← Chapters

သွေးကြက်တူရွေး

Vol. 3 Ch. 50

သွေးကြက်တူရွေး

Vol. 3 Ch. 50

မိန်းမပျိုလေးက သူတို့၏စကားများကိုစဉ်းစားတွေးတောနေစဉ် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ မသိမသာခေါင်းညိမ့်ပြလိုက်ကြသည်။

“ ကျမ ဒီတောအုပ်ထဲရှိနေတယ်ဆိုတာ သူကဘယ်လိုသိတာလဲ.....”

မိန်းမပျိုလေး၏နောက်ဆက်တွဲမေးခွန်းကြောင့် အနီရောင်ဝတ်စုံဝတ်လူများက ဇဝေဇဝါဖြစ်သွားကြပြီး ခေါင်းယမ်းပြလိုက်ကြသည်။

“ ဒါတော့ ကျုပ်တို့မသိပါဘူး ခေါင်းဆောင်တစ်ယောက်ပဲသိတာပါ။ ခေါင်းဆောင်က သိုင်းလောကတစ်ခုလုံးက လျှို့ဝှက်ချက်တွေကို နက်နက်ရှိုင်းရှိုင်းသိထားပါတယ်။

အခုလည်း တောအုပ်ထဲက မိန်းကလေးထွက်လာမယ်ဆိုတာကိုသိလို့ ကျုပ်တို့စောင့်နေတာ တစ်လကျော်သွားပါပြီ .....”

မိန်းမပျိုလေး၏အမူအယာက ပြောင်းလဲခြင်းမရှိသော်လည်း သူမ၏မျက်ဝန်းများက တဖျက်ဖျက်တောက်ပသွားပြီး အလျှင်အမြန်ပြန်မေးလိုက်သည်။

“ ဒါဆိုရင် တောအုပ်ထဲက ကျမအရင်ထွက်သွားတဲ့လူတစ်ယောက်ကိုမြင်မိသေးလား....”

မိန်းမပျိုလေး၏လေသံက မူလကလိုခံစားချက်ကင်းမဲ့မနေတော့ဘဲ မျှော်လင့်ချက်အရိပ်အယောင်အချို့ပါဝင်လျက်ရှိသည် ။။

သို့သော် ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသည့်အနီရောင်ဝတ်ရုံရှင်နှစ်ဦးကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏ဦးနှောက်ကိုဖျစ်ညစ်တွေးတောပြီးမှ တစ်ယောက်က အားရဝမ်းသာဟန်ဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ဟုတ်တယ် လွန်ခဲ့တဲ့ သုံးလေးရက်လောက်က အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက် ရေဖြူတောအုပ်ထဲကထွက်သွားတာကို ကျုပ်လူတွေမြင်လိုက်ရတယ်။

အဲဒီလူငယ်ရဲ့နာမည်ကိုမသိပေမယ့် သူ့က အသက်နှစ်ဆယ်ဝန်းကျင်ရှိပြီးနောက်ကျောမှာအဝတ်ထုပ်တစ်ထုပ်လွယ်ထားတယ်။ ပြီးတော့ ခါးမှာလည်း ကျောက်စိမ်းပုလွေတစ်ချောင်းကိုထိူးထားသေးတယ်....”

အနီရောင်ဝတ်စုံဝတ်လူ၏စကားကိုနားထောင်နေရင်း ပဝါအောက်ရှိမိန်းမပျိုလေး၏မျက်နှာကပြောင်းလဲသွားပြီး အေးစက်ကြည်လင်သည့်မျက်ဝန်းလေးများထဲတွင် နူးညံ့ရိပ်တို့ဖြတ်ပြေးသွားသည်။

မိန်းမပျိုလေးက စကားတစ်ခွန်းမဆိုဘဲ ရပ်နေ၍ အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်လည်း တုန်လှုပ်စွာဖြင့်ရှိနေကြသည်။

သူတို့၏အတွင်းဒဏ်ရာကိုကြိတ်၍ကုသနေသည့်တိုင် မဖြစ်နိုက်ဘဲ မိန်းမပျိုလေး၏လက်ဝါးချက်ကြောင့်ရရှိခဲ့သည့်ဒဏ်ရာကလွန်စွာဆိုးရွားလှသည်။

