← Chapters

အခန်း (၃၅၈)

Vol. 36 Ch. 358

အခန်း (၃၅၈)

Vol. 36 Ch. 358

ကျီဖေး အဓိကအချက်ကို ဒဲ့‌တိုးပြောလိုက်သဖြင့် ယုရှင်း၏ အမူအရာလည်း တင်းမာသွားသည်။ သို့သော် ယုရှင်းသည် သူ့ကိုယ်သူ အမြန်ထိန်းလိုက်ပြီး

"အိုး... အဆင်ပြေပါတယ်၊ ကျွန်မ စိတ်ထဲမထားပါဘူး၊ အဲ့တာကပျောက်သွားတာဆိုရင် ပျောက်သွားလို့ပဲလေ၊ ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး"

[သူ မခုခံနိုင်ပဲနဲ့ ချင်ကျားရှီကိုချောက်ချဖို့ ကြံနေတာလား?]

"ဝါး... ကြားရတာတော့ နင်က အရမ်းရက်ရောတဲ့ပုံပဲ၊ နင် စိတ်ထဲမထားဘူးဆိုရင်လည်း ကျားရှီ ခိုးတယ်လို့ လူတိုင်းထင်အောင်မလုပ်နဲ့လေ၊ အခုမှ မေတ္တာရှင်မကြီးလိုနဲ့ ဒီအတိုင်းပြီးလိုက်ချင်တယ်ပေါ့ ဟုတ်လား ?" ကျီဖေးသည် ယုရှင်းကြံစည်နေသည့်အရာကို ထပ်မံဖွင့်ဟလိုက်သည်။

ယုရှင်း၏မျက်နှာပျက်သွားပြီး ချင်ကျားရှီသည်လည်းသ‌ဘော ပေါက်သွားရသည်။ သူ ပတ်ဝန်းကျင်ရှိ လူများ၏အမူအရာများအားကြည့်ပါက ယုရှင်းသည် ချင်ကျားရှီမှာ ခိုးယူသူဖြစ်သော်လည်း သူမသည် သဘောထားကြီးသဖြင့် ခွင့်လွှတ်လိုက်သည်ဟုထင်ကြမည်။

ချင်ကျားရှီသည် ယခင်ကဆိုလျှင် ယုရှင်းပြောသမျှ ခေါင်းငုံခံနေသည့်အကြောင်းကို သူတို့နားလည်သွားသည်။ ယုရှင်းသည် သူမအား တိုက်ရိုက်မစော်ကားသော်လည်း လူများအားအထင် လွဲအောင်လုပ်တက်သည်။ သူ မထင်ထားမိသည်မှာ ယုရှင်းသည် သူ့အားကလေးဘ၀ထဲမှ မနှစ်သက်ခဲ့ဟူ၍ပင်။ ယခုမူ...

သူ ယုရှင်းအား စိုက်ကြည့်ပြီး "ဒီလက်ကောက်က ငါ့ဟာဆိုတာ နင် သိတယ်! နင့် ပစ္စည်းတွေကို ငါ ဘယ်တော့မှ မခိုးဖူးဘူး! နင် ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ!"

"ချင်ကျားရှီ မင်း ဘာလို့သူများကိုလွှဲချနေတာလဲ? မင်း မနာလိုတာနဲ့ပဲ အခုလို‌ပြောရလားကွ!" စုကျာ ဒေါသတကြီးလှမ်းပြော သည်။

ချင်ကျားရှီသည် သူ၏ကြမ်းတမ်းသည့်လေသံကြောင့် အံ့အား သင့်သွားသည်။ သူ စုကျာ၏ဒေါသတကြီးအမူအရာအားကြည့်ပြီး ယုရှင်းကိုပြန်ကြည့်ကာ ခါးသီးစွာရယ်မောလိုက်သည်။

"နင်ပြောတာ မှန်တယ်၊ သူ ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာပဲ၊ တကယ် မနာလိုက်နေတာ!" ကျီဖေး အပြုံးလေးဖြင့် ယုရှင်းအား လှည့်ကြည့်လိုက်သည်။

ယုရှင်းသည် ချောင်ပိတ်ခံရသဖြင့် ကသိကအောက်ဖြစ်နေချိန် စုကျာလည်းခေတ္တထိတ်လန့်နေသည်။ သို့တိုင် သူ ခက်ထန် သောလေသံဖြင့်

"လက်ကောက်ပျောက်တာကို ဂရုမစိုက်ဘူးလို့ပဲ ပြောချင်တာ၊ အဲ့ဒါ တခြားဘာကိုမှမရည်ရွယ်ဘူး။"

