အခန်း (၃၅၀)
Vol. 35 Ch. 350
ကြင်နာတတ်သည့်ချင်ရီသည် ဤတစ်ကြိမ်တွင် အကြီးမားဆုံးအငြိုးထားမှုများကို အမှန်တကယ်ခံစားခဲ့ရသည်။ သူ၏ စေတနာကောင်းများသည် သူ့ကိုယ်သူချိန်ရွယ်ထားသည့် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု တစ်ခါမှစိတ်မကူးဖူးပေ။
သူလုပ်ခဲ့သမျှသည် အရည်အချင်းများအား ချစ်ခင်မြတ်နိုးကာ၊ ဝမ်စစ်ထုံအား ဤကဲ့သို့ခက်ခဲသည့် မိသားစုအခြေအနေနှင့်နေထိုင်နေရသဖြင့် သနားပြီး တိုင်းပြည်အတွက် နောက် ထပ်ကမ္ဘာ့အဆင့်မီ အရည်အချင်းများအား ပြုစုပျိုးထောင်ရန် ဆန္ဒရှိခဲ့သည်။
သို့တိုင် ဤအရာအားလုံးမှ သူ့အား ဒုက္ခကြီးကြီးပေးခဲ့သည်။
ဆိုရိုးစကားအတိုင်း၊ သနားစရာကောင်းသူများတွင် ချို့ယွင်းချက်များရှိတတ်ပြီး တချို့ကတော့ ကောင်းကောင်းဆက်ဆံပေးရန် မထိုက်တန်ချေ။
နောင်တမရသေးသည့်ဝမ်စစ်ထုံအား ကြည့်ကာ အေးစက်စွာရယ်မောလိုက်ပြီး "မင်းမှန်တယ်၊ အဲ့တာ ငါ့အမှားပဲ။ ဒီတော့ စိတ်ချ၊ ငါမင်းကို ကြင်နာနေတော့မှာမဟုတ်ဘူး။"
၎င်းအားကြားပြီး ဝမ်စစ်ထုံ၏အမူအရာသည် ဗလာဖြစ်သွားသည်။
[ဟက်၊ ဒါက အခုကစပြီး ဝမ်စစ်ထုံကို ဘယ်သူကမှကောင်း ကောင်းဆက်ဆံတော့မှာမဟုတ်ဘူးလို့ ပြောသင့်တာ။ တကယ်တော့ ဒီကိစ္စရဲ့အမှန်တရားကို တစ်ကြိမ်ဖော်ထုတ်ပြီးတာနဲ့ လယ်သမားနဲ့မြွေပုံပြင်လိုပဲ။ ဝမ်စစ်ထုံက တကယ်ကြီး လူတိုင်းကိုသင်ခန်းစာတစ်ခုသင်ပေးခဲ့တယ်- နောက်ပိုင်းကျရင် နောက်ကျောဓားထိုးခံရတာနဲ့ပဲ အဆုံးသတ်သွားမှာဆိုတော့ အခု ဘယ်သူက သူ့ကိုကြင်နာပြရဲတော့မလဲ?]
ဒုတိယသား၏အိမ်ထောင်စုအပါအဝင် ချင်မိသားစုသည် သဘောတူခဲ့သည်။ ယခု ဝမ်စစ်ထုံအား မည်သူကကောင်း ကောင်းဆက်ဆံပေးရဲမည်နည်း ? သက်သက်မဲ့ဦးနှောက်မရှိတာ မဟုတ်လား? မျက်ဖြူဝံပုလွေကိုက်တာခံရမည်ကို မည်သူကမကြောက်ပဲနေမည်နည်း?
အွန်လိုင်းနှောင့်ယှက်မှုမှတစ်ဆင့် အာရုံစိုက်မှုရရှိရန် ဝမ်စစ်ထုံ၏ကြိုးပမ်းမှုသည် သူ့အပေါ် တန်ပြန်သက်ရောက်သွားခဲ့သည်ဟုသာပြောနိုင်သည်။
၎င်းကိုတွေးပြီး အွန်လိုင်းခေတ်ရေစီးကြောင်းအား အကဲဆတ်သည့်ချင်ကျောက်သည် သူ့မေးစေ့ကိုပွတ်သပ်ပြီး သူ့အာ့ကောအားမှီကာ " အမှန်တရားထွက်လာရင်တောင်မှ ရဲတွေ စုံစမ်းစစ်ဆေးမှုကိုအပြီးသတ်ပြီး အွန်လိုင်းပေါ်တင်မဲ့အချိန်က သိပ်နောက်ကျမှာမဟုတ်ဘူးလား ? လူထုအမြင်ရဲ့ ဦးတည်ချက်က..."
