← Chapters

အချိန်မရောက်မီ

Vol. 3 Ch. 51

အချိန်မရောက်မီ

Vol. 3 Ch. 51

အဖိုးအိုက တစ်ချိန်လုံးတိတ်ဆိတ်စွာရှိနေပြီး တစ်ခွန်းမှဝင်ရောက်မေးမြန်းခြင်းမရှိပေ။

ထိုနှစ်ယောက်က အတွင်းအားဖြင့်အသံပို့လွှတ်ကာပြောဆိုနေကြခြင်းဖြစ်သည်ကိုရိပ်စားမိ၍ သူမသိစေလိုသည့်အကြောင်းအရာတစ်ခုခုဖြစ်နေသည်ကို ကောင်းစွာသဘောပေါက်ပေသည်။

ဤနေရာတွင်ရက်အနည်းငယ်နေထိုင်ပြီးနောက် ထိုလူနှင့်သူ၏ကြားတွင်ရင်းနှီးသည့်ဆက်ဆံရေးတစ်ခုရှိလာပြီဟုဆိုနိုင်သော်လည်း သူတို့ကမိတ်ဆွေအဆင့်ထိမရောက်ပေ။

အရှင်းဆုံးဆိုရလျှင် ယခုအချိန်ထိ ထိုလူ့ကိုသူ မခန့်မှန်းနိုင်သေးဘဲ ထိုလူ၏ပုံစံက သူတို့တွေ့စကလို လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းနေဆဲဖြစ်၏။

အနက်ရောင်ဝတ်စုံဝတ်လူထွက်ခွာသွားပြီးနောက် မှ ဇရပ်တွင်းရှိအဖိုးအိုက လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုငှဲ့ကာ ဖြေးညင်းစွာသောက်ရင်း ပြောလိုက်သည်။

“ မိတ်ဆွေကြီးရဲ့ လက်အောက်ငယ်သားတွေက တစ်ခုခုတော့တစ်ခုခုပဲ။

ဟိုစုန်းယောင်ဆိုတဲ့ကောင်လေးက ဓားပညာမှာ ကြောက်မက်ဖွယ်ကောင်းသလောက် ဒီစုန်းယိဆိုတဲ့ကောင်လေးက ကိုယ်ဖော့ပညာထူးချွန်လှတယ်။

ဒီလိုမျိုးအရည်အချင်းရှိတဲ့လူတော်တွေကို ဘယ်ပနေသွားရှာလာတာလဲ.....”

အဖိုးအို၏ သိလိုစိတ်အနည်းငယ်ပါဝင်နေသည့် ချီးကျူးစကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ညင်သာစွာပြုံးလိုက်သည်

အဖိုးအိုက တစ်စုံတစ်ခုကိုသတိရသွားပြီးထပ်ပြောလိုက်သည်။

“ ဒါက ကျုပ်ဘာသဘောနဲ့မှမေးတာမဟုတ်ပါဘူး။ ခင်ဗျားမဖြေဘဲနေလို့ရပါတယ်....”

ဤသည်က တစ်ဖက်လူ၏ကိစ္စကိုစပ်စုခြင်းဖြစ်ကြောင်းသတိရလိုက်၍ အဖိူးအိုကရှင်းပြလိုက်ခြင်းပင်။

သို့‌သော် အဖြူရောင်ဝတ်စုံဝတ်လူကြီးက နားလည်မှုရှိစွာဖြင့် ပြန်ပြောလိုက်သည်။

“ ခင်ဗျားရဲ့သိုင်းပညာနဲ့ဆို သိုင်းလောကထိပ်ဆုံးမှာရပ်တည်နိုင်ပေမယ့် ဂုဏ်တွေ ကျော်ကြားမှုတွေကို မမက်ဘဲ သိုင်းလောကထဲမှာတောင် မထင်မရှားရှိနေတဲ့လူတစ်ယောက်။

ခင်ဗျားမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိတာ ကျုပ်သိပါတယ် ။ ကျုပ်တို့မိတ်ဆွေအရင်းအချာတွေဖြစ်နိုင်ပေမယ့် စိတ်မကောင်းစရာက ခင်ဗျားကျုပ်ရဲ့ကမ်းလှမ်းမှုကို လက်မခံတာပဲ....”

