သိုင်းပြိုင်ပွဲစတင်ခြင်း
Vol. 3 Ch. 70
‘ စွန်ပစ်လိုက် ‘ဆိုသည့်စကားကို အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပေါ့ပေါ့ပါးပါးပြောထွက်သော်လည်း သွေးနီရောင်ဝတ်စုံဝတ်လူ၏ရင်ထဲတွင်လှိုင်းထန်သွားလေသည်။
အကြောင်းကား ထိုစကား၏နောက်ကွယ်မှအဓိပ္ပာယ်က သူ့လူနှစ်ယောက်၏သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပြီးသားဖြစ်သည့်အပြင် သူအားကိုးရသည့်လူနှစ်ယောက်ကိုယခုလိုပြုလုပ်ရမည်ကို သူ၏စိတ်ထဲမလိုလားခြင်းဖြစ်၏ ။
သွေးနီရောင်ဝတ်စုံဝတ်လူ၏တွန့်ဆုတ်မှူကို ကောင်းစွာရိပ်စားမိ၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာပြောလိုက်သည်။
“ ဖန်းလွေ တကယ်လို့ မင်း ပရိဘောဂတစ်ခုခုကိုအသုံးပြုတဲ့အခါ နှစ်တွေကြာလို့ ဟောင်းနွမ်းပြီးသုံးစားမရဖြစ်လာရင် ဒါကိုပဲ တွယ်ကပ်ပြီးသုံးစွဲနေမှာလား အသစ်တစ်ခုလဲမှာလား....”
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းက မည်သည့်အရာကိုဆိုလိုခြင်းဖြစ်သည်ကိုသိရှိသော်လည်း မဖြေဘဲမနေဝံ့ပေ။
“ ကျုပ် အသစ်တစ်ခုနဲ့အစားထိုးလိုက်မှာပါ ခေါင်းဆောင်....”
သူ၏အဖြေကို သဘောကျဟန်ဖြင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ခေါင်းတဆက်ဆက်ညိမ့်လိုက်သည်။
ထို့နောက် သူ၏လက်ထဲရှိလက်ဖက်ရည်ကြမ်းကိုတစ်ငုံသောက်လိုက်ပြီးမှ တည်ငြိမ်သည့်လေသံဖြင့်ထပ်ပြောလိုက်သည်။
“ မင်းပြောတာမှန်တယ် ကိုယ့်အတွက် မလိုအပ်တော့ရင် ကောင်းမွန်တဲ့အရာတစ်ခုနဲ့အစားထိုးပြီး အသုံးမကျတဲ့အရာကို စွန့်ပစ်ရတာမထူးဆန်းဘူး။
အေး တစ်ချို့ဆိုရင် အဲဒီပရိဘောဂကို ဖျက်ဆီးပြီးတော့ မီးဆိုက်ပစ်ဦးမယ်...သူတို့အတွက် အနွေးဓာတ်ရဖို့လေ။
အနည်းဆုံးတော့ အဲဒိပစ္စည်းတွေအတွက်လည်း သူတို့သခင်ကိုနောက်ဆုံးအနေနဲ့အကျိုးပြုရတာပေါ့....”
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားသံက နွေးထွေးညင်သာသော်လည်း သွေးနီရောင်ဝတ်စုံဝတ်လူ၏ရင်ထဲတွင် ထိတ်လန့်ကြောက်ရွံ့စိတ်များထိမ်းမနိုင်သိမ်းမရထွက်ပေါ်လာမိပြီး အမူအယာမပျက်စေရန်သတိထားကာ အရိုအသေပေး၍ပြောလိုက်သည်။
“ ကျုပ်ဘာဆက်လုပ်ရမယ်ဆိုတာ သိပါပြီခေါင်းဆောင်.....”
သွေးနီရောင်ဝတ်စုံဝတ်လူ၏ပါးနပ်မှုနှင့်ပြက်သားမှုတို့ကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီးက သဘောကျစွာပြုံးရင်းပြောလိုက်သည်။
“ ကောင်းပြီ မင်းသွားနိုင်ပြီ ....တကယ်လို့ မင်းဘက်မှာလူလိုအပ်ရင် စုန်းယိနဲ့စုန်းယောင်ကိုအချိန်မရွေးပြောလို့ရတယ်....”
