အခန်း (၁၇၈၉-၁၇၉၄)
Vol. 111 Ch. 1789-1794
အခန်း ၁၇၈၉ စိတ်၀င်စားမှု အလွယ်တကူလျော့ခြင်း?
“သူ့နာမည်အောက်မှာလည်း နာမည်ကြီး ကုမ္ပဏီတွေ အများကြီးရှိသေးတယ်။ သူက တကယ်တော်တဲ့ စီးပွားရေးသမားပဲ!”
“…”
လူတွေက ကုနင်းအကြောင်း ပိုသိလာတာနဲ့အမျှ သူမကို သဘောကျလာကြသည်။ ယွမ်ရှူးယန်က အဝေးကြီးကို မရောက်သေးပဲ လူတွေက ကုနင်းအကြောင်း ကျယ်ကျယ်လောင်လောင် ပြောနေတာကြောင့် သူတို့ရဲ့ ဆွေးနွေးမှုတွေကို ကြားရ၍ ကုနင်းက ဘယ်သူလဲဆိုတာ သိလိုက်ရသည်။
ကုနင်းဟာ အမှတ်အများဆုံးဖြေဆိုသူဖြစ်သည်။ အဲ့တာကြောင့် သူမနာမည်က အရမ်းရင်းနှီးသလိုခံစားရပြီး ရုန်ကျဲ့ချန်လည်း အရမ်းစိတ်လှုပ်ရှားနေတယ်ဆိုတာ အံ့သြစရာမရှိပေ။
သို့သော်လည်း ယွမ်ရှူးယန်သည် ကြီးစိုးသောမိသားစုမှ မွေးဖွားလာသောကြောင့် ကုနင်းကို လုံးဝအားမကျမိပေ။ ကုနင်းသည် ထူးချွန်သောကြောင့် သူမဟာ ကုနင်းကို ချီးကျူးမည်မဟုတ်ပါ။
ကုနင်းဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပေမဲ့ ယွမ်မိသားစုနဲ့ ယှဉ်လို့တော့ မရပေ။
ယွမ်ရှူးယန်သည် ကုနင်းအကြောင်းအားလုံးကို မသိသော်လည်း သူမ,သိလျှင်ပင် သူမ၏ သဘောထားသည် ပြောင်းလဲမည်မဟုတ်ပေ။ တကယ်တော့ ကုနင်းအပေါ် ရုန်ကျဲ့ချန်ရဲ့ စိတ်နေသဘောထားကို တွေးမိပြီး သူမ အရမ်းမနာလိုဖြစ်နေမိသည်။
…
ဆံပင်တိုလေးနဲ့ ကောင်မလေးက သူမကိုယ်သူမ မိတ်ဆက်သည်။
"ဟိုင်း ကုနတ်ဘုရားမ ငါ့နာမည်က စုန့်မြောင်ကော ပါ။ မြို့တော်မှာ နေပါတယ်။ ဒီနေ့ တွေ့ရတာ အရမ်းကောင်းတာပဲ၊ ငါ မင်းတို့ကို ဒုက္ခမပေးဘူးလို့ မျှော်လင့်ပါတယ်" စုန့်မြောင်ကောက သူတို့ကို နှောက်ယှက်တဲ့အတွက် အနည်းငယ်အားနာမိသလို ခံစားရသည်။
“ရပါတယ် စောစောနက ကျွန်မတို့ကို အကာအကွယ်ပေးလို့ ကျေးဇူးတောင်တင်သင့်သေးတယ်” ဟု ကုနင်း က ဆိုသည်။
“ဒါ ကြီးကြီးမားမားမှမဟုတ်တာ ငါ အရေးကြီးတာ ဘာမှ မလုပ်ခဲ့ဘူးလေ။ အဲ့ကောင်မလေးက မင်းကို တမင်ဒုက္ခပေးဖို့ရွေးလိုက်တာကိုပဲ ငါစိတ်တိုမိတယ်” လို့ စုန့်မြောင်ကောက ရှက်ကိုးရှက်ကန်းနဲ့ ပြောသည်။ "အို ကုနတ်ဘုရားမ မင်းရဲ့ မေဂျာကို သိလို့ရနိုင်မလား? ကျွန်မက ရူပဗေဒ လေ့လာမှာပါ” ဟု စုန့်မြောင်ကောက မေးသည်။
"စီးပွားရေးပါ။ မင်းငါ့ကို နာမည်နဲ့ပဲ ခေါ်ရင်ခေါ်လေ" ဟု ကုနင်းကဆိုသည်။
"ဟုတ်ပြီ ဒါဆို ငါမင်းကို ကုနင်းလို့ ခေါ်လိုက်မယ်"
“သူတို့အားလုံးက မင်းသူငယ်ချင်းတွေပဲ။ ငါတို့ကျောင်းကို အလည်လာတာလို့ မင်းပြောတာ ငါကြားတယ်။ သူတို့က မြို့တော်တက္ကသိုလ် မှာ ပညာမသင်ဘူးလား” စုန့်မြောင်ကောက ပြောသည်။
"ဟုတ်တယ်" ကုနင်းက သူ့သူငယ်ချင်းတွေနဲ့ စုန့်မြောင်ကောကို မိတ်ဆက်ပေးသည်။ ထို့နောက် အချင်းချင်း နှုတ်ဆက်ပြီး စကားစမြည်ပြောကြသည်။
စကားဝိုင်းတွင် ၎င်းတို့၏ မိသားစုနောက်ခံအကြောင်း မပြောဖြစ်သော်လည်း စုန့်မြောင်ကောသည် သာမန်မိသားစုမှမဟုတ်ကြောင်း ကုနင်း သိသည်။ ထို့အပြင် ကုနင်းသည် စုန့်မြောင်ကော၏အပြုအမူကြောင့် သူမလည်း ကွန်ဖူးကိုနှစ်သက်သူတစ်ဦးဖြစ်ကြောင်းလည်း သိရှိခဲ့သည်။
ခဏအကြာတွင် သူတို့သည် စာရင်းသွင်းရန် နေရာသို့ သွားကြသည်။ သူတို့ရဲ့မေဂျာမတူတာကြောင့် စုန့်မြောင်ကောက ကုနင်းနဲ့ခွဲပြီး သီးခြားစာရင်းသွင်းလိုက်ကြသည်။
ကုနင်းနှင့် သူမ၏ သူငယ်ချင်းများက အာရုံစိုက်ခြင်းကို ခံရပြန်သည်။
ကုနင်းက စာရင်းသွင်းဖို့သွားတဲ့အခါ စီနီယာကျောင်းသားတစ်ယောက်က သူမကို စိုက်ကြည့်နေလေသည်။ သူသည် သူမကို အလွန်ရင်းနှီးနေပုံရပြီး ယခင်က သူမကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင် သူမကို မမှတ်မိနိုင်ပေ။
ကုနင်း၏ ဝင်ခွင့်သတိပေးချက်ကို လက်ခံပြီး ကုနင်း၏အမည်ကို ဖွင့်ကြည့်သောအခါတွင် သူ အံ့အားသင့်သွားသည်။ သူက ကုနင်းကို ရုတ်တရက်ကြည့်လိုက်ပြီး "မင်းက ကုနင်းလား?"
ကုနင်း ?
ကုနင်းအကြောင်း ကြားဖူးသူ တော်တော်များများလည်း အံ့ဩသွားပြီး အားလုံးက စိတ်လှုပ်ရှားစွာဖြင့် သူမကို လှည့်ကြည့်လိုက်ကြသည်။ သို့သော် ကုနင်းကို မသိသော သူများသည် စိတ်ရှုပ်ထွေးသွားကြသည်။ ကုနင်း? သူကနာမည်ကြီးလား?
"ဟုတ်ပါတယ်" ကုနင်းက ပြုံးလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ကုနင်း" စီနီယာကျောင်းသားက ကုနင်းကို ယဉ်ယဉ်ကျေးကျေး လေးလေးစားစား နှုတ်ဆက်ခဲ့ပြီး ကုနင်းဟာ ဒီနှစ်ရဲ့ အမှတ်အများဆုံးဖြစ်မှန်း သူသိရုံသာမက သူမရဲ့ အခြားသော လုပ်ဆောင်ချက်တွေကိုလည်း သိထားတာကြောင့်ပါ။ ကုနင်းသည် လေးစားစရာကောင်းသောသူဖြစ်သည်။
"ကုနင်းက ဘယ်သူလဲ။ သူဘာလို့အရမ်းစိတ်လှုပ်ရှားနေတာလဲ" ကုနင်းကို မသိတဲ့သူက မေးသည်။ တစ်စုံတစ်ယောက်က သူ့မေးခွန်းကို ဖြေလိုက်၍ သူလည်း စိတ်လှုပ်ရှားသွားသည်။
"ဘုရားရေ သူက ဒီနှစ်ရဲ့ ၀င်ခွင့်အမှတ်အများဆုံးနဲ့ ၀င်လာတဲ့သူပဲ!"
“သူမက အဲဒါထက် အများကြီး ပိုအောင်မြင်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး အခုချိန်မှာ ဘီလျံနာတောင်ဖြစ်နေပြီ။”
"ဘာ? မယုံနိုင်စရာပဲ!”
"သူ့အကြောင်း ပိုသိချင်ရင် အင်တာနက်မှာ ရှာကြည့်"
“·······”
အဲဒါကိုကြားတော့ လူတော်တော်များများက သူတို့ရဲ့ ဖုန်းကို ထုတ်ပြီး အင်တာနက်မှာ ကုနင်းအကြောင်း အချက်အလက်ကို ရှာဖွေကြသည်။
ကုနင်း၏အောင်မြင်မှုများကို သိပြီးနောက်၊ သူတို့သည် သူမ၏အကြောင်းကို ပို၍ကျယ်လောင်စွာပြောဆိုလာကြသည်။ ကုနင်းသည် မကြာမီတွင် လူအများ၏ အာရုံစူးစိုက်မှုကို ခံရပြီး လူအများ၏ ဝိုင်းရံခြင်းကို ခံခဲ့ရသည်။ သူတို့သည် ကုနင်းကို ဆက်၍ ချီးမွမ်းကြသော်လည်း အသံဆူညံနေသောကြောင့် ကုနင်းသည် အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။
ကုနင်းသည် သူမမျက်မှောင်ကြုတ်သည်ကိုမြင်လိုက်သည်နှင့် အနည်းငယ်စိတ်အနှောင့်အယှက် ဖြစ်နေကြောင်း စီနီယာကျောင်းသားက နားလည်သဘောပေါက်သဖြင့် သူမအတွက် ချက်ခြင်းပင် စာရွက်စာတန်းများကို အပြီးသတ်ခဲ့သည်။
ထို့နောက် ကုနင်းသည် စုန့်မြောင်ကောကို မစောင့်ဘဲ ထွက်ခွာလာခဲ့သည်။
စာရင်းသွင်းပြီးတာနဲ့ သူတို့ရဲ့ အဆောင်ခန်းကို သွားကြသည်။ ကုနင်းနှင့် သူမ၏ သူငယ်ချင်းများ ထွက်ခွာသွားသော်လည်း အခြားကျောင်းသားများက ၎င်းတို့အကြောင်းကို ပြောဆိုနေကြဆဲပင်။
"ဘော့စ်၊ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတော့ ဘယ်လိုခံစားရလဲ" ချူးဖေ့ဟန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယခုလေးတင် ကျယ်လောင်သော ဆွေးနွေးမှုများကြားတွင် ကုနင်းသည် စိတ်မသက်မသာ ခံစားရသည်ကို သူမ မြင်နိုင်သည်။
"မင်းလည်းနာမည်ကြီးသွားရင် သိလာလိမ့်မယ်" ဟု ကုနင်းက ဆိုသည်။ လူတွေက သူမကို အလွန်အမင်း အာရုံစိုက်မိတဲ့အခါ အဆင်မပြေပါ။
ထိုစကားကိုကြားတော့ ချူးဖေ့ဟန်၏ မျက်နှာပေါ်တွင် အပြုံးများ ပျောက်ကွယ်သွားသည်။ သူမသည် သရုပ်ဆောင်ရတာ ဝါသနာပါပြီး ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်ချင်ပေမယ့် တိရစ္ဆာန်ရုံမှာ မျောက်တစ်ကောင်လို နေရာတိုင်းက လူတွေဝိုင်းဝိုင်းလည်နေဖို့ ဆန္ဒမရှိပါ။
ထို့အပြင် သူမသည် ကြင်နာတတ်သူဖြစ်ရမည် မဟုတ်ပါက အခြားသူများက သူမအား မာနကြီးသော အနုပညာရှင်ဟု ထင်ကောင်းထင်နိုင်ပေသည်။
ချူးဖေ့ဟန်သည် ရုတ်တရတ်ပင် စိတ်၀င်စားမှုလျော့လာတော့သည်။
“အင်း ငါအခု ရုတ်တရက်ကြီး နာမည်ကြီးဖြစ်ဖို့ သိပ်စိတ်မဝင်စားတော့ဘူး" ဟု ချူးဖေ့ဟန်က စိတ်တိုစွာနဲ့ ပြောသည်။
"ဘာလို့ မင်းစိတ်၀င်စားတာကို လွယ်လွယ်နဲ့ လျော့သွားတာလဲ။ အဲဒီလိုဆိုရင် ငါမင်းကို အထင်သေးသွားလိမ့်မယ်နော်” ဟု ကုနင်းကပြောလိုက်ပေမယ့် ချူးဖေ့ဟန် က ဒီတိုင်း အပြောသက်သက်သာ ပြောနေမှန်း သူမ,သိပါသည်။