အဖြူ‌‌ရောင်ဝတ်စုံဝတ်လူကြီး၏စကားကိုနားထောင်နေရင်း အဖိုးအို၏မျက်နှာထက်တွင်ရှားပါးသည့်အပြုံးတစ်ခုပေါ်လာကာ တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကျုပ်လည်း ခင်ဗျားရဲ့ကမ်းလှမ်းမှုကို စိတ်ဝင်စားပါတယ်။ လွန်ခဲ့တဲ့နှစ်သုံးလေးဆယ်လောက်ကဆိုရင် အဲဒီကမ်းလှမ်းမှုကို သေချာ‌ပေါက်လက်ခံတာပေါ့။

ဒါပေမယ့် နှစ်တွေဒီလောက်ကြာတဲ့အထိ တစ်ကိုယ်တည်းနေပါများတော့ ကျုပ်ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းချင်တောါတယ် ။

သိုင်းလောကအရှုပ်‌အထွေးတွေကို ဝင်မပါဘဲ ဘေးကနေကြည့်ရတာတောင် စိတ်ကုန်လှပြီ ။

အခုလည်းကျုပ်တပည့်မလေးကြောင့်သာမဟုတ်ရင် ကျုပ်ခင်ဗျားဆီတောင်ရောက်လာမှာမဟုတ်ဘူး....”

အဖိုးအို၏ငြင်း‌ဆန်မှုကို စိတ်မကွက်ဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

“ ခင်ဗျားက စိတ်ထဲရှိတာကို မကွယ်ဝှက်ဘဲ ပွင့်ပွင့်လင်းလင်းရှိတဲ့လူ ။ ပြီးတော့ လိုအင်ဆန္ဒဆိုတာလည်းနည်းပါးလှတယ်။

ဒီလိုမျိုးအမူအကျင့်တွေကြောင့်လည်း ကျုပ်ခင်ဗျားကို သဘောကျတာ ။

မဟုတ်ရင် ခင်ဗျားနေရာမှာ အဖြူရောင်သိုင်းပညာရှင်တစ်ယောက်ယောက် ။ ဒါမှမဟုတ် အနက်ရောင်သိုင်းလောကထဲက ပညာရှင်တစ်ယောက်ယောက်သာဆို ကျုပ်နဲ့အခုလိုထိုင်ပြောဖြစ်မယ့်အစား တိုက်ခိုက်နေမိလောက်တယ် .....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက ရယ်စရာအဖြစ်ပြောခြင်းဖြစ်ဟန်တူသော်လည်း အဖိုးအို၏စိတ်ထဲတွင် အမည်မသိစိုးရိမ်မှုတစ်ခုကိုခံစားမိလိုက်၏။

ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကြီးက တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ကဲပါ စကားလမ်းကြောင်းတောင်ပြောင်းသွားပြီ ။

ကိုယ်ဖော့ပညာကောင်းတယ်ဆိုတဲ့ စုန်းယိကတော့ ကျုပ်ရဲ့နောက်ကိုလိုက်နေတာ နှစ်တွေကြာသွားပြီ။ ဓားသမား စုန်းယောင်ကလည်း ကျုပ်နောက်ကိုလိုက်တာ ဆယ့်ငါးနှစ်လောက်ရှိပြီဆိုပါတော့။

ပြီးတော့ ခင်ဗျားမတွေ့ဖူးလောက်ဘူး ။ သိုင်းလောကထဲမှာရှိတဲ့ကျိုးတိဆိုတဲ့တစ်ယောက်လည်းရှိနေသေးတယ်။ သူတို့သုံးယောက်က ကျုပ်ရဲ့လက်အောက်ငယ်သားတွေထဲမှာအစွမ်းအထက်ဆုံးနဲ့ အားအကိုးရဆုံးလူတွေပေါ့။

နောက်ထပ် လေးယောက်လည်းရှိသေးတယ် ။သူတို့က သိုင်းပညာဒီလောက်မဟုတ်ပေမယ့် အသုံးဝင်မှုက ဒီသုံးယောက်အောက်မကျဘူး ....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးစကားအဆုံး၌ အဖိုးအို၏ရင်ထဲတွင်အေးစိမ့်သွားမိ၏ ။

