← Chapters

ဟောင်ရန်ရောက်ရှိလာခြင်း

Vol. 3 Ch. 69

ဟောင်ရန်ရောက်ရှိလာခြင်း

Vol. 3 Ch. 69

ရှောင်ယောင်တစ်ယောက် မာရှောင်ကျင်းကိုကြည့်၍ အတွေးနက်နေစဉ် သူ၏နဖူးဆီသို့ရိပ်ခနဲဝင်ရောက်လာသည့်လက်တစ်ဖက်ကိုမရှောင်တိမ်းနိုင်လိုက်ဘဲ ပူခနဲဖြစ်သည့်ခံစားမှုနှင့်အတူ ရင်းနှီးသည့်စကားသံကိုပါကြားလိုက်ရသည်။

“ မြေခွေးအိုကြီး ....”

သူ၏ဘေးဘက်မှထွက်ပေါ်လာသည့် လူနှင့်မလိုက်ဖက်သည့် ခပ်ဩဩအသံကြောင့် ရှောင်ယောင်၏မျက်နှာထက်တွင် အံ့သြဝမ်းမြောက်သည့်အရိပ်အယောင်တစ်ခုပေါ်လာပြီး ဆက်ခနဲလှည့်ကြည့်လိုက်မိသည် ။

ထိုအခါ အစောပိုင်းက သူ၏နဖူးကို‌တောက်ခဲ့သူမဟုတ်သလို လက်ပိုက်၍ခပ်တည်တည်ရှိနေသည့်လူငယ်လေးကိုမြင်လိုက်ရပြီး အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်သူ၏ပုံစံက သန့်ပြန့်ချောမောလျက်ရှိသည်။

ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် မိန်းကလေးများပင်မနာလိုရလောက်အောင် ချောမွေ့ဖြူစင်သည့်အသားအရေရှိ‌‌သော်လည်း နောက်ကျောတွင်ဓားတစ်လက်ချိတ်ဆွဲထားသည့်သူ၏ပုံစံက ပျော့ညံ့ဟန်မတူဘဲ သူရဲကောင်းဆန်ဆန်ကြည့်ကောင်းနေသည်။

ပုံမှန်ဝတ်နေကျဖြစ်သည့်အပြာရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားသည့်ထိုလူငယ်လေးကား ရှောင်ယောင်သတိရမိသည့်ဟောင်ရန်မှလွဲ၍အခြားမဟုတ်ပေ။

ဘေးတစောင်းမြင်နေရသည့် ဟောင်ရန်၏နှာခေါင်းက ချွန်ထက်နေပြီး သူ၏မျက်တောက်များကလည်းအတော်ရှည်လျားသည်ကိုသတိပြုမိလိုက်သည်။

သို့သော် ဟောင်ရန်၏မျက်နှာထက်၌ အမြင်ကပ်ဖွယ်ကောင်းသည့်အပြုံးတစ်ခုရှိနေပြီး စင်မြင့်ထက်ရှိမာရှောင်ကျင်းကိုအာရုံစိုက်သည့်ဟန်ဆောင်နေသော်လည်း စင်စစ် သူ့ကိုအလစ်အငိုက်အနိုင်ယူလိုက်ရခြင်းအပေါ်ပီတိဖြစ်နေကြောင်း ရှောင်ယောင်ကောင်းစွာသိပေသည်။

“ လာစမ်း ....”

ရှောင်ယောင်၏လက်အစုံက ရိပ်ခနဲလှုပ်ရှားသွားပြီး ဟောင်ရန့်ကိုဖမ်းချုပ်ကာ နဖူးပြန်တောက်ရန်ကြိုးစားလိုက်သော်လည်း ကြိုတင်ပြင်ဆင်ထားဟန်တူသည့်ထိုလူငယ်လေးက ‌ဘေးဘက်သို့အသာရှောင်တိမ်းရင်းပြောလိုက်သည်။

“ ဟေ့လူ ....ခွန်လွန်ဂိုဏ်းချုပ်ကြီးစကားပြောနေတဲ့အချိန်မှာ မလေးမစားနဲ့....”