"စိတ်မပူပါနဲ့။ ငါ မင်းကို ငါ့ကို အထင်သေးဖို့ အခွင့်အရေးပေးမှာ မဟုတ်ပါဘူး။ တကယ်လို့ လူတွေက ငါ့ကို ပို၀န်းရံလာပြီး ငါ့ကို စိတ်၀င်စားတဲ့သူပိုများလာတယ်ဆိုတာက ငါပိုနာမည်ကြီးလာတာလို့ ဆိုလိုတာပဲလေ မဆိုးပါဘူး!” ချူးဖေ့ဟန်သည် ကုနင်းက သူမကို အထင်အမြင်သေးမည်ဟု သူမကြားလိုက်သည့်အခိုက်တွင် ရည်မှန်းချက် ပြန်ရှိလာပြန်သည်။
ကုနင်း၏ အောင်မြင်မှုများအကြောင်း တဖြည်းဖြည်း ပြန့်နှံ့လာသည်နှင့်အမျှ သူမအကြောင်း မကောင်းမပြောရဲတော့သည်အထိ သူမကို အံ့သြပြီး သဘောကျသူများလည်း များလာသည်။
တချို့ကတော့ သူမသည် ထူးချွန် ကျောင်းသူဖြစ်လာအောင်နှင့် အံ့ဩစရာကောင်းအောင် အောင်မြင်လာစေရန် အကျင့်ပျက်လှည့်ကွက်များနှင့် ပြုလုပ်ခဲ့သည်ဟု ပြောကြသည်။
အချိန်တိုလေးအတွင်းမှာပဲ ကုနင်း နဲ့ ပတ်သက်ပြီး ကောလဟာလများ ထွက်ပေါ်ခဲ့ပေသည်။
ကုနင်းသည် သူမ၏ အဆောင်ခန်းထဲသို့ လျှောက်သွားသောအခါ အထဲမှာ ဘယ်သူမှ မရှိ။ သို့သော်လည်း သူမ၏ အခန်းဖော် နှစ်ယောက်က ရောက်လာပြီးဖြစ်ပြီး အောက်ကုတင် နှစ်ခုမှာ နေရာယူထားကြသည်။
ကုနင်းသည် အောက်ကုတင်များကို မကြိုက်သောကြောင့် အပေါ်ထပ်ကုတင်ပေါ်တွင် အိပ်ရသည်ကို ပျော်ရွှင်နေခဲ့သည်။ သူမပစ္စည်းတွေကို ချပြီးတာနဲ့ ရိုးရှင်းစွာ နေရာချပြီးတော့ ထွက်လာခဲ့သည်။ သို့သော်လည်း သူမသည် ဆင်းလာချိန်တွင် စုန့်မြောင်ကောနှင့်တွေ့တော့သည်။
"ဟိုင်း ကုနင်း မင်းဘယ်အဆောင်ခန်းမှာနေလဲ" စုန့်မြောင်ကောက ကုနင်းကို ဒုတိယအကြိမ်တွေ့လိုက်၍ မေးလိုက်သည်။
“အခန်း ၅၀၈ မင်းရော ဘယ်မှာလဲ” ကုနင်းက မေးသည်။
"မဖြစ်နိုင်တာ!" စုန့်မြောင်ကော က ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်သွားသည်။ "ငါရောပဲ! ငါတို့အဆောင်တစ်ခန်းထဲမှာ အတူတူနေရမယ်ဆိုတာ မယုံနိုင်သေးဘူး။ ငါတို့က သူငယ်ချင်းဖြစ်ဖို့ ရေစက်ပါတယ်နေမှာ။ ငါမင်းကိုပြန်မတွေ့နိုင်တော့ဘူးလို့တောင်ထင်နေတာ ခုတော့ မထင်မှတ်ပဲ ငါတို့ကအခန်းဖော်တွေတဲ့လား”
***
အခန်း ၁၇၉၀ ကံကြမ္မာက ငါတို့ကို ဆုံစည်းပေးခဲ့တာ
စုန့်မြောင်ကောဟာ တကယ်ကို ပျော်ရွှင်ခဲ့ပါသည်။ သူမသည် ကုနင်း၏အောင်မြင်မှုများကြောင့် သူမသည် ကုနင်းအား သဘောကျနှစ်ခြိုက်ေပသည်။
သူမသည် ကုနင်းနှင့် အမြဲတမ်း သူငယ်ချင်းဖြစ်လိုခဲ့သည်။ သို့သော် ကုနင်းနှင့် သူမပထမဆုံးတွေ့ဆုံခြင်းဖြစ်သောကြောင့် သူမ၏ဖုန်းနံပါတ် သို့မဟုတ် WeChat ID ကိုမတောင်းခဲ့ပါ။
ဒါကိုကြားတော့ ကုနင်းလည်း အနည်းငယ် အံ့သြသွားသည်။ "အိုး၊ ကံကြမ္မာက ငါတို့ကို ပေါင်းစည်းပေးခဲ့တာထင်တယ်"
တကယ်ပဲ ကံကြမ္မာက သူတို့ကို ပေါင်းစည်းပေးခဲ့တာပင်။ ကျောင်းသားတွေက ရောထွေးပြီး လိုက်ဖက်ညီကြသည်။ အဆောင်တစ်ခန်းတည်းတွင် နေထိုင်ကြသော်လည်း အတန်းမတူကြပေ။
တကယ်တော့ သူတို့ဟာ မိသားစု နောက်ခံအရ လိုက်ဖက်ေပသည်။
ပုံမှန်အားဖြင့် တူညီသောအဆောင်တွင်နေထိုင်သော ကျောင်းသားများသည် လူမှုအဆင့်အတန်းတူသော မိသားစုများမှဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် စုန့်မြောင်ကောမှာ သာမန်မိသားစုမှမဖြစ်နိုင်ကြောင်း သေချာသွားသည်။
သူမ၏ အခြားအခန်းဖော် နှစ်ယောက်တွင်မူ သူတို့တွင်လည်း ချမ်းသာသော သို့မဟုတ် သြဇာရှိသော မိသားစု ရှိရမည်။
"အိုး မင်း ခနနေ အားလား? မင်းအားရင် ငါတို့ထမင်းတူတူစားရအောင်လေ" ကုနင်းက ပြောသည်။ သူမသည် စုန့်မြောင်ကော အပေါ် ကောင်းသော အမြင်ရှိပြီး နောက်နှစ်များတွင်လည်း အဆောင်ခန်း အတူတူထဲတွင် ကုန်ဆုံးရမည်ဖြစ်၍ သူမတို့ပို နီးနီးကပ်ကပ်နေနိုင်လျှင် ဆိုးမည်မဟုတ်ပေ။
"တကယ်လား? ငါမင်းနဲ့ထမင်းစားလို့ရမလား" ထိုစကားကိုကြားတော့ စုန့်မြောင်ကော စိတ်လှုပ်ရှားသွားသည်။ သူမ ပြတ်ပြတ်သားသားကြားလိုက်သော်လည်း ယဉ်ကျေးမှုအရ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုမေးခွန်းကို ကုနင်းအား မေးလိုက်သည်။
"ဒါပေါ့" ကုနင်းသည် စုန့်မြောင်ကော ၏ စိုးရိမ်ပူပန်မှုကို နားလည်သောကြောင့် သူမကို ရိုးရိုးသားသား ပြုံးပြလိုက်သည်။
“ကောင်းလိုက်တာ ခနနေအားတယ်။ ခဏလောက်စောင့်နော်၊ ငါ အိတ် အရင်ချလိုက်အုံးမယ်" စုန့်မြောင်ကော သည် ကုနင်းနှင့် ထမင်းအတူစားရမည်မှာ အမှန်ပင်ဖြစ်ကြောင်း သေချာသောအခါတွင် သူမသည် သူတို့၏အဆောင်ခန်းသို့ ပြေးသွားပြီး သူမ၏အိတ်ကို ဆွဲထုတ်လိုက်သည်။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေကို သူမအား စောင့်မနေစေချင်ပေ။
"စုန့်မြောင်ကောက ချစ်စရာကောင်းတယ်လို့ ငါထင်တယ်" ချူးဖေ့ဟန် သည် စုန့်မြောင်ကော၏ တုံ့ပြန်မှုကြောင့် သဘောကျသွားသည်။
“ငါတို့ အတူတူ အဆောင်မှာ နေရတော့မှာ သူက မိန်းမကောင်းလေးပါ။ ငါတို့ သူငယ်ချင်းကောင်းတွေဖြစ်နိုင်ရင် ပိုကောင်းတာပေါ့” ဟု ကုနင်းက ပြောရင်း သူမရဲ့သူငယ်ချင်းတွေကိုလည်း သတိပေးလိုက်သည်။ “ဒါကို အားလုံးလည်း သတိပြုသင့်တယ်။ တတ်နိုင်သမျှ မိတ်ဆွေများများဖွဲ့ပြီး ရန်သူတွေမဖန်တီးမိအောင် မလိုလားအပ်တဲ့ ပြဿနာတွေမှာ မပါအောင်ရှောင်ကြနော် အရှက်ခွဲခံရရင်တော့ ဘာမှမလုပ်ပဲငြိမ်နေရမယ်လို့ ငါပြောတာမဟုတ်ဘူး ငါတို့သတိထားရမယ်။ ကိုယ့်ကိုဒုက္ခလာပေးလို့ကတော့ သည်းမခံနဲ့"
"ဟုတ်ပြီ၊ ငါတို့နားလည်ပါတယ်။" ချူးဖေ့ဟန်နှင့် ယွီမီရှီက ခေါင်းညိတ်လိုက်သည်။
တစ်မိနစ်အတွင်းမှာပဲ စုန့်မြောင်ကောက သူမရဲ့ ခရီးဆောင်အိတ်ကို အဆောင်ခန်းထဲမှာ ထားခဲ့ပြီး သူတို့နဲ့အတူ အောက်ထပ်ကို ဆင်းလာခဲ့သည်။
"ဘာစားချင်တာလဲ" ကုနင်းက စုန့်မြောင်ကော ကို မေးသည်။ စုန့်မြောင်ကောကို ထမင်းဝယ်ကျွေးဖို့ အဆိုပြုတဲ့အတွက် သူမရဲ့ထင်မြင်ယူဆချက်တွေကို တောင်းသင့်ပေသည်။
“ငါ အစားမရွေးပါဘူး။ မင်း စားချင်တာ ရွေးလိုက်လေ” လို့ စုန့်မြောင်ကောက ဆိုသည်။ သူမက သိပ်ဂရုမစိုက်ပါ။
လမ်းတစ်လျှောက်တွင် ကုနင်းသည် သူမနောက်လိုက်လာသော ကျင့်ကြံသူ၏အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူမနဲ့ သူ့သူငယ်ချင်းတွေ ကျောင်းဝင်းထဲက မထွက်မချင်း သူ မထွက်သွားေပ။
ကုနင်း စာသင်မယ့် တက္ကသိုလ်ကို ထိုကျင့်ကြံသူရှာတွေ့သွားပြီး သူမအတန်းနဲ့ အဆောင်အခန်းကိုလည်း သိထားတာကြောင့် သူမ ကျောင်းတက်သရွေ့ အနာဂတ်မှာ သူမကို အလွယ်တကူ ရှာတွေ့နိုင်မှာပါ။ ထို့ကြောင့် သူသည် သူမနောက်ကို ဆက်ရန် စိတ်မ၀င်စားတော့ပေ။ သူမကို ဆက်ပြီး လိုက်နေရင်တောင်မှ သူမကို ဖမ်းဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပေ။
ကုနင်းနဲ့ သူ့သူငယ်ချင်းတွေက ဝေးဝေးမသွားဘဲ အနီးနားက စားသောက်ဆိုင်မှာ ထမင်းစားဖို့ ရွေးချယ်ခဲ့ကြသည်။
သူတို့ကျောင်းအနီးတွင် ထမင်းစားကြသောကြောင့် စားသောက်ဆိုင်ထဲတွင် မြို့တော်တက္ကသိုလ် မှ ကျောင်းသားများစွာရှိနေသည်။ သူတို့ကျောင်းသတင်းတွေအကြောင်း ပြောရင်း အလုပ်ရှုပ်နေကြတယ်။ တချို့သတင်းတွေက ကုနင်းအကြောင်းဖြစ်ပြီး တချို့က တခြားလူတွေအကြောင်းပါ။
“ဒီနှစ် အမှတ်အများဆုံး ကျောင်းသူ ကုနင်းက ဒီနေ့ စာရင်းသွင်းဖို့ လာခဲ့တယ်။ သူမရောက်ပြီး မကြာခင်မှာပဲ အနုပညာဌာနရဲ့ လက်ထောက်ဝကိုယ်စားလှယ် ယွမ်ရှူးယန်နဲ့ ပြသနာဖြစ်ခဲ့တယ်လေ။ ကုနင်းက တကယ်ရဲရင့်တယ်။ ယွမ်ရှူးယန်က သူ့ကို ပြန်ပေးဆပ်ခိုင်းမှာကို မကြောက်ဘူးလားမသိဘူး။ ယွမ်ရှူးယန် က မြို့တော်ရဲ့ ယွမ်မိသားစုက လူကို"
ကုနင်း နဲ့ သူ့သူငယ်ချင်းတွေ အထဲကို ဝင်လာပြီးတာနဲ့ နောက်စားပွဲမှာ ထိုင်နေတဲ့ ကျောင်းသားတွေ ဆွေးနွေးနေကြတာကို ကြားလိုက်ရသည်။
ယွမ်မိသားစု?
