ကိုယ်ရည်ကိုယ်သွေး
Vol. 3 Ch. 68
“ မိန်းကလေး ကျုပ်က ပိုငိဖုန်းယန် ၊ သူကတော့ ရှောင်လုစင်း ကျုပ်တို့ကို သိုင်းလောကသားတွေပ အဖြူရောင်သစ္စာညီနောင်လို့ခေါ်တယ်။ ။
နောင်အချိနိကျရင် အကူအညီတစ်ခုခုလိုရင် ကျုပ်တို့နာမည်ကိုသာထုတ်ပြောလိုက် အားလုံးပြေလည်သွားစေရမယ်.....”
ကြွယ်ယန်က လွီချင်းအားကိုမိတ်ဆက်သလိုလိုဖြင့် သူ့ကိုယ်သူဖော်ပြကာ ကြာပန်းဖြူဂိုဏ်းသူများကိုမျက်စပစ်လိုက်သည်။။
လွီချင်းအာက ရှောင်ယောင့်ကိုသဘောကျနေကြောင်းရိပ်စားမိ၍ လွီချင်းအာကိုမည်သို့မှသဘောမထားသော်လည်း တစ်ယောက်တစ်မျိူးစီချောမောကြသည့်ဂိုဏ်းသူသူံးယောက်ကိုတော့ သူစိတ်ဝင်စားမှုရှိပေသည်။။
ကံမကောင်းစွာဖြင့် ထိုမိန်းကလေးများက စီးတုယွမ်ချင်းကိုသာအာရုံစိုက်နေကြပြီး ထိုအဖြစ်ကြောင့် ကြွယ်ယန်လည်း သူ၏ဆွဲဆောင်မှူကိုပင် ပြန်၍သံသယဝင်သွားမိ၏။
ကြွယ်ယန်၏အရှက်မရှိသည့်နှုတ်ဆက်စကားကြောင့် ကြွယ်စင်းမှာ မျက်နှာကိုတစ်ဖက်သို့လှည့်ထားလိုက်ရသည်။
လွီချင်းအာကား ကြွယ်ယန်နှင့်ကြွယ်စင်းကို ခေါင်းညိမ့်ပြလိုက်ပြီး စီးတုယွမ်ချင်းကို စူးစိုက်ကြည့်ကု သူမ၏လက်သီးကလေးများကိုတင်းကြပ်စွာဆုပ်ထားရင်းပြောလိုက်သည်။
“ ကျမ နာမည်ကလွီချင်းအာ ပြီးတော့ ရှင့်ကိုအရှုံးပေးမှာမဟုတ်ဘူး.....”
ရှောင်ယောင်က သူ့ထံတွင်ချစ်ရသူတစ်ယောက်ရှိနေကြောင်းသူမကိုပြောပြထားသည့်တိုင် လွီချင်းအာ၏စိတ်ထဲတွင် စီးတုယွမ်ချင်းကိုသာ ပြိုင်ဘက်အဖြစ်သက်မှတ်ထားမိပေသညိ ။
သူမ၏စကားကြောင့် လူအားလုံးအံ့အားသင့်သွားကြပြီး ဒေါ်လေးရှောင်နှင့်ကြာပန်းဖြူဂိုဏ်းသူများပင် စီးတုယွမ်ချင်းကိုစိုးရိမ်ဟန်ဖြင့်ကြည့်လိုက်မိကြသည်။
ထိုနည်းတူ ရှောင်ယောင်လည်း ထိုနှစ်ယောက်ကိုမိတ်ဆက်ပေးပါက တစ်စုံတစ်ခုဖြစ်ပျက်မည်ဟုအာရုံခံမိ၍ နောက်ဆုံးမှ မိတ်ဆက်ပေးခြင်းဖြစ်သော်ငြား လွီချင်းအာ၏စိန်ခေါ်စကားကြောင့် ခေါင်းယမ်းလိုက်မိသည်။
အံ့ဩဖွယ်ကောင်းစွာဖြင့် လွီချင်းအာ၏စကားကြောင့် စီးတုယွမ်ချင်း၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်ကိုမတွေ့ရဘဲ အံ့အားသင့်သည့်အရိပ်အယောင်တစ်ခုသာထွက်ပေါ်လာသည်။
သူမကိုပြိုင်ဘက်အဖြစ်သဘောထားနေဟန်တူသည့်ထိုမိန်းကလေးမှာ ရှောင်ယောင့်ကိုသဘောကျနေကြောင်းသိသာပြီး တက်ကြွပြပွင့်လင်းသည့်သူမ၏ပုံစံက ဒေါသထွက်နိုင်စရာပင်မရှိပေ။
