သရဲကြီးဘုရင်၊ ဝိညာဥ်သွေးစက်
Vol. 7 Ch. 660
ပိုင်ရှောင်ချန်းမှာ အလွန်စိတ်လှုပ်ရှားနေပါသော်လည်း တစ်ခဏအတွင်း သူ၏မျက်နှာမှာ ဖြူဆုတ်သွားပြီး နှလုံးခုန်သံများ မြန်လာတော့သည်။
ဤ မန္တန်အစီအရင်မှာ မြို့အပြင် ကီလိုမီတာငါးသောင်းအကွာသို့ ပို့ပေးနိုင်မည့် မန္တန်အစီအရင်ဖြစ်ကြောင်း သူက အပိုင်မတွက်ရဲခဲ့ပေ။ အကွာအဝေး အနည်းငယ်သို့သာ ပို့ပေးနိုင်မည့် သာမန်မန္တန်အစီအရင်တစ်ခုဟုသာ သူ ထင်ထားခဲ့သည်။
သို့သော် လုရှီယွဲ့သာ ထိုမန္တန်အစီအရင်နှင့်ပတ်သတ်၍ သူ့ကိုမညာခဲ့ပါက ထိုအစီအရင်ကို မကြာမီရှာတွေ့နိုင်မည် ဖြစ်ကြောင်းကို သူကယုံကြည်နေသည်။
ယခုအချိန်ထိဆိုလျှင် သူက မန္တန်အစီအရင် စုစုပေါင်းအရေအတွက်၏ ခုနစ်ဆယ်ရာခိုင်နှုန်းအထိကို စမ်းကြည့်ခဲ့ပြီးပြီ မဟုတ်ပါလော။ ထို့ကြောင့် တာဝေး တည်နေရာရွှေ့ပြောင်းခြင်းအပေါက်ဝကို ရှာတွေ့နိုင်မည့် အခွင့်အရေးမှာ အချိန်ကုန်လာသည်နှင့်အမျှ ပို၍များပြားလာခဲ့သည်။
သို့သော်လည်း ယခု သူ မတ်တတ်ရပ်နေသည့် အစီအရင်မှာ သူရှာဖွေနေသည့် အစီအရင်ပင် ဖြစ်နေတော့သည်။ ကံမကောင်းသည်မှာ ဤအစီအရင်သည် သူ၏အသက်ကိုကယ်တင်ပေးနိုင်မည့် အစီအရင်ဖြစ်နေပါသော်လည်း ယခုတွင်မူ အသက်အန္တရာယ်ပင် ရှိစေနိုင်သည့် အရာကြီးတစ်ခုဖြစ်နေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သဘောပေါက်လိုက်တော့သည်။
ဤ အခြေအနေကို တွေးတောချင့်ချိန်နေရန် အချိန်မရှိတော့ပေ။ သူက ညာလက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး အပေါက်ဝ၏ မျက်နှာပြင်ပေါ်သို့ ဖိချလိုက်သောအခါ အလင်းရောင်များ ပို၍စူးရှ တောက်ပလာတော့သည်။
သူ၏ မျက်ဝန်းများထဲတွင် တည်ကြည်မှုနှင့် ရူးသွပ်မှုများဖြင့် ရောယှက်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤ တစ်ခဏအချိန်က အလွန်အန္တရာယ်များသည့် အချိန်ဖြစ်ကြောင်း သူကသိလိုက်သည်။ ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ အသက်အန္တရာယ်ရှိစေနိုင်သော ဝှက်ဖဲတစ်ခုနှင့် ကြုံတွေ့ခဲ့သည်ရှိသော် ကာကွယ်နိုင်ရန်အတွက် သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအင်အများစုကို ကြောက်ကြောက်လန့်လန့်ဖြင့် ထုတ်မသုံးပဲနေခဲ့သည်။ ထိုအချက်ကြောင့်သာ ပိုင်ရှောင်ချန်းနှင့် သရဲကြီးဘုရင်တို့မှာ ယခုအချိန်ထိ အသက်ရှင်နေကျန်နေခြင်း ဖြစ်သည်။
သို့သော် ယခုတွင်မူ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အလင်းရောင်များက တောက်ပနေပြီဖြစ်၍ ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ စွမ်းအင်အကုန် ထုတ်ရတော့မည် ဖြစ်သည်။