ကုနင်း၏ မှန်းဆချက်သည် မှန်ပေသည်။ သူမ အတိအကျ မှန်းဆခဲ့သောကြောင့် ယခု သူမ မအံ့သြတော့ပါ။ ချူးဖေ့ဟန် နှင့် သူမ၏ အခြားသူငယ်ချင်းများက အံ့အားသင့်သွားကြသည်။ ယွမ်ရှူးယန် ဟာ ဒီလို အင်အားကြီးတဲ့ မိသားစုမှာ မွေးဖွားလာလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ ကုနင်းသည်လည်း အားမနည်းသောကြောင့် ၎င်းတို့သည် ကုနင်း ၏လုံခြုံရေးအတွက် စိတ်မပူခဲ့ကြပေ။ ယွမ်ရှူးယန်တွငိ ယွမ်မိသားစု၏ ပံ့ပိုးမှု ရှိပြီး ကုနင်းသည် ထန်မိသားစု၏ ပံ့ပိုးမှု ရှိသည်။
ထန်မိသားစုသည် Bမြို့ တွင်ရှိသော်လည်း၊ ၎င်းသည် မြို့တော်ရှိ ကြီးစိုးသောမိသားစုလေးခုကဲ့သို့ပင် သြဇာကြီးမားသည်။ ယွမ်မိသားစုက ကုနင်းကို အခွင့်ကောင်းယူဖို့ သတ္တိရှိရင် ထန်မိသားစုက အလွတ်ပေးမှာ မဟုတ်ပါ။
အင်အားကြီးမိသားစုတွေအချင်းချင်းကြားမှာ ဘာကို မလုပ်သင့်ဘူးဆိုတာ သူတို့သိသည်။ သူတို့နဲ့ တူညီတဲ့ အဆင့်ရှိသော တခြား အင်အားကြီး မိသားစုတွေနဲ့ မပြိုင်ချင်ကြပေ။
အဆင့်တူ အင်အားကြီးမားသော မိသားစုနှစ်စု အချင်းချင်း စတင်ယှဉ်ပြိုင်ပါက အောင်နိုင်သူ မရှိနိုင်ပါ။
ထို့ကြောင့် ယွမ်မိသားစုမှ ယွမ်ရှူးယန် အတွက်ကြောင့်နဲ့ ကုနင်းကို အပြစ်ပေးမည်ဟု မထင်ပေ။
အရေးကြီးသော အခြေအနေမှာ ကုနင်း၏ မိသားစု နောက်ခံကို လေ့လာခြင်း ဖြစ်သည်။
ကုနင်းမှာ ထန်မိသားစုအပြင် လင်ရှောင်းထင်၏အကူအညီလည်း ရှိပေသည်။
ကုနင်း၏ သူငယ်ချင်းများသည် လင်ရှောင်းထင်၏ မိသားစု နောက်ခံအကြောင်း မသိကြသော်လည်း သူသည် ဗိုလ်ချုပ်တစ်ဦးဖြစ်ကြောင်း သိရှိခဲ့ကြသည်။ ထို့ကြောင့်လည်း သူသည် အာဏာရှိသူဖြစ်ရမည်။ ထိုအခြေအနေတွင် ယွမ်မိသားစုသည် ကုနင်းကို မထိခိုက်မီတွင် နှစ်ခါပြန်စဉ်းစားရပေမည်။
ကုနင်းနှင့် ယွမ်ရှူးယန် တို့ကြားမှာရှိတဲ့ ပြသနာက အရေးမကြီးပေ။ ယွမ်ရှူးယန် ကသာ ကုနင်းကို အနိုင်ယူဖို့ လက်မလျှော့လျှင် ယွမ်မိသားစုကို အနှေးနဲ့အမြန်ဆိုသလို ဆိုးဝါးသော အခြေအနေထဲ ဆွဲခေါ်သွားမိလိမ့်မည်။
အင်အားကြီးမိသားစုသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သောကြောင့် အခြားလူများကို ၎င်းတို့၏ မိသားစုများအား အခွင့်ကောင်းယူခွင့်မပြုနိုင်ကြပါ။
အဆင့်တူ အင်အားကြီးသော အခြားမိသားစုနှင့် ကြုံတွေ့ပါက ၎င်းအား အလေးအနက်ထား၍ မရနိုင်သော်လည်း အားနည်းသူများနှင့် ကြုံတွေ့ပါက အပြစ်ပေးရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
ထို့အပြင် ကုနင်းမှာလည်း ချင်ဂိုဏ်း၏ ပံ့ပိုးကူညီမှုများလည်း ရှိသည်။
ဘယ်သူကမှ သူမကို မပြောပေမယ့်၊ စစ်ထူယဲ့က သူမကို သဘောကျကြောင်း ကုနင်းက မြင်နိုင်သည်။ ထို့ကြောင့် မည်သူမဆို သူမကို အနိုင်ကျင့်ဝံ့ပါက စစ်ထူယဲ့ တစ်ခုခုလုပ်မှာ သေချာသည်။
တကယ်တော့ ကုနင်းမှာ ရည်းစားမရှိဘူးဆိုလျှင် ချူးဖေ့ဟန် က ကုနင်းနဲ့ စစ်ထူယဲ့ ကို အတူရှိနိုင်မယ်လို့ မျှော်လင့်မိမှာအမှန်ပင်။
ကုနင်း၏ အဆက်အသွယ်များကို မသိသော စုန့်မြောင်ကော သည် သူမအတွက် စိတ်ပူသွားသည်။ ကုနင်းသည် သူမနှင့်ရွယ်တူများကြားတွင် အလွန်ထူးချွန်သော်လည်း သူမသည် ယွမ်မိသားစုနှင့် မယှဉ်သာပါ။ ထို့အပြင် အာဏာသည် ဓနဥစ္စာထက် ဩဇာပိုကြီးသည်။ ကုနင်းသည် အလွန်ချမ်းသာသော်လည်း အာဏာထောက်ပံ့မှုမရှိလျှင် ယွမ်မိသားစုသည် သူမအား လုပ်ကြံရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။
သို့သော် ၎င်းသည် ကုနင်း၏ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သောကြောင့် သူမစိုးရိမ်နေပေမယ့် ဘာမှမပြောပါ။ သူမသည် ကုနင်းကို ကာကွယ်ရန် ဆန္ဒရှိသော်လည်း သူတို့သည် လက်ရှိအချိန်အထိ မနီးစပ်သေးပေ။ ကုနင်းအတွက် သူ့အဖေက ယွမ်မိသားစုကို အနှောင့်အယှက်ပေးဖို့ဆိုတာ မဖြစ်နိုင်ပေ။ ရလဒ်အနေနဲ့ စုန့်မြောင်ကောက ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ မလုပ်နိုင်ပါ။
“မီနူးဖတ်ပြီး စားချင်သမျှ မှာလို့ရတယ်နော် အားနာစရာ မလိုဘူး” ဟု ကုနင်းက ဆိုသည်။ သူမသည် မီနူးကို စုန့်မြောင်ကောကို ဦးစွာ ပေးခဲ့သည်။ သူမ,ကြားလိုက်သည့် ဆွေးနွေးမှုအပေါ် ဂရုမစိုက်နိုင်။
စုန့်မြောင်ကောသည် အခြားသူများ၏ အမူအရာများကို စောင့်ကြည့်လေ့လာရာတွင် ထူးချွန်သူဖြစ်သည်။ ကုနင်း နှင့် ကုနင်း၏ သူငယ်ချင်းများသည် ယွမ်မိသားစုအကြောင်း ကြားသိပြီးနောက်တွင်ပင် စိတ်ပူပန်နေသလို ဖြစ်နေသောကြောင့် ကုနင်းသည် သူမထင်သည်ထက် ပို၍ သြဇာကြီးနိုင်ကြောင်း သူမသဘောပေါက်သွားသည်။
ကုနင်းက ဘယ်လောက် သြဇာကြီးလဲ သူမ မသိပေမယ့် အနည်းဆုံးတော့ ကုနင်းက ယွမ်မိသားစုကို ကြောက်မည်မဟုတ်ပေ။
ကုနင်းသည် အောင်မြင်မှုရပြီးနောက် မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးလွန်းသည့် မာနကြီးသော သို့မဟုတ် နုံအသောမိန်းကလေးမဟုတ်ဟု သူမယုံကြည်သည်။ ကုနင်းသာ ထိုလိုလူမျိုးသာဆိုရင် သူမ ပိုပို၍ အောင်မြင်လာမှာ မဟုတ်ပေ။
စုန့်မြောင်ကော သည် မီနူးကိုယူကာ သူမအကြိုက်ဆုံး နှစ်ခုကို မှာလိုက်သည်။ တခြားလူများလည်း နှစ်သက်ရာ မှာလိုက်ကြသည်။
နောက်စားပွဲမှာထိုင်နေတဲ့ ကျောင်းသားတွေက ယွမ်ရှူးယန် အကြောင်းပြောနေတာကို မရပ်သေးပေ။
***
အခန်း ၁၇၉၁ သူ ငါ့ကို အနိုင်ကျင့်လို့ မရပါဘူး
“ငါ့ဝမ်းကွဲက ယွမ်ရှူးယန်နဲ့ ဌာနတူတူဆိုတော့ သူ့အကြောင်းတချို့ကို သိတယ်။ ယွမ်ရှူးယန် က အရမ်းမောက်မာတယ်။ တစ်ယောက်ယောက်ကသာ သူမကို စော်ကားကြည့် အဲ့လူ အဆုံးသတ်မလှစေရဘူး။ သူက ရိုးရှင်းတဲ့နည်းလမ်းနဲ့လည်း ပြန်မလုပ်ဘူး အဲ့အစား လျှို့ဝှက်ပြီးတော့ကို လက်စားချေတာ”
"အဲ့တာအပြင် ယွမ်ရှူးယန် က စီနီယာရုန်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ စီနီယာရုန်က ဒီနေ့ ကုနင်းကို အလေးပေးဆက်ဆံခဲ့တယ်လေ ယွမ်ရှူးယန် ဒီတိုင်းလွှတ်မထားမှာတောင် ဆိုးရတယ်"
"ဟုတ်တယ်! ငါ့ဝမ်းကွဲပြောဖူးတာ အရင်က စီနီယာမိန်းကလေးတစ်ယောက်က စီနီယာရုန်နဲ့ ပိုရင်းနှီးဖူးတယ်တဲ့။ ယွမ်ရှူးယန် က သူ့ကို သင်ခန်းစာတစိကြိမ်ပေးလိုက်တာ အဲ့နောက်တော့ သူက စီနီယာရုန်နဲ့ အဝေးမှာပဲ ပုန်းနေတော့တာတဲ့”
"ရိုးရိုးသားသားပြောရရင် စီနီယာရုန် နဲ့ စီနီယာယွမ်က လိုက်ဖက်တယ်လို့ ထင်တာပဲ မိသားစု နောက်ခံလည်း တူတူပဲကို ဘာလို့ မတွဲကြတာလဲ”
"မင်းသူတို့အကြောင်း ဘာမှမသိဘူး! ကြီးစိုးတဲ့မိသားစုလေးခုက ဆန့်ကျင်ဘက်တွေလေ အဲ့တာကြောင့် ရုန်မိသားစုက ယွမ်မိသားစုတွေနဲ့ အတူပေါင်းစည်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဒါကိုကြားတော့ ကုနင်းက ရုန်ကျဲ့ချန်ဟာ မြို့တော်က ရုန်မိသားစုမှ ဖြစ်တယ်ဆိုတာ သေချာပေါက်သိသွားခဲ့သည်။ ဒါတောင် သူက တိုက်ရိုက်ဆင်းသက်လာတာလား ဒါမှမဟုတ် မျိုးရိုးအမည်ခံလားဆိုတာ သူမ မသိနိုင်သေးပေ။
သို့သော်လည်း ရုန်မိသားစုနှင့် ယွမ်မိသားစု အားလုံးသည် လင်မိသားစုကို ဆန့်ကျင်ဘက်ဖြစ်ကြသည်။ ကုနင်းသည် ထိုမိသားစုနှစ်စုမှ လူများနှင့် သူငယ်ချင်းဖွဲ့မည်မဟုတ်ပါ။
"ရှူး! အဲဒီလိုကိစ္စတွေ မပြောပါနဲ့။ တော်ကြာ ငါတို့ပြောနေတာ သိသွားရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်” တစ်စုံတစ်ယောက်က ရုန်မိသားစုနဲ့ ယွမ်မိသားစုအကြောင်း ဆွေးနွေးနေတဲ့သူကို ချက်ချင်းတားလိုက်သည်။ ထိုသို့သော အရာများသည် ပေါ့ပေါ့ပါးပါး ပြောရန် ကိစ္စများ မဟုတ်ပေ။
