နာမကျန်းဖြစ်သော
Vol. 3 Ch. 52
ဓမ္မဆောင်၏ရှေ့ဘက်တွင် အသက်အရွယ်ကြီးရင့်သည့်ဘုန်းတော်ကြီးများရှိနေကြသည်။
သူတို့ထဲရှိအငယ်ဆုံးလူကပင် အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်ကာ ထိုဘုန်းကြီးများက ရှောင်လင်ကျောင်းတော်ထဲတွင်အမြင့်ဆုံးနေရာ၌ရှိနေသူများဖြစ်ကြသည်။
ထိုဘုန်းကြီးငါးပါးကား လောဟန်အဆောင်မှူး ဆရာတော်ခုံးဝန် ၊ တာမောအဆောင်မှူးဆရာတော်ခုံးရှ ၊ တံခါးနီအဆောင်မှူးဆရာတော်ခုံးတု၊ စည်းကမ်းထိမ်းငိမ်းရေးအဆောင်မှူးဆရာတော်ခုံးယင်တို့ဖြစ်ကြ၏ ။
သူတို့အပြင် တံခါးပိတ်လေ့ကျင့်နေသည့်ဒုကျောင်းထိုင် ဆရာတော်ရွှမ်းချီကိုပါတွေ့ရမည်ဖြစ်ပြီး ယခုအခါ သူ၏ဘွဲ့အမည်က ခုံးချီဖြစ်နေချေပြီ။
ထိုဆရာတော်များက သိုင်းပညာရော ဂုဏ်သတင်းပါ ထိပ်ဆုံးတွင်ရှိနေကြပြီး ကျောင်းဝန်းထဲတွင်အမြင့်မားဆုံးပုဂ္ဂိုလ်များဖြစ်သည့်တိုင်ယခုအခါ သူတို့၏ပုံစံကအနည်းငယ် စိတ်လှုပ်ရှားနေကြဟန်တူသည်။
ထိုအခိုက် ဓမ္မဆောင်၏တံခါးမှဖျက်ခနဲပွင့်လာပြီး လွန်စွာအိုမင်းနေသည့်ဘုန်းကြီးအိုကြီးတစ်ပါးထွက်ပေါ်လာသည်။
ထိုဘုန်းကြီး၏ရုပ်သွင်က ကြည်ညိုဖွယ်ကောင်းသော်လည်း အသက်အရွယ်ကလွန်စွာအိုမင်းနေပြီဖြစ်ကာ တုတ်တစ်ချောင်းထောင်ထားသလို ပိန်လှီသည့်ခန္တာကိုယ်ထက်တွင် အရောင်လွင့်နေသည့်သင်္ကန်းကို လျော့တိလျော့ရဲဝတ်ဆင်ထားသည်။
ဓမ္မဆောင်ထဲမှထွက်ပေါ်လာသည့်ဘုန်းကြီးကိုမြင်သည်နှင့် အဆောင်ရှေ့ရှိဆရာတော်များ၏မျက်နှာက ပြောင်းလဲသွားကြသည်။
“ အစ်ကိုတော်ခုံးစန်း ကျောင်းထိုင်ဆရာတော်ရဲ့အခြေအနေဘယ်လိုရှိလဲ.....”
ကြံ့ခိုင်တောင့်တင်းသည့်ခန္တာကိုယ်ရှိပြီး စိတ်မြန်လက်မြန်ရှိသည့် ဆရာတော်ခုံးယင်က ဦးစွာမေးမြန်းလိုက်သည်။
သူ၏မေးခွန်းကို ပြန်မဖြေသေးဘဲ ဘုန်းကြီးအိုကြီးက အဆောင်တံခါးကိုညင်သာစွာပြန်ပိတ်လိုက်သည်။
ကျောင်းတော်၏စည်းကမ်းထိမ်းသိမ်းရေးမှူးရာထူးကိုအရယူထားသည့် ဆရာတော်ခုံးယင်က ခတ်ထန်မာကျောသည့်စရိုက်ရှိပြီး စိတ်ထားတင်းမာသူတစ်ဦးဖြစ်သော်လည်း ထိုဘုန်းကြီးအိုကြီး၏အပြုအမူကိုစိတ်မဆိုးဝံ့ပေ။
အကြောင်းကား ဘုန်းကြီးအိုကြီး၏ဝါစဉ်က သူတို့ထဲတွင်အမြင့်ဆုံးဖြစ်သည့်အပြင် ကျောင်းထိုင်ဆရာတော်၏ဆရာတူညီဖြစ်သည့် ပိဍိကတ်အဆောင်မှူး ဆရာတော်ခုံးစန်းဖြစ်နေ၍ပင်။
ဆရာတော်ခုံးစန်းက အဆောင်ရှေ့တွင် ပူပန်သည့်အမူအယာများဖြင့်စောင့်နေကြသည့် ဆရာတော်များကိုကြည့်ကာ သူ၏ဦးခေါင်းကိုဖြေးညင်းစွာခါယမ်းပြရင်းပြောလိုက်သည်။
“ အစ်ကိုတော်ရဲ့အခြေအနေက မီးစာကုန်ဆီခမ်းအခြေအနေကိုရောက်ရှိနေပြီ သူအလွန်ဆုံးနေထိုင်ရင်တစ်လပဲ.....”
