်ပိုင်းလူကြီးသုံးယောက်ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
သူတို့၏ရင်ထဲတွင်စည်တီးသလို လှုပ်ခတ်နေပြီး ထိုမိန်းကလေးမည်သို့သောဖြစ်ရပ်များဖန်တီးတော့မည်ကိုခန့်မှန်းမရနိုင်အောင်ဖြစ်နေမိ၏ ။
သေချာသည့်အရာတစ်ခုကား ထိုမိန်းကလေးမည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ ကြီးမားသည့်လှုပ်ခတ်မှုများဖြစ်လာနိုင်ပေသည်။
သက်လက်ပိုင်းလူကြီးသုံးယောက်အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေစဉ် အဝေးမှအစိမ်းရောင်အရိပ်ကလေးတစ်ခုလျှင်မြန်စွာရောက်ရှိလာပြီး ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏ဘေးတွင်ရပ်လိုက်သည်။
ထိုလူရိပ်က အစိမ်းနုရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး ကျစ်ဆံမြီးနှစ်ခွကလေးစည်းထားကာ လွန်စွာချစ်စရာကောင်းလှပေသည်။
ထိုမိန်းကလေး၏အသက်က ဆယ့်ငါးနှစ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး သူမ၏ပုံစံက ရွှင်လန်းတက်ကြွလျက်ရှိသည်။
“ သခင်မလေး ကျမ သခင်မလေးစုံစမ်းခိုင်းထားတဲ့ကိစ္စကို သိခဲ့ရပြီ....”
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးကဝတ်စုံဖြူဝတ်မိန်းမပျိုကိုပျော်ရွှင်စွာပြောလိုက်သည်။
ဤနေရာတစ်ခုလုံးရှိလူအားလုံးထဲတွင် ဝတ်စုံဖြူဝတ်မိိန်းမပျိုနှင့်ယခုလိုရင်းနှီးစွာဆက်ဆံဝံ့သူက ထိုမိန်းမငယ်လေးတစ်ဦးသာရှိပေမည်။
အကြောင်းကား သူတို့နှစ်ယောက်က သခင်နှင့်အစေခံဆိုသော်လည်း ငယ်စဉ်ပပင်အတူရှိလာသူများပီပီ လွန်စွာရင်းနှီးကြ၍ဖြစ်သည်။
ထိုနည်းတူ ဝတ်စုံဖြူဝတ်မိန်းကလေးက သွက်လက်ချက်ခြာပြီး သူခိုင်းစေသမျှကိုတသဝေမတိမ်းလုပ်ဆောင်တတ်သည့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးကိုများစွာအရေးပေးလေသည်။
ယခုလည်း အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေး၏စကားကြောင့် ဝတ်စုံဖြူဝတ်မိန်းမပျို၏မျက်ဝန်းများကရယ်မြူးရိပ်သမ်းလာကာ ကြည်လင်သည့်အသံဖြင့်မေးလိုက်သည်။
“ ဆိုစမ်းပါဦး ....နင်ဘာတွေသိလာသလဲ.....”
မိန်းမပျို၏မေးခွန်းကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမလှလေးက ပါးချိုင့်ကလေးနှစ်ခုပေါ်အောင် အားရပါးရပြုံးလိုက်ပြီးပြန်ဖြေလိုက်သည်။
“ ဒီလိုသခင်မလေးရဲ့ သခင်မလေးစုံစမ်းခိုင်းတဲ့ စိတ်ညို့ဗျပ်စောင်းနဲ့ ရတနာသုံးသွယ်ပုလွေရဲ့သတင်းကိုကျမသိခဲ့ရပြီ။
စိတ်ညို့ဗျပ်စောင်းက လွန်ခဲ့တဲ့အနှစ်နှစ်ရာကျော်လောက်က ကြာပန်းဂိုဏ်းပျက်စီးပြီးတဲ့ နောက်မှာ နှစ်တွေအကြာကြီး ပျောက်ကွယ်သွားပေမယ့် ကြီးမြတ်တဲ့ဝူအင်ပါယာခေတ်မှာပြန်ပြီးပေါ်ထွက်လာခဲ့တယ်။
အဲဒီခေတ်က မရဏဗျပ်စောင်းသခင်က စိတ်ညို့စောင်းနဲ့အတူကျော်ကြားလာပြီး သိုင်းလောကတစ်ခုလုံးက ပညာရှင်တွေကိုအနိုင်ယူနိုင်ခဲ့တယ်။
ပြီးတော့ အနက်ရောင်သိုင်းရာဇာတစ်ယောက်နဲ့တိုက်ခိုက်ပြီးတော့ သူကသေတယ်ရှင်တယ်မသိရဘဲပျောက်ကွယ်သွားရော....”
အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက သူမ၏စကားကိုရပ်လိုက်စဉ် ဝတ်စုံဖြူဝတ်မိန်းမပျိုက အပြောင်းမလဲမရှိသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ဒီအကြောငိးတွေက နန်းတော်ကမှတ်တမ်းမှတ်ရာတွေထဲမှာလည်းရှိနေတာကို .... ။
ရှန်းရှန်း နင်တစ်ပတ်လောက်အလုပ်ရှုပ်ပြီးတော့ ဒါလေးပဲသိခဲ့ရတာဆိုရင်ငါစိတ်ပျက်မိမယ်နော်....”
မိန်းမပျိုလေး၏အပြစ်တင်သည့်စကားကပင်နားထောင်ကောင်းနေကာ သူမ၏ချိုသာသည့်အသံကလေးကြောင့် မည်သူမဆိုစိတ်ဆိုးဒေါသထွက်နိုင်မည်မဟုတ်ပေ။
ယခုလည်း အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက သူမ၏နှုတ်ခမ်းကလေးကိုစုချွန်ကာပြောလိုက်သည်။
“ ဒါတင်ဘယ်ဟုတ်မလဲသခင်မလေးရဲ့ အဲဒီစိတ်ညို့ဗျပ်စောင်းက အနှစ်နှစ်ရာကျော်ပျောက်ကွယ်ပြီတဲ့နောက်မှ အခုလက်ရှိသိုင်းလောကမှာ ပြန်ပြီးထွက်ပေါ်လာခဲ့တယ်။
ဗျပ်စောင်းကိုပိုင်ဆိုင်ထားတဲ့လူက အမည်မသိလူတစ်ယောက်ပဲ။ သူက ကျော်ကြားမှုကင်းမဲ့ပေမယ့် သူ့ရဲ့သိုင်းပညာကတကယ်အစွမ်းထက်တယ်။
သိုင်းလောကနဲ့ပတ်သတ်မှုနည်းပါးပြီးတစ်ကိုယ်တော်ကျင်လည်နေတာကြောင့်သာ သူ့ကိုလူသိနည်းတာ ။
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်တုန်းကတောင်သူက သိုင်းဝိဇ္ဇာအဆင့်ကိုရောက်ပြီးပြီဆိုတော့အခုဆိုရင် သိုင်းဝိဇ္ဇာအလယ်အဆင့်တော့အနည်းဆုံးရောက်လောက်ပြီ.....”
မိန်းမငယ်က သူမ၏ဥနားထင်နှစ်ဖက်ကိုဖိနှိပ်ရင်းရေရွတ်လိုက်သည်။
“ ကျမက ဒီအကြောင်းတွေကိုသိဖို့ စာအုပ်ပုံထဲမှာခေါင်းနှစ်ပြီးအချိန်အကြာကြီးကြိုးစားရှာဖွေခဲ့ရတာပါနော်။
ဟောဒီစံအိမ်က စာကြည့်တိုက်ရဲ့ သုံးပုံနှစ်ပုံကုန်မှ ဒီအကြောင်းတွေကိုသိခဲ့ရတာ။ ဒါက သခင်မလေးအတွက်ကြိုးစားပေးတာ ....”