"နင် ဂရုမစိုက်ပေမယ့် ငါတို့ ဂရုစိုက်တယ်လေ၊ ပြီးတော့ ငါကိုယ်တိုင် အဲ့ဒီလက်ကောက်ကို ကျားရှီဆီပေးခဲ့တာ၊ နင်ပြောချင်တာက ငါ နင့်ဆီကခိုးပြီး သူ့ကိုပေးလိုက်တယ်လို့လား ?" ကျီဖေး၏အမူအရာသည် အေးစက်နေသည်။

ယခုစကားတွင် သူမသည် ချင်မိသားစုမှလက်ရှိမိသားစု၏ ဇနီးဟူသော ဂုဏ်ပုဒ်ကိုထုတ်သုံးလိုက်သည်။

ယုရှင်း ထိတ်လန့်သွားပြီးငြင်းဆိုရန် လမ်းကြောင်းရှာနေစဉ် သူ့ မျက်လုံးများဂနာမငြိမ်ဖြစ်နေသည်။ သို့သော် ကျီဖေး၏ စိတ်ရှည်မှုသည် လုံးဝအဆုံးသတ်သွားပြီဖြစ်သည်။

“နင့် လျှာမရှိတော့လို့ ဘာစကားမှပြန်မပြောတာလား ? နင့်မျက်စိကိုပြူးပြီးကြည့်လိုက်၊ ဒီလက်ကောက်ပေါ်က ပုတီးစေ့တွေက နင့်ဟာနဲ့ တူလို့လား ? နင် ခေါင်းပဲညိမ့်ကြည့်လိုက် ငါအခုချက်ချင်း လက်ဝတ်ရတနာအကဲဖြတ်တဲ့သူကိုခေါ်ပြီး အားလုံးရှေ့မှာ စစ်ဆေးခိုင်းမယ်! ရှေးဟောင်းလက်ကောက်တစ်ကွင်းက နင့်ရဲ့အသစ်စက်စက်လက်ကောက် ဘယ်လိုဖြစ်သွားလဲဆိုတာ ငါ မြင်ချင်သေးတယ်"

ယုရှင်းသည် ချင်မိသားစုဝင်တစ်ဦးအားရန်မစဝံ့သဖြင့်

"ကျွန်မ ကျားရှီခိုးတယ်လို့ ဘယ်တုန်းကမှမပြောဖူးဘူး၊ ကျွန်မ လက်ကောက်ပျောက်နေတယ်လို့ပဲ ပြောမိတာ"

ချင်ကျောက် အေးစက်စွာပြောလာသည်။

"ဒါဆို မင်းနဲ့ ကျားရှီမှာ တူတဲ့လက်ကောက်ရှိတယ်လို့ပြောတာကရော ? မင်း လက်ကောက်ပျောက်သွားဝောာ့ လူတိုင်းက ကျားရှီ ခိုးတယ်လို့ထင်ပြီး မင်းကိုပေးဖို့အတွက် သူ့ဆီကယူဖို့ ကြိုးစားနေကြတာမဟုတ်ဖူးလား?"

ယုရှင်း ပြန်ပြောစရာစကားမဲ့သွားသည်။

ချင်ရုန်သည် "တစ်စုံတစ်ယောက်ကို အခုလို အသရေဖျက်တာနင့်ကိုထောင်ထဲပို့လို့ရတယ်၊ အဲ့ဒါ ငါ့အာ့စောင် သူ့ကိုပေးထားတဲ့ ရှေးဟောင်းလက်ကောက်တစ်ကွင်းပဲ၊ ပြောရရင်တန်ကြေးက အနည်းဆုံးဆယ်သန်းလောက်တန်တယ်၊ ဒါပေမဲ့ နင်တို့အားလုံး အဲ့တာကိုဖျက်စီးပစ်လိုက်တယ်"

သူမ စကားများဆုံးချိန် နေရာတစ်ခုလုံးအုံးအုံးကြွပ်ကြွပ်ညံသွားကြသည်။

"ဘာ ? ငါ ဒီလက်ကောက်ကို ဈေးရှိမှ အလွန်းဆုံး တစ်သန်းလောက်ပဲတန်တယ်လို့ထင်ခဲ့တာ!"

"ဒါ မဖြစ်နိုင်ဘူး၊ ချင်ကျားရှီမှာ ဘာလို့ ဆယ်သန်းတန်လက်ဘကောက်တစ်ကွင်းရှိနေရတာလဲ ? ဘာတွေဖြစ်နေတာလဲ?"