ထင်ထားသည့်အတိုင်းပင် သူက စွမ်းအင်အကုန်ထုတ်လိုက်သည်။ ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ မျက်ဝန်းထဲရှိ ဒေါသများမှာ ပျောက်ကွယ်သွားပြီး ပြတ်သားမှုများက နေရာယူလာတော့သည်။ အန္တရာယ်နှင့် ကြုံတွေ့နိုင်သေးသည့်အတွက် သူက တွေဝေနေသေးပါသော်လည်း ယခုချက်ချင်း လှုပ်ရှားရမည်ဖြစ်ကြောင်း သူကသိသည်။ ပိုင်ဟောက်ထံတွင် ဝှက်ဖဲနောက်တစ်ချပ် ထပ်ရှိနေမည်ဆိုလျှင်တောင် သူ့ကိုထွက်ပြေးခွင့်ပေးလိုက်ပါက ရင်ဆိုင်ရမည့် အကျိုးဆက်များမှာ ကြီးမားလွန်းနေသည်။
ထို့ကြောင့် ခေါင်းဆောင်ကြီးမှာ လုံးဝတွေဝေမနေတော့ပဲ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအင်အားလုံးကိုထုတ်လိုက်သဖြင့် ကောင်းကင်ကြီးမှာတုန်ရီသွားပြီး နေရာတိုင်းတွင် လျှပ်စီးများ ပေါ်ပေါက်လာတော့သည်။ သူ၏ အထက်ရှိလေထုထဲတွင် သူ၏မျက်နှာနှင့် ချွတ်စွတ်တူသည့် မျက်နှာကြီးတစ်ခုလည်း ပေါ်ထွက်လာသည်။
ခေါင်းဆောင်ကြီးက ရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး ခြေထောက်ကို မြေပြင်ပေါ်သို့ ချလိုက်သောအခါ လျှပ်စီးတန်းများစွာ ကျဆင်းလာသဖြင့် ရွှေရောင်မိုးများမှာ ကမ္ဘာမြေပေါ်သို့ ရွာသွန်းနေသည့်အတိုင်း ဖြစ်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ စိုးထိတ်မှုများနှင့် ပြည့်နေပြီ ဖြစ်သည်။ အထူးပြုလုပ်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ဤပုံစံမျိုးနှင့် ရှာတွေ့လိမ့်မည်ဟု သူကထင်မထားပေ။ သူ၏ အကြံမှာ ရန်သူများကို အကွာအဝေးတစ်ခုခန့် မျက်ခြေဖြတ်ပြီးမှ ထိုအစီအရင်ကိုဖွင့်ရန်ဖြစ်သည်။ သို့မှသာ သူထွက်ပြေးရန် အချိန်အလုံအလောက် ရမည်မဟုတ်ပါလော။
သို့သော် ယခုတွင်မူ သူ၏အကြံတိုင်း ဖြစ်မနေတော့ပေ။
" ငါတော့ သွားပြီ " သူက တွေးလိုက်တော့သည်။
" ကိစ္စတော့ ချောပြီ။ အကုန်ရေစုန်မျောပြီ။ ဘာလုပ်ရမတုံး။ ဘာဆက်လုပ်ရတော့မှာတုံး။ အခုအချိန် သရဲကြီးဘုရင်ကို ပေးလိုက်ရင်တောင် ခေါင်းဆောင်ကြီးက ငါ့ကိုလွှတ်ပေးမှာမဟုတ်ဘူး "
သူက ငိုချလိုက်ချင်ပါသော်လည်း မျက်ရည်များမှာ ကျမလာပေ။ သရဲကြီးဘုရင်ကို တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်အပြင်သို့ ကန်ထုတ်လိုက်ရန် သူက စိတ်မကူးမိသည်တော့ မဟုတ်ပေ။ ထိုသို့လုပ်ပါက အချိန်အနည်းငယ်ခန့် ဆွဲနိုင်မည်ဖြစ်သော်လည်း အဆုံးတွင်မူ ချိုင်မျိုးနွယ်စုက သူ့ကိုခွင့်လွှတ်မည်မဟုတ်ပေ။ ချိန်မျိုးနွယ်စုနှင့် ပိုင်မျိုးနွယ်စုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။