အကြောင်းကား ထိုလက်ဝါးရာတစ်ဝိုက်ရှိသွေးကြောများက ကြေမွပျက်စီးကာပိတ်ဆို့သွားသည်ဟုထင်ရပြီး အတွင်းအားလှည့်ပတ်တိုင်းပျက်ပြယ်သွားလေ့ရှိသည်။

ထိုလက်ဝါးချက်၏ကြောက်မက်ဖွယ်ကောင်းပုံကြောင့် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်လုံး မကြုံစဖူးထိတ်လန့်ကြောက်ရွံ့နေကြပြီး အဖြစ်မှန်ကိုအားလုံးရှင်းပြကာ မိန်းမပျိုလေးကိုတောင်းပန်ရန်ပင်တွေးမိကြ၏ ။

သို့သော် ထိုမိန်းကလေး၏ပုံစံက အေးစက်သော်လည်း များစွာရက်စက်မည်ဟန်မရှိဘဲ သူတို့ကိုလည်းသတ်ဖြတ်လိုသည့်ဆန္ဒမရှိသည်ကိုရိပ်စားမိ၍ယခုလို‌အရဲစွန့်ကာနေခြင်းဖြစမ၏။

ထိုအနေအထားဖြင့်အချိန်အနည်းငယ်ကြာအောင်ရှိနေပြီးမှ မိန်းမပျိုလေးက ထိုနှစ်ယောက်ကိုပြန်၍သတိရသွားကာ သူမ၏အမူအယာက အေးစက်စက်သွင်ပြင်သို့ပြန်‌လာရောက်ရှိသွားသည်။

ထို့နောက် ‌ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်မေးလိုက်သည်။

“ မင်းတို့ခေါင်းဆောင်ကို ဘယ်လိုရှာရမလဲ....”

မိန်းမပျိုလေး၏မေးခွန်းကြောင့် အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်က ကြိတ်၍ပြုံးလိုက်ကြသည်။

“ ကျုပ်တို့ခေါင်းဆောင်ကို သွေးကြက်တူရွေးလို့ခေါ်ပါတယ် ။သူ့ကိုရှာလို့ရမယ့်နည်းလမ်းတွေကတော့.....”

အနီရောင်ဝတ်စုံဝတ်လူနှစ်‌‌ယောက်က အသက်ရှင်သန်ခွင့်ရရှိရေးအတွက် သူတို့သိရှိထားသမျှကိုအိတ်သွန်ဖာမှောက်ပြောပြနေကြသည်

သို့သော် ခေါင်းငုံ့ထားသည့်သူတို့၏မျက်ဝန်းများထဲတွင် ထူးခြားသည့်အရိပ်အယောင်များရှိနေကာ ထိုလူများ၏အမူအယာကိုသတိမထားမိလိုက်သည့်မိန်းမပျိုလေးက စကားအဆုံး၌ခေါင်းညိမ့်ကာအေးစက်စက်အသံဖြင့်ထပ်ပြောလိုက်သည်။

“ ကောင်းပြီ....ဒီတစ်ကြိမ်က အထင်မှားတာဆိုတော့ အလွတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ကျမနောက်ကိုလိုက်ဝံ့ရင် တစ်ချက်ထဲရိုက်သတ်ပစ်မယ်....”

မိန်းမပျိုလေး၏ခန္တာကိုယ်မှ သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်လာ၍ အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်မှာ တုန်ရီသွားကြသည် ။

သို့သော် သူမ၏စကားကြောင့် ထိုလူနှစ်ယောက်မှာ မယုံကြည်နိုင်ဘဲ အံ့အားသင့်သွားကြမိ၏။

အကြောင်းကား ထိုမိန်းကလေး၏စကားအရဆိုပါက သူတို့ကို အလွတ်ပေးမည်ဆိုသည့်သဘောပင်ဖြစ်သည်။