ဤနေရာသို့ပထမဆုံးအကြိမ်ရောက်ရှိစဉ်က သူ့ကိုဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသူများမှာ တစ်ဖက်လူ၏လက်အောက်ငယ်သားအများစုဟုအောင့်မေ့ခဲ့သော်လည်း ထိုပမာဏက နည်းပါးနေသေးသည်ကိုကောင်းစွာရိပ်စားမိလိုက်သည်။

ကျန်အချက်များကိုဘေးဖယ်ထားလျှင်ပင် သိုင်းဝိဇ္ဇာသုံးယောက်က အဖြူရောင်ဝတ်စုံဝတ်လူကြိး၏လက်အောက်၌ရှိနေပြီး ထိုလူများက သူ၏အမိန့်ကို တ‌သဝေမတိမ်းနာခံကြပေသညိ။

သိုင်းဝိဇ္ဇာအဆင့်ဆိုသည်က သိုင်းလောကထဲတွင် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး ဂိုဏ်းကြီး‌ခြောက်ဂိုဏ်းမှလွဲ ကျန်ထိပ်တန်းအင်အားစုများတွင် အများဆုံးတစ်ယောက်စ နှစ်ယောက်စသာရှိတတ်ပေသညိ။

ယခု အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုထည့်မတွက်လျှင်ပင် သူ၏လူများဖြင့် သိုင်းလောကကိုကိုင်လှုပ်နိုင်စွမ်းရှိသည်ဟုဆိုရပေမည်။

ဤသည်က တစ်ဖက်လူဖွင့်ပြောသည့်အင်အားပမာဏဖြစ်ပြီး အတိအကျကိုသူလည်းမခန့်မှန်းဝံ့ပေ။

“ ခင်ဗျားက ဘာတွေများလုပ်ဖို့ကြံစည်နေတာလဲ....”

အဖိုးအို၏လေသံထဲတွင် တုန်လှုပ်သည့်အရိပ်အယောင်တို့ကိုအထင်အရှားမြင်တွေ့နိုင်ပြီး သိပ်မဝေးတော့သည့်ကာလတွင်ဖြစ်ပွားတော့မည့် ကသောင်းကနင်းဖြစ်ရပ်များကို ကြိုတင်မြင်ယောင်လာမိသည်။

အဖြူရောင်ဝတ်စုံဝတ်လူလို အရည်အချင်းရှိပြီး ကြောက်စရာကောင်းလှသူတစ်ဦးထံ၌ မည်သည့်ရည်မှန်းချက်မှမရှိဟုဆိုလျှင် ရယ်စရာဖြစ်ပေမည်။

သူ၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက သ‌ဘောကျစွာပြုံးရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ ကျုပ်ရဲ့ရည်မှန်းချက်က သိုင်း‌လောကကို အုပ်ချုပ်ဖို့မဟုတ်သလို ဖျက်ဆီးဖို့လည်းမဟုတ်ဘူး....”

သူ၏ဒွိဟအဖြေကြောင့် အဖိုးအို၏မျက်နှာထက်တွင်ရှုပ်ထွေးသည့်အမူအယာတစ်ခုပေါ်လာပြီး ထပ်မေးလိုက်သည်။

“ ဒါဆိုခင်ဗျားက ဘာဖြစ်ချင်တာလဲ....”

ထိုမေးခွန်းကို ပြန်မဖြေဘဲ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ကျောက်စိမ်းစားပွဲလေး၏ဘေးတွင်ချထားသည့်ခွက်တစ်ခွက်အတွင်းသို့နှိုက်လိုက်၏။

ထိုအခွက်အတွင်း၌ ငါးစာများရှိနေကာ သူ၏အကျင့်တစ်ခုက ‌ကန်ရေပြင်ကိုငေးကြည့်ကာ လက်ဖက်ရည်ကြမ်းသောက်၍အနားယူရခြင်းဖြစ်ပြီး တစ်ခါတစ်ရံ ကန်တွင်းရှိငါးများကိုငါးစာကျွေးတတ်ခြင်းဖြစ်သည်။