စီးတုယွမ်ချင်းမှာ သူမနှင့်ရင်းနှီးသူမဟုတ်လျှင် မည်သို့သောလူမျိုးကိုဖြစ်စေ အေးစက်စွာဆက်ဆံသော်လည်း သူမ၏ရှေ့ရှိထိုမိန်းကလေးကို အလိုလိုရင်းနှီးနေသည်ဟုခံစားနေမိသညိ။
ထိုခံစားချက်က အနည်းငယ်ထူးဆန်းသော်လည်း စီးတုယွမ်ချင်းက ခပ်ယောင်ယောင်ကလေးပြုံးကာခေါင်းညိမ့်ပြလိုက်သည် ။
“ ကောင်းပြီ....”
သူမ၏တုန့်ပြန်မှုကြောင့် အနီးရှိလူများပို၍ပင်အံ့ဩသွားကြသည်။
သို့သော် လွီချင်းအာ၏အမြင်တွင် ထိုအပြုံးက သူမကိုအလေးအနက်မထားဆိုသည့်သဘောသက်ရောက်နေ၍ ဒေါသတကြီးတုန့်ပြန်ရန်ပြင်လိုက်သော်လည်း တစ်ခုမှမပြောနိုင်လိုက်ပေ။
အကြောင်းကား ပြိုင်ပွဲကွင်းပြင်ရှိလူများလှုပ်လှုပ်ရွရွဖြစ်လာပြီးစင်မြင့်ထက်သို့ကြည့်လိုက်ကြခြင်းကြောင့်ဖြစ်သည် ။
ထို့ကြောင့် ရှောင်ယောင်တို့လည်း တစ်စုံတစ်ခုထူးခြားနေသည်ဖြစ်မှန်းရိပ်စားမိ၍ ကျန်လူများနည်းတူ ကွင်းပြင်အလယ်ရှိစင်မြင့်ထက်သို့ကြည့်လိုက်မိကြသည်။
ထိုအခါ စင်မြင့်ထက်တွင်ရပ်နေသည့် အပြာရောင်ပိုးဖဲဝတ်စုံဝတ်လူတစ်ယောက်ကိုတွေ့လိုက်ရပြီး ထိုလူ၏အသက်အရွယ်ကအသက်ခြောက်ဆယ်ဝန်းကျင်ရှိနေပြီဖြစ်သည်။
ရှောင်ယောင်တို့လို နောက်ပေါက်သိုင်းသမားအများစုက အပြာရောင်ဝတ်စုံဝတ်လူမည်သူမည်ဝါဆိုသည်ကိုမသိကြသော်လည်း ဘေးနားရှိလူများ၏စကားကြောင့် ထိုလူကြီးက လက်ရှိစွန်းအိမ်တော်၏သခင်ဖြစ်ပြီး သိုင်းလောကမှတ်တမ်းကိုကိုင်ဆောင်သူ စွန်းချန့်အိုဖြစ်မှန်းသိရှိလိုက်ကြသည်။
စွန်းချန့်အိုက တတိယအရွယ်သို့ချဉ်းနင်းဝင်ရောက်နေပြီဖြစ်သည့်တိုင် ဖျက်လက်တက်ကြွသည့်ပုံစံရှိနေဆဲဖြစ်၏။
အနည်းငယ်ပြည့်ဖြိုးသည့်ခန္တာကိုယ်ရှိပြီး သူဌေးသူကြွယ်တစ်ယောက်နှငိ့ဆင်တူသာ့်စွန်းချန့်အိုက မျက်နှာထက်တွင် အပြုံးတစ်ခုကိုအမြဲလိုလိုချိတ်ဆွဲထားပေသည် ။
စင်မြင့်ထက်သို့စွန်းချန့်အိုရောက်ရှိလာသည်ကိုမြင်သည်နှင့် ခုနစ်ရာကျော်ရှစ်ရာခန့်ရှိပြီဖြစ်သည့်လူအုပ်ကြီးကတိတ်ဆိတ်သွားပြီး စွန်းချန့်အိုက လည်ချောင်းတစ်ချက်ရှင်းကာပြောလိုက်သညိ။
