မရောက်သေးသည့်မိတ်ဆွေများ
Vol. 3 Ch. 66
“ အစ်ကိုရှောင်ယောင် အစ်ကိုစောင့်နေတဲ့လူတွေမလာသေးဘူးလား.....”
လွီချင်းအာက ရှောင်ယောင်၏မျက်နှာကိုငေးကြည့်နေရာမှ မေးလိုက်သည်။
သူမ၏မေးခွန်းကြောင့် လူအုပ်တွင်းသို့ကြည့်ကာ ရှာဖွေနေသည့်ရှောင်ယောင်က ပြုံး၍ တစ်နေရာသို့ညွန်ပြလိုက်သည်။
“ ဟိုမှာတွေ့လား....စာပေသမားဝတ်စုံနဲ့လူသုံးယောက်....သူတို့ကို စာပေသမားသုံးယောက်လို့ခေါ်တယ်။ အရူးသုံးယောက်လို့လည်းခေါ်တယ်။ အစ်ကိုရဲ့မိတ်ဆွေတွေပဲ.....”
အပြာရောင်စာပေသမားဝတ်စုံများကိုသပ်ရပ်စွာဝတ်ဆင်ထားသည့်ဝမ်ဝူးတို့သုံးယောက်က သန့်ပြန့်နေပြီး စင်နှင့်အနီးဆုံးတွင်နေရာယူထားကြသည်။
သို့သော် ရှောင်ယောင်မှာ သူတို့ကိုသွားရောက်နှုတ်ဆက်ရန်စိတ်ကူးမရှိသေးဘဲ ကျန်လူများကိုဆက်လက်ရှာဖွေနေသည်။
ထိုသုံးယောက်ကိုမြင်ပြီးသည့်နောက် ရှောင်ယောင်လည်း ဟောင်ရန့်ကို ပို၍ပင်သတိရလာမိသည်။
အပြာရောင်စာပေသမားဝတ်စုံကိုနှစ်ခြိုက်စွာဝတ်ဆင်တတ်ပြီး မဟုတ်မခံဆက်ဆက်ကြဲလူငယ်လေး၏အရိပ်ယောင်ကိုမမြင်ရသေးပေ။
ချောင်မျိုးနွယ်မှလူများနှင့်အတူရှိနေသည့် ချောင်ရှန်းရှန်းကိုပင်ရှာတွေ့ထားသော်လည်း ဟောင်ရန့်ကိုမူ မမြင်မိသေးပေ။
ဝမ်းဝူးတို့သုံးယောက်အပြင် ကိုယ့်အစုနှင့်ကိုယ်ရောက်ရှိနေသည့်ထိပ်တန်းအဆင့်အင်အားစုများကြားမှ သူမြင်ဖူးသည့်မျက်နှာအချို့ကိုတွေ့လိုက်ရသည်။
ထိုလူများကား ဟန်ကျန်းမှရွှေဓားသခင်၏စံအိမ်တွင် သူမြင်ဖူးသည့်ပါရမီရှင်လူငယ်များဖြစ်ပြီး သူတို့၏နောက်၌ အင်အားစုအသီးသီးလည်းရှိကြသည်။
သို့သော် ရှောင်ယောင်မှာ ကျော်ကြားမှုများကိုကြည့်၍ အဆင့်အတန်းခွဲခြားတတ်သည့်ထိုလူများကို သူ၏မိတ်ဆွေဟုပင်အသိအမှတ်ပြုမထားပေ။
“ ဒါနဲ့ မဟူရာနတ်သမီးကိုရောမတွေ့သေးဘူးလား.....”