ထို့အပြင် သရဲကြီးဘုရင်သာ သူ၏ကျင့်ကြံခြင်းအခြေခံကို ပြန်ရသွားခဲ့ပါက သူ့အတွက်စောင့်မျှော်ရမည်မှာ စက်ဆုပ်ကြောက်ရွံ့ဖွယ် သေခြင်းတရားတစ်ခုသာ ရှိကြောင်းကို ပိုင်ရှောင်ချန်းက သိသည်။ သူ့တွင် အချုပ်အနှောင်မန္တန်နှင့် သရဲကြီးဘုရင်၏ ကတိရှိနေသည်ဖြစ်သော်လည်း သူသာ သရဲကြီးဘုရင်ကို လက်လွှဲပေးလိုက်ပါက ထိုသဘောတူညီချက်မှာ ပျက်သွားမည် မဟုတ်ပါလော။
" ကဲ။ ကြည့်ရတာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရတော့မဲ့ပုံပဲ။ "
မျက်စိတစ်မှိတ်အတွင်း သူ၏မျက်ဝန်းများ လုံးဝနီမြန်းသွားတော့သည်။ သူက သေရမည်ကိုကြောက်လန့်ပါသော်လည်း သေခြင်းတရားနှင့် ရင်ဆိုင်ရကာ အကြံအိုက်နေပြီဆိုပါက သူ့ကိုရူးသွပ်မှုများက ဖုံးလွှမ်းသွားစမြဲ။ ထိုသို့သောအချိန်များတွင် သူက မည်သည့်အကြောင်းကြောင့်မှ တွေဝေ ယိမ်းယိုင်မနေတော့ပေ။ သူသည် အလောင်းကစားပြုလုပ်ရသည်ကို နှစ်သက်သောသူ မဟုတ်သော်လည်း ဤသို့သောအချိန်များတွင်မူ အရဲစွန့်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက် အပြည့်အဝပွင့်သည်အထိ သူကတောင်ခံနိုင်ရန် စွန့်စားတော့မည် ဖြစ်သည်။
သူ၏ကိုယ်ပွားလေးခုစလုံးမှာ အင်အားချည့်နဲ့ကာ ဒဏ်ရာရာထားကြသည်ဖြစ်သော်လည်း ယခုတွင်မူ စွမ်းအင်များတရိပ်ရိပ်နှင့် အပြင်သို့ထွက်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ ပထမဆုံး အကြိမ်အဖြစ် သရဲကြီးဘုရင်ကို လက်မှလွှတ်လိုက်ပြီး မန္တန်အစီအရင် မျက်နှာပြင်ပေါ်သို့ ချလိုက်တော့သည်။ ထို့နောက် သူက ရူးသွပ်မှုများနှင့် တောက်ပနေသည့် မျက်ဝန်းများဖြင့် မော့ကြည့်ကာ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကို ရင်ဆိုင်ရန် ပြင်လိုက်တော့သည်။
" သေပေတော့ ပိုင်ဟောက် "
ခေါင်းဆောင်ကြီးမှာ ကောင်းကင်၏စိတ်ဆန္ဒများနှင့် တုန်ခါနေသည့် လေသံကြီးဖြင့် အော်ဟစ်လိုက်သည်။ ထိုအသံထဲတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ မှော်နိယာမများ ပါဝင်နေသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ယံမှ လျှပ်စီးတန်းများစွာ ကျဆင်းလာကာ တိုက်ပွဲသုံး ဧရာမပုဆိန်ကြီးတစ်လက်အသွင် ပြောင်းလဲသွားတော့သည်။
ထိုတိုက်ပွဲသုံး ပုဆိန်ကြီး ကျဆင်းလာသောအခါ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ လေပေါ်သို့ခုန်တက်ကာ ၎င်းကိုဖမ်းယူလိုက်ပြီး ပိုင်ရှောင်ချန်းထံသို့ ပြင်းထန်စွာ လှမ်းပေါက်လိုက်တော့သည်။
သူ့တိုက်ကွက်၏ အမြန်နှုန်းအရ တည်နေရာရွှေ့ပြောင်းခြင်း မပြီးခင် ထိုတိုက်ကွက်မှာ ပိုင်ရှောင်ချန်း အပေါ်မကျရောက်နိုင်စရာအကြောင်း လုံးဝမရှိပေ။
