← Chapters

အခန်း (၃၅၂)

Vol. 36 Ch. 352

အခန်း (၃၅၂)

Vol. 36 Ch. 352

နောက်နေ့တွင် ချင်အိမ်မှလူတိုင်းသည် ကျီဖေးအားစနောက်ကြသည်။ ကျီဖေးက ယောကျာ်းလေးထက်မိန်းကလေးကို ပိုပစားပေးနေတယ် ဟူ၍ဖြစ်သည်။

ကျီဖေးကပြုံး၍ “ နင်တို့အကုန်လုံး ကောင်မလေးရတဲ့အခါကြ ခေါ်လာခဲ့ ၊ အဲဒီ့အခါကြပေးမယ်”

ချင်ကျောက်သည် ကျီဖေးစကားကြောင့် စိတ်ပျက်သွားသည်။

ချင်ရှောင်ယွီသည် သူ့ အကိုအားကြည့်ကာ ထိုအခွင့်အရေးကို အမိအရသုံးကာစနောက်ခဲ့သည်။

ချင်မိသားစုသည်လည်း မောင်နှမနှစ်ယောက်အားကြည့်ကာ ရယ်မောခဲ့သည်။

သူတို့ရယ်မောနေချိန်တွင် ချင်ရီသည်အပေါ်ထပ်မှဆင်းလာခဲ့သည်။ ခါတိုင်းမနက်အစောကြီးနိုးတတ်သူသည် ယခုအခါ တော်တော်နောက်ကျမှဆင်းတာကို တွေ့ရသဖြင့်အံ့ဩနေကြသည်။

ဒါပေမဲ့လည်း မနေ့က ကိစ္စတွေကြောင့် သူလည်း အနားယူတာနေမှာပါ။ သို့သော် ချင်ရီမျက်နှာသည် တစ်ခုခုကြောင့် စိတ်ရှုပ်နေပုံရသည်။

ချင်မိသားစုဝင်တိုင်းကလည်း အကြောင်းပြချက်ကို ရိပ်မိကာ သူ့အားဝိုင်းနှိမ့်သိမ့်ပေးကြသည်။

သို့သော်အကူအညီမဖြစ်ပဲ ချင်ရီ၏အမူအရာမှာ ပိုဆိုးလာခဲ့သည်။

ကျီဖေးသည်လည်း ထူးဆန်းသည့်ခံစားရသည့်အတွက် System ကနေ ချင်ရီအား စစ်ဆေးလိုက်သောအခါ ကျီဖေး သည် ရယ်စရာဟာသတစ်ခုကို တွေ့လိုက်ရပြီး ထမင်းစားပွဲ၌ မရယ်မိအောင်မနည်းထိန်းထားခဲ့သည်။

[ ဟားဟား ငါသိပြီ လက်စသတ်တော့ သူ့ခန္တာကိုယ်ပြန်ကောင်းလာတော့ သူ့ရဲ့မှတ်ဉာဏ်တွေလည်း ပြန်ကောင်းလာတဲ့ပုံပဲ။ အေးပေါ့လေ လောကမှာ ဖုံးကွယ်ထားလို့ရတဲ့ဟာမှမရှိတာ။ ဒါပေမဲ့ သနားစရာချင်ရီကတော့ သူမှတ်ဉာဏ်ထဲကဟာကို အိပ်မက်နဲ့လက်တွေ့နဲ့ မခွဲခြားနိုင်သေးဘူး။ သူအဲ့လောက်ထိ မျက်နှာပျက်နေတာ မထူးဆန်းတော့ပါဘူး ]

ကျီဖေး၏အတွေးကို ကြားလိုက်သော ချင်းမိသားစုသည်လည်းတစ်ယောက်နှင့်တစ်ယောက် အရိပ်ပြကာ နေရခက်နေကြသည်။ သူတို့သည်လည်း ထိုအကြောင်းကိုသိပေမဲ့ ချင်းရီကိုဖုံးကွယ်ထားသလို ဖြစ်နေသည့်အတွက် အပြစ်ရှိသလိုခံစားနေရသည်။

ဒါပေမဲ့လည်း ချင်းရီမှတ်ဉာဏ်ပြန်ရလာရင် အရာအားလုံးအဆင်ပြေသွားမှာပါ ၊ သူတို့ဝင်မပါရင်တောင်ပေါ့ ။

ဒါပေမဲ့လည်း အဲ့တာကို အိပ်မက်လို့ဘယ်လိုများ ထင်နိုင်ရတာလဲ။ ဒါမှမဟုတ် အဲ့နေ့ကစိတ်ဒဏ်ရာတွေကြောင့် မယုံရဲဖြစ်နေတာလား။

ချင်ရှန်သည်လည်း သူ့ညီအပေါ်စာနာမိသည်။

ဒါပေမဲ့ ကျိုးရိုရှစ်ကလည်း ထိုကိစ္စကိုမေ့ပြီး ဘာမှမဖြစ်သလိုနေနေတော့ ချင်ရီအဲ့လိုဝေခွဲမရဖြစ်နေတာမဆန်းပေ။