ဆရာတော်ခုံးစန်း၏စကားကြောင့် တည်ငြိမ်လှပါသည်ဆိုသော ဆရာတော်ခုံးရှပင်မျက်နှာကွက်ခနဲပျက်သွားလေသည်။
ထိုနည်းတူ ကျန်ဆရာတော်များသည်လည်း သက်ပြင်းချသူချ၊ စိုးရိမ်ပူပန်ဟန်ဖြင့် အဆောင်တွင်းသို့ငေးသူက ငေးဖြစ်ကာ သိက္ခာသမာဓိနှင့်ပြည့်စုံသည့်ဝါစဉ်ကြီးဆရာတော်များမှာ ထိုခဏ၌သာမန်လူများနှင့်မခြားဘဲဖြစ်နေသည်။
ရှောင်လင်ကျောင်းတော်၏အဓိပတိဖြစ်သည့် ကျောင်းထိုင်ဆရာတော်ကြီး နာမကျန်းဖြစ်နေသည်မှာ လအနည်းငယ်ကြာပြီဖြစ်သည်။
ကျောင်းထိုင်ဆရာတော်ကြီးက ပုံမှန်အချိန်များတွင်ပင် ဓမ္မဆောင်ထဲမှထွက်လေ့မရှိ၍ ထိုအကြောင်းကိုသိရှိသူအနည်းငယ်သာရှိခဲ့သည်။
သို့သော် ပြီးခဲ့သည့်ညက ဝေဒနာအပြင်းအထန်ဖြင့် သတိလစ်မေ့မျောသွားခြင်းကြောင့် ရှောင်လင်ကျောင်းတော်တစ်ခုလုံးထိုသတင်းကိုသိရှိခဲ့ကာ ယခုနံနက်ခင်း၌ ကျောင်းဝန်းတစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေခြင်းဖြစ်၏။
“ အစ်ကိုတော် ကျောင်းထိုင်ဆရာတော်ကြီးရဲ့အခြေအနေကို ဘယ်သူမှမကုသနိုင်တော့ဘူးလား။ ကျုပ် သူတော်စင်တောင်ကြားကိုတစ်ချက်သွားလိုက်ရမလား.....”
ဆရာတော်ခုံးတု၏စကားကြောင့် ကျန်ဆရာတော်များလည်းစိတ်အားတက်ကြွသည့်ဟန်ဖြင့် ဆရာတော်ခုံးစန်းကိုဝိုင်းဝန်းကြည့်ရှုလိုက်ကြ၏။
အကြောင်းကား ဆေးတစ်စက်ကျလျှင်သေလူကိူပင်ပြန်ရှင်နိုင်သည်ဆိုသော ဆေးတစ်စက်သမားတော်ဟွမ်က သူတော်စင်တော်ကြားမှလာသူတစ်ဦးဖြစ်၍ပင် ။
သို့သော် ဆရာတော်ခုံးစန်းက သူ၏ဦးခေါင်းကိုခါယမ်းပြရင်း ဖြေးညင်းစွာပြောလိုက်သည်။
“ မရဘူး.... အစ်ကိုတော်ရဲ့ရောဂါက သာမန်နာမကျန်းဖြစ်တာမျိူးမဟုတ်ဘဲ သက်တမ်းကုန်ဆုံးနေတာ။
သံဝေဂလိုဏ်ဂူထဲက ပြစ်ဒဏ်ကျဆရာတော်ကိုပင့်ဖိတ်ပြီးကုသရင်တော့ သူ့ရဲ့သက်တမ်းကိုနှစ်အနည်းငယ်ဆွဲဆန့်နိုင်မှာဆိုပေမယ့် သူက အဲလိုမျိုးအလိုမရှိခဲ့ဘူး.....”