ရုတ်တရက် မိန်းမပျိုလေး၏ခန္တာကိုယ်ကသူတို့၏ရှေ့မှရိပ်ခနဲပျောက်ကွယ်သွားကာ အနီရောငိဝတ်စုံဝတ်လူနှစ်ယောက်၏နောက်ကျောဘက်သို့ရောက်ရှိသွားပြီး လက်ဝါးတစ်ချက်စီရိုက်ထုတ်လိုက်သည်။

ထိုအဖြစ်ကြောင့် သူတို့နှစ်ယောက်လုံးထိတ်လန့်သွားကြပြီး အလျှင်အမြန်တုန့်ပြန်လိုက်ကြသည့်တိုင် မိန်းမလှလေး၏လှုပ်ရှားမှုကိုလိုက်မမှီဘဲ သူတို့မတုန့်ပြန်နိုင်ခင်မှာပင်လက်ဝါးတစ်ချက်စီအရိုက်ခံလိုက်ရပြန်သည်။

ယခုတစ်ကြိမ်၌ သူမ၏လက်ဝါးက အနည်းငယ်အားပြင်းပြီး အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်လုံးမှာ ရှေ့သို့ငိုက်ကျသွားကာ သွေးတစ်ပွတ်စီအန်ထုတ်လိုက်ရပြန်သည်။

အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကား ဆက်လက်လေးစားပြမနေဘဲ ဓားကိုယ်စီဆွဲထုတ်၍အလျှင်အမြန်နောက်လှည့်ကြည့်လိုက်သည့်တိုင် လူသူအရိပ်အယောင်မမြင်ရတော့ပေ။

ထိုမိန်းမပျိုလေး၏ကိုယ်ဖော့ပညာကလွန်စွာမြင့်မားလှပြီး သူမ၏လှုပ်ရှားမှုကိုကြည့်၍ အစွမ်းထက်လှသည့်လှုပ်ရှားမှုသိုင်းတစ်ခုကိုလေ့ကျင့်ထားကြောင်းသိသာပေသည်။

အစောပိုင်းက သူတို့နှစ်ယောက် မိန်းမပျိုလေး၏နောက်သို့လိုက်နိုင်ခြင်းကလည်း သူမက တမင်လိုက်မီစေလို၍ဖြစ်သည်။

ယခု သူမထွက်ခွာသွားရန်ဆုံးဖြတ်လိုက်သည့်အခါ သူတို့နှစ်‌‌ယောက်လုံးအရိပ်အယောင်ပင်မမြင်ရပေ။

ထိုစဉ် တစ်ယောက်က သူ၏ရင်ဘက်ကိုငုံ့ကြည့်လိုက်မိကာ အံ့သြတကြီးအော်ဟစ်လိုက်မိ၏။

“ ဟမ်. မဖြစ်နိုင်တာ....”

ထိုလူ၏စကားကြောင့် ကျန်တစ်ယောက်လည်း သူ၏ရင်ဘက်ကိုအလိုလိုငုံ့ကြည့်လိုက်မိရာ သူ၏မျက်လုံးများလည်း အလားတူပြူးကျယ်သွားလေသည်။

အကြောင်းကား သူတို့၏ရင်ဘက်ရှိအစိမ်းရောင်သမ်းနေသည့်လက်ဝါးရာကြီးများက လျှင်မြန်စွာပျောက်ကွယ်သွားသည့်အတွက်ကြောင့်ပင်ဖြစ်၏။

“ ဟူး....ကံသီပေလို့ပဲ.....”

အနီရောင်ဝတ်စုံဝတ်လူတစ်‌ယောက်က နဖူးမှချွေးများကိုပွတ်သတ်ရင်းသက်ပြင်းတစ်ချက်ချလိုက်သည်။

ထိုနည်းတူ ကျန်တစ်ယောက်ကလည်း ထိတ်လန့်တုန်လှူပ်နေသေးသည့်အမူအယာဖြင့်ပြောလိုက်သည်။

“ ဒါကြောင့်လည်း ခေါင်းဆောင်က ငါတို့ရှိနေတာကို လုံးဝမရိပ်မိစေဖို့မှာလိုက်တာကိုး... ။ ကံကောင်းလို့ ငါတို့မှာအရန်အစီအစဉ်ရှိနေလို့ပေါ့။

ဒါနဲ့ အဲဒီမိန်းကလေးက အသက်ဘယ်လောက်လဲ ။ နှစ်ဆယ်ဝန်းကျင်လောက်ပဲနေမှာကို သိုင်းဝိဇ္ဇာအဆင့်တောင်ရောက်နေပြီ။ ပြီးတော့ သူသုံးသွားတဲ့လက်ဝါးသိုင်းကလည်းကြောက်စရာကြီး....”