ဒါကိုကြားတော့ လူတစ်ယောက်က ချက်ချင်း အကြောင်းအရာ ပြောင်းလိုက်သည်။ “အိုး! ကုနင်းက သူ့မှာ အရည်အချင်းနည်းနည်းလေးနဲ့ သူ့ကိုယ်သူဘာထင်နေတာလဲ ယွမ်ရှူးယန်ကို ရန်စဖို့ သူမ သတ္တိရှိရဲရတယ်လို့"
“အဲ့လို အတိအကျတော့ မဟုတ်ဘူး။ ပြသနာစရှာတဲ့သူက ယွမ်ရှူးယန်။ ဒါ့အပြင် ကုနင်းက ယွမ်ရှူးယန်က ဘာလဲဆိုတာ မသိနိုင်လောက်ဘူး။ သူက Fမြို့ကလေ မြို့တော်ကမှ မဟုတ်တာ”
“သဘောပေါက်ပြီ။ ဒီလိုဆိုရင် ကုနင်း အရမ်းမှားသွားလိမ့်မယ်” လူတော်တော်များများက ကုနင်းကို သနားကြပေမယ့် ကုနင်းကတော့ လုံးဝ ဂရုမစိုက်ပါ။
ထမင်းစားပြီးနောက် စုန့်မြောင်ကောသည် ကျောင်းသို့ပြန်သွားကာ ကုနင်းကလည်း ချူးဖေ့ဟန် အပါအဝင် သူမ၏သူငယ်ချင်းများကို ကျောင်းသို့ ပြန်ပို့ရသည်။
မနက်ဖြန်ကျောင်းတက်ရမှာဆိုတော့ သူမ ဒီနေ့လည်မှာ ကုမ္ပဏီကိုသွားရမည်။ ထို့ကြောင့် သူမသည် ချူးဖေ့ဟန်နှင့် အခြားသူများကို နှုတ်ဆက်ရမည်။
သူတို့အားလုံးက သူမကို နားလည်တဲ့အတွက် အခက်တွေ့အောင် လုပ်မည်မဟုတ်ပါ။
နဂိုက သူတို့သည် မြေအောက်ရထားနှင့် ပြန်ရန် ရည်ရွယ်ထားသော်လည်း ကုနင်းက သူတို့ကို လိုက်ပို့ပေးမည်ဟု တောင်းဆိုသောကြောင့် သူတို့ အလျှော့ပေးခဲ့သည်။ ချူးဖေ့ဟန်၊ မုခယ် နှင့် ယွီမီရှီ အား ၎င်းတို့၏ကျောင်းများသို့ အသီးသီးပို့ပြီးနောက် ကုနင်းသည်လည်း ကုမ္ပဏီသို့ တိုက်ရိုက်ပြန်သွားခဲ့သည်။
ကုမ္မဏီက ကားပါကင်မှာ ကေနဲ့တွေ့၍ ဓါတ်လှေကားထဲကို အတူတူ၀င်လိုက်ကြသည်။ကုနင်းသည် ကစားကွင်းရှိ ကောင်းကင်တိုက်ပွဲကို တွေးမိသွား၍ ပေါ့ပေါ့တန်တန်မေးလိုက်သည်။ "ကျွန်မ XX ကစားကွင်းရဲ့ ခန်းမထဲမှာကောင်းကင်တိုက်ပွဲကို တွေ့ခဲ့တယ်။ သူတို့နဲ့ ပူးပေါင်းထားတာလား"
ဒါကိုကြားတော့ ကေက အံ့သြသွားသည်။ သူ့မျက်နှာက မဲညစ်လာကာ “မဟုတ်ပါဘူး မိုဘိုင်းဂိမ်းကလွဲပြီး ကောင်းကင်တိုက်ပွဲမှာ တခြားပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ ခွင့်ပြုချက်လည်း မရှိဘူး။ မူပိုင်ခွင့် ခိုးယူတာ ထင်တယ်” ဒါကိုကြားတော့ ကုနင်းလည်း လန့်သွားသည်။ ဒီလိုဖြစ်မယ်လို့ သူမ မမျှော်လင့်ထားပေ။
"ဘော့စ် တောင်းပန်ပါတယ် ဒါ ကျွန်တော့်အမှားပါ။ ကျွန်တော် သေချာမစုံစမ်းမိဘူး။ ဒီကိစ္စကိုချက်ချင်းဖြေရှင်းလိုက်ပါမယ်။ ကျွန်တော်တို့ ဂိမ်းနဲ့ တရားမ၀င် ငွေရှာတာမျိုး ခွင့်မပြုပါဘူး” ဟု ကေက ဆိုသည်။
ခွင့်ပြုချက်မရှိသောဂိမ်းများကို ခွဲခြား၍မရပါ။ ဂိမ်းစက်ဆော့ဖ်ဝဲရေးဆွဲသူများအနေဖြင့် ဂိမ်း၏ မူပိုင်ခွင့်ပြုချက်နှင့် တရား၀င် ပူးပေါင်းဆောင်ရွက်မှုရရှိမှသာ ဂိမ်းများကို ထုတ်လုပ်ရောင်းချသည်။
တီထွင်သူများသည် မူပိုင်ခွင့်ရယူပြီး ဂိမ်းကို ထုတ်လုပ်လိုက်သည်နှင့် ဂိမ်းကို မည်သူမဆို တရား၀င် ဝယ်ယူနိုင်သော်လည်း ထုတ်လုပ်ဆဲကာလတွင် ၎င်းကို ရယူရန် ပျက်ကွက်ပါက၊ ၎င်းသည် ခိုးကူးဖြစ်ပြီး တရားမဝင်ပါ။
"ကောင်းပြီ" ကုနင်းက ပြန်ဖြေလိုက်သည်။ သူတို့၏ ဂိမ်းကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောကြောင့် ၎င်းတို့အတွက် ကောင်းကင်တိုက်ပွဲသည် တရားမ၀င်သော အရာဖြစ်ပေသည်။
သူမက ပေါ့ပေါ့ပါးပါးပဲ မေးခဲ့ပေမယ့် မထင်မှတ်ပဲ တစ်ခုခု ဆိုးရွားသွားခဲ့သည်။
ကုနင်းသည် ဂိမ်းကိုတရားမဝင်စီးပွားဖြစ် အဖြစ်အသုံးပြုမှုအတွက် ကေကို အပြစ်မတင်ပါ။ နောက်ဆုံးတွင်၊ ဤအရာသည် ဂိမ်းနယ်ပယ်တွင် အလွန်တွေ့လေ့တွေ့ထရှိသော အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့သည်။ သင်သာ ရှာတွေ့ရင် ပြန်ယူလို့ရပြီး မတွေ့ခဲ့ရင်တော့ အဲ့နေရာမှာ မူလအတိုင်းရှိလိမ့်မည်။
ကုနင်းရုံးရောက်ပြီး သိပ်မကြာခင်မှာပဲ လင်ရှောက်ရှီဆီက ဖုန်းဝင်လာသည်။ လင်ရှောက်ရှီသည် ဒီတိုင်းဖုန်းဆက်ရန် အားနာလွန်းသောကြောင့် သူမကို ရှားရှားပါးပါး ခေါ်ခြင်းဖြစ်သည်။
အကြောင်းအရင်းကတော့ တစ်ချက်က သူမမှာ စကားများများစားစားမရှိလို့ဖြစ်ပြီး နောက်တစ်ခုက တခြားသူတွေရဲ့ အချိန်ကုန်မှာကို စိုးရိမ်နေတာကြောင့်ပင်။
“နင်နင်း၊ ဒီနေ့ ကျောင်းမှာ ဖြစ်ပျက်ခဲ့တာကို ငါကြားတယ်။ မင်းနဲ့ ယွမ်ရှူးယန်က ကျောင်းတက်တာနဲ့ ရန်ဖြစ်တယ်ဆို ဇာတ်လမ်းတစ်ခုလုံး တော့ မကြားရသေးဘူး။ အဆင်ပြေရဲ့လား?" လင်ရှောက်ရှီက စိုးရိမ်စိတ်ဖြင့် မေးသည်။
လင်ရှောက်ရှီသည် မြို့တော်တက္ကသိုလ်၏ ကျောင်းသားတစ်ဦးလည်းဖြစ်သည်။ ဒီနှစ်ကစပြီး သူက ဂျူနီယာတန်းဖြစ်သည်။ လင်ရှောက်ရှီသည် ယနေ့ ကျောင်းသားသမဂ္ဂတွင် မရှိခဲ့သော်လည်း ကျောင်းသားသမဂ္ဂရှိ ကေဒါအဖွဲ့ဝင်ဖြစ်သည့် သူမ၏ သူငယ်ချင်းက ထိုအကြောင်းကို ပြောပြသည်။
သူမ၏သူငယ်ချင်းသည် ကုနင်းနှင့် လင်ရှောက်ရှီတို့၏ဆက်ဆံရေးကို မသိခဲ့သော်လည်း လင်ရှောက်ရှီနှင့် ယွမ်ရှူးယန်မှာ ပြဿနာရှိသည်ကို သူမသိသောကြောင့် ယွမ်ရှူးယန် ခံခဲ့ရသမျှကို လင်ရှောက်ရှီအား ပျော်ရွှင်စေရန်အတွက် ပြန်ပြောပြခဲ့သည်။
ယွမ်ရှူးယန်သည် ယနေ့ ရှုံးနိမ့်ခဲ့ရသော်လည်း လင်ရှောက်ရှီသည် သူမ၏ စိတ်နေစိတ်ထားကို သိသည်။ လင်ရှောက်ရှီ က သူမ ကုနင်းကို တိတ်တဆိတ် ပြန်လက်စားချေမှာကို စိုးရိမ်နေမိသည်။
"ငါအဆင်ပြေပါတယ် စိတ်မပူပါနဲ့! သူ ငါ့ကို အနိုင်ကျင့်လို့ မရဘူး။ သူက ယွမ်မိသားစုက ဖြစ်ပေမယ့်လည်း ငါ့မှာ ထန်မိသားစုနဲ့ လင်မိသားစုရဲ့ ကျောထောက်နောက်ခံရှိတယ် မဟုတ်လား?"ကုနင်းက ပြုံးလိုက်သည်။
"လင်မိသားစုက မင်းအနားမှာ အမြဲရှိနေမယ်ဆိုတာ မင်းသိလို့ တော်ပါသေးတယ်။ ငါ မင်း သူ့ကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ရွေးချယ်မှာ အရမ်းစိုးရိမ်လို့ပါ" ကုနင်းစကားကိုကြားတော့ လင်ရှောက်ရှီ စိတ်သက်သာရာရသွားသည်။
ကုနင်းကို သူမ ကောင်းကောင်း မသိပေမယ့် ကုနင်းက အကူအညီတောင်းရတာကို မကြိုက်ကြောင်း သူမ ခံစားမိသည် ။ လင်ရှောက်ရှီ၏စကားများသည် ကုနင်းကိုနွေးထွေးစေခဲ့ပြီး ကုနင်းသည် လင်ရှောက်ရှီက သူမကို ဖုန်းခေါ်ရခြင်း၏ရည်ရွယ်ချက်ကို သိရှိသွားသည်။ သူမရဲ့ နောက်မှာ အမြဲရှိနေတယ်လို့ သူမကို ပြောချင်တာကြောင့်ပင်။
“ဒါနဲ့ မင်း အတန်းနဲ့ အိပ်ဆောင်က ဘယ်မှာလဲ။ ငါ စာရင်းသွင်းပြီးရင် မင်းဆီ လာခဲ့မယ်။ အဘိုးက ငါ့ကို မင်းကို ဂရုစိုက်ပေးဖို့ တာ၀န်ပေးထားတယ်။ ကျောင်းမှာ မင်းတစ်ခုခုဖြစ်သွားမှန်း သူသိလိုက်လို့ကတော့ ငါ့ကိုအပြစ်ပေးလိမ့်မယ်” လို့ လင်ရှောက်ရှီက ပြောပါတယ်။ ညည်းညူတာမဟုတ်ပဲ ဒီလိုလုပ်ရတာ သူမပိုပျော်မိသည်။
ယွမ်ရှူးယန်သည် သူမနှင့် ကုနင်း နီးစပ်ကြောင်း သိသောအခါတွင် သူမ၏ ဆန္ဒကို ချုပ်ထားလိမ့်မည်။ လင်ရှောက်ရှီ သည် ယွမ်ရှူးယန်က လက်စားချေခြင်းကို လက်လျော့မည်ကို မသေချာသော်လည်း ထိုသို့ပြုလုပ်ခြင်းဖြင့် ကုနင်း၏ဒုက္ခများကို လျှော့ချနိုင်မယ်ဆိုတာတော့ သေချာပါသည်။
ယွမ်ရှူးယန်သည် ယွမ်မိသားစုတွင် ပါ၀င်သော်လည်း သူမသည် အမည်ခံမျိုးရိုးသာဖြစ်ပြီး လင်ရှောက်ရှီ သည် လင်မိသားစု၏ တိုက်ရိုက်ဆင်းသက်လာသည်။ ထို့ကြောင့် သူမ၏ မိသားစုနောက်ခံသည် ယွမ်ရှူးယန်ကို ခြိမ်းခြောက်မှုအချို့ ရှိသည်။
သူတို့မှာ ပဋိပက္ခတွေရှိပေမယ့် နှစ်ယောက်စလုံးက အဲ့ထက်မပိုကြပါ။ စကားများရန်ဖြစ်ရုံလောက်ပင်။
"စီးပွားရေးဌာနရဲ့ အတန်း A၊ အိပ်ဆောင် ၁ ရဲ့ အခန်း ၅၀၈" ကုနင်းက ပြန်ဖြေသည်။ သူမသည် လင်မိသားစုနှင့် လက်ရှိဆက်ဆံရေးကို ထုတ်ဖော်မပြချင်သော်လည်း လင်မိသားစု၏အကူအညီကိုတော့ သူမ,မငြင်းနိုင်ပေ။ သူမတို့၏ အထောက်အထားကို မထုတ်ဖော်ဘဲနဲ့လည်း သူမသည် လင်ရှောက်ရှီထံ ချဉ်းကပ်နိုင်ပြီး သူမတို့သည် သူငယ်ချင်းများသာဖြစ်သည်ဟု အခြားသူများ ထင်မြင်စေနိုင်သည်။