သူ့ မှတ်ဉာဏ်ပြန်ရခဲ့ရင်တောင် ကျိုးရိုရှစ်ကဝန်မခံရင် အကုန် လုံးအချည်းနှီးပင်။

မနက်စာစားပြီးနောက် ချင်ရီသည် ကျောင်းသို့နောက်ဆက်တွဲကိစ္စများကို ဖြေရှင်းရန်ထွက်လာခဲ့သည်။ သို့သော် အပိုမီးသီးသုံးလုံးဖြစ်သည့် ကျီဖေး၊ ချင်ရုန်၊ ချင်ကျောက် သည်လည်း သူတို့၏ဝမ်းကွဲအား စိတ်ပူဟန်ဆောင်ကာ ဒရမ်မာကြည့်ဖို့ လိုက်လာခဲ့ကြသည်။

ကျောင်းသို့ရောက်သောအခါ ချင်ရီသည် သူ၏ကိစ္စများကိုဖြေရှင်းရန် ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။

သူနှင့်အတူပါလာသော မီးသီးသုံးလုံးသည် ကျောင်းထဲတွင်သာကျန်ခဲ့ကာ ဝေ့လည်ဝေ့လည်လုပ်နေကြသည်။

ထိုသုံးယောက် ဝေ့လည်ကြောင်ပတ်လုပ်နေချိန်တွင် မထင် မှတ်ထားပဲ ကျိုးရိုရှစ်ရုံးခန်းထဲက ထွက်လာတာနှင့်တိုးခဲ့သည်။

သူမ သူတို့သုံးယောက်ကိုမြင်သောအခါ ချက်ချင်းမှတ်မိပြီး ရပ်သွားပေမဲ့ ချင်ရီ မပါတဲ့အတွက်ကြောင့် ရုတ်တရက်စိတ်အေးသွားခဲ့သည်။

ထိုသုံးယောက်နားကမဖြတ်ခင် ကျိုးရိုရှစ်သည် ယဉ်ကျေးစွာပြုံးပြခဲ့သည်။

ဒါ့အပြင် ထိုသုံးယောက်သည်လည်း ချင်ရီကိစ္စတွင် ဝင်မပါနိုင်သဖြင့် ကျိုးရိုရှစ်ဘေးနားက ဖြတ်သွားတာကိုသာအောင့်သက် သက်နှင့်ကြည့်နေခဲ့ရသည်။

သူမ သူတို့ဘေးကထွက်သွားပြီး၊ပြီးချင်း ချင်ကျောက်က

“ဟမ်…. သူ အခုလေးတင် အဲ့အခန်းထဲက ထွက်လာတာမလား ?”

ကျီဖေးနဲ့ချင်ရုန်သည်လည်း ချင်ကျောက်စကားကြောင့် မျက် လုံးပြူးသွားသည်။

ထိုအချိန်တွင်ချင်ရီသည် ဖြစ်သွားတဲ့ကိစ္စတွေကြောင့် ကျန်တဲ့စာသင်နှစ်တစ်ခုလုံးကို အနားယူဖို့အတွက် တက္ကသိုလ်ဌာနမှူးနှင့်စကားပြောနေလေသည်။

ဌာနမှူးသည်လည်း ချင်ရီ၏တောင်းဆိုချက်ကို နားလည်ပေးနိုင်သည်။ ဘယ်လောက်ပဲ အပြစ်ကင်းပါစေ ဆရာတစ်ယောက်အနေဖြင့် ထိုကိစ္စဖြစ်ပြီးနောက် ကျောင်းသားတွေရှေ့ ဘာမှမဖြစ်သလိုနေ၍ စာပြန်သင်ရန်ခက်ခဲလေသည်။

ထို့နောက် ဌာနမှူးက “ ဒါပေမဲ့ နောက်နှစ်စာသင်နှစ်မှာ မင်းရဲ့ပုံမှန်သင်ကြားရေးအတန်းအပြင် အနီးကပ်ကျောင်းသားတွေ ထပ်ခေါ်ဖို့ကော အစီအစဉ်ရှိလား”

ချင်ရီသည် ထိုစကားကိုချက်ချင်းပင်ငြင်းဆန်ခဲ့သည်။

သို့သော် ဌာနမှူးက ပေါ့ပေါ့ဆဆရယ်မောကာ

“မင်း ကြုံ့တွေ့ခဲ့ရတာကြောင့်နဲ့ အကုန်လုံးကို ဆိုးရွားတယ်လို့မထင်ပါနဲ့။ ဝမ်စစ်ထုံလိုလူမျိုးက ရှားပါတယ်။ ငွေကြေးမတတ်နိုင်လို့ သူတို့ကို တန်ဖိုးထားပေးမဲ့၊ ပညာသင်ပေးမဲ့ ဆရာတစ်ယောက်ကိုလိုချင်တဲ့ ထူးချွန်ကျောင်းသားတွေ အများကြီးရှိပါသေးတယ်”