သူစိမ်းတစ်ယောက်သဖွယ်သူ့ကိုအပြစ်တင်လိုက်သည့်‌ဟောင်ရန်၏စကားကြောင့် ရှောင်ယောက်၏မျက်နှာအနည်းငယ်မဲ့သွားစဉ် ဘေးဘက်ရှိလူများကလည်း သူ့ကိုတီးတိုးကျိန်ဆဲလိုက်ကြသည်။

ထိုလူများမှာ မူလကပင် မိန်းမလှလေးလွီချင်းအာနှင့်နီးနီးကပ်ကပ်ရှိနေသည့်ရှောင်ယောင့်ကိုမျက်စိစပါးမွှေးစူးနေကြပြီး စီးတုယွမ်ချင်းလိုအလှနတ်သမီးတစ်ဦးပါရောက်ရှိလာရာ သူတို့၏စိတ်ထဲ၌လွန်စွာမနာလိုဖြစ်နေကြသညိ ။

သို့သော် ရှောင်ယောင်၏သိုင်းပညာနှင့် အဆင့်အတန်းကိုအကဲခပ်မိ၍မည်သူမှမိုက်မဲစွာပြဿနာမရှာဝံ့ကြဘဲ ယခုလိုအခွင့်အရေးကြုံချိန်၌ အပြစ်တင်လိုက်ခြင်းဖြစ်၏။

ရှောင်‌ယောင်တစ်ယောက် ဘေးလူများနှင့်မတည့်သည်ကိုမြင်၍ ဟောင်ရန်၏မျက်နှာထက်တွင် တောက်ပသည့်အပြုံးတစ်ခုပေါ်လာသည် ။

ထိုနည်းတူ ရှောင်ယောင်လည်း တစ်စုံတစ်ခုပြုလုပ်ခြင်းမရှိတော့သော်လည်း ထိုလူငယ်လေးကိုအခဲမကျေသည့်အကြည့်ဖြင့်ကြည့်ကာ ‘ နေနှင့်ဦးပေါ့ ‘ ဟု ကြိမ်းဝါးထားတော့သည်။

သိသိသာသာပင် သူတို့၏လှုပ်လှုပ်ရွရွအပြုအမူကြောင့် လွီချင်းအာ ကြာပန်းဖြူဂိုဏ်းသူများနှင့်ကြွယ်ယန်တို့အားလုံးရှောင်ယောင့်ကို အံ့ဩဟန်ဖြင့်ကြည့်လိုက်မိကြသည်။

အကြောင်းကားသူတို့အနီးသို့မည်သည့်အချိန်ထဲပရောက်ရှိနေမှန်းမသိသည့်ထိုလူငယ်လေးကလည်း ရှောင်ယောင်နှင့်လွန်စွာရင်းနှီးဟန်တူ၍ဖြစ်သည်။

သူတို့ထဲတွင် စီးတုယွမ်ချင်းတစ်ယောက်သာဟောင်ရန့်ကိုသိထားပြီး သူမကလည်းအနည်းငယ်ထူးခြားသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသည်။

“ သူက ငါ့မိတ်ဆွေပါ ‌နောက်မှမိတ်ဆက်ပေးမယ်....”

ရှောင်ယောင်က ခပ်တိုးတိုးပြောလိုက်ပြီး ဟောင်ရန့်ကိုကြည့်လိုက်သည်။

ထိုအချိန်တွင် အကဲဖြတ်လူကြီးများ၏အနီး၌ ထင်မှတ်မထားသည့်လူတစ်‌ယောက်ကိုမြင်လိုက်ရ၍ ရှောင်ယောင်၏မျက်ဝန်းများပြူးကျယ်သွားသည်။

ထိုလူကား သူရောက်ရှိလာမည်ဟုပင်မထင်တော့သည့် အဖြူရောင်ဝတ်စုံဝတ်စန်းဟုန်းလျန်မှလွဲ၍အခြားမဟုတ်ပေ။

&&&

“ ခေါင်း‌ဆောင်...လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲကစတော့မယ် ကျုပ်တို့ တစ်ခုခုလုပ်ဖို့မလိုအပ်ဘူးလား....”