"ကောင်းပြီ ငါသိပြီ။ ဒါဆိုချလိုက်တော့မယ်နော် ကျောင်းမှာတွေ့မယ်” ဟု လင်ရှောက်ရှီ က ပြောသည်။
“ဟုတ်ပြီ” ဟု ကုနင်းက ပြန်ဖြေပြီး ဖုန်းချလိုက်ကြသည်။
***
အခန်း ၁၇၉၂ ချူးဖေ့ဟန် သူ့အခန်းဖော်နဲ့ ပြသနာဖြစ်ခြင်း
ချူးဖေ့ဟန်သည် သူမ၏အဆောင်ခန်းသို့ ပြန်သွားပြီးနောက် မကြာမီတွင် အခန်းဖော်များနှင့် စကားများရန်ဖြစ်ခဲ့သည်။
ကုနင်းသည် ချူးဖေ့ဟန်၏ကျောင်းသို့မောင်းပို့ပေးပြီးသောအခါ သူမသည် အဆောင်ခန်းသို့ ပြန်သွားရန် အလျင်စလိုမလုပ်ခဲ့ပေ။ အဲဒီအစား သူမမှာ အချိန်ရှိ၍ ကျောင်းထဲမှာ ခဏလောက် လမ်းလျှောက်ခဲ့သည်။ ကျောင်းဝင်းအကြောင်း ပိုလေ့လာတာက သူမအတွက် မဆိုးပေ။
သူမ အပြင်မှာ တစ်နာရီလောက်ကြာအောင် နေခဲ့ပြီးနောက်မှာ သူမရဲ့ အဆောင်ခန်းကို ပြန်သွားခဲ့သည်။ ချူးဖေ့ဟန် သည် ညစာမစားမီ သူမ၏ အိပ်ရာနှင့် ဗီရိုကို သန့်ရှင်းရေးလုပ်ရန် စီစဉ်ထားသည်။
ချူးဖေ့ဟန် အိပ်ဆောင်ပြန်ရောက်သောအခါ အခန်းထဲတွင် အခန်းဖော်နှစ်ယောက်ရှိနေပြီဖြစ်သည်။ ရုပ်ရှင်အကယ်ဒမီမှာ ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးရှိသည်။ ချူးဖေ့ဟန် ၏ အခန်းဖော် နှစ်ယောက်စလုံးသည် အလွန်ကြည့်ကောင်းကြသော်လည်း ချူးဖေ့ဟန် သည် သူတို့ထက်ပင် ပိုလှသည်။
အခန်းဖော်နှစ်ယောက်သည် စကားစမြည်ပြောရင်း ဖရဲစေ့ကို စားကာ ကြမ်းပြင်ပေါ် ပစ်ချနေသည်။ ချူးဖေ့ဟန်သည် တံခါးထဲဝင်သွားပြီးနောက် ထိုအရာကိုတွေ့ပြီး အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။ သူတို့သည် တစ်ကိုယ်ရေသန့်ရှင်းရေးကို လုံးဝ ဂရုမစိုက်ကြ။
ချူးဖေ့ဟန်က ဘာမှ မပြောပေမယ့် သူတို့အပေါ် သူမရဲ့ ဆိုးရွားတဲ့ အထင်အမြင်ကြောင့်လည်း သူမက စတင်နှုတ်ဆက်ခြင်း မပြုခဲ့ပေ။
ချူးဖေ့ဟန်၏ စရိုက်လက္ခဏာအရ အခြားသူများကို နှုတ်ဆက်ရန် သူမအတွက် မလွယ်ကူပါ။
ချူးဖေ့ဟန် ဝင်လာသည်ကို မြင်လိုက်ရသော အခန်းဖော်နှစ်ယောက်ကလည်း သူမကို စမနှုတ်ဆက်ခဲ့ပေ။ သို့သော် ချူးဖေ့ဟန်သည် ၎င်းတို့ထက်ပင် ဆွဲဆောင်မှုရှိကြောင်း တွေ့လိုက်သည်နှင့် ၎င်းတို့နှစ်ဦးစလုံးသည် မျက်မှောင်ကြုတ်ကာ ဖုံးကွယ်ရန်ပင် မကြိုးစားဘဲ ငြူစူလာကြသည်။
မနှောင့်နှေးဘဲ မိန်းကလေးတစ်ယောက်သည် ချူးဖေ့ဟန်ကို အနည်းငယ်ရင်းနှီးနေသလိုခံစားနေပုံရသည်။ စက္ကန့်အနည်းငယ်ကြာအောင် တွေးကြည့်ပြီးနောက် တစ်စုံတစ်ခုကို ချက်ခြင်းသဘောပေါက်သွားပြီး စစ်ဆေးရန် ဖုန်းကိုထုတ်လိုက်သည်။
ဘယ်ဘက်ရှိ ကုတင်ပေါ်မှ မိန်းကလေးသည် ရုတ်တရပ်ထကာ ချူးဖေ့ဟန်အား မေးလိုက်သည်။ “ဟေး နင် ပရော်ဖက်ဆာကုနဲ့ သိတာလား ?”
ကောင်မလေးရဲ့ လေသံက သိပ်ကို မကြင်နာပုံပေါက်သည်။ ထို့အပြင် သူမသည် ရန်လိုမှုအပြည့်ရှိသော အမူအရာဖြင့် ချူးဖေ့ဟန် ကို ကြည့်ေနသည်။
ထိုစကားကိုကြားတော့ ချူးဖေ့ဟန်နှင့် အခြားအခန်းဖော် နှစ်ယောက်လုံး အံ့သြသွားကြသည်။ အခန်းဖော်က ချက်ချင်း ဖရဲသီးစေ့ကို မစားတော့ဘဲ ချူးဖေ့ဟန်ကို ထိတ်လန့်စွာ လှည့်ကြည့်လိုက်သည်။
သူက ပရော်ဖက်ဆာကုနဲ့ သိနေတာလား။
ချူးဖေ့ဟန်ကို ကြည့်ရတာ အနည်းငယ်ရင်းနှီးနေပုံရသည်။ သူမ မြင်လိုက်ရတဲ့ ဓာတ်ပုံထဲက ပရော်ဖက်ဆာကု နဲ့ စကားပြောနေတဲ့ မိန်းကလေးများလား?
ချူးဖေ့ဟန်က ပရော်ဖက်ဆာကု နဲ့ တကယ်သိတာလား။ ကောင်မလေးက အဖြေကို တော်တော်လေး သိချင်နေခဲ့သည်။
ချူးဖေ့ဟန်သည် ကောင်မလေးကို ပြန်ကြည့်လိုက်သည်။ ဒီမိန်းကလေးက သူမ ပရော်ဖက်ဆာကုနဲ့ စကားပြောဖူးတာကို သိတဲ့အတွက် အနည်းငယ် အံ့သြမိပေမယ့် မကြာခင်မှာပဲ သူမ လက်ခံလိုက်သည်။ ချူးဖေ့ဟန်သည် သူမကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေသည့် ကောင်မလေးကို အလွန်စိတ်တိုလာပြီး သူမ၏အမူအရာမှာလည်း အေးစက်လာသည်။
အရင်တုန်းကအတိုင်းသာဆိုလျှင် သူမသည် ဒေါသပေါက်ကွဲမိလာလိမ့်မည်။ သို့သော် ကုနင်း၏ သူငယ်ချင်းဖြစ်လာပြီးနောက် သူမသည် ပို၍ရင့်ကျက်လာသည်။ သူမသည် ယခင်ကလို စိတ်ဆတ်တတ်သော သူမဟုတ်တော့ပေ။
"မဟုတ်ဘူး" ချူးဖေ့ဟန်က တိုးညှင်းသောလေသံဖြင့် ပြောသည်။
"မဟုတ်ဘူး ဟုတ်လား? သူငယ်ချင်းတစ်ယောက်က မင်းပါမောက္ခနဲ့ စကားပြောနေတာတွေ့လိုက်တယ်။ အဲဒါကို သက်သေပြဖို့ ဓာတ်ပုံတွေလည်း ရှိတယ်။ မင်း အဝတ်အစားနဲ့ ဓာတ်ပုံထဲက တစ်ယောက် အ၀တ်အစားက အတူတူပဲ။ မင်းစကားတွေကို ငါယုံမယ်ထင်လား" ချူးဖေ့ဟန်က သူမကို ထိခိုက်စေသလိုမျိုး လေသံဖြင့် ကောင်မလေးက မေးခွန်းထုတ်သည်။
ချူးဖေ့ဟန်သည် အခု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်လာတယ်ဆိုရင်တောင် သူမကို အရှက်တကွဲ ဖြစ်စေတဲ့ ထိုမိန်းကလေးရဲ့ သဘောထားက သူမအား စိတ်အနှောင့်အယှက် ဖြစ်စေသည်။
“ငါ ပရော်ဖက်ဆာကုကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မင်းကိစ္စ မဟုတ်ပါဘူး။ ကိုယ့်ကိစ္စကိုယ်သာ လုပ်ပါ!" ချူးဖေ့ဟန် စိတ်ဆိုးသွားသည်။
ချူးဖေ့ဟန်သည် ဤမိန်းကလေးကို သူ့ကို မနာလိုကြောင်း သိသည်။ သူတို့ခံစားချက်တွေကို သူမနားလည်ပေမယ့် သည်းခံနိုင်မယ်လို့ မဆိုလိုပါ။
ချူးဖေ့ဟန် သည် ပရော်ဖက်ဆာကု ၏တပည့်ဖြစ်လာနိုင်လားဆိုတာကို သူမ,မသိသော်လည်း ခယ့်လီလီသည် ချူးဖေ့ဟန်ကို မနာလိုသောကြောင့် ဒေါသတကြီး ငြင်းခုံခဲ့သည်။ လူတိုင်းပြောသလိုပါပဲ ပရော်ဖက်ဆာကုရဲ့တပည့်တွေဖြစ်လာဖို့ မရေမတွက်နိုင်တဲ့ ကျောင်းသားတွေ ကြိုးစားခဲ့ကြပေမယ့် သူတို့ထဲက အနည်းငယ်သာ အောင်မြင်နိုင်သည်။
နွေရာသီ အားလပ်ရက်တုန်းက သူ့အဖေက သူမကို ပရော်ဖက်ဆာကုရဲ့ တပည့်အဖြစ် လက်ခံနိုင်ဖို့ သိမ်းသွင်းနိုင်မယ်လို့ မျှော်လင့်ပြီး သူမကို ပရော်ဖက်ဆာကုဆီကို ခေါ်သွားဖူးသည်။
ပရော်ဖက်ဆာကုသည် ငြင်းဆိုပြီးနောက်တွင်လည်း သူက ခယ့်လီလီကို အကြံဉာဏ် ပေးနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ပရော်ဖက်ဆာကုက သူတို့အား ထပ်မံငြင်းဆိုခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် ပြန်ဆုံတွေ့နိုင်ခဲ့ရင် ရုပ်ရှင်အကယ်ဒမီမှာ အတန်းတက်နိုင်တယ်လို့ ပရော်ဖက်ဆာကုက ပြောသည်။ အကယ်၍ သူမမှာ ချို့ယွင်းချက် တစ်ခုခု ရှိရင် သူမကို ကူညီမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒါက ခယ့်လီလီ နှင့်သူမ၏ဖခင်အလိုရှိတာ မဟုတ်ပေ။ သို့သော် သူတို့သည် ထိုကိစ္စကို ဘာမှ မလုပ်နိုင်ခဲ့ပါ။
ပရော်ဖက်ဆာကုသည် ရုပ်ရှင်နယ်ပယ်တွင် အလွန်မြင့်မားသောနေရာကို ကိုင်စွဲထားပြီး အင်အားကြီးမားသော မိသားစုနောက်ခံရှိသည်။ မကျေမနပ်ဖြစ်သော်ငြားလည်း သူ့ကို မစော်ကားဝံ့ပေ။
ရလဒ်အနေဖြင့် ပရော်ဖက်ဆာကုသည် ချူးဖေ့ဟန်နှင့် အချိန်အတော်ကြာ စကားပြောဆိုသည်ကို သူမကြားလိုက်သည်နှင့် သူမ အတော်လေး မကျေမနပ်ဖြစ်ခဲ့ရသည်။ ချူးဖေ့ဟန်သည် ပရော်ဖက်ဆာကု၏ ဆွေမျိုးဖြစ်လျှင် သူမ လက်ခံနိုင်သည်။ မဟုတ်ပါက သူမသည် ချူးဖေ့ဟန်ကို သူ၏ရန်သူအဖြစ်သတ်မှတ်မိပေလိမ့်မည်။
တကယ်တော့ ခယ့်လီလီကသာ ထက်မြက်ပြီး တ်ကိုယ်ကောင်းသာ မဆန်ရင် သူ့အခန်းဖော်က ပရော်ဖက်ဆာကုနဲ့ သိနေတဲ့အတွက် ပျော်ရွှင်သင့်သည်။ ထိုအခြေအနေမျိုးတွင် သူမသည် အခန်းဖော်မှတစ်ဆင့် အကူအညီနှင့် အကြံဉာဏ်အချို့ ရနိုင်သေးသည်။
ကံမကောင်းစွာပဲ ခယ့်လီလီသည် ချူးဖေ့ဟန်က ပရော်ဖက်ဆာကုနဲ့သိပါက သူမအား ကောင်းကျိုးမပေးနိုင်သလို ချူးဖေ့ဟန်အား ဆက်ဆံခဲ့သည်။