ဤအချိန်တွင်မူ မည်သူကမှ သရဲကြီးဘုရင်နှင့် သူ၏မျက်ဝန်းထဲရှိ ထူးဆန်းသော တောက်ပမှုများကို ဂရုစိုက်မနေကြတော့ပေ။ အမှန်မှာ သူသည် ပိုင်ရှောင်ချန်း၏ လုပ်ရပ်နှင့်စကားများကြောင့် အလွန်အမင်း စိတ်လှုပ်ရှားနေပြီဖြစ်သည်။ သူသည် မြေခွေးအိုကြီးတစ်ယောက်ကဲ့သို့ ဉာဏ်များကာ စာနာစိတ်ကင်းမဲ့ပြီး ရည်မှန်းချက်ကြီးမားပြီး ဆွေမျိုးအရင်းအချာများမှလွဲ၍ အခြားသူများကို မယုံသည့်လူစားမျိုးဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်း၏ နှုတ်မှထွက်လာသောစကားများကြောင့် သူ၏စိတ်နှလုံးထဲတွင် နွေးထွေးမှုများ ပေါ်ထွက်လာရတော့သည်။ သို့သော်လည်း ထိုနွေးထွေးမှုများမှာ ခေတ္တသာ ခံလိုက်သည်။ ပိုင်ရှောင်ချန်း၏ ယခင်ကလုပ်ရပ်များကို သေသေချာချာ ချင့်ချိန်တွေးတောကြည့်ပါက သူ၏စကားများနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့နိုင်ပေသည်။ သို့သော် တာဝေး တည်နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ပေါ်ထွက်လာပြီးနောက် သူ၏လုပ်ရပ်များမှာ ယခင်က သူအမှားမှားအယွင်းယွင်းလုပ်ခဲ့သည်များကို ထာဝရပယ်ပျောက်သွားစေနိုင်သည်အထိ အံ့သြဖွယ်ကောင်းနေသည်။
မည်သူက မည်သို့ပင်ဆိုစေကာမူ ပိုင်ရှောင်ချန်းသည် သူ၏ကတိအတိုင်းလုပ်နေသည်ဖြစ်ပြီး သရဲကြီးဘုရင်ဘေးကင်းစေရန် သူ၏အသက်ကိုပင်ရင်းကာ စွန့်စားနေပြီဖြစ်သည်။
ပို၍ အရေးကြီးသည့်အချက်မှာ ပိုင်ရှောင်ချန်းသည် လှုပ်ရှားရန်အတွက် သရဲကြီးဘုရင်ကို အောက်သို့ချလိုက်ခြင်းပင် ဖြစ်သည်။
သရဲကြီးဘုရင်မှာ သူ့အား ပိုင်ရှောင်ချန်းသည် ရန်သူများထံသို့ လွှဲပေးရန်အစီအစဥ်မရှိသည်ကို သိလိုက်ရသည့်အချိန်ကထက်ပင် ပို၍ စိတ်နှလုံးလှုပ်ရှားသွားရတော့သည်။ ဘုရင်ကြီး၏ နဂိုစိတ်မှာ ရက်စက်ကြမ်းကြုတ်ပါသော်လည်း ယခုဖြစ်ရပ်များကြောင့် သူကိုယ်တိုင်ပင်လျှင် စိတ်နှလုံးလှုပ်ရှားနေရပြီဖြစ်သည်။
ယနေ့တွင် ဖြစ်ပျက်နေသည့်အရာများမှာ အင်မတန်ကြီးကျယ်နေပြီဖြစ်သည်။ ထိုအချိန်တွင် သရဲကြီးဘုရင်က အသက်ပြင်းပြင်းရှူလိုက်ပြီး တချိန်ထဲမှာပင် သူ၏မျက်ဝန်းများထဲတွင် ပြတ်သားမှုအလင်းရောင်များ တောက်ပသွားတော့သည်။ ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးက အနီးသို့ရောက်လာသောအခါ သရဲကြီးဘုရင်က လက်မြှောက်ကာ သူ၏နဖူးပေါ်သို့ လက်ကိုဖိချလိုက်တော့သည်။
ထိုအခါ တဂျုန်းဂျုန်းမြည်ဟည်းသံများ ထွက်ပေါ်လာကာ သူ၏နဖူး ပွင့်သွားပြီး ရွှေရောင်သွေးစက်တစ်စက် ပျံထွက်လာကာ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားတော့သည်။