လွီချင်းအာက ရှောင်ယောင်၏မျက်နှာကို မကြည့်ဘဲမေးလိုက်သည်။
ထိုမိန်းကလေးယခုလိုမေးမြန်းသည်က ယနေ့နံနက်၌ သုံးကြိမ်မြောက်ဖြစ်ပြီး အနီးရှိကြာပန်းဖြူဂိုဏ်းသူများပင် သူတို့ကိုမသိမသာအကဲခပ်နေကြ၏။
မှန်ပေသည်။
ပြိုင်ပွဲကွင်းပြင်တွင်လူများစွာရောက်ရှိလာသည်နှင့်အမျှ သူတို့၏ထောင့်သို့ပင် သိုင်းသမားများရောက်ရှိလာပြီး အစောပိုင်းကလောက်လူမရှင်းတော့ပေ။
ထို့ကြောင့်လည်း ကြာပန်းဖြူဂိုဏ်းမှလူများမှာ သူတို့၏ဂိုဏ်းချုပ်လွီချင်းအာ၏ဘေး၌ရှိနေကြခြင်းဖြစ်ပြီး ဒေါ်လေးရှောင်က သူတို့ကိုတစ်ချက်တစ်ချက်လှမ်းကြည့်တတ်သော်လည်းတစ်စုံတစ်ရာပြောဆိုခြင်းမပြုပေ။
ယမန်နေ့ညက ရှောင်ယောင်နှင့်ပတ်သတ်၍ သူနှင့်လွီချင်းအာတို့ကြားတွင် အကျေအလည်ဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း ခေါင်းမာသည့်ထိုမိန်းကလေးက နာကျင်မည်ကိုသိလျက်နှင့်ပင် ရှေ့ဆက်တိုးရန်ရွေးချယ်ခဲ့သည်။
ထို့ကြောင့် ဒေါ်လေးရှောင်ပင် လွီချင်းအာကိုဖြောင်းဖျရန်မစွမ်းသာတော့ဘဲ သူမ၏စိတ်တိုင်းကျပြုလုပ်စေကာ အချိန်တန်လျှင် အလိုလိုလက်လျော့မည်ဟုသာသဘောပိုက်ထားရတော့၏။
ထိုသို့ဆုံးဖြတ်ရခြင်းကလည်း ရှောင်ယောက်၏တည်ကြည်ဖြောင့်မက်မှုနှင့်ရိုးသားမှုကိုယုံကြည်၍ဖြစ်ပြီး သူနှင့်အတူရှိနေလျှင် လွီချင်းအာအခွင့်အရေးအယူခဲရမည်ကိုလုံးဝပူပန်စရာလိုမည်မဟုတ်ပေ။
“ သခင်လေးရှောင် သိုင်းလောကထဲမှာပြောနေကြတဲ့အကြောင်းအရာတွေက တကယ်လား.....”
ကြာပန်းဖြူဂိုဏ်းမှမိန်းကလေးတစ်ယောက်ကသိလိုစိတ်ဖြင့်မေးမြန်းလိုက်သလို ကျန်တစ်ယောက်ကလည်း ရေရွတ်လိုက်သည်။
“ နတ်သမီးစီးတုကို ကျမကတော့ တွေ့ဖူးချင်တယ် ။ သူက ကျမရဲ့စံပြပုဂ္ဂိုလ်ပဲ .....”
ထိုမိန်းကလေးတစ်ဦးသာမက သိုင်းလောကထဲရှိမိန်းကလေးအတော်များများပင်စီးတုယွမ်ချင်းကိုစံပြအဖြစ်သက်မှတ်ထားကြသူများစွာရှိသည်။
သူမ၏မိသားစုနောက်ခံ၊ ရုပ်ရည် သိုင်းပညာ စသည်တို့အတွက် အဖက်ဖက်မှ ပြီးပြည့်စုံနေသည့်စီးတုယွမ်ချင်းက မိန်းမလှခုနစ်ယောက်ထဲတွင် အကျော်ကြားဆုံးဖြစ်ရုံသာမက သိုင်းလောကအလှနတ်သမီးဘွဲ့ရ ဂီတနတ်မယ်ထက်ပင် ပို၍ကျော်ကြားပေသည်။
မနေ့ကဖြစ်ပွားခဲ့သည့်စိန်ခေါ်ပွဲကြောင့် စီးတုယွမ်ချင်း၏ဂုဏ်သတင်းကအမြင့်ဆုံးဖြစ်နေပြီး ကြာပန်းဖြူဂိုဏ်းသူများသူမကိုလေးစားအားကျခြင်းက မထူးဆန်းပေ။
“ ဟမ့် သူကဘာကောင်းလို့လဲ....”