အများသူငှာထင်မြင်ချက်အား ကိုင်တွယ်ရာတွင် အမြဲပြဿနာရှိသောကြောင့်၊ အထူးသဖြင့် "သြဇာကြီးသူ" ဟု မြင်ရသည့် သူတို့လိုလူများအတွက် အစောပိုင်းကတည်းက သူ့အာ့ကောနှင့် ဤကိစ္စအားဆွေးနွေးခဲ့ဖူးသည်။ ၎င်းတို့သည် လူထုထံမှ ပြင်းပြင်းထန်ထန်စီရင်ခြင်းခံရရန် အလားအလာပိုများသည်။
အမှန်တရားပေါ်ထွက်လာလျှင်ပင် လူအများသည် ပူးပေါင်းကြံစည်မှုဟု ထင်မြင်ယူဆကြလိမ့်မည်။
"ဝမ်စစ်ထုံသာ တောင်းပန်မယ်ဆိုရင် ထိခိုက်မှုတချို့ လျော့သွားနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့ ရူးသွပ်နေတဲ့အခြေအနေကိုကြည့်ရင် ဒါကဖြစ်နိုင်ပါ့မလား?" ဟု ချင်ကျောက်မှ တောက်ခေါက်လိုက်သည်။
သူစကားပြောပြီးသည်နှင့် သူ့အာ့စောင်ဖြစ်သူမှ တိုးတိုးလေးရယ်မောနေသည်ကို ရုတ်တရက်ကြားလိုက်ရသည်။
ဘာကြောင့်လဲဆိုတာ သူ မသိခင်၊ ချင်ရှန့်ပြုံးပြီး အဝေးမှ ရှေ့နေအားခေါင်းညိတ်ပြလိုက်သည်။
အချက်ပြမှုအား လက်ခံရရှိသည့်ရှေ့နေသည် ဝမ်စစ်ထုံအား "မစ္စဝမ်၊ မင်း အပြစ်တွေကိုဝန်ခံပြီး မစ္စတာချင်ရီရဲ့နာမည်ကို ရှင်းပေးဖို့ဆန္ဒရှိနေရင်၊ ငါတို့ဘက်က သက်ညာပေးဖို့စဉ်းစားနိုင်တယ်။"
ယင်းကြောင့် ကျောင်းဆရာအချို့မှ ဝမ်စစ်ထုံအား အမှားဝန်ခံရန်တိုက်တွန်းခဲ့သည်။
သို့သော် ဝမ်စစ်ထုံသည် သူ၏ရူးမိုက်သည့်စိတ်ထားဖြင့် ဘယ် တော့မှ နောက်ပြန်ဆုတ်မည်မဟုတ်ပေ။ သို့မဟုတ် ရာဇ၀တ်မှုဆိုင်ရာစွဲချက်များနှင့် ထောင်ချခြင်း၏ပြင်းထန်မှုအား သူအ ပြည့်အဝနားလည်မထားဘဲ၊ သူလုပ်သမျှသည် အချစ်ရေးလိုက်စားမှု မအောင်မြင်ပြီးနောက် လုပ်ခဲ့သည့်အရာများဟုသာ တွေးနေသည် —သိပ်ကြီးကြီးမားမားမဟုတ်ဟု ထင်နေခဲ့သည်။ သို့တိုင် သူအပြစ်ရှိသလို ခံစားရသေးသည်။
သို့သော်လည်း သူ့မိဘများမှရှေ့တိုးကာ အတင်းအကြပ် လိုက်လျောစေသည့်အခါတွင် သူ ဒေါသပေါက်ကွဲသွားသည်။
သူသည် မိဘများအားတွန်းထုတ်ကာ သူတို့အား တိုက်ရိုက်မပြောဝံ့သော်လည်း ဒေါသတကြီးအော်နေခဲ့သည် " ငါမလုပ်ဘူး! ငါ တရားစွဲခံရရင်တောင်မှ ငါ့ခံစားချက်တွေကို သစ္စာ ဖောက်တဲ့သူကိုပါ ဆွဲချပစ်မယ်!"