" ပိုင်ဟောက်ရေ။ ဒါငါ့ရဲ့ ဝိညာဥ်သွေးစက်တစ်စက်ပဲ။ စုပ်ယူလိုက်။ အဲဒါဆိုရင် နတ်ဘုရားတစ်ပိုင်းရောက်ခါနီး အဆင့်လောက်မှာရှိတဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်သွားလိမ့်မယ်။ ငါ့ရဲ့ ကြက်သွေးရောင် လှံကိုယူပြီး မင်းမှာရှိသမျှ အင်အားအကုန်ထုတ်ပြီး တိုက်ခိုက်လိုက် " သူက အားအင်ချည့်နဲ့စွာဖြင့် ထိုသို့ပြောလိုက်သည်။ ထိုသွေးစက်မှာ သူ၏ခန္ဓာကိုယ်ထဲမှ ပျံထွက်လာသောအခါ သူသည် သိသိသာသာပင် အိုမင်းရင့်ရော်သွားပြီး အရိုးပေါ်အရေတင်အဖြစ်သို့ ရောက်သွားတော့သည်။ သူ၏ အငွေ့အသက်မှာလည်း လေထဲတွင် တလက်လက်ဖြစ်နေသည့် ဖယောင်းတိုင်မီးအလား အားနည်းနေပြီဖြစ်သည်။ သူ၏မျက်ဝန်းများပင် ဝေဝါးနေတော့သည်။
သူ့ထံတွင် ဝိညာဥ်သွေးစက်စုစုပေါင်း သုံးစက်သာရှိသည်ဖြစ်ပြီး တစ်စက်ချင်းစီမှာ အလွန်အရေးကြီးသည်။ ထိုသွေးစက်တစ်စက်ကို စုပ်ယူလိုက်သည့်လူတိုင်း ကျင့်ကြံခြင်းအခြေခံအဆင့်မှာ တဟုန်ထိုးတိုးတက်သွားမည်ဖြစ်သည်။ သို့သော် ထိုဂုဏ်သတ္တိမှ အချိန်အနည်းငယ်မျှသာ ခံသည်။ သို့သော် စုပ်ယူလိုက်သည့်လူမှာ နတ်အဆင့်ကျင့်ကြံသူများ၏ သဘာဝများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများ၏ မှော်နိယာမများကို သိရှိနားလည်သွားမည် ဖြစ်သည်။
ယခုတွင် သရဲကြီးဘုရင်မှာ သူ၏ဝိညာဥ်သွေးစက်ကို ပြတ်သားမှုအပြည့်ဖြင့် ပိုင်ရှောင်ချန်းကို ပေးလိုက်သည်။
ထိုအရာများမှာ ဖော်ပြရသည်သာ ကြာသော်လည်း မီးတစ်ခတ်အချိန်အတွင်း ဖြစ်သွားခဲ့သည်။ သရဲကြီးဘုရင်၏ စကားများကိုကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ထို့နောက် ထိုဝိညာဥ်သွေးစက်မှာ သူ၏ရင်ဘတ်ကိုထိကာ အတွင်းသို့စိမ့်ဝင်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်အတွင်း အပူလှိုင်းတစ်ခု ပျံ့နှံ့သွားပြီး သူ၏မျက်နှာနှင့် လည်ပင်းများပေါ်တွင် သွေးကြောကြီးများ ထောင်ထလာတော့သည်။ တချိန်ထဲမှာပင် နာကျည်းမှုအပြည့်ပါဝင်နေသည့် အော်ဟစ်သံတစ်သံ သူ၏နှုတ်များမှ ပေါ်ထွက်လာတော့သည်။
အက်ကွဲသံများလည်း ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝိညာဥ်သွေးစက်၏ စွမ်းအင်များဖြင့် ပြည့်နှက်နေတော့သည်။
ရုတ်တရက် သူ၏ကျင့်ကြံခြင်းအခြေခံမှာ ကြီးမားစွာပြောင်းလဲသွားတော့သည်။ သူ၏ အငွေ့အသက်မှာ ဖော်ပြ၍မရနိုင်လောက်သည့် အရှိန်အဟုန်ဖြင့် တိုးတက်သွားပြီး ရွှေအမြုတေအဆင့်မှ အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်သွားတော့သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် မဟာစက်ဝန်းအဆင့်သို့ရောက်ရှိသွားပြီးနောက် နောက်တစ်ဆင့်သို့ တက်သွားတော့သည်။ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်နေပြီဖြစ်သော်လည်း ထိုမျှနှင့် ရပ်မသွားချေ။ သူ၏ အငွေ့အသက်မှာ ချက်ချင်းပင် နတ်အဆင့်မဟာစက်ဝန်းအထိရောက်သွားပြီး နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်လုနီးနီးဖြစ်သွားတော့သည်။