ခယ့်လီလီသည် ပရော်ဖက်ဆာကုနှင့် တွေ့ဖူးပြီးကတည်းက ပရော်ဖက်ဆာအကြောင်းနှင့် ပတ်သတ်၍ သိသင့်ပေသည်။ ပရော်ဖက်ဆာက သူမအပေါ် ဆိုးရွားစွာထင်မြင်အောင်သာ သူမကိုယ်သူမ ပြုမူနေသည်။
ပရော်ဖက်ဆာကုမှလွဲ၍ ရုပ်ရှင်အကယ်ဒမီတွင် လေးစားရသော အနုပညာရှင်များစွာရှိသော်လည်း သူသည် အထူးချွန်ဆုံး ကျောင်းသားများကိုသာ သင်ကြားပေးခဲ့သည်။ ဒါက ကျောင်းသားများစွာသည် သူ၏တပည့်များဖြစ်လာရန် ဆန္ဒရှိကြသည့် အကြောင်းရင်းလည်းဖြစ်သည်။
"ငါဘယ်သူလဲဆိုတာ မင်းသိလား။ မင်းငါ့ကိုဒီလိုပြောရဲတာ!” ကောင်မလေး ဒေါသထွက်သွားသည်။ သူမကို ထိုကဲ့သို့ ပြောဆိုဝံ့သူ များစွာမရှိပေ။ သူမ၏သဘောထားအရ သူမသည် ချမ်းသာသော သို့မဟုတ် အားကောင်းသည့် မိသားစုမှဖြစ်ရမည်၊ သို့သော် ချူးဖေ့ဟန် လုံးဝမကြောက်ပါ။
"ငါ မင်းကို စိတ်မဝင်စားဘူး။ မင်းက ချမ်းသာတဲ့သူ ဒါမှမဟုတ် သြဇာကြီးတဲ့ ဒုတိယမျိုးဆက် အမွေဆက်ခံသူပဲဖြစ်ဖြစ် မင်းငါ့ကို ဒုက္ခပေးနေသရွေ့ ပြန်တိုက်ခိုက်ဖို့ ငါတွန့်ဆုတ်နေမှာ မဟုတ်ဘူး” ချူးဖေ့ဟန်က အေးစက်စွာ သတိပေးလိုက်သည်။
ကုနင်းက သူ့ကို တတ်နိုင်သမျှ သူငယ်ချင်း များများထားဖို့ သတိပေးထားပေမယ့် ဒုက္ခပေးသူကို ယဉ်ကျေးဖို့ မလိုအပ်ပါ။ ခယ့်လီလီသည် သူမကို အခက်တွေ့အောင် ပြုလုပ်ထားပြီးဖြစ်သောကြောင့် ချူးဖေ့ဟန် သည် ယဉ်ကျေးနေရန် မလိုအပ်ပါ။
“မင်း…” ကောင်မလေး ဒေါသထွက်သွားသည်။ ဤကောင်မလေးသည် အလွန်ရဲရင့်ပြီး သူမကို အရေးကြီးသည်ဟု မထင်တဲ့အတွက် အံ့အားသင့်နေရသည်။ ချူးဖေ့ဟန် သည် သူမ၏ မိသားစုနောက်ခံကို မသိသေးသောကြောင့်ဖြစ်မည်ဟု သူမယုံကြည်ခဲ့သည်။
သူမသည် ထိုအကြောင်းပြချက်ဖြင့် သူ့ကိုယ်သူ ဖော်ထုတ်ခဲ့သည်။
“ငါ့အဖေက Pegasus အင်တာတိန်းမန့် ရဲ့ အဓိကရှယ်ယာရှင် ခယ့်ရုန်ချန် မင်းငါ့ကို ရန်ငြိုးထားရင် မင်းကို ဖျော်ဖြေရေးနယ်ပယ်ကနေ အလွယ်တကူ ပိတ်ပစ်လိုက်နိုင်တယ်” ဟူ မိန်းကလေးက ဆိုသည်။ Pegasus အင်တာတိန်းမန့်သည် ယွမ်ခုနစ်ဘီလီယံ သို့မဟုတ် ရှစ်ဘီလီယံခန့် ပိုင်ဆိုင်ထားပြီး ၎င်းသည် ဖျော်ဖြေရေးနယ်ပယ်တွင် အရေးပါသည့် ဒုတိယအဆင့်လုပ်ငန်းတစ်ခုဖြစ်သည်။
Pegasus အင်တာတိန်းမန့် ၏ အဓိကရှယ်ယာရှင်တစ်ဦးသည် ဖျော်ဖြေရေးနယ်ပယ်တွင် အလွန်သြဇာညောင်းသောကြောင့် လူတစ်ဦးအား ဤလုပ်ငန်းမှ ပိတ်ပစ်ရန် မခက်ခဲပေ။ သူပိတ်ပင်ရမည့်သူက သူ့ထက်အာဏာကြီးတာသာ မဟုတ်ရင်ပေါ့။
ချင်ဂိုဏ်းမှပိုင်ဆိုင်သည့် ဟွာထျန်းအင်တာတိန်းမန့် သည် Pegasus အင်တာတိန်းမန့် လောက်အင်အားမရှိသော်လည်း Pegasus အင်တာတိန်းမန့် သည် ချင်းဟွာအဖွဲ့အစည်းနှင့်ေတာ့ မယှဉ်သာပါ။ ထို့ကြောင့် ချူးဖေ့ဟန်သည် ၎င်းကို မကြောက်ပေ။
***
အခန်း ၁၇၉၃ ကျီယီကျင်းကို ဖမ်းမိသွားပြီ
"အို တကယ်လား? မင်းအဖေက ငါ့ကို ဖျော်ဖြေရေးနယ်ပယ်ကနေ ပိတ်ပစ်ဖို့ ဘာလုပ်နိုင်လဲ ငါ့ကို ပြောပြ” လို့ ချူးဖေ့ဟန်က လှောင်ပြောင်ပြောဆိုခဲ့သည်။ သူမသည် ခယ့်လီလီကိုစိန်ခေါ်ခဲ့သည်။ Pegasus အင်တာတိန်းမန့်သည် ဖျော်ဖြေရေးနယ်ပယ်တွင် အလိုရှိသမျှကို လုပ်ဆောင်နိုင်လိမ့်မည်ဟု သူမ,မယုံကြည်ပေ။
တစ်ချို့လူတွေက တော့ Pegasus အင်တာတိန်းမန့်ကို ကြောက်ကြလိမ့်မည်။ သူတို့ အမိန့်ပေးထားသရွေ့ သူမကို သရုပ်ဆောင်ဖို့ ဖိတ်ခေါ်ဝံ့သူ အများအပြားရှိမှာမဟုတ်ပါ။
တစ်ချိန်တည်းမှာပင် လူအချို့က ၎င်းကို ဂရုမစိုက်ကြပေ။
ဟွာထျန်းအင်တာတိန်းမန့်အပြင် ဖုန့်ဟွာအင်တာတိန်းမန့် ကလည်း ကြောက်နေမှာ မဟုတ်ပါ။
ကုနင်းသည် သူမ၏သူငယ်ချင်း ဒီနယ်ပယ်မှထွက်တော့မည်ဟုသိလိုက်ရပါက ချူးဖေ့ဟန်အတွက် ပထမဆုံးရပ်တည်ပေးမည့်သူဖြစ်လိမ့်မည်။
ထို့အပြင် ကုနင်းသည် ယခင်က အရေးပါသော ပုဂ္ဂိုလ်အဖြစ် အပိတ်ခံထားရသော လုကျန်းကို ပင်ငှားရမ်းခဲ့ဖူး၍ Pegasus အင်တာတိန်းမန့်ကိုလည်း ကြောက်နေမည်မဟုတ်ပေ။
Pegasus အင်တာတိန်းမန့်သည် ချူးဖေ့ဟန်ကို ထိခိုက်စေရန် တစ်စုံတစ်ခုမျှ သတ္တိရှိရှိလုပ်ခဲ့ပါက ကုနင်းသည် ၎င်းအား ပြင်းထန်စွာ အပြစ်ပေးမည်မှာ သေချာပါသည်။
“မင်း…” ချူးဖေ့ဟန်သည် Pegasus အင်တာတိန်းမန့် ကိုမကြောက်သည်ကိုမြင်တော့ ခယ့်လီလီ ဒေါသထွက်သွားသည်။ ချူးဖေ့ဟန်သည် ချမ်းသာသော သို့မဟုတ် အင်အားကြီးသော မိသားစုမှ ဖြစ်နုိင်သည်ဆိုသည်ကိုလည်း တွေးမိသွားသည်။
မဟုတ်ပါက သူမသည် Pegasus အင်တာတိန်းမန့်ကို ကြောက်သင့်သည်။
ချူးဖေ့ဟန်သည် Pegasus အင်တာတိန်းမန့် အကြောင်းကို သူမ အမှန်တကယ် မသိသောကြောင့် တည်ငြိမ်ဟန်ဆောင်နေတာလည်း ဖြစ်နိုင်ပေသည်။
"မင်းဘာလို့ဒီလောက်ယုံကြည်ချက်အပြည့်နဲ့ဖြစ်နေတာလဲ။ Pegasus အင်တာတိန်းမန့်ကို မင်းက ဘယ်လိုတောင် လှောင်ရဲတာလဲ" ခယ့်လီလီက မေးသည်။ ချူးဖေ့ဟန်၏ နောက်ခံကို သိပြီးနောက်မှသာ သူမဘာလုပ်ရမည်ကို ဆုံးဖြတ်ရတော့မည်။
အသေးအဖွဲ့ပဋိပက္ခတစ်ခုဖြစ်သော်လည်း ခယ့်လီလီသည် ကြီးကြီးမားမားဖြစ်အောင် တမင်တကာပြုလုပ်ပြီး ချူးဖေ့ဟန်ကို သူမ၏ရန်သူအဖြစ် မှတ်ယူခဲ့သည်။
မနာလိုစိတ်က လူတွေကို အကျည်းတန်စေသည်။
“အားနည်းရင် အနိုင်ကျင့်ပြီး သန်မာရင် ကင်းကင်းနေဖို့ စီစဉ်ထားတာမလား။ မင်းဘာပဲလုပ်ချင်လုပ်ချင် အခုပဲလုပ်လိုက်။ ဘာမှ မလုပ်နိုင်ဘူးဆိုရင်တော့ ငြိမ်ငြိမ်နေလိုက်ပြီး ငါ့ကို ဒုက္ခပေးနေတာရပ်လိုက်တော့” ဟု ချူးဖေ့ဟန်က ပြောသည်။ သူမသည် ခယ့်လီလီ ကို သူမ၏နောက်ခံကို ပြောပြရန် စိတ်မ၀င်စားပေ။ အဘယ်ကြောင့်ဆိုသော် အခြားသူများအား ၎င်းမှ အခွင့်ကောင်းယူခြင်းကို မုန်းတီးသောကြောင့်ဖြစ်သည်။
တစ်ယောက်ယောက်က သူမကို တမင်တကာ စော်ကားခဲ့လျှင် သူမသည် အားလုံးကို အတတ်နိုင်ဆုံး တွန်းလှန်လိမ့်မည်။
“မင်း…” ခယ့်လီလီ ဒေါသထွက်သွားသည်။ "ကောင်းပြီ ကြည့်ရသေးတာပေါ့။ မင်း ဒီနေ့အတွက် နောင်တမရပါစေနဲ့လို့ ငါမျှော်လင့်ပါတယ်"
ချူးဖေ့ဟန်က ငြင်းဆိုသောကြောင့် ခယ့်လီလီသည် ဘာမှ မပြောနိုင်တော့ပေ။ ချူးဖေ့ဟန်ကိုခြိမ်းခြောက်ခြင်းဖြင့် သူမကိုယ်သူမ စိတ်လျော့လိုက်ရသည်။
ထို့နောက် ခယ့်လီလီသည် တံခါးကို ဖွင့်ကာ ထွက်သွားပြီး အခြားမိန်းကလေးတစ်ဦးလည်း လိုက်သွားခဲ့သည်။ ကောင်မလေးသည် ခယ့်လီလီ ၏လက်ပါးစေဖြစ်ပြီး ဖျော်ဖြေရေးလောကသို့ဝင်ရောက်ရန် ခယ့်လီလီအား မှီခိုအားထားနေရသောကြောင့် သူမတစ်ယောက်တည်း ထားရန် မဝံ့ရဲပေ။
ချူးဖေ့ဟန်သည် ထိုပဋိပက္ခက သူမအပေါ်မသက်ရောက်ပဲ သူမ၏ ပစ္စည်းများကို စတင်နေရာချတော့သည်။
…
ယွီမီရှီသည် သူမ၏ ပထမဆုံးတွေ့ဆုံမှုတွင် အခန်းဖော်များအား ကြင်နာစွာ နှုတ်ဆက်ခဲ့သည်။ ဒီနေ့ နေ့လည်မှာ အတူတူထမင်းစားဖို့ ချိန်းထားသည်။
ယွီမီရှီက သူ့ရည်းစားပါ လိုက်လို့ရမလားဟု မေးသည်။
"ယွီမီရှီ မဖြစ်နိုင်တာ။ မင်းက အခုမှ ဒီရောက်တာလေ ရည်းစားရှိနေပြီလား"
ယွီမီရှီ၏ အခန်းဖော်များက ကြားကြားချင်း အံ့သြသွားကြသည်။
“အင်း ငါတို့ အထက်တန်းကျောင်း တစ်ခုထဲတက်ခဲ့ပြီး အခု တက္ကသိုလ်တစ်ခုထဲမှာလည်း အတူတူ၀င်ခွင့်ရခဲ့တာပါ” ဟု ယွီမီရှီက ပြောသည်။ အဲဒါကို သိလိုက်ရတော့ အခန်းဖော်တွေက သူတို့နှစ်ယောက်ဟာ အရမ်းချစ်ကြတဲ့ စုံတွဲတွေလို့ နားလည်သွားကြသည်။
ယွီမီရှီနှင့်အတူ သူ့ရည်းစား လိုက်လာလျှင် ကိစ္စမရှိပါ။ သူမ၏ ချစ်သူ မည်ကဲ့သို့ ဖြစ်နေသည်ကိုပင် မြင်ချင်ကြသည်။
ထို့နောက် ယွီမီရှီက မုခယ်ကိုပြောပြသည်။ တိုက်ဆိုင်စွာပင် မုခယ်လည်း သူ့အခန်းဖော်များနှင့် အတူတူထမင်းစားရန် သဘောတူခဲ့ပြီး သူ့ကောင်မလေးကိုလည်း ခေါ်လာရန် အဆိုပြုခဲ့သည်။ မုခယ်၏ အခန်းဖော်များကလည်း သဘောတူသည်။