“ အားလုံးပဲ ဒီနေ့ ကျုပ်တို့စွန်းအိမ်တော်က အိမ်ရှင်အဖြစ်လက်ခံပြီးကျင်းပပေးတဲ့ လူငယ်မျိူးဆက်သိုင်းပြိုင်ပွဲကို လာရောက်ပေးကြတဲ့အတွက် ကျုပ်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲဆိုတဲ့အတိုင်း ဒီပြိုင်ပွဲမှာ အသက်သုံးဆယ့်ငါးနှစ်အောက်လူငယ်လူဂွယ်တွေကိုသာလက်ခံမှာဖြစ်ပြီးတော့အနိုင်ရရှိသူအတွက် ကြီးမားတဲ့ဆုလာဒ်တစ်ခုချီးမြှင့်မှာဖြစ်ပါတယ် ....”
စွန်းချန့်အိုက စကားချီ၍ စင်မြင့်ပတ်လည်ရှိလူများကိုဝေ့ကြည့်လိုက်သည် ။
ထိုလူများက လွတ်လပ်ပြီး အမှီအခိုကင်းမဲ့သည့်သိုင်းလောကသားများသာဖြစ်ပြီး စကားအရှည်ကြီးနားထောင်နေရမည်ကိုပင်များစွာသဘောကျဟန်မတူပေ။
သို့သော် စွန်းအိမ်တော်နှင့်စွန်းချန့်အို၏မျက်နှာကြောင့် တိတ်ဆိတ်စွာနားထောင်နေခြင်းဖြစ်ပြီး ထိုအကြောင်းကိုရိပ်စားမိသည့်စွန်းချန့်အိုက သူ၏လေသံကိုမြှင့်ကာ ပြုံး၍ပြောလိုက်သည်။
“ ကောင်းပြီ ဒီလိုဆိုမှတော့ ကျုပ်လည်း ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ
ဒီပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်မယ့် ခွန်လွနိဂိုဏ်းချူပ်ကြီးနဲ့ တခြားပုဂ္ဂိုတွေကို ဖိတ်ခေါ်ပါတယ် ....”
စွန်းချန့်အိုက စကားကိုတိုတိုနှင့်လိုရင်းဖျက်ချမည်မထင်၍ အံ့အားသင့်နေကြသည့်သိုင်းလောကသားများမှာ စွန်းအိမ်တော်၏အတွင်းဘက်မှထွက်လာသည့်လူရိပ်များစွာကြောင့် များစွာတက်ကြွသွားကြသည်။
ရှေ့ဆုံးမှဦးဆောင်လာသည့် ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းအပါအဝင် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှပုဂ္ဂိုလ်များ၊ သိုင်းမဟာမိတ်မှခေါင်းဆောင်နှစ်ယောက်နှင့်မိစ္ဆာဝိညာဥ်မှ ခေါင်းဆောင်နှစ်ယောက်စီပါဝင်ပြီး ကျန်နှစ်ယောက်ကလည်း နာမည်ကျော်ကြားသည့်သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်နှစ်ယောက်ပင်ဖြစ်သည်။
ခွန်လွနိဂိုဏ်းချုပ်ကြီးမှလွဲ၍ ကျန်ဂိုဏိးကြီးငါးခုက ခေါင်းဆောင်များကိုယ်တိုင်မလာကြသော်လည်း သိုင်းဝိဇ္ဇာအဆင့်ရှိသူများကိုသာ စေလွှတ်လိုက်ပြီး ထိုသို့သော အပြုအမူက သိုင်းပြိုင်ပွဲကို သူတို့အလေးထားမှန်းသိသာလှသည်။
ရှောင်ယောင်မှာ ဒိုင်အဖြစ်ဆောင်ရွက်မည့်လူများထဲမှ သူရင်းနှီးသည့်မျက်နှာတစ်ခုကိုမြင်လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားပြီးစီးတုယွမ်ချင်းကို ခပ်တိုးတိုးပြောလိုက်သည်။
“ ဦးလေးစီးတုမင်လည်း ပါတာပဲလား....”
အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်စီးတုမင်လည်း ဒိုင်အဖြစ်ဆောင်ရွက်မည့်လူများကြားတွင်ရှိနေကာ သူ၏ဘေးလူတစ်ဦးကနဂါးခုနစ်ကောင်ထဲမှတစ်ယောက်ဖြစ်သည့် လေဘုရင်သို့မဟုတ် အရိပ်တစ္ဆေဝူယွမ်ဆိုသူဖြစ်သညိ။
“ သူက ခုံတုံဂိုဏ်းချုပ်ပဲလေ သေချာပေါက်ပါတာပေါ့....အမြဲတမ်းသူက ဂိုဏ်းကိစ္စတွေနဲ့ပဲအလုပ်ရှုပ်နေတာ....”
စီးတုယွမ်ချင်း၏လေသံကအေးစက်စက်ဖြစ်သော်လည်း ဝမ်းနည်းရိပ်သမ်းနေ၍ ရှောင်ယောင်မှာ စိတ်မကောင်းဖြစ်သွားသည်။
အနက်ရောင်သိုင်းလောက၏ကိုယ်စားပြုလိုဖြစ်သည့်မိစ္ဆာဝိညာဉ်ကိုဖိတ်ကြားထားပြီးဖြစ်၍ အနက်ရောင်သိုင်းလောက၏ဂိုဏ်းကြီးငါးဂိုဏ်းကိုဖိတ်ခေါ်ခြင်းမပြုတော့ပေ။
ဤသည်ကလည်းများစွာထူးဆန်းခြင်းမရှိဘဲ သိုင်းလောကရှိထိပ်တန်းအင်အားစုတိုင်းကိုသာဖိန်ခေါ်နေပါက ဒိုင်အရေအတွက်ကပင် နှစ်ဆယ်ကျော်သုံးဆယ်နီးပါးရှိမည်ဖြစ်သည် ။
ဝူတန်းဂိုဏ်းကိုကိုယ်စားပြုလာသူက ရှောင်ယောင်တစ်ကြိမ်မှမမြင်ဖူးသည့်အဖိုးအိုတစ်ယောက်ဖြစ်ပြီး စန်းဟုန်းလျန်ကိုမူမည်သည့်နေရာမှမတွေ့ရပေ။
ထိုအဖြစ်ကြောင့်ရှောင်ယောင်လည်းအနည်းငယ်အံ့သြမိသော်ငြား ထိုအဖိူးအိုက ဝူတန်း၏နံပါတ်တစ်အကြီးအကဲချန်းရှောက်ဟုသိလိုက်၍ စန်းဟုန်းလျန်က ဝူတန်းကိုကိုယ်စားမပြုတော့ခြင်းကို
နားလည်လိုက်ပေသည်။
“ ဦးလေးစန်းဘယ်ကိုများရောက်နေပါလိမ့် ....ဟောင်ရန့်ကိုလည်းရှာမတွေ့သေးဘူး....”