ဝမ်စစ်ထုံသည် ချင်ရီဘက်သို့လှည့်ကာ ရူးသွပ်နေသည့်မျက် နှာဖြင့် " အဲ့တာက ကျွန်မကို မလိုချင်တဲ့အတွက် ရှင့်ရဲ့အရှုံးပဲ! ရှင်ကျွန်မကို ဒီချောက်ထဲကနေကယ်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မကို အိမ်တစ်အိမ်ပေးဖို့ကိုတော့ ရှင်ငြင်းတယ်။ အဲ့တာအားလုံး ရှင့်အမှားပဲ! ရှင်က ဒီကလဲ့စားနဲ့ထိုက်တန်တယ်။ ရှင် အွန်လိုင်းပေါ်မှာ ရှင့်နာမည်ကိုရှင်းချင်နေတာ ကျွန်မသိတယ်၊ ဒါပေမဲ့ မေ့လိုက်တော့! ကျွန်မ မတောင်းပန်မချင်း၊ သက်သေပြနိုင်ရင် တောင်၊ အဲ့တာက အရေးမပါဘူး။"
"မနာလိုနေတဲ့သန်ကောင်တွေက ရှင့်ကို ဆက်ကိုက်လိမ့်မယ်၊ အားလုံးက လုပ်ကြံဖန်တီးထားတယ်လို့ လူတိုင်းထင်လိမ့်မယ်။ အွန်လိုင်းပေါ်က ဖြောင့်မတ်တဲ့ကီးဘုတ်သမားတွေက ရှင့်ကို သံသယဝင်လိမ့်မယ်။ ကျွန်မက ဖြူစင်တဲ့သူလို ဆက်ဟန်ဆောင်နိုင်တယ်။ အဲ့အခါကျရင် ရှင် ဆရာတစ်ယောက်အဖြစ် ဘယ်လိုဆက်လုပ်နိုင်မှာလဲ ?"
"လူတွေကရှုင့်ကို ဘယ်တော့မှ အပြည့်အ၀ယုံကြည်တော့မှာမဟုတ်ဘူး။ အမှန်တရားတစ်ခုက ကျွန်မက ရှင့်ရဲ့ကျောင်းသူလေး ရှင့်ကိုချစ်မိသွားပြီး ရှင့်အတွက်ဆို သေတောင်သေရဲတယ် - ဒါက ရှင်ဘယ်တော့မှ ဆေးကြောနိုင်မှာမဟုတ်တဲ့ အစွန်းအထင်းပဲ။ ဟားဟားဟား!"
ဝမ်စစ်ထုံ၏မျက်နှာသည် လုံးဝကိုလက်လျော့ထားသကဲ့သို့ ရူးသွပ်မှုများဖြင့် မဲ့ရွဲ့နေသည်။ လူတိုင်းမှ သူ၏မယုံနိုင်စရာအမူအရာများအား တွေ့ရပြီး အရူးတစ်ယောက်လိုကြည့်နေကြသည်။
သို့တိုင် ဝမ်စစ်ထုံပြောသည့်စကားများသည်... အလွန်ဖြစ်နိုင်ချေရှိသည်ကိုမူ သူတို့မငြင်းနိုင်ပေ။
ချင်ရီပင်လျှင် သူ့စကားကြောင့် ရင်ဘတ်ထဲမှနာကျင်မှုအား ခံစားရသည်။
ကျန်ချင်မိသားစုသည် ဒေါသတကြီးဖြစ်နေသည်။
"ဝမ်စစ်ထုံ၊ နင် တကယ်ယုတ်မာတာပဲ။ ဆရာချင် နင့်ကို သူ့တပည့်အဖြစ်ခေါ်သွားတုန်းက နင်ပြောခဲ့တာကိုမှတ်မိလား?" ဟု ကျိုးရုရှစ်မှ ရုတ်တရက်ရှေ့တိုးလာသည်။
သူ့ချစ်ရသူမှ ထိုကဲ့သို့ဆက်ဆံခံနေရသည်ကိုမြင်သော် ကျိုးရုရှစ်၏မျက်လုံးများသည် ဒေါသဖြင့်နီရဲလာသည်။ သူသည် အများအားဖြင့် စကားပြောလေ့မရှိသော်လည်း သူထိန်းမရတော့ပေ။
ချင်ရီအံ့ဩသွားပြီး ကျိုးရုရှစ်အား လှည့်ကြည့်လိုက်သည်။
ဝမ်စစ်ထုံသည် အော်သံကြောင့်ထိတ်လန့်သွားပြီး တစ်စုံတစ်ခုအား သတိရသွားပုံရကာ သူ့မျက်နှာမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့်တုန်ယင်နေသည်။
ကျိုးရုရှစ်မှ "ချင်ရီက နင့်ရဲ့ကျေးဇူးရှင်ကြီးပဲ၊ သူ့ကျေးဇူးကိုပြန်ဆပ်ဖို့ နောင်ကျရင် သီချင်းကောင်းဆိုမယ်လို့ နင်ပြောခဲ့တယ်လေ၊ ဒါက နင် သူ့ကိုကျေးဇူးဆပ်လိုက်တာလား?"