မိန်းမငယ်လေး၏စကားကြောင့် အံ့ဩတကြီးဖြစ်နေသူကား သက်လင်ပိုင်းလူသုံးယောက်ဖြစ်သည်။
သူတို့ထဲတွင် အဖြူရောင်ဝတ်စုံဝတ်လူဝကြီး၏အံ့သြမှုကမများဆုံးဖြစ်သည်။
အကြောင်းကား သူ၏စံအိမ်မှစာကြည့်ခန်းထဲတွင် သောင်းနှငိ့ချီသည့်စာအုပ်များ၊ မှတ်တမ်းမှတ်ရာများကိုထားရှိကာ ထိုစာအုပ်အားလုံးကိုသာမန်လူတစ်ယောက်အတွက် တစ်နှစ်နီးပါးဖတ်ရှုရမည့်အတွက်ဖြစ်သည်။
ယခုမိန်းမငယ်လေးက ထိုမျှများပြားသည့်စာအုပ်များကိုသုံးပုံနှစ်ပုံကျိုးအောင် တစ်ပတ်အတွင်းဖတ်ရှုနိုင်ခဲ့၍ မယုံကြည်နိုင်ဖြစ်နေမိသည်။
ဝတ်စုံဖြူဝတ်မိန်းမပျိုကား မိန်းမငယ်လေးကိုကြည့်ရင်းသူမ၏ဦးခေါင်းကိုညင်သာစွာခါယမ်း၍ပြောလိုက်သည်။
“ တော်လိုက်တော့....လိုရင်ကိုမြန်မြန်ပြောစမ်း....သိပ်မကြာခင်မှာ သိုင်းလောကထဲကိုဆင်းတော့မယ် ။ အဲဒီကျ နင်လည်းစိတ်ကြိုက်လည်ပတ်နိုင်ပြီ....”
မိန်းမပျိုလေး၏စကားကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးက ကလေးတစ်ယောက်လိုပျော်ရွှင်သွားပြီး ဟေးခနဲအော်ဟစ်လိုက်သည်။
“ ဟီးဟီး.....ဒီနေရာကြီးမှာ တစ်လကျော်နေရတာ တကယ့်ကိုငရဲမှာပိတ်မိနေသလိုပဲ နောက်ဆုံးတော့လွတ်မြောက်ခွင့်ရတော့မယ်.....”
မိန်းမငယ်လေး၏ရေရွတ်သံကြောင့် လူဝကြီး၏မျက်နှာကရှုံ့မဲ့သွားသည်။
သိုင်းလောကသားများလွန်စွာအလည်အပတ်လာရောက်လိုပြီး လူတိုင်းကိုပင်လက်သင့်မခံသည့်သူ၏ပညာရှိစံအိမ်က ထိုမိန်းကလေး၏စကားထဲတွင် ငရဲလိုပင်ဆိုးရွားသွားပေသည်။
သို့သော် ဝတ်စုံဖြူဝတ်မိန်းမပျို၏ရှေ့၌မည်သို့သောစောဒကတတ်မှုမျိူးကိူမဆိုမပြုလုပ်ဝံ့ဘဲ အောင့်သက်သက်မျက်နှာဖြင့်ရှိနေသည်။
သူ၏အမူအယာကြောင့် ကျန်လူကြီးနှစ်ယောက်လည်း ကြိတ်၍ပြုံးလိုက်မိကြသည်။
သူတို့၏အစ်ကိုကြီးအခက်တွေ့နေမှုကို သဘောကျနေကြသည့်တိုင် သူတို့လည်း မိန်းမငယ်လေးဆက်ပြောမည့်အကြောင်းအရာကိုစိတ်ဝင်စားပေသည် ။
ဝတ်စုံဖြူဝတ်မိန်းမပျို၏တည်ငြိမ်သည့်အကြည့်ကြောင့်မိန်းမငယ်လေး၏ဇာတ်ကလေးပုသွားကာဆက်ပြောလိုက်သည်။
“ အဲဒီလူက ရှာရခက်ပေမယ့် သူနဲ့ပတ်သတ်တဲ့တစ်ယောက်ကိုကျမသိလာတယ်။
လက်ရှိသိုင်းလောကထဲက မိန်းမလှခုနစ်ယောက်ထဲက ဂီတနတ်မိမယ်ဆိုတာ သူနဲ့ပတ်သတ်နေနိုင်တယ်။
ပြီးတော့ အဲဒီမိန်းမက သိုင်းလောကအလှနတ်သမီးဘွဲ့ကိုတောင်ရထားသေးတာ။
ဟမ့် ဒါက သခင်မလေးရဲ့မျက်နှာကိုသူတို့မမြင်ဖူးလို့အခုလို အလှနတ်သမီးဘွဲ့တွေဘာတွေလုပ်နေတာ ....”