ဆရာတော်ခုံးစန်း၏စကားကြောင့် ကျန်ဆရာတော်များလည်း မျှော်လင့်ချက်ကင်းမဲ့သည့်အမူအယာများဖြစ်ပေါ်လာကြသည်။
အကြောင်းကား သံဝေဂလိုဏ်ဂူတွင်းရှိပြစ်ဒဏ်ကျဆရာတော်က သူတို့၏ရှေ့မျိုးဆက်နှစ်ခုမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယနေအချိန်ထိအသက်ရှင်နေသေးသည့် လူထူးဆန်းတစ်ဦးဖြစ်၍ပင် ။
သို့သော် သူ၏ကုသမှုကိုကျောင်းထိုင်ဆရာတော်က လက်မခံလိုဟုဆိုသဖြင့်သူတို့လည်း စဉ်းစားရမိသမျှနည်းလမ်းများကုန်ဆုံးကာ မှိုင်တွေသွားကြသည်။
ဝမ်းနည်းသည့်အမူအယာဖြင့်လက်မှိုင်ချသွားသည့်ဆရာတော်များကိုကြည့်ရင်း ဆရာတော်ခုံးစန်းလည်း သက်ပြင်းဖွဖွချလိုက်ကာ ဓမ္မဆောင်ရှေ့မှ ဖြေးညင်းစွာထွက်ခွာသွားလိုက်တော့သည်။
ထိုအခိုက် ဓမ္မဆောင်၏အတွင်းဘက်မှ အိုမင်းသော်လည်း ကြည်လင်အေးချမ်းသည့်စကားသံတစ်ခုထွက်ပေါ်လာသည် ။
“ သေခြင်းနဲ့ရှင်ခြင်းဆိုတာ ကောင်းကင်ကဆုံးဖြတ်တာပဲလေ။ သဘာဝတရားကြီးကိုဆန့်ကျင်ပြီး နှစ်ရာနဲ့ချီပြီး နေထိုင်တာ ကောင်းကင်ရဲ့အလိုကိုဆန့်ကျင်တာပဲ။
အဆုံးမှာ သူတို့လည်း တစ်ချိန်ကျရင် သေဆုံးကြရမှာပဲ။ ဘာကြောင့် ဒီလိုမျိုးစွမ်းအားတွေကိုမက်မောနေမှာလဲ။
ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့အချိန်တွေကို အကျိုးရှိအောင်အသုံးချပြီး မိမိကိုယ်ကို အောင်နိုင်လို့ စစ်မှန်တဲ့ငြိမ်းချမ်းမှုကို ရှာတွေ့ဖို့ ငါမျှော်လင့်ပါတယ်.....”
ကျောင်းထိုင်ဆရာတော်ကြီး၏ နက်ရှိုင်းသည့်စကားလုံးများကြောင့် ဓမ္မဆောင်ရှေ့ရှိဆရာတော်များမှာ ဆင်ခြင်သုံးသပ်ရင်းငြိမ်သက်သွားကြတော့သည်။
&&&&
ညအချိန်
မှောင်မိုက်သည့်ညချမ်းအခါကိုအလင်းရောင်ပေးနေသည်က ကောင်းကင်ထက်မှ ထွန်းလင်းသည့်လစန္ဒာ၏အေးချမ်းသည့်အလင်းရောင်သာဖြစ်ပေသည် ။
နက်မှောင်သည့်ညကန်လန့်ကာထက်တွင် သဲပွင့်များဆုပ်ပတ်ထားသလို ပြန့်ကျဲနေသည့်ကြယ်ပွင့်များက တလက်လက်တောက်ပနေပြီး လမင်းကြီး၏အခြွေအရံများအဖြစ် ခစားလျှက်ရှိသည်။
မြို့ကြီးတစ်ခု၏ညဦးပိုင်းအချိန်ကားစည်ကားသော်လည်း ညဉ့်နက်လာသည်နှင့်အမျှလာသွားလာသူနည်းပါးလာကြသည် ။
အပျော်အိမ်များမှ ညလုံးပေါက်ပျော်ရွှင်မည်ဟုအားခဲထားကြသူများပင် တက်ကြွခြင်းနေရာ၌ နွမ်းနယ်မှူတို့အစားထိုးဝင်ရောက်လာကာ နှစ်ခြိုက်စွာအိပ်မောကျနေကြပြီဖြစ်သည် ။