ရေကန်အလယ်ရှိကျောက်ဖြူဇရပ်ထဲတွင် အဖြူရောင်ဝတ်စုံဝတ်လူကြီးက အေးဆေးတည်ငြိမ်စွာရှိနေပြီး သူ၏နောက်နားတွင် သွေးနီရောင်ဝတ်စုံဝတ်လူတစ်ယောက်ရှိနေသည်။

နှာခေါင်းကောက်ကောက် မျက်တွင်းဟောင်ပက်နှင့်ထိုလူ၏ပုံစံက အတော်လေးရုပ်ဆိုးသော်လည်း တလက်လက်တောက်ပနေသည့်မျက်ဝန်းများက အတွင်းအားကောင်းမွန်သူတစ်ယောက်ဖြစ်ကြောင်းသိနိုင်သည်။

သွေးနီရောင်ဝတ်စုံဝတ်လူက သူနှင့်ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေသည့် အဖြူရောင်ဝတ်စုံဝတ်လူကြီးကို ငေးကြည့်မိရင်း စိတ်ထဲတွင် သက်ပြင်းမချဘဲမနေနိုင်အောငိဖြစ်မိ၏။

အကြောင်းကား ထိုလူကြီးမှာ သူ၏အချိန်အများစုကို အပန်းဖြေအနားယူရင်းကုန်ဆုံးနေသည့်တိုင် ကြီးမားသည့်ကိစ္စများစွာကိုလက်တစ်ချောင်းပင်လှူပ်စရာမလိုဘဲဖြေရှင်းနိုင်၍ဖြစ်၏။

သူလည်းထိုသို့သောဩဇာအာဏာရှိမည့်နေ့ကိုမည်သည့်အချိန်မှရောက်ရှိလာမည်လောဟုတွေးတောနေစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာခေါင်းယမ်း၍ပြောလိုက်သည်။

“ ငါတို့ဝင်ပါစရာမလိုပါဘူး....အချိန်တန်ရင် သူ့အလိုလိုဖြစ်သွားလိမ့်မယ်....”

သူ၏အသိရခက်သည့်စကားကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူလည်း မျက်မှောင်ကြုတ်လိုက်မိသော်ငြား တစ်စုံတစ်ခုပြောဆိုခြင်းမပြုပေ။

ထိုစဉ် အဖြူရောင်ဝတ်စုံဝတ်လူကြီးက နောက်သို့ပြန်မကြည့်ဘဲအေးဆေးသည့်လေသံဖြင့်မေးလိုက်သည်။

“ တစ်ခုခုလိုအပ်လို့လားဖန်းလွေ...ပုံမှန်ဆိုရင် မင်းရဲ့တပည့်တစ်ယောက်ယောက်ကိုပဲစေလွှတ်လိုက်တာမလား.....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူက ခေါင်းညိမ့်ပြရင်းပြောလိုက်သည်။

“ အရင်တစ်ခေါက်က ရေဖြူတံခွန်တောအုပ်ထဲကထွက်လာတဲ့မိန်းကလေးကိုစောင့်ကြည့်ရင်း ကျုပ်လူနှစ်ယောက်က သူတို့ရှိနေတာထုတ်ဖော်ခံလိုက်ရပြီး အဲဒီမိန်းကလေးရဲ့လက်ချက်မိသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်က အသက်မသေခဲ့ပေမယ့် ထူးခြားဆန်းကြယ်တဲ့လက်ဝါးတစ်ချက်စီထိမှန်ပြီးတော့ အခုချိန်ထိ ကောင်းကောင်းပြန်မကောင်းသေးပါဘူး....အဲဒါ သူတိူ့ကိုကုသနိုင်ဖို့ ဒီလိုခေါ်လာခဲ့တာပါ.....”