ရှောင်ယောင်လည်း လူအုပ်ထဲသို့လိုက်လံကြည့်ရှုရင်း ရေရွတ်လိုက်သည်။
ထိုအချိန်တွင် အပြာရောင်ဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားသည့်ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းက စင်မြင့်ထက်သို့ရောက်ရှိလာပြီဖြစ်သည်။
သူ၏အသက်အရွယ်က ခြောက်ဆယ်ကျော်ခုနစ်ဆယ်ခန့်ရှိပြီဖြစ်သော်လည်း နုပျိုသည့်ရုပ်သွင်ကြောင့် အသက်ငါးဆယ်ကျော်ဟုသာထင်ရသည်။
မာရှောင်ကျင်း၏အသက်အရွယ်က ဂိုဏ်းချုပ်ခြောက်ယောက်ထဲတွင်အငယ်ဆုံးဖြစ်ပြီး သူ၏ပါရမီကလည်း ဆိုးရွားခြင်းမရှ်သော်ငြားအလွန်အမင်းထူးချွန်သည်ဟုတော့ပြောမရပေ။
သိုင်းဝိဇ္ဇာအဆင့်ကိုပင် အသက်ခြောက်ဆယ်ကျော်မှရောက်ရှိခဲ့သည့်မာရှောင်ကျင်းက ကျန်ဂိုဏ်းချုပ်များထက်သိုင်းပညာအရာတွင်နိမ့်ကျသော်လည်း သူ၏ဉာဏ်ပညာနှင့်ဦးဆောင်နိုင်စွမ်းတို့ကြောင့် ခွန်လွန်ဂိုဏ်းချုပ်ရာထူးကို အသက်ငယ်ငယ်ဖြင့်ရရှိလာခြင်းဖြစ်သည်။
လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်က မြစ်ဝါနဂါးဂိုဏ်းသောင်းကျန်းစဉ်အခါကပင် မာရှောင်ကျင်းက သိုင်းလောကသားများကိုစုစည်းကာ နန်းမြို့တော်မှတပ်ဖွဲ့နှင့်ပူးပေါင်း၍ မြစ်ဝါနဂါးဂိုဏ်းကိုတိုက်ခိုက်ဖူးသည်။
ထိုစဉ်က အင်အားကောင်းလှပါသည့်ဆိုသည့်မြစ်ဝါနဂါးဂိုဏ်းကြီးပင် မဟာမိတ်အဖွဲ့၏ထိုးစစ်ကိုမခံနိုင်ဘဲ အလဲလဲအပြိုပြိုဖြစ်ခဲ့ရပြီး သူတို့ကိုနောက်ဆုံးသုတ်သင်ခဲ့သူကတော့ တစ်ကိုယ်တော်သိုင်းသမားတစ်ယောက်ဖြစ်သည်။
သမိုင်းတစ်ပတ်လည်သည်ဟုဆိုရမည်လားမသိချေ ။ လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကျော်က မာရှောင်ကျင်းဦးဆောင်ကာ မြစ်ဝါနဂါးဂိုဏ်းကိုသုတ်သင်ရန်ဆွေးနွေးစဉ်ကလည်း စွန်းအိမ်တော်တွင်ဖြစ်ပြီး ယခုတစ်ခေါက် လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲအတွက်လည်း ဤနေရာတွင်သာထပ်မံကျင်းပခဲ့ပြန်သည်။
ယခုအခါတွင်တော့ မာရှောင်ကျင်း၏သိုင်းပညာ သိုင်းဝိဇ္ဇာအဆင့်ရောက်ရှိပြီးဖြစ်ရာ ဂိုဏ်းချုပ်တစ်ယောက်ဆိုသည့်ဂုဏ်ပုဒ်ဖြင့်အမှန်ပင်လျော်ညီနေပြီဖြစ်သည် ။
မြင်သူတိုင်းလေးစားနိုင်သည့်ဥပတိရုပ်မျိုးရှိသည့် မာရှောင်ကျင်းက ခုနစ်ရာခန့်နီးပါးရှိမည့်လူအုပ်ကြီးကိုဝေ့ကြည့်ကာ ဖြေးညင်းစွာပြောလိုက်သည်။
“ သိုင်းလောကမိတ်ဆွေတို့ ခင်ဗျားတို့အားလုံးက အခု ကျင်းပမယ့်လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲကို ကြည့်ရှုအားပေးဖို့ရောက်လာကြတာမဟုတ်လား ။ ဒီ့အတွက်လည်း ကျုပ်က ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် ....”