ထို့နောက် သွေးနီရောင်ဝတ်စုံဝတ်လူက အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုနှုတ်ဆက်ကာ ဝါးတံတားလေးပေါ်မှတစ်ဆင့် ကမ်းစပ်ရှိအဆောက်အဦးကြီးဆီသို့လျှင်မြန်စွာလျှောက်သွားတော့သည်။
ဝါးတံတားလေး၏အစွန်၌ ပိုးဖဲဝတ်စုံကိုဝတ်င်ေထားသည့် ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့် သူဌေးသူကြွယ်တစ်ယောက်လိုဥပတိရုပ်ရှိသူတစ်ဦးရပ်နေပေသည်။
ထိုလူ့ကိုမြင်လိုက်၍ သွေးနီရောင်ဝတ်စုံဝတ်လူ၏မျက်နှာထက်တွင်အံ့အားသင့်သည့်အရိပ်အယောင်တစ်ခုပေါ်လာသည်။
သို့သော် လက်ရှိအချိန်၌ သူ၏စိတ်အခြေအနေမကောင်း၍ ထိုလူ့ကိုခေါင်းညိမ့်ကာနှုတ်ဆက်လိုက်ပြီး ဆက်လျှောက်သွားလိုက်သလို ပိုးဖဲဝတ်စုံဝတ်လူကလည်း အပြုံးမျက်နှာဖြင့်ခေါင်းညိမ့်ပြရင်း ခပ်သုတ်သုတ်လျှောက်သွားသည့်ထိုလူ၏နောက်ကျောကိုကြည့်ကာ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။
ထို့နောက် ရေကန်အလယ်ရှိကျောက်ဖြူဇရပ်ပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ်လူကြီးကိုငေးကြည့်ရင်း သူ၏အမူအယာက တည်ကြည်လေးနက်သွားပြီး ဝါးတံတားလေးမှတစ်ဆင့် ကျောက်ဖြူဇရပ်ဆီသို့ဦးတည်ကာသွားလိုက်သည်။
“ ခေါင်းဆောင် ကျုပ်ဝမ်းဖု ရောက်လာပါပြီ....”
ပိုးဖဲဝတ်စုံဝတ်လူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူက လက်ထဲရှိလက်ဖက်ရည်ကြမ်းခွက်ကိုအသာချကာ ခေါင်းညိမ့်၍ပြောလိုက်သည်။
“ လာခဲ့ပါ....”
သူ၏လေသံက မည်သို့သောလူမျိုးနှင့်ဆက်ဆံသည်ဖြစ်စေ အမြဲလိုလိုနူးညံ့ပျော့ပြောင်းနေတတ်ပြီး ဒေါသမထွက်တတ်သည့်လူတစ်ယောက်လိုပင်။
သို့သော် လူတစ်ဦးတစ်ယောက်ထဲသာမဟုတ် လူပေါင်းများစွာ၏သေခြင်းရှင်ခြင်းကိုပင် အပြုံးမပျက်ဆုံးဖြတ်တတ်သည့်ထိုလူကြီး၏အကြောင်းကိုကောင်းစွာသိနေသည့် ရင်းနှီးသူများကား အမြဲလိုလိုရိုသေလေးစားစွာဆက်ဆံကြပေသည်။
“ ခေါင်းဆောင် ကျုပ်ကိုဆင့်ခေါ်ခဲ့တာ ဘာကိစ္စရှိလို့ပါလဲ.....”
ပိုးဖဲဝတ်စုံဝတ်လူ၏မေးခွန်းကိုအဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာပြန်ဖြေလိုက်သည်။
“ လွန်ခဲ့တဲ့တစ်လကျော်လောက်က ဝတ်စုံဖြူကျောင်းတော်သားဆိုတဲ့လူငယ်လေးရဲ့နောက်ကို မင်းရဲ့လုပ်ကြံသူတစ်ယောက် လွှတ်လိုက်သေးတယ်မလား သူက ဘယ်လိုအခြေအနေရှိလဲ....”