သွေးနီရောင်ဝတ်စုံဝတ်လူ၏‌စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာကာ ဘေးနားရှိစားပွဲပေါ်မှ လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုငှဲ့သောက်လိုက်သည်။

သူ၏ပုံစံက မည်သို့သောလူလောကကိစ္စများနှင့်မှသက်ဆိုင်ခြင်းမရှိသည့်အလား အပူအပင်ကင်းမဲ့ကာ အေးဆေးတည်ငြိမ်လှပေသည်။

အကယ်၍ ထိုလူကြီး၏နေရာတွင် ကျန်တစ်ယောက်ယောက်ဆိုပါက သွေးနီရောင်ဝတ်စုံဝတ်လူမှာ စိတ်မရှည်စွာဖြင့်စောဒကတတ်နိုင်သော်လည်း ယခုအခါတွင်ကား တိတ်ဆိတ်ငြိမ်သက်စွာဖြင့်ဆက်လက်စောင့်‌ဆိုင်းလျက်ရှိသည်။

အဖြူရောင်ဝတ်စုံဝတ်လူကြီးက လက်ဖက်ရည်ကြမ်းကိုအရသာခံ၍တစ်ငုံသောက်ပြီးမှ ဖြေးညင်းစွာပြောလိုက်သည်။

“ သူတို့နှစ်ယောက်တိုက်ခိုက်ခံရတဲ့လက်ဝါးချက်က အစိမ်းရောင်လေလက်ဝါးလို့ခေါ်တယ်။

သိုင်းလောကသားတွေရဲ့အခေါ်အရဆိုရင် ဘီလူးစိမ်းလက်ဝါးပေါ့...။

တစ်ချက်ကလေးထိမှန်ရုံနဲ့ ပြိုင်ဘက်ရဲ့သွေးကြောတွေကိုပိတ်ဆို့စေပြီး တခဏအတွင်းမှာပဲ ပျက်စီးစေခဲ့တယ်။ သိပ်ပြီးကြောက်စရာကောင်းတဲ့လက်ဝါးချက်ပေါ့။

အတွင်းအားကောင်းမွန်တဲ့အဆင့်လွန်ထိပ်သီးတွေတောင် လက်ဝါးချက်ထိမှန်ပြီးရင် ပြန်ကုစားဖို့မနည်းကြိုးစားရမယ် ။

လွန်ခဲ့တဲ့ဆယ်နှစ်က အဲဒီမိန်းကလေးကိုဝိုင်းဝန်းတိုက်ခိုက်ကြရင်း လက်ဝါးချက်ထိမှန်တဲ့သူတွေကအခုချိန်မှာ ဒုက္ခိတတွေဖြစ်ကုန်ကြပြီးတော့ သိုင်းမဟာမိတ်က ချန်လုဆိုရင် အခုချိန်တောင် ကောင်းကောင်းပျောက်ကင်းသေးတဲ့ပုံမရဘူး ။

ဒါတောင် သူ့ကို ချန်ချင်းဂိုဏ်းချုပ်ကိုယ်တိုင်ပြန်ပြီးကုသပေးခဲ့သေးတယ်နော်။ အခု အဲဒီမိန်းကလေးက သိုင်းဝိဇ္ဇာအဆင့်ကို ရောက်ပြီးပြီဆိုတော့...”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက သူ၏စကားကိုတစ်ပိုင်းတစ်စဖြင့်ရပ်လိုက်၍ သွေးနီရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်သည့်အရိပ်အချို့ပေါ်လာပြီးအလျှင်အမြန်မေးလိုက်သည်။

“ ဒါဆို ခေါင်းဆောင် ကျုပ်လူနှစ်‌ယောက်က....”

သူ၏မေးခွန်းမဆုံးမီ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ဆက်ပြောလိုက်သည်။

“ စိတ်မပူပါနဲ့....မင်းပြောခဲ့တဲ့ပုံအရဆိုရင် အဲဒီမိန်းကလေးက သူထွက်မသွားခင်မှာ မင်းရဲ့လူတွေကို ဒဏ်ရာပြန်ပြီးကုသပေးခဲ့တယ်မဟုတ်လား....”