ဌာနမှူးက ချင်ရီကို သူ့အရည်အချင်းအား အဆုံးရှုံးမခံဖို့ဖျောင်းဖျနေခဲ့သည်။

“အဲ့ဒါကြောင့်မို့ ဝမ်စစ်ထုံလိုလူတစ်ယောက်အတွက်နဲ့ လော ကကြီးကိုကြည့်တဲ့ အမြင်မကျဉ်းလိုက်နဲ့”

ချင်ရီသည် နဂိုကတည်းက ကြင်နာတတ်သူဖြစ်ကာ ဆက်၍မငြင်းဆိုတော့ပေ

“ဒါဆို ဌာနမှူးမှာ ကိုယ်စားလှယ်လောင်းစာရင်းတွေရှိလား”

ဌာနမှူးကဝမ်းသာစွာ သူ၏စာရင်းအားပြလိုက်လေသည်။

“ဒီထဲက ငါရွေးချယ်ထားတဲ့ ကြိုတင်ကိုယ်စားလှယ်လောင်းတွေပဲ၊ မင်းကြည့်ကြည့် တစ်ယောက်ချင်းစီရဲ့ မှတ်ချက်တွေကို ဖတ်ပြီးရွေးချယ်လို့ရတယ်”

ချင်ရီသည် ဌာနမှုးပြောသကဲသို့ ဝမ်စစ်ထုံကြောင့် အလားအ လာရှိသော ကျောင်းသားတွေကို ငြင်းပယ်ခြင်းကအကြောင်း ပြချက်ကောင်းမဟုတ်တာကိုနားလည်ခဲ့သည်။ သို့သော် ချင်ရီသည် သူ့အိပ်မက်ထဲကကောင်မလေးဖြစ်သော ကျိုးရိုရှစ်ဟုခေါ်သော နာမည်ကိုမသိစိတ်က အာရုံစိုက်၍ရှာနေမိသည်။

ဝမ်စစ်ထုံကို ဖယ်လိုက်လျှင် ကျိုးရိုရှစ်သည် သူတို့စာသစ်နှစ် ၏အတော်ဆုံးကျောင်းသူ တစ်ယောက်ဖြစ်သည့်အတွက် သဘာဝကျစွာ သူမသည်လည်း ကိုယ်စာလှယ်လောင်းစာရင်းတွင် ပါလိမ့်မည်ဟုထင်ခဲ့သည်။

ဒါပေမဲ့ ချင်ရီသည် ကိုယ်စာလှယ်လောင်းစာရင်းကိုထပ်ခါ ထပ်ခါစစ်ခဲ့သော်လည်း ထိုနာမည်ကိုမတွေ့ခဲ့ချေ။

ချင်ရီသည် သူ၏အိပ်မက်ထဲက သဲလွန်စများကို ဖော်ထုတ်ချင်သည့်အတွက် ကျိုးရိုရှစ်ကသူ့အတွက်အရေးပါလာခဲ့သည်။

“ကျိုးရိုရှစ်က ဘာလို့မပါရတာလဲ ?”

ချင်ရီ၏အမေးကြောင့် ဌာနမှူးသည် သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်သည်။

ချင်ရီသည် အမည်မသိခံစားချက်တစ်ခုကြောင့် စိတ်လှုပ်ရှားလာခဲ့သည်။ ဝမ်စစ်ထုံကိစ္စကြောင့် ဌာနမှူးကလူတွေပြန်စစ်ပြီး ကိုယ်စာလှယ်လောင်းစာရင်းထဲ ရှိပြီးသားသူမကို ဖယ်ထုတ်ခဲ့တာလား။

ချင်ရီအတွေးလွန်နေချိန်တွင် ဌာနမှူး၏စကားများကို ကြားခဲ့ရသည်။

“အဲ့ကျိုးရိုရှစ်ဆိုတဲ့ကျောင်းသူလေးက အရင်တစ်ခေါက်က နိုင်ငံခြားကဂီတထိန်းသိမ်းရေးဌာနမှာပညာသင်ကြားဖို့စကော် လာလျှောက်တာရခဲ့တယ်လေ။ အဲ့ဒါ ပြင်ဆင်စရာရှိပြင်ဆင်ပြီး နှစ်ရက်အတွင်း နိုင်ငံခြားထွက်ဖို့လုပ်တော့မှာ။ အစက သူ ကိုယ်စားလှယ်လောင်းစာရင်းထဲမှာပါပါတယ် ၊ အခုတော့ သူမကိုယ်တိုင်က ရွေးချယ်မှုလုပ်တာဖြစ်တဲ့အတွက် စာရင်းထဲကဖယ်လိုက်ရတာပဲ”

ဒါကိုကြားတော့ ချင်ရီ၏နှလုံးသားထဲ အမျိုးအမည်မသိခံစားချက်များစိုးမိုးလာခဲ့သည်။

သူ….ဘာလို့ အဲ့လိုရွေးချယ်ခဲ့တာလဲ ?

All Chapters