← Chapters

လှေပေါ်တွင် နေထိုင်ခြင်း ( ၂ )

Vol. 6 Ch. 82

လှေပေါ်တွင် နေထိုင်ခြင်း ( ၂ )

Vol. 6 Ch. 82

ထိုစဉ် လီကျစ်မေ့သည် တွေဝေတွန့်ဆုတ်နေလျက် မေးမြန်းလိုက်သည်။

“ ဂိုဏ်းက ဂိုဏ်းသားတွေကို အဲဒီလိုမျိုး ပတ်ဝန်းကျင်မှာ ရှင်သန်စေရင် ဂိုဏ်းသားတွေက ဘယ်လိုလုပ် သစ္စာစောင့်သိကြတော့မှာလဲ။ ဂိုဏ်းလည်း စည်းစည်းလုံးလုံး ရှိပါတော့မလား ”

သက်လတ်ပိုင်းကျင့်ကြံသူက တဟားဟား ရယ်မောလိုက်သည်။

“ စည်းလုံးညီညွတ်တယ်၊ စည်းလုံးညီညွတ်တယ်ဆိုတာ ဘာလဲ။ သူငယ်ချင်းဆက်ဆံရေးဆိုတာ အမျိုးအစားတစ်ခုပဲကွ။ ကျေးဇူးတရားဆိုတာလည်း အမျိုးအစားတစ်ခုပဲ။ ကြည်ညိုလေးစားတယ်ဆိုတာလည်း နောက်ထပ်အမျိုးအစားတစ်ခုပဲ။ ဒါပေမဲ့ အဲဒါတွေက မြဲမြံခိုင်မာခြင်း မရှိဘူး။ ဒီရက်စက်ကြမ်းတမ်းတဲ့လောကပျက်ကြီးထဲမှာ စစ်မှန်တဲ့ သွေးစည်းညီညွတ်ခြင်းနဲ့ စစ်မှန်တဲ့ သစ္စာစောင့်သိခြင်းဆိုတာ အကျိုးအမြတ်ပဲ ”

“ ချီရွှဲ့ထုံဂိုဏ်းသားတွေက ချီရွှဲ့ထုံဂိုဏ်းကျင့်ကြံခြင်းပညာရပ်တွေနဲ့ အခြေတည်အဆင့်ကို ရောက်သွားတာနဲ့ တောင်ထိပ်ကို တက်ခွင့်ရသွားမှာပဲ။ အဲဒီအခါ ချီရွှဲ့ထုံဂိုဏ်းရဲ့ အကျိုးအမြတ်တွေကိုလည်း သူတို့ ရသွားမယ် ”

“ ချီရွှဲ့ထုံဂိုဏ်းရဲ့တစ်လတာ ဝင်ငွေကို အားလုံးသိအောင် ပြောထားတယ်။ အဲဒီဝင်ငွေက လူအားလုံးရဲ့ နေထိုင်စရိတ်တွေရယ်၊ ကျင့်ကြံခြင်းအရင်းအမြစ်တွေအတွက် လဲလှယ်တာရယ်၊ ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေ လဲလှယ်တာတွေရယ်ကနေ လာတယ်။ ဂိုဏ်းကို တစ်နေ့ ဝိညာဉ်ကြေးပြား သန်းငါးရာဝင်တယ်။ ဝိညာဉ်ကျောက်တုံးနဲ့တွက်ရင် ဝိညာဉ်ကျောက်တုံးငါးသိန်းပေါ့။ တစ်လဆိုရင် ဝိညာဉ်ကျောက်တုံး ဆယ့်ငါးသန်းရှိမယ် ”

“ အဲဒီအကျိုးအမြတ်တွေကို ကျင့်ကြံခြင်းအဆင့်အလိုက် ခွဲဝေပေးတယ်။ ဂိုဏ်းရဲ့နေ့စဉ်အသုံးအစရိတ်ကို ချန်ထားပြီးတော့ ကျန်တာကို အခြေတည်အဆင့်နဲ့အထက် ဂိုဏ်းသားအားလုံးကို ပေးတယ် ”

“ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတာနဲ့ အကျိုးအမြတ်တွေလည်း ပိုရလာမှာပဲ။ အခြေတည်အဆင့် အစောပိုင်းကျင့်ကြံသူတွေက တစ်လကို ဝိညာဉ်ကျောက်တုံးငါးထောင်ရတယ်။ အမြုတေအဆင့်ကိုရောက်ရင် တစ်လကို ဝိညာဉ်ကျောက်တုံးတစ်သောင်းရတယ် ”