မာရှောင်ကျင်း၏အသံက များစွာကျယ်လောင်ခြင်းမရှိသော်လည်း လူတစ်ဦးတစ်ယောက်ချင်းစီ၏နားအနီးတွင်ကပ်၍ပြောသလို ပီသကြည်လင်လျက်ရှိသည်။
ဤသည်က သိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိသူများသာလုပ်ဆောင်နိုင်သည့် ရှစ်မျက်နှာအသံလွှင့်ခြင်းဆိုသည့်နည်းတစ်ခုဖြစ်ကာ မာရှောင်ကျင်းသည်လည်း ထိုနည်းလမ်းကိုအသုံးပြုနေခြင်းဖြစ်သည်။
ထို့နောက် မာရှောင်ကျင်းက သိုင်းပြိုင်ပွဲကျင်းပသည့်ရည်ရွယ်ချက်နှင့်သိုင်းပြိုင်ပွဲ၏စည်းမျဉ်းစည်းကမ်းများကိုဆက်လက်ရှင်းပြနေတော့သည်။
ထိုအကြောင်းအရာများကိုလူအားလုံးအကြမ်းဖျင်းသိထားကြပြီဖြစ်သော်လည်း စကားပြောကောင်းသည့်မာရှောင်ကျင်းကြောင့် နားထောင်ရသည်မှာ ပျင်းရိဖွယ်မကောင်းပေ။
သူ၏စကားများကအနည်းငယ်ရှည်လျားသော်လည်း အားလုံးနည်းပါးအာရုံစိုက်နားထောင်နေကြပြီး ပြိုင်ပွဲကွင်းပြင်ရှိလူများငြိမ်သက်နေသည်ကိုမြင်ရခြင်းက ကြုံတောင့်ကြုံခဲမြင်ကွင်းတစ်ခုဖြစ်သည်။
ထိုမြင်ကွင်းကြောင့်ရှောင်ယောင်လည်း စင်မြင့်ပေါ်တွင် ယုံကြည်မှုပြည့်ဝစွာဖြင့်ပြောဆိုနေသည့်မာရှောင်ကျင်း၏ ခေါင်းဆောင်နိုင်စွမ်းကို ကြိတ်၍လေးစားသွားမိသည်။
သာမန်လူတစ်ယောက်အဖို့ မာရှောင်ကျင်းလို လူထု၏အာရုံကိုဆွဲဆောင်ရန်မဆိုထားနှင့် ယခုလို မြောက်များလှစွာသောလူများရှေ့တွင် တည်တည်ငြိမ်ငြိမ်ရှိနေရန်ပင်ခက်ခဲလှသည်။
ယခု မာရှောင်ကျင်းက ဂိုဏ်းအဖွဲ့အစည်းမတူညီ ၊ ခံယူချက်ကွဲပြားကြသည့်သိုင်းလောကသားများစွာ၏ရှေ့၌ တည်ငြိမ်စွာရှိနေပြီး သူ၏ခေါင်းဆောင်နိုင်စွမ်းကိုအထူးမြင်သာစေသည်။
လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများရှိကြပြီး ထိုအရည်အချင်းကိုကိုယ်တိုင်ဖော်ထုတ်နိုင်စွမ်းရှိမှသာ ထူးချွန်သည့်လူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။
သိုင်းပညာအရာတွင် မာရှောင်ကျင်းက ကျန်ဂိုဏ်းချုပ်များထက်နိမ့်ပါးကောင်းနိမ့်ပါးနိုင်သော်လည်း လူအများကိုဦးစီးဦးဆောင်ပြုနိုင်စွမ်းတွင့်သူ့ကို ကျန်ဂိုဏ်းချုပ်များလုံးဝယှဉ်နိုင်မည်မဟုတ်ပေ။