ဝမ်စစ်ထုံသည် သူအသိအမှတ်မပြုချင်တော့သည့် အတိတ်မှဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ရသကဲ့သို့ အရှက်တရားနှင့်ဒေါသများအား တဟုန်ထိုးခံစားရလေသည်။
"နင့် ပါးစပ်ကိုပိတ်စမ်း! နင့်အကြောင်း ငါ မသိဘူးမထင်နဲ့...!"
ဝမ်စစ်ထုံ၏ခံစားချက်များ ပွက်ပွက်ဆူလာသည်။ သူသည် ချင်ရီအား ကြိုက်သည့်သူတိုင်းကို ဖော်ထုတ်ချင်နေသည်—သူသာ ချင်ရီအားမရနိုင်လျှင် မည်သူမျှမရစေရပေ။ သူ လူတိုင်းအား ဒုက္ခရောက်စေချင်သည်။
"ဟေး၊ နင့်ရဲ့ မကောင်းဆိုးဝါးအကြံက အလုပ်မဖြစ်လောက်ဘူး။ " ကျီဖေးမှ ရုတ်တရက်ဖြတ်ပြောသည်။
"နင့်ဖုန်းကို စစ်ကြည့်လိုက်၊ အခုက liveလွှင့်နေတာ၊ နင်ပြောခဲ့သမျှကို ထုတ်လွှင့်ပြီးနေပြီ။"
ဒီအချိန်တွင် အခန်းထဲရှိလူတိုင်းအေးခဲသွားသည်။
[ငါ ဝမ်စစ်ထုံကို ဆက်ပြီးအရူးလုပ်ခွင့်ပေးထားပေမယ့်၊ ကျိုးရုရှစ်ရဲ့ ချင်ရီအပေါ် crush တဲ့အကြောင်းကိုတော့ ဒီအရူးကို live မလွှင့်စေချင်ဘူး။ ဘယ်လိုပြဿနာမျိုးတွေဖြစ်နိုင်လဲ ဘယ်သူသိမှာလဲ ? ကျိုးရုရှစ်က ကောင်းကောင်းသဘော ပေါက်တယ်၊ ပြီးတော့ ငါတို့က သူ့ကိုဒုက္ခရောက်အောင်လုပ်ခွင့်မပြုနိုင်ဘူး။]
သို့သော် ကျီဖေး၏စကားသည် ရုတ်ရုတ်သဲသဲဖြစ်စေပြီးဖြစ် သည်။
ဘာ ? တိုက်ရိုက်ထုတ်လွှင့်မှုလား ?
ဒီမှာလား ? တစ်စုံတစ်ယောက်က liveလွှင့်နေတာလား ?