သို့သော် ယခုတွင် သဘောထားကွဲလွဲမှုများ ရှိနေသည်။ ဆွေးနွေးပြီးနောက် မုခယ်နှင့် သူ့အခန်းဖော်များသည် ယွီမီရှီ နှင့် သူမ၏အခန်းဖော်များအတွက် ထမင်းစားရန် ဆုံးဖြတ်ခဲ့သည်။ ကောင်လေးတွေက ဘေလ်ကို ခွဲပြီး ရှင်းပေးမည်။
ကောင်မလေးတွေ နည်းနည်းရှက်နေပေမယ့် အဆုံးမှာတော့ သဘောတူလိုက်သည်။
ဘာပဲပြောပြော တက္ကသိုလ်ကျောင်းသားတွေက တက္ကသိုလ်မှာ အတန်းလစ်ဖို့၊ စာမေးပွဲကျဖို့နဲ့ ဒိတ်လုပ်ဖို့ဆိုပြီး လုပ်စရာ သုံးခုရှိေပသည်။
မိန်းကလေးများသည် တက္ကသိုလ်တွင် ရိုမန့်တစ်အချစ်ရေးတွင် ပျော်မွေ့ရန် မျှော်လင့်ထားပြီး ယောက်ျားလေးများနှင့် အချိန်အနည်းငယ် ကုန်ဆုံးတာကလည်း သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သည်။
အဲဒါက သူတို့ရဲ့ အတွေးတစ်ခုသာပါ။ အဲ့လိုရည်ရွယ်ချက်တစ်ခုထဲနဲ့ ယောက်ျားလေးတွေနဲ့ အတူတူ ထမင်းစားတာမဟုတ်ပေ။ ကျောင်းတက်ဖို့ အခုမှ စာရင်းသွင်းထားတာဖြစ်၍ သူတို့မှာ တိကျတဲ့ ရည်ရွယ်ချက် မရှိသေးပေ။
…
ကုနင်းက ဒီနေ့ ကျောင်းမသွားသေးပေ။ မနက်ဖြန်မှ သွားရန် စီစဉ်ထားသည်။
နေ့ခင်းဘက်မှာတော့ ကုနင်းသည် ရှန်းကွမ်းယန်ကို ညစာအတူစားဖို့ ပြောခဲ့သည်။ သူမသည် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို လေ့လာရန် အဓိက ရည်ရွယ်ထားသည်။
…
ထန်ပင်းစန်သည် ယခု ထန်အဖွဲ့အစည်း၏ ဥက္ကဌ မဟုတ်တော့သောကြောင့်၊ သူ၏ အတွင်းရေးမှုးသည် သူ့ဘေးတွင် ရှိနေရန် မလိုအပ်ပါ။ ကြေးစား နှစ်ဦးလည်း ထွက်သွားသောကြောင့် ထန်ပင်းစန်၏ အိမ်ထိန်းသည် ယခု သူ့ကို ပြုစုနေပေသည်။
အိမ်ထိန်းသည် ထန်ပင်းစန်ကို သစ္စာစောင့်သိသောကြောင့် ထန်ပင်းစန် ဒုက္ခရောက်နေချိန်တွင် မထားရစ်ခဲ့ပေမယ့် န်မိသားစုရှိ အခြားအစေခံ အများစုမှာတော့ အလုပ်ထွက်သွားကြပြီဖြစ်သည်။
ထန်မိသားစုက သူတို့ကို လစာမပေးနိုင်မှာကို မကြောက်ပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုထဲ ဆွဲသွင်းခံရမှာကို စိုးရိမ်ကြသည်။ ထန်ပင်းစန် သည် သူ၏ရန်သူ၏ လက်စားချေခြင်း ခံခဲ့ရသောကြောင့် ဖျားနာလာပြီး ဆင်းရဲနွမ်းပါးလာသည်။
ထန်ပင်းစန်သည် ပိုပို၍ ဖျားနာလာသည်။ ထန်ချင်းယန်သည် ထန်အဖွဲ့ကို သိမ်းပိုက်လိုက်ကြောင်း သိပြီးနောက်တွင် သူသည် နှလုံးဖောက်ပြန်ကာ သေဆုံးလုနီးပါးဖြစ်ခဲ့သည်။
နောက်ဆုံးတွင် သူ သေခြင်းတရားမှလွတ်မြောက်ခဲ့သော်လည်း နေ့တိုင်း သူသတိရသည်ထက် သတိလစ်နေသည့် အချိန်ကပိုများနေခဲ့သည်။ ဆေးရုံက အချိန်မရွေး သူ့အသက်အန္တရာယ် ဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြခဲ့သည်။
ထို့အပြင် ထန်ပင်းစန် သည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေခဲ့ပြီး ခရီးရှည်ကြီးမသွားနိုင်ပါ။ ရလဒ်အနေဖြင့် ကျီယီကျင်းသည် ထန်ပင်းစန်ကို နိုင်ငံရပ်ခြားတွင် ဆေးကုသမှုခံယူပေးရန် ဆန္ဒရှိသော်လည်း ဖြစ်နိုင်ချေမရှိပေ။
ထန်ယရှင်းလည်း အလားတူအခြေအနေတွင် ရှိနေသောကြောင့် ကျီယီကျင်းသည် လဲကျလုနီးပါးပင်ဖြစ်နေသည်။
ပိုဆိုးတာက အဲဒီနေ့မွန်းလွဲပိုင်းမှာ ကျီယီကျင်း စီမံခန့်ခွဲတဲ့ မင်္ဂလာပွဲစီစဉ်သည့် ကုမ္ပဏီမှာလည်း ပြဿနာတက်သည်။ ၎င်း၏ ဂိုဒေါင်သည် ရုတ်တရက် မီးလောင်သွားပြီး အချက်အလက် များလည်း ရုတ်တရက် မှားယွင်းသွားခဲ့သည်။ သူမသည် ဖောက်သည်များထံမှ ဖျက်သိမ်းလိုက်သော ပျက်စီးဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ငွေ ယွမ်သန်းသုံးဆယ်အထိ ဆုံးရှုံးခဲ့သည်။
ထန်အဖွဲ့ကို ထန်ချင်းယန်က လွှဲပြောင်းယူထားပြီးဖြစ်သော်လည်း ယွမ်သန်းသုံးဆယ်သည် ထန်မိသားစုအတွက် ငွေအနည်းငယ်သာ ရှိသေးသည်။ သို့သော်လည်း ကံမကောင်းစွာနဲ့ပဲ ကျီယီကျင်းရဲ့ကားတိုက်ပြေးတဲ့ အမှုသာ ဖော်ထုတ်ခံရပြီး သူမကို သံသယရှိ၍ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရသည်။ ထို့ကြောင့် သူ့ကုမ္ပဏီ၏ ပြဿနာကို မဖြေရှင်းနိုင်ပေ။
ကြီးလေးသောပြဿနာများကိုရင်ဆိုင်ရင်း ကျီယီကျင်းသည် အလွန်စိတ်ဖိစီးလာကာ သတိလစ်သွားခဲ့သည်။
ထန်မိသားစုတွင် ရန်သူများစွာရှိသောကြောင့် ဒါက ကုနင်းနှင့် ဘာမှမဆိုင်ပါ။ ၎င်းသည် ယခင်က အလွန်သြဇာညောင်းသောကြောင့် ရန်သူများက မည်သို့မျှ မလုပ်ဆောင်ဝံ့ပေ။ သို့သော်၊ ထန်မိသားစုသည် ယခုပြိုလဲလာပြီဖြစ်သောကြောင့် ၎င်း၏ရန်သူများသည် ထန်ပင်းစန်၏မိသားစုကို အပြစ်ပေးရန် ဤအခွင့်အရေးကြီးကို ဆုပ်ကိုင်ထားသည်။
ကုနင်း၏ ကိစ္စ မဟုတ်ပေမယ့် ကုနင်းက ကောင်းယိနဲ့ ချောင်ယတို့ကို အထူးသတိစောင့်ကြည့်ဖို့ ပြောခဲ့တာကြောင့် ကုနင်းကို နောက်ဆုံးရသတင်းတွေကို ဆက်ပြီး သတင်းပို့နေ၍ သူမဟာ အရာအားလုံးကို သတိထားမိခဲ့သည်။
ထန်ချင်းယန်သည် ထန်ပင်းစန်ကို စုံစမ်းရန် တစ်စုံတစ်ဦးကို စီစဉ်ထားသည်။ သူသည် ထန်ပင်းစန်ကို ပြုစုရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်ဟု ဆင်ခြေပေးခဲ့သော်လည်း တကယ်တမ်းတွင် ထန်ပင်းစန် ဘာတွေလုပ်နေတာလဲဆိုတာကို ထောက်လှမ်းနေသည်။
ထန်ပင်းစန်ကို သူကြံစည်ခဲ့တာကို ဘယ်သူမှမသိကြတဲ့အတွက် သူ့ဇာတ်ရုပ်ကိုတော့ သူ ကောင်းကောင်းကစားရမှာပင်။
ယခုအချိန်တွင် ထန်ပင်းစန် နှင့် ထန်ယရှင်းတို့သည် ရှင်သန်ရန် အနိုင်နိုင်ပင် ရုန်းကန်နေရသည်။ ကံကောင်းရင်တောင် သူတို့ဟာ နောက်ထပ်လအနည်းငယ်လောက်သာ အသက်ရှင်နိုင်တော့လောက်သည်။
***
အခန်း ၁၇၉၄ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်း၏ လျှို့ဝှက်ချက်
ကုနင်းသည် ညနေ 6 နာရီမတိုင်မီ စစ်ဟယ်ယွမ် ဆီသို့ရောက်ရှိခဲ့သည်။ ကုနင်းက သူနဲ့ ထမင်းစားဖို့ လာခဲ့တာမဟုတ်ဘူးဆိုတာ ရှန်းကွမ်းယန် သိသည်။ ကုနင်းသည် သေမျိုးဖြစ်သော်ငြား ကျင့်ကြံသူဖြစ်လိုသောကြောင့် သူသူမကို ယခုမျက်နှာချင်းဆိုင်ရန်ခက်သည်ဟု သူခံစားရသည်။
ထိုအရာက တကယ့်ကို အန္တရာယ်များလွန်းသည်။
ကုနင်းရောက်လာသောအခါ ပန်းကန်များကို စားပွဲပေါ် ပြင်ထားပြီးဖြစ်သောကြောင့် အလုပ်အကြောင်း မပြောမီ အရင်စားသောက်ကြသည်။
ညစာစားပြီးသောအခါ ကုနင်းသည် ရှန်းကွမ်းယန် နှင့် သီးသန့်စကားပြောရန် တောင်းဆိုသောကြောင့် သူတို့နှစ်ယောက် စာကြည့်ခန်းသို့ အတူတူသွားကြသည်။
"မင်း အဘိုးနဲ့ ဘာအကြောင်း ပြောချင်လို့လဲ" ရှန်းကွမ်းယန်က မေးသည်။ သေမျိုးကနေ ကျင့်ကြံသူဖြစ်လာရန် သူမ၏မျှော်လင့်ချက်နှင့် တစ်စုံတစ်ရာဆက်စပ်မှုရှိနိုင်သည်ဟု သူထင်ခဲ့သော်လည်း သူမ၏ပါးစပ်မှ အဖြေကို ကြားချင်သေးသည်။
"အဘိုးရှန်းကွမ်း၊ ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းကို သိလား" ကုနင်းက မေးသည်။
"ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းလား? သိတယ်လေ၊ မင်းရော ကြားဖူးတာလား" ရှန်းကွမ်းယန် အံ့သြသွားသည်။
ကုနင်းက ရှန်းကွမ်းယန်ရဲ့မေးခွန်းကို မဖြေဘဲ “အဘိုးရှန်းကွမ်း၊ အဲ့တာရဲ့ အကျိုးသက်ရောက်မှုတွေကို ပြောပြပေးလို့ရမလား” ဟု မေးလိုက်သည်။
ရှန်းကွမ်းယန်က ဒါကို လျှို့ဝှက်ထားဖို့ စိတ်မ၀င်စားဘဲ ကုနင်းအား “အနှစ်သာရတွေကို စုဆောင်းထားတဲ့ ကျောက်စိမ်းတစ်ပိုင်းလို့ ရှေးခေတ်က ပြောလေ့ရှိတယ်။ ကျင့်ကြံသူတစ်ဦးက အဲ့တာကိုရရင် ကျင့်ကြံရေးမှာ အထောက်အကူများစွာဖြစ်လိမ့်မယ်”
"သေမျိုးတွေဆိုရင်ရော ဘယ်လိုလဲ" ကုနင်းကက မေးသည်။
“လူသားတွေအတွက်တော့ အသုံးမဝင်ဘူး။ ကျန်းမာရေးကို မြှင့်တင်ပေးတာလောက်ပေါ့” ဟု ရှန်းကွမ်းယန် က ပြောသည်။