ထိုလူက ပြောဆိုရင်းဖြင့် တစ်စုံတစ်ခုကိုသတိရမိလိုက်သော်လည်း ထိုအကြောင်းကိုသေချာမတွေးတောရသေးမီ ကျန်တစ်‌ယောက်ကလေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။

“ ဘာပဲဖြစ်ဖြစ် ငါတို့အတွင်းဒဏ်ရာကိုကုသပြီးရင် အမြန်ဆုံးထွက်သွားရအောင် ပြီးရင် အခုအကြောင်းကို ခေါင်းဆောင်ဆီသတင်းပို့တာပေါ....”

ထို့နောက် သူတို့နှစ်‌ယောက်စလုံးတိတ်‌ဆိတ်သွားကြပြီး ရရှိထားကြသည့်အတွင်းဒဏ်ရာများကိုပြန်လည်ကုစားလိုက်ကြသည်။

ထိုနေရာနှင့်အနည်းငယ်ဝေးကွာသည့်နေရာတစ်ခုတွင် အစိမ်းရောင်အရိပ်တစ်ရိပ်က လျှင်မြန်စွာရွေ့လျက်းလျက်ရှိသည်

သစ်ပင်ကြီးငယ်များနှင့်ခြုံနွယ်များက သူ၏လမ်းကိုအတားအဆီးမဖြစ်စေဘဲ လျှင်မြန်စွာပြေးလွှားနေသည့်သူမ၏သွင်ပြင်က လေထဲတွင်မျောလွင့်နေသည့်အလားပင်။

အစောပိုင်းက သူမ၏ကိုယ်ဖော့ပညာမှာ မီးခိုးတန်းလိုလျှင်မြန်သည်ဆိုလျှင် ယခုက တစ္ဆေသရဲတစ်ကောင်နီးပါးမြန်ဆန်နေပြီဖြစ်သည်။

ထိုလူရိပ်ကား အနီရောင်ဝတ်စုံဝတ်လူနှစ်ယောက်ကိုဆုံးမပြီးနောက်ထွက်လာသည့်မိန်းမပျိုလေးမှလွဲ၍အခြားမဟုတ်ဘဲ သူမ၏မျက်နှာကအနည်းငယ်ဖြူလျော်လျက်ရှိသည်။

မိန်းမပျိုလေး၏မျက်နှာထက်ရှိဇာပဝါပါးတွင် နီရဲသည့်သွေးစများအနည်းငယ်စွန်းထင်းနေပြီး မိန်းမပျိုလေးလည်း ပြေးလွှားနေခြင်းကိုရပ်လိုက်ကာ ပဝါကိုအသာချွတ်လိုက်သည် ။

ထိုအခါ အပြစ်အနာအဆာကင်းမဲ့၍လွန်စွာလှပတင့်တယ်ပြီး တုနှိုင်းမဲ့သည့်မျက်နှာကလေးပေါ်ထွက်လာသည် ။

သူမ၏ကြည်လင်သည့်မျက်ဝန်းများနှင့် လှပသည့်မျက်နှာကလေးကအေးစက်စက်ဖြစ်နေသည့်တိုင်ရေခဲနတ်ဘုရားမလေးလို တုနှိုင်းမဲ့အလှအပတွင်သန့်စင်ခြင်းနှင့်မြင့်မြတ်ခြင်းတို့ကိုပါတွေ့ရနိုင်သည်။

ယခုအခါ မိန်းမလှလေးက သွေးစအနည်းငယ်စွန်းထင်းနေသည့်သူမ၏နီရဲရဲနှုတ်ခမ်းထောင့်စွန်းကလေးကိုလက်ဖြင့်အသာပွတ်ရင်း ခပ်တိုးတိုးပြောလိုက်သည်။

“ ငါအခုထက်တောင်ပိုပြီးဖုံးကွယ်ရဦးမယ်နဲ့တူတယ်....”