လွီချင်းအာက လူအများ၏ရှေ့တွင်ဖြစ်၍ ရှောင်ယောင်နှင့်ပူးကပ်မနေသည့်တိုင် သူ၏ဘေးတွင်နီးကပ်စွာရပ်လျက်ရှိသေးသညိ။
ကြာပန်းဖြူဂိုဏ်းသူများနှင့် ဒေါ်လေးရှောင်တို့နှစ်ယောက်ပင် သူ့ကိုစိတ်ဝင်တစားကြည့်ရှုနေရာ ရှောင်ယောင်တစ်ယောက် အနည်းငယ်မျက်နှာပူနေမိပြီး အလျှင်အမြန်ရှင်းပြလိုက်ရသည်။
“ မဟုတ်ပါဘူး ချင်းအာရဲ့ အစ်ကိုနဲ့ ယွမ်ချင်းက ရင်းနှီးပေမယ့် တကယ့်ကိုသူငယ်ချင်းဆက်ဆံရေးပဲရှိတာပါ ....”
ရှောင်ယောင်၏စကားကြောင့် အနီးရှိလူများမှာ သူ၏မျက်ခွက်ကိုဖြတ်ရိုက်လိုစိတ်များတဖွားဖွားပေါ်လာကြသည်။
သိသိသာသာပင် လွန်စွာလှပသည့်လွီချင်းအာနှင့် တစ်ယောက်တစ်မျိူးစီချောမောကြသည့်ကြာပန်းဖြူဂိုဏ်းသူများကြောင့် သူတို့လူစုမှာ လူအများ၏အာရုံစိုက်စရာဖြစ်နေသည်။
ထိုအခြေအနေတွင် လွီချင်းအာနှင့်ရင်းရင်းနှီးနှီးရှိလှသည့်ရှောင်ယောင့်ကို သူတို့အားလုံးမျက်စေ့ စပါးမွှေးစူးနေကြချိန်၌ ရှောင်ယောင်၏စကားကြောင့် ပို၍ပင်ကြည့်မရဖြစ်သွားကြသည်။
“ လေကြီးလိုက်တာ....”
“ သူကများ နတ်သမီးစီးတုကို အခုလိုပြောဝံ့သေးတယ်....”
အနီးရှိလူများအတွေးကိုယ်စီဖြင့် ရှောင်ယောင့်ကိုကျိန်ဆဲနေကြချိန်၌ ရှောင်ယောင်လည်း သူပေါ့ပေါ့တန်တန်သဘောထားမိသည့်ကိစ္စတစ်ခုကယခုလိုကြီးမားသည့်အကျိုးသက်ရောက်မှုတစ်ခုဖြစ်စေမည်ဟု မျှော်လင့်မထားမိပေ။
ဟန်ကျန်းမှထွက်ခွာလာချိန်၌ တစ်ယောက်ကိုတစ်ယောက်အနိုင်ယူရင်း အဖြစ်အပျက်အချို့ကြောင့်သူနှင့်စီးတုယွမ်ချင်းတို့ကိုသိုင်းလောကသားများက ချစ်သူများဟုထင်မှတ်ထားကြသည်။
တဖန် လောဘနတ်ဆိုးအန်းဒူ၏အန္တရာယ်ကိုသူတို့နှစ်ယောက်အတူဖြတ်ကျော်လာပြီး စီးတုယွမ်ချင်းကိုကယ်တင်ရင်း သူကိုယ်တိုင်အဆိပ်မိကာ သေလုနီးပါးဖြစ်ခဲ့ရ၏။
ထိုစဉ်က ဟွာရှန်းတောင်ပေါ်ရှိလူများသည်လည်း သူနှင့်စီးတုယွမ်ချင်းတို့ကိုချစ်သူများအဖြစ်ထင်မှတ်ကြပြီး သူတို့ကလည်းအရေးကြီးသည်မထင်၍ ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ပေ။
ဤသို့ဖြင့် တစ်ဆင့်စကာတစ်ဆင့်နားဖြင့် ကောလဟာလများပြန့်နှံ့သွားခြင်းဖြစ်ပြီးလက်ရှိအချိန်၌ သူနှင့်စီးတုယွမ်ချင်းတို့၏အတင်းအဖျင်းများက သိုင်းလောကတစ်ခုလုံးသိရှိနေကြပြီဖြစ်သည်။
ထိုအချိန်တွင် စံအိမ်၏တစ်ဖက်မှပတ်၍လာသည့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ရှောင်ယောင်တို့၏အနီးသို့ရောက်ရှိလာသည်။
“ အစ်ကိုကြီး....”