မိန်းမငယ်လေးကတစ်ကိုယ်တည်းရေရွတ်လိုက်သော်လည်း ဝတ်စုံဖြူဝတ်မိန်းမပျို၏အမူအယာကတည်ငြိမ်လျက်ရှိသည်။
သူမ၏စူးရှသည့်မျက်ဝန်းများက တစ်နေရာကိုငေးနေပြီး တစ်စုံတစ်ခုကိုတွေးတောနေဟန်တူသည်။
ထို့ကြောင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယိလေးပင် ဆူဆူညံညံမလုပ်ဝံ့တော့ဘဲ တိတ်ဆိတ်စွာရှိနေပြီး အချိန်အနညိးငယ်ကြာမှ မိန်းမပျိုလေး၏စကားသံထွက်ပေါ်လာသည်။
“ ခေါင်းဆောင်ရှန့်....”
သူမ၏ခေါ်သံကြောင့် အဖြူရောင်ဝတ်စုံဝတ်လူဝကြီးက အလျှင်အမြန်ပြောလိုက်သည်။
“ ကျုပ်ရှိပါတယ် သခင်မလေး ....”
သက်လက်ပိုင်းလူကြီးသုံးယောက်ထဲတွင်အသက်အကြီးဆုံးဖြစ်သည့်ထိုလူဝကြီးက ထိပ်တန်းအင်အားစုတစ်ခု၏ခေါင်းဆောင်ဖြစ်သညိ့အပြင် သိုင်းလောကထဲတွင်ပင် ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။
သို့သော် ဝတ်စုံဖြူဝတ်မိန်းမပျိုလေး၏ရှေ့၌ သူ၏အဆင့်အတန်းရောသိုင်းပညာပါအရေးမပါဘဲ လက်အောက်ငယ်သားတစ်ယောက်ပမာရိုကျိုးသည့်ပုံစံဖြစ်နေသည်။
“ ရှင် အဲဒီ ဂီတနတ်မယ်ဆိုတဲ့မိန်းကလေးက ကျမနဲ့တွေ့ဆုံနိုင်အောင်ခေါ်လာပေးနိုင်လား.....”
မိန်းမပျိုလေး၏လေသံက တင်းမာခတ်ထန်ခြင်းမရှိလဲကြည်လင်အေးမြနေသော်ငြား လူတစ်ဖက်သားကိုမငြင်းဆန်နိုင်စေသည့်ဩဇာတစ်ခုပါဝင်နေသည်။
သူမ၏ခိုင်းစေမှုကြောင့်အဖြူရောင်ဝတ်လူဝကြီးက သူ၏ရင်ဘက်ကိုပုတ်ကာ အာမခံလိုက်သည်။
“ စိတ်ချပါ သခင်မလေး ကျုပ်အဲဒီမိန်းကလေးကို သခင်မလေးဆီရောက်အောင်ခေါ်ဆောင်လာပေးပါ့မယ်.....”
အဖြူရောင်ဝတ်စုံဝတ်လူဝကြီး၏အာမခံစကားကြောင့် မိန်းမပျိုက ခေါင်းကိုညင်သာစွာညိမ့်လိုက်သည်။
ထို့နောက် အစိမ်းရောင်ဝတ်စုံဝတ်မိန်းမငယ်လေးကိုပြန်ကြည့်ရင်းမေးလိုက်ပြန်သည်။
“ ဒါဆိုရင် ရတနာသုံးသွယ်ပုလွေရဲ့သတင်းကရော....”