သူသည်.... နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်လုနီးနီး ဖြစ်နေပြီဖြစ်သည်။
ထိုအခါ သူသည် ရမ်းခါနေသည့်ဆံပင်ရှည်များဖြင့် ဦးခေါင်းကိုနောက်ပစ်ကာ အသံရှည်ဆွဲ၍ အော်ဟစ်လိုက်တော့သည်။ ယခုတွင် သရဲကြီးဘုရင်လေ့လာဆည်းပူးခဲ့သည့် နတ်အဆင့်ကျင့်ကြံသူများသာမက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများနှင့် ပတ်သတ်သော အချက်အလက်များမှာ သူ၏အတွေးထဲတွင် ပြည့်နှက်သွားတော့သည်။ ထို အချက်အလက်များမှာ မပြည့်စုံပါသော်လည်း ပိုင်ရှောင်ချန်းအတွက်မူ အလွန်အရေးကြီးသည့် အရာများဖြစ်သည်။ ဤသို့သော ကံထူးမှုမျိုးမှာ ရေစက်ပါမှသာ ကြုံတွေ့နိုင်သည့် အခွင့်အရေးမျိုးဖြစ်ပြီး လိုက်၍ရှာဖွေလျှင် လုံးဝတွေ့ရှိနိုင်မည် မဟုတ်ပေ။
ထိုအချက်အလက်များကြောင့် သူ၏အနာဂတ် ကျင်ကြံမှုများမှာ ယခင်ကထက် ပို၍လျင်မြန်စွာ တိုးတက်လာနိုင်သည်ဖြစ်ပြီး အမှားများစွာကိုပါ ရှောင်ရှားနိုင်တော့မည်ဖြစ်သည်။ သရဲကြီးဘုရင်ထက် သာလွန်သည့်အဆင့်သို့ရောက်အောင်ပင် ကြိုးစားနိုင်မည်ဖြစ်သည်။
ယခုတွင်မူ သူ့အတွက် အရာရာတိုင်းမှာ ဖြစ်နေနိုင်ပြီဖြစ်သည်။
၎င်းမှာ ဝိညာဥ်သွေးစက်၏ အစွမ်းဖြစ်သည်။ အဆင့်မြင့်စွမ်းအင်များကို ထာဝရမပေးစွမ်းနိုင်ပါသော်လည်း ရေရှည်တွင်များစွာ အထောက်အကူပေးနိုင်သည်။
ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး မျက်နှာပျက်သွားပြီး လွတ်ခနဲ အော်ဟစ်လိုက်တော့သည်။
" ဝိညာဥ်သွေးစက်ပါလား "
တစ်ကိုယ်ကောင်းဆန်ကာ နှလုံးသားကင်းမဲ့လှသည့် သရဲကြီးဘုရင်မှာ သူ၏ဝိညာဥ်သွေးစက်တစ်စက်ကို ထုတ်ပေးလိမ့်မည်ဟု သူကလုံးဝ မတွေးထားမိပေ။ ခေါင်းဆောင်ကြီး၏ သတ်ဖြတ်လိုသော စိတ်များမှာ ပို၍ပင် ပြင်းထန်လာပြီး မိုးကြိုးပုဆိန်ကြီးကို ပို၍လျင်မြန်စွာပင် ပစ်လွှတ်လိုက်တော့သည်။
သူထုတ်လွှတ်နေသည့် တိုက်ကွက်မှာ ဖော်ပြ၍မရနိုင်လောက်အောင် ကြီးမားသည့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့၏ စွမ်းအင်များ ပါဝင်နေသည်ဖြစ်၍ သဘာဝတရားကြီးကိုယ်တိုင်က ဒေါသထွက်နေသဖြင့် သက်ရှိများအားလုံးကို အပြစ်ပေးချင်နေသည့်ပုံစံနှင့်ပင် တူနေသည်။ ထိုဧရာမပုဆိန်ကြီးမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာသောအခါ ကောင်းကင်ယံတွင် လျှပ်စီးများဖြင့် ပြည့်နှက်သွားတော့သည်။