“အဘိုးရှန်းကွမ်း၊ တကယ်တော့ အဲဒါကို ကျွန်မ နန်းတော်ပြတိုက်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ဖူးတယ်။ တိတိကျကျပြောရမယ်ဆိုရင် အဲဒါက ကျွန်မကို ရှာဖို့ လမ်းဖောက်ပေးခဲ့တာ” ဟု ကုနင်းက ဆိုသည်။
ထိုစကားကိုကြားတော့ ရှန်းကွမ်းယန် အံ့သြသွားသည်။ "ဘာ? နန်းတော်ပြတိုက်မှာ တွေ့ဖူးတာလား။ အဲဒါက မင်းကိုရှာဖို့ လမ်းပြပေးခဲ့တာလား”
ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းသည် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူထင်ခဲ့ပြီး ကုနင်းသည် ထိုအကြောင်းကို စာအုပ်တစ်အုပ်အုပ်တွင် ဖတ်ဖူးတာဖြစ်ကြောင်း ထင်ခဲ့သည်။ မထင်မှတ်ပဲ ကုနင်းက အဲဒါကို လက်တွေ့ဘဝမှာ တကယ်မြင်ဖူးသည်။ ကျောက်စိမ်းသည် သူမကိုရှာဖွေရန် လမ်းပြပေးခဲ့သည်။ ၎င်းသည် ရှန်းကွမ်းယန်၏ စိတ်ဝင်စားမှုကို နှိုးဆွနေသည်။
"ဟုတ်တယ် အဲ့တာကြောင့် ဝယ်ခဲ့တာ။ ရှောင်းထင်နဲ့ သူ့အမေလည်း အဲ့နေရာမှာ ရှိပေမယ့် သူ့ရဲ့အသုံးပြုပုံကို မသိကြဘူး။ ကျွန်မအဲ့တာယူပြီး ထွက်သွားပြီးတာနဲ့ ကျင့်ကြံသူတစ်ယောက်က ကျွန်မကို သတိထားမိပြီး ကျွန်မနောက်ကလိုက်လာတယ်။ သူက ကျောက်စိမ်းကြောင့် ပေါ်လာတာဖြစ်ရမယ်။ ဒီအတောအတွင်းတော့ ကျင့်ကြံသူက ကျွန်မနောက်လိုက်တာကို မရပ်ဘူး၊ ဒါကြောင့် ကျင့်ကြံသူတွေအတွက် အထူးအဓိပ္ပာယ်ရှိမယ်လို့ ထင်လို့ပါ” ဟု ကုနင်းက ဆိုသည်။
ရှန်းကွမ်းယန်သည် လင်ရှောင်းထင်နှင့် သူ၏မိခင်တို့သည် ကျောက်စိမ်းအကြောင်း ဘာမှမသိကြသည်မှာ အံ့ဩစရာမဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူများစွာက ၎င်း၏တည်ရှိမှုကို သိရှိခြင်းမရှိသောကြောင့်ဖြစ်သည်။
“ကျောက်စိမ်းက မင်းအတွက် လမ်းပြပေးတာလည်း အကြောင်းအရင်းရှိမှာပဲ” ဟု ရှန်းကွမ်းယန်က ဆိုသည်။
“ကျွန်မလည်း အဲ့လိုထင်လို့ ဘူးကို မဖွင့်ရဲလို့ပါ၊ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်။ အဘိုးရဲ့အကြံဉာဏ်ကို လိုတယ်” ဟုကုနင်းက ဆိုသည်။ သို့သော် သူမ၏လျှို့ဝှက်ချက်ကိုတွေးပြီး ကုနင်းသည် ရှန်းကွမ်းယန်ကို ထိုအကြောင်းပြောပြရန် တုံ့ဆိုင်းသွားခဲ့သည်။ ဤပြဿနာကို သူမဖြေရှင်းလိုပါက သူမလျှို့ဝှက်ချက်ကို ရှန်းကွမ်းယန်နှင့် မျှဝေရမည်ဟု ထင်ရသည်။
ရှန်းကွမ်းယန်က ကုနင်းမှာ စိုးရိမ်စိတ်တွေ ရှိနေတာကို မြင်လိုက်ရတော့ သူက “ဒီအကြောင်း ပိုသိချင်ရင် မင်းရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြသင့်တယ်။ အင်း မင်းမပြောချင်သေးဘူးဆိုရင်လည်း ငါအဲ့အကြောင်း ထပ်မမေးတော့ပါဘူး"
ကုနင်းခဏလောက်စဉ်းစားပြီး "အဘိုးရှန်းကွမ်း၊ ကျွန်မအရင်က ဗေဒင်ဆရာတစ်ယောက်နဲ့ ဆုံဖူးတယ် သူက ကျွန်မကို ကျွန်မက ဒုက္ခဆင်းရဲကို ဖြတ်သန်းဖူးတယ်လို့ ပြောတယ်။ ကျွန်မ အသတ်ခံရခဲ့ပေမယ့် ဘာမှ မဖြစ်ခဲ့ဘူး။ အဘိုးရှန်းကွမ်း၊ အဘိုးရော ကျွန်မကို တခြားလူတွေနဲ့ ကွဲပြားနေတာ မြင်မိလား"
ရှန်းကွမ်းယန်သည် ဗေဒင်ဆရာမဟုတ်သော်လည်း ကုနင်းနှင့် ပတ်သက်၍ အထူးတလည် မမြင်နိုင်ဟု မဆိုလိုပါ။ သူ့အဆင့်သည် အလွန်မြင့်မားသောကြောင့် လူသားများ၏ ကံကြမ္မာကို ဖတ်ရှုနိုင်သည်။
ကုနင်းပြောတာကို ကြားတော့ ရှန်းကွမ်းယန်က လေးနက်တဲ့ အမူအရာနဲ့ ပြလိုက်သည်။ "ဟုတ်တယ်၊ မင်းနဲ့ပတ်သက်တဲ့ ခြားနားချက်ကို မြင်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က မင်းက ဆင်းရဲဒုက္ခတစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ မင်းရဲ့ဝိညာဉ်ကို သတ်ပစ်လိုက်ပေမယ့် မင်းရဲ့ခန္ဓာကိုယ်က အသက်ရှင်ကျန်ရစ်ခဲ့တယ်။ ဆိုလိုတာက အဲဒီတုန်းက မင်းခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခုရှိတယ်။ သူတို့ထဲက တစ်ယောက်က သေဆုံးခဲ့ပြီး ကျန်တစ်ယောက်ကတော့ အသက်ရှင်ခဲ့တယ်။ ကျင့်ကြံသူအများစုဟာ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရတာကြောင့် ကျင့်ကြံသူတွေအတွက် တော့ ဒါကမထူးဆန်းပါဘူး”
အတိအကျပြောရလျှင် သူသည် ကုနင်းမှာအဘယ်ကြောင့် မယုံနိုင်စရာကောင်းသော အရည်အချင်းများ ရှိသနည်းဟု တစ်ခါမျှ မမေးခဲ့ပေ။
ဒါကိုသိတော့ ကုနင်းက သူမဟာ အရမ်းစိုးရိမ်နေမိမှန်း သိလိုက်ရသည် ။ ရှန်းကွမ်းယန်၏ မျက်လုံးထဲတွင် ဒါက ပုံမှန်ဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် စိတ်အေးလက်အေး ဖြစ်သွားသည်။
“ဒါဆိုရင် အဘိုးရှန်းကွမ်း၊ ကျွန်မအခု အဘိုးကို အမှန်အတိုင်း ပြောလို့ရနိုင်မယ်ထင်တယ်။ ကျွန်မက နဂိုက ကုနင်းမဟုတ်ပါဘူး။ ကျွန်မက တခြားလူဖြစ်ပေမယ့် လူပြန်ဝင်စားပြီး ကျွန်မရဲ့ ဝိညာဉ်က ကုနင်းရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာပါ” ဟု ကုနင်းက ဆိုသည်။
ရှန်းကွမ်းယန်က အံ့သြသွားသည်။ ကုနင်း၏ တစ်ကိုယ်တည်းတွင် ဝိညာဉ်နှစ်ခုရှိသည်ကို သူမြင်နိုင်သော်လည်း အသတ်ခံရပြီးနောက်တွင် အခြားသူ၏ဝိညာဉ်က သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို တော့ သူမသိပေ။
ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးပေ!
ကုနင်းသည် သေပြီးနောက် ရိုးရိုးလူဝင်စားသည်ဟု သူထင်ခဲ့ပြီး သူမ၏ ဝိညာဉ်သည် မယုံနိုင်စရာ အရည်အချင်းများ ရှိနေခဲ့သည်။ ရှန်းကွမ်းယန်က ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး ထိတ်လန့်စွာ မျက်လုံးများ ပြူးကာကြည့်လာခဲ့သည်။
"ကျောက်စိမ်းက မင်းကို နောက်ထပ် ခံစားချက်တွေ ပေးသေးလား"
"အဲဒါက ကျွန်မကို စိတ်လှုပ်ရှားစေတယ်။ ကျွန်မတို့ ချိတ်ဆက်နေသလို ခံစားရတယ်" ဟု ကုနင်းက ဆိုသည်။
"မဖြစ်နိုင်တာ! မင်း ရှေးဟောင်း ဖီးနစ်သွေးစက်ကြောင့် လူပြန်ဝင်စားတာလား” ရှန်းကွမ်းယန် က ပြောသည်။ သူမယုံနိုင်ပေမယ့် ဖြစ်နိုင်ချေ အရမ်းများသည်။
ရှန်းကွမ်းယန်သည် ထိုအရာကိုသိသောကြောင့် ကုနင်းအံ့သြသွားသည်။ သူမသည် တကယ်ပင် ရှေးဟောင်း ဖီးနစ်သွေးစက်ကြောင့် လူပြန်ဝင်စားခြင်းခံခဲ့ရသည်။
" ‘ဖီးနစ်ရဲ့သွေးစက်’ လို့ နာမည်ပေးထားတဲ့ ရှေးဟောင်းကျောက်စိမ်းတုံးကြီးတစ်ခုရှိတယ်။ အဲ့တာကို ဖီးနစ်ရဲ့ သွေးနှင့် မြေကြီးရဲ့ဝိညာဉ်နဲ့ ပြုလုပ်ထားတယ်။ မင်းကို ထာဝစဉ်အသက်ရှင်စေမှာ ဒါမှမဟုတ် ပြန်လည်မွေးဖွားနိုင်စေမယ့် မှော်အစွမ်း ပါရှိပါတယ်"
ဒါဟာ လူဝင်စားပြီးနောက် သူမစိတ်ထဲက ကြားနိုင်ခဲ့တာပါ။
ကုနင်းရဲ့ တုံ့ပြန်မှုကို မြင်တော့ ရှန်းကွမ်းယန်က သူပြောတာမှန်တယ်ဆိုတာ သိလိုက်ရသည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး “တကယ်တော့ ဖီးနစ်နဂါးတိမ်တိုက်ပုံစံ ကျောက်စိမ်းက နဂိုက သာမန်ကျောက်စိမ်းတုံးဖြစ်ပေမယ့် ဖီးနစ်ရဲ့သွေးတစ်စက်ကို မတော်တဆ စုပ်ယူသွားမိတယ်။ နောက်တော့ အဲ့တာက မှော်ဆန်တဲ့ အရာတစ်ခု ဖြစ်သွားတယ်။ ဖီးနစ်သွေးစက်က ဖီးနစ်ရဲ့သွေးနဲ့ မြေကြီးရဲ့ ဝိညာဉ်နဲ့ လုပ်ထားတာ။ သူ့မှာ လူသေကို ပြန်လည်အသက်ရှင်စေပြီး ကံကြမ္မာကို ပြောင်းလဲစေနိုင်သည့် မယုံနိုင်စရာစွမ်းအားတွေပါတယ်”
ထိုအခြေအနေတွင် ဖီးနစ်နဂါးတိမ်တိုက်ပုံစံကျောက်စိမ်းမှ ပေးသော အထူးခံစားချက်များသည် ဖီးနစ်သွေးစက်၏ သွေးတစ်စက်ကြောင့်ဖြစ်သည်။
"ဟုတ်တယ် ကျွန်မ ဖီးနစ်သွေးစက်ကြောင့်ပြန်ဝင်စားခဲ့တာပါ" ရှန်းကွမ်းယန်သည် ရှေးဟောင်း ဖီးနစ်သွေးစက်ကို သတိပြုမိပြီးဖြစ်သောကြောင့် ကုနင်းသည် ရိုးသားစွာ တည့်တိုးဖြေလိုက်လေတော့သည်။
***
စာစဉ် ၁၁၁ ပြီး၏။