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကြောင့် ပိုးဖဲဝတ်စုံဝတ်လူ၏အမူအယာကအနည်းငယ်ရှုံ့မဲ့သွားပြီးပြောလိုက်သည်။
“ အဲဒီကောင်က အသုံးမကျတဲ့ကောင်တစ်ယောက်ပါခေါင်းဆောင် ။ သူက ပစ်မှတ်ကိုမရှင်းလင်းနိုင်တဲ့အပြင် သူ့ရဲ့နောက်ကိုတောင်ခြေရာခံမလိုက်နိုင်ခဲ့ဘူး....။။
အနည်းဆုံး ပစ်မှတ်ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားရင်ကျရှုံတယ်ဆိုရင်တောင်ခံသာပါသေးတယ်။
အခုကပစ်မှတ်နောက်ကိုလိုက်ပြီးမှ တစ်ကြိမ်ကလေးမှမကြိုးစားလိုက်ရဘဲ ခြေရာပျောက်သွားတယ်ဆိုပြီး ဌာနချုပိကိုပြန်လာခဲ့တာ ။
ဒါကြောင့်လည်း တာဝန်ကိုမအောင်မြင်တဲ့အတွက်ရော သူ့ရဲ့ညံ့ဖျင်းမှူအတွက်ပါ သွေးခန်းမမှာ ပြစ်ဒဏ်ပေးထားတာ နှစ်ပတ်ကျော်ပါပြီ.....”
ပိုးဖဲဝတ်စုံဝတ်လူ၏စကားကအနည်းငယ်ဒေါသထွက်နေဟန်တူ၍ အဖြူရောင်ဝတ်စုံဝတ်လူကြီးက ပြုံး၍ပြောလိုက်သည်။
“ မင်းရဲ့ ရွှေအဆင့်လူသတ်သမားတွေက တစ်သွေးတစ်သံတစ်မိန့်ထဲကိုနာခံဖို့လေ့ကျင့်ပေးထားတာမဟုတ်လား ဘယ်လိုလုပ်ဒီလိုအဖြစ်မျိုးတွေရှိလာတာလဲ....”
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မေးခွန်းကြောင့် ပိုးဖဲဝတ်စုံဝတ်လူက သက်ပြင်းတစ်ချက်ချ၍ပြန်ဖြေလိုက်သည် ။
“ သူက ဒုတိယအသုတ်လေ့ကျင်ပေးထားတဲ့လူတွေထဲက ပါရမီအရှိဆုံးတစ်ယောက်ပါ။
သူ့ရဲ့အသက်ကနှစ်ဆယ်တောင်မပြည့်သေးပေမယ့် သိုင်းထိပ်သီးအဆင့်ကိုရောက်နေပြီးတော့ သူ့ထက်အဆင့်မြင့်တဲ့လူတွေကိုလုပ်ကြံရတဲ့တာဝန်တွေကိုအောင်မြင်ထားတာပါ။
ဒါကြောင့်လည်း သိပ်ကြာခင်ကမှ ရွှေအဆင့်ကိုရာထူးတိုးပေးထားပြီးတော့ သူ့ကိုချီးမြှောက်ထားခဲ့တာ
ဒါပေမယ့် အခုလို ရွှေအဆင့်ကိုရောက်ပြိး ပထမတာဝန်လေးတစ်ခုကိုတောင်ကျရှုံးမယ်လို့ထင်မထားဘူး။
သူ့ရဲ့စောင့်ကြည့်သူစကားအရဆိုရင်ဒီကောင်လေးက လုပ်ကြံသူတစ်ယောက်ရဲ့အရည်အချင်းအပြည့်ရှိပေမယ့် လုပ်ကြံသတ်ဖြတ်ရတာကိုသဘောမကျဘဲ သူ့တာဝန်မှန်သမျှမှာ ပစ်မှတ်ကို တစ်ဦးချင်းယှဉ်ပြိုက်သတ်ဖြတ်ခဲ့တာဆိုပဲ...”