သူစမေးခွန်းကိုခေါင်းညိမ့်ပြလိုက်ပြီး သွေးနီရောင်ဝတ်စုံဝတ်လူကအနည်းငယ်ဇဝေဇဝါဖြစ်ဟန်ဖြင့်ထပ်မေးလိုက်သည်။

“ ဟုတ်ပါတယ်ခေါင်းဆောင်...အဲဒီမိန်းကလေးက ပြန်ပြီးကုသပေးခဲ့ပါတယ် ။ဒါပေမယ့် အဲလိုကုသပြီးတာတောင် ကျုပ်လူတွေမှာ အတွင်းအားကောင်းကောင်းမလည်ပတ်နိုင်သေးဘဲ သိုင်းပညာကိုထုတ်သူံးလိူ့မရဘဲဖြစ်နေပါတယ်.....”

ထိုစကားကြောင့်အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်ဝန်းများကတောက်ပသွားပြီး ထူးဆန်းသည့်အပြုံးတစ်ခုနှင့်ခေါင်းညိမ့်ပြလိုက်သည်။

“ လက်စသက်တော့ဒီလိုကိုး...မင်းလူတွေရဲ့အသက်ကိုချမ်းသာပေးလိုက်တော့ သူ့ရဲ့စိတ်က အရင်လိုပဲရှိသေးတယ်လို့ငါထင်ပေမယ့် မှားသွားခဲ့တယ်။

သူက လုံလောက်အောင်ရက်စက်ပြီး ပြက်သားမှုလည်းရှိလာပြီပဲ...ဆယ်နှစ်လောက် ဂူအောင်းလေကျင့်ပြီးတော့စိတ်နေစိတ်ထတွေအတော်တိုးတက်လာပုံပဲ။

ဒီလိုဆိုရင် သူ့ကိုငါးစာလုပ်မယ့်အကြံကိုတောင်ပြန်ပြီးသုံးသပ်ရမလိုဖြစ်နေပြီ ....”

အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်ရှိအပြုံးက နူးညံ့သော်လည်းကြောက်မက်ဖွယ်ကောင်းနေပြီး သူ၏အမူအယာကလည်းတစ်လှည့်စီပြောင်းလဲနေသည်။

သွေးနီရောင်‌ဝတ်စုံဝတ်လူကား သူ၏ခေါင်းဆောင်ပြောနေသည့်စကားများကိုနားမလည်သော်လည်းမေးမြန်းဝံ့ခြင်းလည်းမရှိပေ။

အချိန်အနည်းငယ်ကြာအောင်ငြိမ်သက်နေပြီးမှ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ထိုလူရှိနေသေးသည်ကိုပြန်သတိရကာပြောလိုက်သည်။

“ မင်းလူနှစ်ယောက်က နောက်ထပ်သိုင်းပညာအသုံးပြုနိုင်မှာမဟုတ်တော့ဘူး။ ဟိုမိန်းကလေးက သူတို့ရဲ့အသက်ကိုပြန်ပြီးကယ်ပေးခဲ့တယ်ဆိုပေမယ့် တစ်ခါထဲသိုင်းပညာအသုံးပြုမရအောင်လုပ်သွားခဲ့တာပဲ။

နည်းနည်းရက်စက်ပေမယ့် ငါသဘောကျတယ်။ အရင်တုန်းကသာ သူအဲလိုပြက်သားခဲ့ရင် ဘာမဟုတ်တဲ့လူတွေ‌ရဲ့လက်ချက်ကြောင့် ဒုက္ခရောက်မှာမဟုတ်ဘူး....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးကား သူ၏လက်အောက်ငယ်သားနှစ်‌ယောက်ဒုက္ခရောက်သည်ကိုပင်ဒေါသမထွက်ဘဲ ရန်သူကို ချီးမွမ်းနေသေးသည်။

သို့သော် သူပြောခဲ့သည့်အချက်ကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူက ရှုပ်ထွေးသည့်အမူအယာဖြင့်ပြန်မေးလိုက်သည်။

“ ဒါဆိုရင် သူတို့က သိုင်းပညာအသုံးမပြုနိုင်တော့ဘူးဆိုတော့....”

“ သူတို့ကိုစွန့်ပစ်လိုက်ပေါ့....”

အဖြူရောင်ဝတ်စုံဝတ်လူကြီးက အေးဆေးသည့်အသံကြောင့် သွေးနီရောင်ဝတ်စုံဝတ်လူ၏စိတ်ထဲတွင်ထိတ်လန့်သွားမိ၏။

All Chapters