“ ဒါကြောင့်လဲ ချီရွှဲ့ထုံဂိုဏ်းက စီးပွားရေးလုပ်ငန်းကြီးတစ်ခုနဲ့ ဆင်တူတယ်လို့ ငါ ပြောခဲ့တာ။ တောင်ပေါ်ကို တက်ခွင့်ရသွားတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေအားလုံးက အဲဒီစီးပွားရေးလုပ်ငန်းကြီးမှာ ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ အတူတူပဲ။ ချီရွှဲ့ထုံဂိုဏ်းတည်ရှိနေသရွေ့ နေ့စဉ်အကျိုးအမြတ် ရနေမှာပဲ ”

“ ဒီတော့ ပြင်ပရန်သူက ကိုယ့်အကျိုးအမြတ်ကို ထိပါးလာရင် ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာလား ”

သက်လတ်ပိုင်းကျင့်ကြံသူ၏စကားများကြောင့် ရွှီချင်း၏မျက်လုံးများထဲတွင် လေးနက်သောအလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ ယခုအခါ ချီရွှဲ့ထုံဂိုဏ်းအကြောင်းကို သူ ခရေစေ့တွင်းကျ နားလည်လာပြီဖြစ်သည်။

ကြိမ်ဖန်များစွာ သွေးစည်းညီညွတ်ခြင်း၊ ယင်းသည် တစ်ဖက်လူပြောသကဲ့သို့ အကျိုးအမြတ်များဖြင့် အရာအားလုံးကို ချည်နှောင်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။

လီကျစ်မေ့သည်လည်း ငြိမ်ကျသွားသည်။

သက်လတ်ပိုင်းကျင့်ကြံသူက ခပ်ယဲ့ယဲ့ပြုံးလိုက်သ်ည်။ ဂိုဏ်းသားအသစ်များကို ယခင်က သူ ခေါ်ဆောင်ခဲ့ဖူးပြီး ထိုစကားများကိုလည်း သူ ထပ်ခါထပ်ခါ ပြောခဲ့ရပြီးပြီဖြစ်သည်။ ရက်စက်ကြမ်းတမ်းသော ဤလောကပျက်ကြီးထဲ၌ အကျိုးအမြတ်က ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်သည့် အရာတစ်ခုဖြစ်သည်။

“ မင်းတို့ကောင်တွေကို ဂိုဏ်းရဲ့စီးပွားရေးအကြောင်း ပြောပြမယ်။ ဟိုကိုကြည့်လိုက်၊ အဲဒါ နန်းဟွမ်ဒေသကြီးတစ်ခုလုံးမှာ အကြီးဆုံးဆိပ်ကမ်းပဲ။ သင်္ဘောတွေ မရေမတွက်နိုင်လောက်အောင် နေ့စဉ် ဝင်ထွက်သွားလာနေတာ။ အပြင်လောကက ဘယ်အင်အားစုနေနေ ကုန်စည်တွေ တင်ပို့တာပဲဖြစ်ဖြစ်၊ တခြားတောင်ထိပ်တွေက ဂိုဏ်းသားတွေ ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်တာပဲဖြစ်ဖြစ် ငါတို့ကို ကျော်ဖြတ်ရတယ်။ ငါတို့သတ္တမမြောက်တောင်ထိပ်က အဲဒီဆိပ်ကမ်းပိုင်နက်ကို ထိန်းချုပ်ထားတာ ”

“ ဒီတော့ လှေတွေဆိုတာ သတ္တမမြောက်တောင်ထိပ်က တပည့်တွေ ကျင့်ကြံဖို့အတွက် သော့ချက်တစ်ခုပဲ။ ငါတို့က အဲဒီလှေတွေကို မှော်လှေတွေလို့ ခေါ်ကြတယ် ”

ရွှီချင်းသည် ထိုလူ၏လက်ညှိုးညွှန်ရာအတိုင်း လိုက်ကြည့်လိုက်ရာ ဆည်းဆာရောင်ခြည်တန်းများအောက်၌ အောက်ဘက်ရှိ ပင်မမြို့ကြီး၏ဆိပ်ကမ်းကို မြင်လိုက်ရသည်။