ကြွယ်ယန်၏ကျယ်လောင်သည့်ခေါ်သံကြီးကြောင့် အနီးရှိလူများလန့်ဖျက်သွားကြသလို ရှောင်ယောင်လည်းရင်းနှီးလှသည့်ထိုအသံကြောင့် နောက်သို့ချက်ခြင်းလှည့်ကြည့်လိုက်သည်။
ထိုအခါ သူ့ဆီသို့ပျော်ရွှင်ဝမ်းမြောက်ဟန်ဖြင့်အားရဝမ်းသာလျှောက်လာသည့်ကြွယ်ယန်နှင့် အပြုံးမျက်နှာဖြင့်အတူပါလာသည့် ကြွယ်စင်းကိုပါတွေ့လိုက်ရသည်။
သူတို့သုံးယောက်မတွေ့ရသည်က နှစ်လကျော်ကြာပြီဖြစ်သော်လည်းကြွယ်ယန်နှင့်ကြွယ်စင်းတို့က ထူးထူးခြားခြားပြောင်းလဲမသွားဘဲ သူတို့၏ခေါင်းတုံးပြောင်ပြောင်များနေရာတွင် လက်နှစ်လုံးခန့်ရှိသည့်ဆံပင်များသာအစားထိုးဝင်ရောက်လျက်ရှိသည်။
“ ဒုတိယညီလေး....တတိယညီလေး....”
ရှောင်ယောင်လည်း မျှော်လင့်မထားဘဲတွေ့လိုက်ရသည့်ကြွယ်ယန်တို့ကြောင့် အံ့အားသင့်သွားပြီးမှ သူတို့ဆီသို့အလျှင်အမြန်လျှောက်သွားလိုက်သည်။
လွီချင်းအာနှင့် ကြာပန်းဖြူဂိုဏ်းသူများကား နောက်ထပ်ရောက်ရှိလာသည့် အူကြောင်ကြောင်နိုင်သည့်လူငယ်နှစ်ယောက်က ရှောင်ယောင်နှင့်လွန်စွာရင်းနှီးကြဟန်တူ၍ စိတ်ဝင်တစားကြည့်ရှုနေကြသည်။
“ မင်းတို့ဘယ်လိုရောက်လာတာလဲ....”
ရှောင်ယောင်၏ ကြွယ်ယန်၏ဝဝဖိုင့်ဖိုင့်ကိုယ်လုံးကြီးကို ပွေ့ဖတ်ရင်း သူ၏ဦးခေါင်းကိုထုလိုက်သည်။
ရင်းနှီးနေသည့်နာကျင်မှုဒဏ်ကြောင့် ကြွယ်ယန်၏မျက်နှာရှုံ့မဲ့သွားချိန်တွင် ရှောင်ယောက်က ကြွယ်စင်း၏ပခုံးကိုဖတ်ကာမေးလိုက်ခြင်းဖြစ်သည်။
“ ကျုပ်တို့ တံခါးနီဆောင်ကိုဖြတ်ပြီးလို့ ရှောင်လင်အဝေးရောက်ဂိုဏ်းသားတွေဖြစ်နေပြီလေ ....”
ကြွယ်ယန်က သူ၏လက်ဖျံနှစ်ဖက်ရှိ ကျားရုပ်နှင့်နဂါးရုပ်ကိုလှန်ပြ၍ ဝံ့ကြွားစွာပြောလိုက်ကြသည်။
ထိုမြင်ကွင်းကြောင့် ကြာပန်းဖြူဂိုဏ်းသူများသာမက အနီးရှိသိုင်းသမားများပင် များစွာအံ့အားသင့်သွားကြပြီး ထိုလူငယ်နှစ်ယောက်ကို အံ့ဩလေးစားဟန်ဖြင့်ကြည့်လိုက်ကြ၏။
ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းလောကရှိထိပ်တန်းအင်အားစုများ၏အထက်တွင်ရှိနေသလို ဂိုဏ်းကြီးခြောက်ဂိုဏ်းထဲတွင်ခေါင်းဆောငိဖြစ်သည့်ရှောင်လင်ကျောင်း၏ဂုဏ်သတင်းက လွန်စွာကျော်ကြားပေသည်။
အရေးအကြီးဆုံးက သူတို့၏မှန်ကန်ဖြောင့်မက်မှုသာဖြစ်ပြီး သိုင်းမဟာမိတ်တန်ခိုးထွားနေချိန်တွင်ပင် ဂိုဏ်းကြီးခြောက်ဂိုဏ်းက သိုင်းမဟာမိတ်နှင့်ပူးပေါင်း၍အနက်ရောင်သိုင်းလောကကိုဖိနှိပ်ခြင်းမရှိ၍ များစွာသောအနက်ရောင်သိုင်းသမားများမှာ သိုင်းမဟာမိတ်ကိုမုန်းတီးသလောက် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများဆိုလျှင် လေးစားကြလေသည်။