အဖိုးအိုက သူလိုချင်သည့်အဖြေမရသေး၍ မချင့်မရဲဖြစ်နေသော်လည်း နောက်ထပ်မေးမြန်းခြင်းမရှိဘဲအဖြူရောင်ဝတ်စုံဝတ်လူကြီး၏လှုပ်ရှားမှုများကိုသာ လိုက်လံကြည့်ရှုနေသည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးက ငါးစာတစ်ဆုပ်ကိုနှိုက်ယူကာ ကန်အတွင်းသို့ ဝေ့ယမ်းကာပစ်လိုက်သည်။

ထိုအခါ မူလက ငြိမ်သက်နေသည့်ကန်ရေပြင်က စတင်လှုပ်ရှားလာပြီး ရေကန်တွင်းတွင် မွေးမြူထားသည် ငါးမျိုးစုံက သူ့ထက်ငါအစာရရှိရေးအတွက် တွန်းထိုးလုယက်ကုန်ကြသည်။

အစောပိုင်းကပင် မှန်တစ်ချက်လိုကြည်လင်ငြိမ်သက်နေသည့်ကန်ရေပြင်ကြီးက တခဏအတွင်း ငါးများ၏လှုပ်ရှားမှုကြောင့် ကသောင်းကနင်းဖြစ်သွားတော့၏။

ထိုမြင်ကွင်းကိုကြည့်ရှုနေသည့်အဖြူရောင်ဝတ်စုံဝဝတ်လူကြီး၏မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏မျက်ဝန်းများထဲတွင် ‌လွန်စွာစိတ်ကျေနပ်သည့်အရိပ်အယောင်များကိုတွေ့မြင်နိင်ကာ ဘေးတွင်ရှိနေသည့်အဖိုးအိုပင် မျက်နှာကွက်ခနဲပျက်သွားလေသည်။

တစ်ဖက်လူကဖွင့်ဟပြောဆိုခြင်းမပြုသော်လည်း သူ၏လုပ်ရပ်ဖြင့်အဖိုးအိုကိုအရိပ်အမြွတ်ပြဆိုလိုက်ခြင်းဖြစ်ပြီးမည်သည့်အရာကိုမှ အကြောက်အလန့်မရှိသည့်အဖိုးအို၏စိတ်ထဲတွင်ပင် တုန်လှုပ်ခြောက်ချားမှုကိုခံစားလိုက်မိသည်။

သူ၏ဘဝတွင်ဖြစ်ရပ်များစွာကိုကြုံကြိုက်ခဲ့ပြီးဖြစ်၍ တုန်လှုပ်မှုများစွာမရှိနိုင်တော့ဟုထင်မှတ်ခဲ့ဖူးသည်။

သိူ့သော် ဤနေရာသို့ရောက်ရှိကာ ထူးခြားလှသည့်ထိုလူနှင့်ဆုံတွေ့ပြီးနောက်တွင် များစွာသောအံ့ဩတုန်လှူပ်စရာတို့ကိုကြုံတွေ့ပြီးနောက်၌ သူ၏စိတ်ထဲတွင် လွန်ခဲ့သည့်နှစ်များစွာက နောက်ဆုံးခံစားခဲ့ရသည့်ခံစားချက်တစ်ခုကိုပါရရှိလိုက်၏။

ဤသည်က အကြောက်တရားဆိုသည့်အရာပင်ဖြစ်သည်။

အဖိုးအိုမှာ လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုငှဲ့ကာ အရသာမခံနိုင်‌သေးဘဲ တစ်ကြိုက်ထဲမော့သောက်လိုက်ပြီး တုန်လှုပ်မှုကိုဖိနှိပ်၍ ဖြေးညင်းစွာမေးလိုက်သည်။

“ ခင်ဗျားဘာကြောင့် အခုချိန်ထိမလှုပ်ရှားသေးတာလဲ....”

အဖိုးအို၏မေးခွန်းကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက အဝေးကိုငေးရင်း တစ်လုံးချင်းပြန်ဖြေလိုက်သည်။

“ အချိန်မကျသေးလို့ပေါ့.....”