ပင်လယ်အနီးတွင် မြင်းခွာပုံသဏ္ဍာန်ဆိပ်ကမ်းများစွာ တူးထုတ်ထားပြီး ဆိပ်ကမ်းတစ်ခုချင်းစီက လွန်စွာ ကြီးမားကာ လှေအမြောက်အမြား ဝင်ဆံ့နိုင်ဟန်တူသည်။ ထိုကဲ့သို့ ဆိပ်ကမ်းပေါင်း ရာချီ၍ ရှိပေသည်။

အဝေးမှလှမ်းကြည့်လိုက်ပါက ခန်းနားထည်ဝါသော မြင်ကွင်းတစ်ရပ်ပင်။ တချိန်တည်းမှာပင် အရောင်က တစ်ရောင်တည်း မဟုတ်ပေ။ ဆိပ်ကမ်းတစ်ဝက်က အဖြူရောင်ဖြစ်ပြီး ၎င်းတွင် ကုန်တင်သင်္ဘောကြီးများ ရှိသည်။ ဆိပ်ကမ်းတစ်ဝက်က ခရမ်းရောင်ဖြစ်ပြီး အထဲတွင် လူနေအိမ်များ ရှိသည်။

အဝေးမှကြည့်ပါက ခရမ်းရောင်နယ်နိမိတ်အတွင်းရှိ လှေများအားလုံး သေးငယ်ပြီး ပြည့်ကြပ်နေသည်။

ယင်းအပြင် ဆိပ်ကမ်းတိုင်း၌ ဝင်ပေါက်တစ်ခုနှင့် အထပ်မြင့်မီးပြတိုက်တစ်ခု ရှိသည်။

“ အဖြူရောင်နယ်နိမိတ်အပြင်ဘက်က ခရမ်းရောင်နယ်နိမိတ်က သတ္တမမြောက်တောင်ထိပ်ဂိုဏ်းသားတွေရဲ့ နေရာပဲ ”

“ အထဲက လှေတွေကတော့ အစောပိုင်းက ငါ ပြောခဲ့တဲ့ မှော်လှေတွေဆိုတာပဲ ”

သက်လတ်ပိုင်းကျင့်ကြံသူ၏စကားသံ လွင့်ပျံလာသည်။

“ ငါတို့သတ္တမမြောက်တောင်ထိပ်ရဲ့ မှော်လှေတွေက နန်းဟွမ်ဒေသကြီးတစ်ခုလုံးမှာ နာမည်ကြီးတယ်။ အဲဒါက ငါတို့ဂိုဏ်းသားတွေရဲ့ ကျင့်ကြံခြင်းအတွက် အသက်ဝိညာဉ်လို့လည်း ဆိုနိုင်တယ် ”

“ အဲဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းဂူ၊ မင်းတို့ရဲ့တောင်၊ မင်းတို့ရဲ့ တိုက်ပွဲဝင်လက်နက်၊ အရင်းအမြစ်တွေရရှိဖို့အတွက် လိုအပ်ချက်တစ်ခုလည်း ဖြစ်တယ်။ အဲဒီမှော်လှေကို မှော်ရတနာတစ်ပါးလို မင်းတို့ သဘောထားနိုင်တယ် ”

ထိုစကားများကြောင့် လီကျစ်မေ့နှင့် ရွှီရှောင်ဟွေ့တို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ မှော်ရတနာများအကြောင်း သူတို့ သိထားသည်မှာ ထင်ရှားသည်။ ကျိုးချင်ဖုန်း၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် ထူးဆန်းစွာ ဝင်းလက်သွားသည်။

ရွှီချင်းသည်လည်း အတူတူပင်။ သူ ရင်တဒိန်းဒိန်းခုန်သွားရသည်။ မှော်ရတနာများ၏ တန်ဖိုးနှင့် ရှားပါးမှုကို သူ ကောင်းစွာ သဘောပေါက်ထားသည်။ ထို့ကြောင့် ခရမ်းရောင်ပိုင်နက်ကို သူ နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သို့သော်လည်း ထိုနယ်နိမိတ်ထဲတွင် အစီအရီ ရှိနေသော လှေများကြောင့် မှော်ရတနာများ ရှားပါးကြောင်း သူ သိထားသည့်အပါ် ဒွိဟဖြစ်သွားရသည်။

“ အမှန်အတိုင်းပြောရရင် စစ်မှန်တဲ့အဓိပ္ပာယ်ရှိတဲ့ မှော်ရတနာတစ်ပါးတော့ မဟုတ်ပေမဲ့ ငါတို့သတ္တမမြောက်တောင်ထိပ်က မှော်လှေတွေက အဲဒီလိုဖြစ်လာမယ့်အလားအလာတော့ ရှိတယ်။ မင်းတို့ ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီး အဲဒီလှေတွေကို ဆက်လက်ပြုပြင်သွားမယ်ဆိုရင် အနှေးနဲ့အမြန် မှော်ရတနာတွေဖြစ်လာမှာပဲ ”