ပိုးဖဲဝတ်စုံဝတ်လူ၏စကားထဲတွင် အားမလိုအားမရဖြစ်ခြင်းတို့ပါဝင်လျက်ရှိ၏။
သူ၏စကားကြောင့် အဖြူရောင်ဝတ်စုံဝတ်လူကြီး၏မျက်နှာထက်တွင် ရှားရှားပါးပါးစိတ်ဝင်စားသည့်အမူအယာတစ်ခုပေါ်လာပြီး ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ဒါဆိုရင် သူ့ကို ဒီကိုပို့လိုက်ပါ..သူက ဓားသမားဆိုတော့ စုန်းယောင်ရဲ့လက်အောက်မှာ လေ့ကျင့်ခိုင်းတာပေါ့ ။
ပြီးတော့ ငါသူ့ဆီက သိချင်တဲ့အကြောင်းလေးတစ်ခုရှိသေးတယ်....”
အဖြူရောင်ဝတ်စုံဝတ်လူကြီး၏စကားကြောင့်အနည်းငယ်အံ့အားသင့်သွားသော်လည်း ပိုးဖဲဝတ်စုံဝတ်လူက အရိုအသေပေးလိုက်သည်။
ထို့နောက် အဖြူရောင်ဝတ်စုံဝတ်လူကြီးက တည်ကြည်လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ ကောင်းပြီ အဓိက အကြောင်းအရာကိုသွားတာပေါ့ ။ သိပ်မကြာခင်မှာ သိုင်းလောကတစ်ခုလုံး လှုပ်ခတ်မယ့်ကိစ္စတစ်ခုဖြစ်လာနိုင်တယ်။
ဒီအတောအတွင်းမှာ မင်းရဲ့သွေးနီတံခါးကိုလည်း စတေးကောင်း စတေးရနိုင်တယ်။ ဒီအတွက် ကြိုတင်ပြင်ဆင်ထားပါ.....”
သူ၏စကားအဆုံး၌ ပိုးဖဲဝတ်စုံဝတ်လူ၏အမူအယာက သွေးမရှိသလိုဖြူလျော်သွားလေသည်။
ထိုအခိုက် အဖြူရောင်ဝတ်စုံဝတ်လူကြီးက ဖြေးညင်းစွာထရပ်လာ၍ ပိုးဖဲဝတ်စုံဝတ်လူမှာ သူ၏အမူအယာကိုကဗျာကယာပြန်ပြက်လိုက်သည်။
အဖြူရောင်ဝတ်စုံဝတ်လူကြီးက ထိုင်ခုံမှထရပ်လာပြီး ပိုးဖဲဝတ်စုံဝတ်လူ၏ဘေးတွင်ရပ်ကာပြောလိုက်သည်။
“ ငါသိပါတယ် အနှစ်နှစ်ဆယ်ကျော်တည်ဆောက်လာတဲ့မင်းရဲ့အင်အားစုကို အလွယ်တကူလက်မလွှတ်ချင်တာ ။
ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ်လိုချင်တာရဖို့ပေးဆပ်ရမယ့်အရာတွေရှိနေတယ်။ ဆုံးရှုံးမှုမရှိဘဲအနိုင်ယူဖို့ဆိုတာစိတ်ကူးယဉ်အိပ်မက်ထဲမှာပဲရလိမ့်မယ်။
ပေးဆပ်သင့်တာကိုပေးဆပ်ပြီးအနိုင်ယူရတာကမှ အနှစ်သာရရှိတဲ့အောင်မြင်ခြင်းတစ်ခုဖြစ်လာမှာပဲ.....”