လူတိုင်းသည် ပတ်ဝန်းကျင်အားလှည့်ကြည့်ကာ ချင်မိသားစု သို့မဟုတ် ကျောင်းဝန်ထမ်းမဟုတ်သည့် လက်ပ်တော့တစ်လုံးအနီးရှိလူစိမ်းလူငယ်တစ်ဦးမှ ဖုန်းကိုင်ရင်းမသက်မသာကြည့်နေသည်ကို သတိပြုမိလိုက်ကြသည်။
ရဲများသည် ရဲစခန်းတစ်ခုဖြစ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုအား ရပ်တန့်လိုကြသည်။
သို့သော် အရာအားလုံးမှာ ထုတ်လွှင့်ပြီးဖြစ်သည်—တည်းဖြတ်မှုမရှိ၊ တိုက်ရိုက်လွှင့်ပြီး၊ အကျည်းတန်သည့်အမှန်တရားများအားလုံးမှာ ဖော်ထုတ်ခံရပြီးဖြစ်သည်။
လူတိုင်းသည် ၎င်းတို့၏ဖုန်းအား ကောက်ကိုင်လိုက်သည့်အခါတွင် comment များပလူပျံနေသည်ကို တွေ့နိုင်ပေသည်။
ဝမ်စစ်ထုံအား လူအများဒေါသူပုန်ထကာ လက်တွေ့ရင်ဆိုင်နိုင်စေရန်ဆန္ဒရှိခဲ့ကြသည်။
ထို့နောက်၊ အင်တာနက်အသုံးပြုသူများသည် အမှန်တရားအား မြင်ရုံသာမက ဝမ်စစ်ထုံ၏ ၎င်းတို့အား လက်နက်များအဖြစ်အသုံးပြုကာ စော်ကားပြီး ခြယ်လှယ်လိုသည့်အစီအစဉ်ကိုလည်း ကြားသိခဲ့ရသည်။
ဝမ်စစ်ထုံသည် သူ့ဖုန်းအား တုန်လှုပ်ခြောက်ခြားစွာ ထုတ်ယူလိုက်ပြီး comment များမြင်သောအခါတွင် သူ့မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖျော့သွားခဲ့သည်။
"စွကြိုးနည်း ? ငါတို့ကို ဘယ်သူလို့ထင်နေတာလဲ ?"
"ငါက ကီးဘုတ်သူရဲကောင်းပဲ၊ အွန်လိုင်း troll မဟုတ်ဘူး၊ ဟုတ်ပြီလား ?"
"ဒီခွေးမက နတ်ဆိုးမစစ်စစ်ပဲ! စိတ်မပူပါနဲ့၊ သူ့လှည့်ကွက်တွေထဲ ငါတို့ကျရှုံးမှာမဟုတ်ဘူး။ သူက အွန်လိုင်းနှောင့်ယှက်မှုတွေကို အရမ်းကြိုက်တာဆိုတော့၊ သူဖော်တဲ့ဆေး သူ့မြည်းခိုင်းရအောင်!"
"ငါ စွံ့အတယ်။ သူ့လိုလူတွေကြောင့် တကယ်မှားယွင်းပြီးခံခဲ့ရတဲ့မိန်းကလေးတွေက တရားမျှတမှုကိုရှာဖွေကိုခက်တယ်။ သူက ယောက်ျားတွေကိုပဲ ပစ်မှတ်ထားနေတာမဟုတ်ဘူး - မိန်းကလေးတွေကိုပါဆွဲချနေတာပဲ။ အရှက်ကိုမရှိဘူး! သူ့ကို စာနာမိတဲ့မိန်းကလေးတိုင်းက ကန်းနေတာပဲဖြစ်မယ်။"
"သူ့လိုလူတွေကို တစ်သက်လုံး ချုပ်နှောင်ထားသင့်တယ်၊ အဲ့ဒါမှ သူတို့ ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ်မှာ။"
"သူ့လိုလူတစ်ယောက်က ဘယ်တော့မှ အချစ်ဆိုတာကို သိဖို့မထိုက်တန်ဘူး!"
ရဲတပ်ဖွဲ့မှ အမှန်တရားအားထုတ်ပြန်ပြီးသည့်တိုင် အကယ်၍ အင်တာနက်အသုံးပြုသူအချို့တွင် ပူးပေါင်းကြံစည်မှုသီအိုရီများအား ယုံကြည်ဆဲဖြစ်ရန် 30% အလားအလာရှိခဲ့ပါက၊ ယခုအခါ ချင်ရီအား သံသယဝင်သူအရေအတွက်သည် 0.001% သို့ ကျဆင်းသွားခဲ့သည်။