“ ဒါကြောင့် မှော်လှေတစ်စီး ပိုင်ဆိုင်ခွင့်ရဖို့က သတ္တမမြောက်တောင်ထိပ်ကို ဝင်ရောက်လာတဲ့ ဂိုဏ်းသားတိုင်းရဲ့ အကြီးမားဆုံးအိပ်မက်တစ်ခုပဲ ”

“ အခြေခံအကျဆုံး မှော်လှေကို ရဖို့ဆိုရင် ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ညီမျှတဲ့ စွမ်းဆောင်မှုရမှတ်တစ်သိန်း လိုအပ်တယ် ”

“ ပြီးတော့ မှော်လှေတွေရှိတဲ့ ဂိုဏ်းသားတွေပဲ ဆိပ်ကမ်းမှာ ကျင့်ကြံဖို့နဲ့ ကြုံရာအလုပ်တွေလုပ်ခွင့် ရကြတယ် ”

“ မှော်လှေမရှိတဲ့ ဂိုဏ်းသားတွေကတော့ မှော်လှေပိုင်ဆိုင်ဖို့ ငွေရှာကြရတယ်။ အဲဒီငွေရှာရမယ့်အချိန်က သုံးနှစ်ပဲ။ အဲဒီသုံးနှစ်အတွင်းမှာ မှော်လှေတစ်စီးအတွက် လိုအပ်တဲ့ စွမ်းဆောင်မှုရမှတ်ကို မစုဆောင်းနိုင်ရင် သူတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ပြန်သိမ်းခံရပြီးတော့ ဂိုဏ်းကနေ ထုတ်ပယ်ခံရတယ် ”

“ ဘာကြောင့်လဲဆိုတော့ ငါတို့သတ္တမမြောက်တောင်ထိပ်ရဲ့ ကျင့်ကြံခြင်းပညာရပ်က ပင်လယ်နဲ့ ဆက်နွယ်နေတာကြောင့်ပဲ။ အဲဒီကျင့်ကြံခြင်းပညာရပ်ရယ်၊ မှော်လှေရဲ့အကူအညီနဲ့ ပေါင်းစပ်ပြီး မန္တန်အစီအရင်ကြီးအတွင်းမှာ လေ့ကျင့်လိုက်ရင် မင်းတို့ရဲ့ အစွမ်းတွေက နှစ်ဆလောက် ခုန်တက်လာလိမ့်မယ်။ ​ေဩာ် ... ဒါနဲ့ ကျင့်ကြံခြင်းပညာရပ်တွေကတော့ မင်းတို့ အလကားရမှာကွ။ မင်းတို့ ဂိုဏ်းသားဖြစ်ပြီဆိုတာနဲ့ အဲဒီပညာရပ်တွေကို ယူနိုင်တယ် ”

သက်လတ်ပိုင်းလူ၏စကားများကြောင့် ရွှီချင်းမှာ စိတ်လှုပ်ရှားနေရတော့သည်။ သတ္တမမြောက်တောင်ထိပ်၏ အထူး မှော်လှေအကြောင်းကိုသာမက သတ္တမမြောက်တောင်ထိပ်အကြောင်းကိုလည်း သူ ကောင်းစွာ နားလည်လာသည်။

မှော်လှေသည် သတ္တမမြောက်တောင်ထိပ်မှ ဂိုဏ်းသားများအတွက် အသက်တမျှအရေးကြီးသော ရတနာတစ်ပါး ဖြစ်သည်။

မှော်လှေကို ပိုင်ဆိုင်ထားသည့် တပည့်များသည် တာဝန်များကို ထမ်းဆောင်ခွင့်ရကြပြီး ခရမ်းရောင်နယ်နိမိတ်ဆိပ်ကမ်းတွင် နေထိုင်ခွင့်ရကြသည်။ သို့ဖြစ်၍ မှော်လှေက ကျင့်ကြံခြင်းဂူတစ်လုံး ဖြစ်သည်ဟု သက်လတ်ပိုင်းလူက ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့နေခွင့်ရရန်မှာ စွမ်းဆောင်မှုရမှတ်များစွာ လိုအပ်ပေသည်။

All Chapters