ထို့နောက် သူမ၏မျက်ဝန်းများက စူးရှလာသည်။

“ သွေးကြက်တူရွေး.....”

မိန်းမပျိုလေး၏စကားက ချိုသာကြည်လင်သော်လည်း အေးစက်စက်နိုင်လှသည်။

&&&&

ကျယ်ပြန့်သည့်ကန်ရေပြင်ကြီးအလယ်ရှိကျောက်ဖြူဇရပ်ငယ်

ဇရပ်ထဲတွင် အဖြူရောင်ဝတ်စုံဝတ်လူကြီးတစ်ယောက်နှင့် ဖျင်ကြမ်းဝတ်စုံဖြူဝတ်အဖိူးအိုတစ်ဦးတို့ရှိနေကြသည် ။

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏သွင်ပြင်က တည်ကြည်ခန့်ညားကာ လွှမ်းမိုးနိုင်စွမ်းရှိသည့်သွင်ပြင်မျိုးဖြစ်သည်။

ဝတ်စုံဖြူဝတ်အဖိုးအိုကလည်း တည်ကြည်သည့်ရုပ်သွင်ရှိကာ လူအများက အလွယ်တကူလေးစားစေနိုင်မည့်ဥပတိရုပ်မျိုးဖြစ်၏

အဖိုးအိုနှင့်အဖြူရောင်ဝတ်စုံဝတ်လူကြီးတို့က ရေနွေးကြမ်းသောက်ရင်း စကားလက်ဆုံကျနေကာ သူတို့၏ပုံစံက ခင်မင်ရင်းနှီးသည့်မိတ်ဆွေရင်းချာများအလားပင် ။

ရုတ်တရက် ဝါးတံတားပေါ်သို့ အနက်ရောင်ဝတ်စုံဝတ်သက်လက်ပိုင်းလူတစ်ယောက် ခပ်သုတ်သုတ်လျှောက်လာပြီး ကျောက်ဖြူဇရပ်ကလေးနှင့်ဆယ်ပေခန့်အကွာတွင်ရပ်ကာ အရိုအသေပေး၍ပြောလိုက်သည် ။

“ ကျုပ် သတင်းပို့စရာရှိပါတယ်ခေါင်းဆောင်.....”

အနက်ရောင်ဝတ်စုံဝတ်လူက ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်ပါးရေနပ်ရေရှိမည့်ရုပ်သွင်မျိုးဖြစ်သည်။

သူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက နောက်လှည့်မကြည့်ဘဲ ခေါင်းညိမ့်ပြလိုက်သည်။

ထိုအခါ အနက်ရောင်ဝတ်စုံဝတ်လူက ဇရပ်အတွင်းဝင်ရောက်လာပြီး သူတို့နှစ်‌ယောက်၏နောက်နားတွင်ရပ်လိုက်သည်။

ထို့နောက် အနက်ရောင်ဝတ်စုံဝတ်လူက စကားတစ်ခွန်းမှမဆိုသလို အဖြူရောင်ဝတ်စုံဝတ်လူကြီးကလည်းတစ်ခွန်းမှမမေးပေ။

သို့သော် သူ၏တည်ငြိမ်သည့်မျက်နှာထက်တွင် ခန့်မှန်းရခက်သည့်အမူအယာတစ်ခုပေါ်လာပြီးအချိန်အနည်းငယ်ကြာမှ လက်ထဲမှရေနွေးခွက်ကိုမော့သောက်ကာ ပြောလိုက်သည်။

“ ကောင်းပြီ ဖန်းလွေက အားကိုးရသားပဲ။ သူ့ကိုငါညွန်ကြားထားတဲ့အတိုင်းဆက်လုပ်ဖို့ပြောလိုက် ....”

အဖြုရောင်ဝတ်စုံဝတ်လူကြီး၏စကားအဆုံး၌ အနက်ရောင်ဝတ်စုံဝတ်လူက အရိုအသေပေး၍ပြန်ထွက်သွားလေသည်။

All Chapters