အိမ်ပေါက်ဝများတွင်ထွန်းညိထားသည့်မီးအလင်းရောင်များကြောင့် လမ်းမတစ်လျှောက် ခပ်မှိန်မှိန်ထွန်းလင်းနေသော်လည်း နွေဦး၏အမှတ်အသားဖြစ်သည့်သစ်ရွက်ခြောက်များပြန့်ကျဲနေကာ လူသူကင်းမဲ့၍တိတ်ဆိတ်ခြောက်ကပ်နေသည့်လမ်းများက အနည်းငယ်ချောက်ခြားဖွယ်ဖြစ်နေသည် ။
ထိုအခိုက် လမ်းမထက်တွင် အစိမ်းရောင်အရိပ်တစ်ခုလွန်စွာလျှင်မြန်သည့်အရှိန့်ဖြင့်ရွေ့လျားသွားသည်။
ထိုပုံရိပ်က မျက်စေ့တစ်မှိတ်အတွင်း ပေတစ်ရာကျော်ရှည်လျားသည့်လမ်းသွယ်လေးကိုဖြတ်သွားကာ သူ၏ပုံရိပ်ကိုဝေဝေဝါးဝါးသာမြင်ရသည်အထိ လျှင်မြန်လွန်းလှ၏။
ယခုအချိန်တွင်သာ အစိမ်းရောင်ပုံရိပ်ကိုသာမန်လူတစ်ဦးတစ်ယောက်တွေ့မြင်ပါက ကျိန်းသေပေါက် တစ္ဆေတစ်ကောင်ဟုသာထင်မိပေမည်။
မြို့၏ အရှေ့ဘက်အစွန်၌ လူနေအိမ်ကျဲပါးကာ ကျယ်ဝန်းသည့်ခြံဝန်းကြီးများရှိသည် ။
တစ်ချိန်က မြို့တော်၏အစည်ကားဆူံးနေရာဖြစ်ခဲ့ပြီး သူဌေးသူကြွယ်များသာ နေထိုင်နိုင်သည့်ထိုနေရာကား ယခုအခါ သုဿန်တစပြင်ကဲ့သို့ခြောက်ကပ်နေပေသည်။
အကြောင်းကား လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုရက်ကွက်တွင်နေထိုင်သည့်လူအများစုထံတွင် ကူးစက်ရောဂါများဖြစ်ပွားပြီး သေဆုံးသူများပင်ရှိကုန်၍ဖြစ်သည်။
နောက်ပိုင်းတွင် ကူးစက်ရောဂါကို ထိမ်းချုပ်နိုင်သွားသော်လည်း မြို့သူမြို့သားများကို ထိုနေရာကို မင်္ဂလာမရှိသည့်နေရာဟုသက်မှတ်ကာ နေထိုင်ခြင်းမပြုတော့ပေ။
ထို့ကြောင့် နှစ်အနည်းငယိကြာပြီးချိန်တွင် လူနေထိုင်သည့်ခြံဝန်းဟူ၍အနည်းငယ်သာကျန်တော့ပြီး တိတ်ဆိတ်ခြောက်ကပ်သွားခြင်းဖြစ်၏။
ထိုရက်ကွက်၏ ကျယ်ဝန်းသည့်ခြံဝန်းကျယ်တစ်ခုထဲတွင် မီးရောင်ထိန်လင်းနေသည့်စံအိမ်တစ်ခုရှိသည်။
ခြံဝန်း၏အပေါက်ဝတွင် မီးအိမ်နီတစ်လုံးကိူချိတ်ဆွဲထားပြီး ခြံဝန်းတံခါးကြီးကလည်း ထူးဆန်းစွာပွင့်ဟလျက်ရှိသည်။။
သို့သော် ခြံဝန်းတစ်ခုလုံးက ငြိမ်သက်တိတ်ဆိတ်နေကာ အလယ်ရှိစံအိမ်သည်လည်း လူသူကင်းမဲ့သည်ဟုပင်ထင်ရသည် ။
သို့သော် အမှောင်ထဲတွင်ပုန်းကွယ်နေသည့် အစောင့်များရှိနေပြီး ထိုလူများထဲတွင် အစွမ်းထက်သိုင်းသမားအချို့ပင်ပါဝင်ပေသည်။
မြို့ထဲမှလျှင်မြန်စွာရွေ့လျားလာသည့်အစိမ်းရောင်အရိပ်ကထိုခြံဝန်း၏ရှေ့တွင်ရပ်ကာ ချိတ်ဆွဲထားသည့်မီးအိမ်နီနှင့် မီးရောင်ထိန်နေသည့်စံအိမ်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက် ခြံဝန်းအတွင်း ဝင်ရောက်မည်ပြုလိုက်စဉ် အမှောင်ထဲမှအေးစက်စက်စကားသံတစ်ခုထွက်ပေါ်လာသည်။
“ ဘယ်ကလာလို့ ဘယ်ကိုသွားမှာလဲ.....”