ထို့ကြောင့် ရှောင်လင်ဂိုဏ်းသားများကို အဖြူရောအနက်ပါလေးစားကြသည်ဟုဆိုနိုင်ပြီး ကျားနဂါးဘွဲ့ရဆရာတော်များနှင့် ရှောင်လင်အဝေးရောက်ဂိုဏ်းသားများဆိုလျှင်သိုင်းလောကတွင်ကျော်ကြားသည့်ပုဂ္ဂိုလ်များပင်ဖြစ်သည်။
ယခု ပုံပန်းမကျသည့်ဟန်ဖြင့်လူငယ်နှစ်ယောက်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိသေးသော်လည်း တံခါးနီဆောင်ကိုကျော်ဖြတ်နိုင်သူများဖြစ်ရာ သူတို့၏အရည်အချင်းက သိုင်းလောကရှိပါရမီရှင်လူငယ်မျိုးဆက်များကိုပင်ရင်ဘောင်တန်းနိုင်ပြီး နတ်နဂါးလုလင်ဟကျော်ကြားသည့် ရှောင်လင်၏ပါရမီရှင် ရှန့်စီးယန်လိုပင်ဖြစ်သည်။
“ ဟားဟား....ကောင်းတယ်ကွာ....ငါတို့ညီအစ်ကိုသုံးယောက် သိုင်းလောကမှာအတူကျင်လည်ကြတာပေါ့....”
ရှောင်ယောင်က ကြွယ်ယန်နှင့်ကြွယ်စင်းတို့ကိုတစ်ဖက်တစ်ချက်စီပွေ့ဖတ်ရင်းမှ ဝမ်းမြောက်ကြည်နူးစွာပြောလိုက်သည်။
သိသိသာသာပင် ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏အောင်မြင်မှုကြောင့်ရှောင်ယောင်မှာ ပြောမတတ်အောင်ပီတိဖြစ်နေမိပြီး ကြွယ်စင်းက သူ့ကိုအကဲခပ်၍ပြောလိုက်သည်။
“ အစ်ကိုကြီးလည်း အဆင့်လွန်ထိပ်သီးအဆင့်ကိုရောက်နေပြီပဲ....တကယ်ဆိုရင် အစ်ကိုကြီးက ကျုပ်တို့ထက်တောင်ပိုပြီးသာလွန်နေတာကို.....”
ကြွယ်စင်း၏စကားကြောင့် ယခုမှ ကြွယ်ယန်က ရှောင်ယောင့်ကိုအသေအချာကြည့်လိုက်မိကာ အထိတ်တလန့်ဟန်ဖြင့်ပြောလိုက်သည်။
“ မဖြစ်နိုင်တာ အစ်ကိုကြီးရှောင်လင်ကထွက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ ဒီအချိန်အတွင်းမှာ ထိပ်သီးအဆင့်ကိုရောက်လာတာ လုံးဝမဖြစ်နိုင်တာပဲ....”
ကြွယ်ယန်က မယုံကြည်နိုင်သည့်လေသံဖြင့်ပြောလိုက်မိကာ ရှောင်ယောင့်ကိုလူထူးဆန်းတစ်ယောက်လိုကြည့်နေသည်။
ရှောင်ယောင်တစ်ယောက် ကျောင်းတော်မှထွက်ခွာသွားစဉ်က ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်သာဖြစ်သေးသည်။
ယခု သုံးလမပြည့်မီအချိန်အတွင်းအဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိနေခြင်းက ကြွယ်ယန်၏ဝံ့ကြွားသည့်စိတ်ကလေးကိုပင် ကျိုးပျက်သွားစေသည်။။
“ အရေးမကြီးတာတွေထားစမ်းပါ....လာ မင်းတို့ကိုငါ့ရဲ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးမယ်.....”
ရှောင်ယောင်က ထိုနှစ်ယောက်ကို ကြာပန်းဖြူဂိုဏ်းသားများအနီးသို့ဆွဲခေါ်လာခဲ့သည’ ။