&&&

ရှောင်လင်ကျောင်းတော်

ကျောင်းဝန်းကြီးက ငြိမ်သက်တိတ်ဆိတ်နေပြီး ကြားနေကျအသံများဖြစ်သည့် တရားဓမ္မရွတ်ဖတ်သံ သိုင်းပညာလေ့ကျင့်သံများကိုပင် မကြားရပေ။

ဤသည်က ကျောင်းဝန်းထဲတွင် လူသူတစ်ဦးတစ်ယောက်မှမရှိ၍ မဟုတ်ဘဲ သိုင်းပညာလေ့ကျင့်ရေးကွင်းတွင်ဘုန်းကြီးကိုရင်များစွာရှိနေသလို ကျောင်းဝန်းထဲတွင်လည်း လူများသွားလာလှုပ်ရှားလျက်ရှိသည်။

သို့သော် သူတို့၏အမူအယာများက မှိုင်တွေနေကြပြီး စိတ်မချမ်းမြေ့စရာတစ်ခုခုနှင့်ကြုံတွေ့နေသည့်အလား လေးတိလေးကန်ဖြစ်နေကြသည်။

သိုင်းပညာလေ့ကျင့်နေကြသည့်ကိုရင်ကြီးငယ်များသည်လည်း အားမပါလှ။

လေ့ကျင့်ရေးမှူးဆရာတော်များပင် ပုံမှန်အချိန်များလိုတင်းမာခတ်ထန်စွာရှိမနေဘဲ တစ်စုံတစ်ခုကိုစိုးရိမ်ပူပန်နေသည့်အလားရှိနေကြသည်။

ကျောင်းဝန်း၏တစ်နေရာရှိ အဆောင်ငယ်လေးတစ်ခု

အဆောင်ငယ်၏အပြင်အဆင်က ရိုးရှင်းသလို သေးငယ်သည့်ထိုအဆောင်ကလေးမှာ လေဒဏ်မိုးဒဏ်များကိုနှစ်ပေါင်းများစွာခံလာခဲ့ရ၍ အိုမင်းဟောင်းနွမ်းကာ ယိုင်နဲ့နဲ့ဖြစ်နေချေပြီ။

စင်စစ် ထိုအဆောင်ငယ်လေးကိုမပြုမပြင်ဖြစ်သည်က နှစ်ပေါင်းခြောက်ဆယ်နီးပါးရှိပြီဖြစ်ကာ အကြောင်းကား ရှောင်လင်ကျောင်းတော်၏‌ဂိုဏ်းချုပ်ဖြစ်သည့် ကျောင်းထိုင်ဆရာတော်ကြီး သီတင်းသုံးရာ ဓမ္မဆောင်ဖြစ်၍ပင်။

ကျောင်း‌ထိုင်ဆရာတော်ကြီးမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် သိုင်းလောက၌နေလိုလလိုကျော်ကြားခဲ့သော်လည်း သူ့ကိုမျက်မြင်ကိုယ်တွေ့မြင်ဖူးသူဟူ၍မရှိသလောက်နည်းပါးလေသည်။

သိုင်းပညာတွင်ပြိုင်ဘက်မရှိသော်လည်း ကျော်ကြားမှုကိုမနှစ်မြို့သည့်ကျောင်းထိုင်ဆရာတော်က ရှောင်လင်ကျောင်းတော်တွင်သာအများအားဖြင့်ရှိတတ်ပြီး အရေးအကြောင်းမရှိပါကသိုင်းလောကသို့မဆင်းပေ။

ပြီးခဲ့သည့်နှစ်ငါးဆယ်အတွင်း သိုင်း‌လောကသို့တစ်ကြိမ်သာဆင်းခဲ့ပြီး ထိုအကြိမ်ကလည်းသိုင်း‌လောကတစ်ခုလုံးသွေးလွှမ်းမည့်ဘေးမှကယ်တင်ရန်ဖြစ်သည် ။

ထို့သို့သောအကျင့်စရိုက်ရှိသည့် ကျောင်းထိုင်ဆရာတော်ကြီးကား စွန်းအိမ်တော်၏သိုင်းလောကလွှမ်းမိုးသူများစာရင်းတွင်ထည့်သွင်းထားစရာမလိုဘဲ သိုင်းလောက၏ပြိုင်ဘက်မရှိပုဂ္ဂိုလ်ကြီးဟုသိုင်းလောကတစ်ခုလုံးကလက်ခံကြပေသည်။

All Chapters