အမှောင်ထဲမှလူ၏စကားက အချိန်းအချက်စကားတစ်ခုခုဖြစ်ဟန်တူပြီး အစိမ်းရောင်လူရိပ်က ပြန်လည်ဖြေကြားခြင်းမရှိပေ။
မီးအိမ်နီ၏မှိန်ဖျော့ဖျော့အလင်းရောင်အောက်၌ အစိမ်းရောင်လူရိပ်၏လှပသွယ်လျကာ အချိုးအဆစ်ကျလှသည့်ခန္တာကိုယ်ကိုတွေ့မြင်နိုင်ပြီး မျက်နှာကိုမူ ဇပဝါလွှားထားသည့်ခမောက်ကြီးတစ်ခုဖြင့်ဖုံးကွယ်ထားပေသည် ။
ထို့နောက် အစိမ်းရောင်လူရိပ်က အနက်ရောင်ဇာပဝါအတွင်းမှ တဖျက်ဖျက်တောက်ပနေသည့်မျက်ဝန်းများဖြင့် အမှောင်ထဲသို့ကြည့်လိုက်သည်။
&&&
“ စုစုပေါင်း ရွှေသုံးတုံး ကျသင့်ပါတယ်....”
စံအိမ်ကြီး၏အခန်းငယ်တစ်ခုထဲမှ တည်ငြိမ်သည့်စကားသံတစ်ခုထွက်ပေါ်လာသည်။
ထိုအခန်းငယ်၏ဖွဲ့စည်းပုံမှာထူးဆန်းပြီး အခန်း၏အလယ်နားတွင် စားပွဲရှည်ကြီးတစ်လုံးနှင့် ထိုင်ခုံတစ်ခုံကိုချထားသည်။
ထိုထိုင်ခုံထက်တွင် အပြာရောင်ပိုးဖဲဝတ်စုံကိုဝတ်ဆင်ထားသည့်သက်လက်ပိုင်းလူကြီးတစ်ဦးရှိနေပြီး သူ၏ပုံစံက သူဌေးသူကြွယ်တစ်ယောက်နှင့်ဆင်တူပေသည်။
ယခုအခါ အပြာရောင်ဝတ်စုံဝတ်လူ၏မျက်နှာက ရှုံ့မဲ့နေပြီး အခန်း၏တစ်ဖက်ခြမ်းရှိ အနက်ရောင်လိုက်ကာကာရံထားသည့်နောက်မှလူကိုပြောလိုကိသည်။
“ ခင်ဗျားဟာက ဈေးမကြီးလွန်းဘူးလား.....ကျုပ်က ရီဟန်ရှိတဲ့နေရာလေးကိုပဲသိချင်တာလေ....ဒါလေးကို ရွှေသုံးတုံးဆိုတော့ ဓားပြတိုက်နေတာနဲ့မတူဘူးလား.....”
အပြာရောင်ဝတ်စုံဝတ်လူ၏စကားကြောင့် လိုက်ကာအတွင်းရှိလူထံမှ ရယ်သံတစ်ခုထွက်ပေါ်လာသည်။
စားပွဲရှည်ကြီး၏ တစ်ဝက်ခန့်မှာ လိုက်ကာအတွင်းဝင်ရောက်နေပြီး အနက်ရောင်လိုက်ကာကြီးက သူတိူ့၏ကြားတွင်ကာရံထားခြင်းဖြစ်သည်။
အခန်းထဲတွင် မီးရောင်မှိန်မှိန်လေးသာထွန်းညိထားပြီး အနက်ရောင်လိုက်ကာလည်းကာဆီးထားရာ စားပွဲတစ်ဖက်ထိပ်ရှိလူကို အပြာရောင်ဝတ်စုံဝတ်လူမမြင်ရပေ။
သို့သော် ထိုလူက သူ့ကိုမြင်ရမည်ဟုကောင်းစွာရိပ်စားမိပြီး ယခုလည်း သူ၏စောဒကတတ်မှုကြောင့် တစ်ဖက်လူကမခိုးမခန့်ပုံစံဖြင့်ရယ်လိုက်ခြင်းသာဖြစ်သည် ။