အဖြူရောင်ဝတ်စုံဝတ်လူကြီးက တည်ငြိမ်စွာပြောလိုက်ရင်း ဝါးတံတားလေးပေါ်မှတစ်ဆင့် ရေကန်စပ်သို့ဦးတည်၍သွားလိုက်သည်။
သူ၏လှုပ်ရှားမှုများက နှေးကွေးသည်ဟုထင်ရသည့်တိုင် လွန်စွာလျှင်မြန်လှပြီး အသက်ရှူချိန်အနည်းငယ်အတွင်း ရေကန်နှင့်ခပ်လှမ်းလှမ်း၌ ဆောက်ထားသည့်သူံးထပ်အဆောက်အဦးကြီး၏ရှေ့သို့ရောက်ရှိသွားပြီဖြစ်သည်။
ထိုနေရာတွင် အနက်ရောင်ဝတ်စုံဝတ်ပိန်ပိန်ပါးပါးလူတစ်ယောက်အသင့်ရပ်စောင့်နေပြီး သူ၏ပုံစံက ပါးနပ်ဖျက်လက်ဟန်တူကာ အသက်ငါးဆယ်ကျော်အရွယ်ဖြစ်၏။
အဖြူရောင်ဝတ်စုံဝတ်လူကြီးက အနက်ရောင်ဝတ်စုံဝတ်လူကို တစ်ချက်ကြည့်ရင်း အပြုံးမျက်နှာဖြင့်ပြောလိုက်သည်။
“ ကိုင်း...စုန်းယိ ငါတို့သိုင်းလောကထဲကို တစ်ခေါက်ဆင်းတာပေါ့....”
&&&
ပြိုင်ပွဲကွင်းပြင်တွင် များပြားလှသည့်လူများရှိနေပြီး သူတို့အားလုံးက မကြာမီရောက်ရှိလာတော့မည့်သိုင်းပြိုင်ပွဲအတွက် စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြသည်။
ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းက သိုင်းပြိုင်ပွဲ၏ရည်ရွယ်ချက်နှင့်စည်းမျဉ်းစည်းကမ်းများကိုရှင်းပြပြီးနောက်တွင်သိုင်းပြိုင်ပွဲ၌ ပါဝင်လိုသည့်သိုင်းသမားများကို နာမည်စာရင်းပေးသွင်းရန်ခိုင်းစေခဲ့သည်။
ဤသို့ဖြင့် အသက်သူံးဆယ့်ငါးနှစ်အောက်လူငယ်မျိုးဆက်ဟုခေါ်ဆိုရမည့်လူများစွာမှာ သူ့ထက်ငါဦးအောင်စာရင်းပေးလိုက်ကြပြီး သူတို့၏တိုက်ပွဲက ရောက်ရှိလာပေတော့မည်။
ရှောင်ယောင်လည်း အများနည်းတူ သိုင်းပြိုင်ပွဲတွင်ပါဝင်ရန်စာရင်းပေးခဲ့သည် ။
ရှောင်ယောင်က ပြိုင်ပွဲတွင် ဗိုလ်စွဲရန်အထိမျှော်လင့်မထားသော်လည်း အနိမ့်ဆူံးအနေဖြင့် ခေတ်ပြိုင်ပါရမီရှင်များနှင့်ရင်ဆိုင်တိုက်ခိုက်လိုသည့်ဆန္ဒတစ်ခုရှိနေပေသည်။
သူသိုင်းလောကထဲသို့ဝင်ရောက်ချိန်မှစ၍ တိုက်ခိုက်ခဲ့ရသည့်တိုက်ပွဲများက အသက်အန္တာရာယ်ကိုလောင်းကြေးထပ်၍တိုက်ခိုက်ခဲ့ရသည်များသာဖြစ်ပြီး သေမင်း၏နှုတ်ခမ်းဝတွင်အကြိမ်ကြိမ်လမ်းလျှောက်ခဲ့ရသည်။
ထို့ကြောင့် ယခုအခါမျိူးဆက်တူပါရမီရှင်များနှင့်တိုက်ခိုင်ရတော့မည်ဖြစ်၍ ရှောင်ယောင်တစ်ယောက်တက်ကြွနေသည်ကအဆန်းတော့မဟုတ်ပေ။
သူ၏ဘေးရှိ စီးတုယွမ်ချင်း၊ ကြွယ်ယန် ၊ ကြွယ်စင်းနှင့် ဟောင်ရန်တို့သာမက လွီချင်းအာပင်သိုင်းပြိုင်ပွဲတွင်ပါဝင်ရန်စာရင်းပေးခဲ့သေးသည်။
&&&