လူတိုင်းသည် ကျားရှီကို အပြစ်တင်ရှာကြိုးစားနေဆဲဖြစ်သဖြင့် ချင်ရီက "အခုလို ဆင်တူတဲ့အမျိုးအစားထဲက လက် ကောက်ဈေးက အကြီးဆုံးဆုံးမှတစ်သန်းလောက်ပဲရှိမှာ၊ ဒါပေမဲ့ ကျားရှီရဲ့ဟာက ရှေးဟောင်းပစ္စည်းဖြစ်ပြီး ကမ္ဘာပေါ်မှာတစ်ခုပဲရှိတာ၊ ပြီးတော့ အခု ပုတီးစေ့တွေပျောက်နေတယ်.. အမ်း... ငါအခု ချက်ချင်းရဲခေါ်လိုက်ရမလား ?"

အဆုံးတွင် တစ်စုံတစ်ယောက်သည် မထိန်းနိုင်တော့ပဲ

"ယုရှင်း ဒီလက်ကောက်က နင့်ဟာမဟုတ်ဘူးလား?"

"အစတုန်းက နင့်အစ်ကိုပေးခဲ့တဲ့လက်ကောက်လေးပျောက်သွားပြီးဆိုပြီး နင် ငိုနေခဲ့တာလေ၊ ချင်ကျားရှီဆီမှာ ဆင်တူတဲ့ လက်ကောက်တစ်ကွင်းတွေ့တယ်လို့ ငါတို့ပြောတော့ နင်မငြင်းခဲ့ဘူးလေ!"

"သခင်လေးစု အစောက ရှင့်ကို ကျွန်မတို့လက်ကောက်နဲ့ပတ် သက်ပြီးမေးတုန်းက ကျားရှီက ယုရှင်းဟာကိုများ ယူသွားတာလားဆိုပြီး ရှင် ပြောခဲ့တယ်လေ၊ ရှင် ဘာမှမရှင်းပြတော့ ကျမတို့နားလည်မှုလွဲသွားခဲ့တာ"

"ဟုတ်တယ်၊ ဒါ ငါတို့အပြစ်မဟုတ်ဘူး!"

၎င်းတို့ တာဝန်ယူရမည်ကြောက်သဖြင့် သူတို့နှစ်ယောက်၏ လှည့်စားခဲ့သည့်လုပ်ရပ်များအား လူတိုင်းမှစတင်ဖော်ထုတ်လာကြသည်။ အဆုံးတွင် သူတို့သည် ချင်ကျားရှီထံ လက် ကောက်ရှိနေပြီးသားမှန်းသိထားသော်လည်း၊ ဤမရှင်းမလင်းထွက်ဆိုချက်များအားထုတ်ပြောနေသေးသည်မှာ လူတိုင်းအားတမင်လှည့်စားနေခြင်းမဟုတ်ပါလား ?

ချင်ကျားရှီအား စော်ကားမိမှာမကြောက်ကြသော်လည်း လက် ကောက်မှာ အမှန်တကယ်တန်ဖိုးကြီးသည်ဆိုလျှင် သူတို့ထဲမှဘယ်နှစ်ယောက်ကများ ပေးချေနိုင်မည်နည်း ? သူတို့ အဖမ်းမခံချင်ပေ။

၎င်းသည် စုကျာနှင့်ယုရှင်းတို့အား အလွန်စိတ်မသက်မသာဖြစ်စေသည်။ ဤအရာများအား သူတို့အမှန်တကယ်ပြုလုပ်ခဲ့သဖြင့် ငြင်းဆန်ရန်နည်းလမ်းမရှိပေ။

[ကြည့်လေ... သူတို့ငြင်းဖို့လမ်းပျောက်နေပြီ၊ ဒါပေမဲ့ ယုရှင်းကလူတွေကို လိမ်တဲ့နေရာမှာတကယ့်ဆရာကျတာပဲ၊ သူက ချင်ဟန်ဆီကနေ လက်ဆောင်ရထားတယ်လို့ပြောပြီး သနားစရာကောင်းအောင်ဟန်ဆောင်တယ်၊ သူ ဒီအခွင့်အရေးကို စောင့်နေတာပဲ ချင်ကျားရှီ အမြဲတမ်းလက်ကောက်ကို သိပ်မ၀တ်တက်လို့ ဘယ်သူမှမမြင်ဖူးဘူး။း၊ အဲ့တာကြောင့်လူတိုင်းက ယုရှင်းဆီမှာ ဒီလက်ကောက်ကို အရင်ဆုံးတွေ့ဖူးတယ်လို့ထင်ပြီး ယုရှင်းမှာပျောက်သွားတာနဲ့ ချင်ကျားရှီကဝတ်ထားတယ်ဖြစ်သွားရော၊ စုကျာနဲ့ဆက်ဆံရေးကြောင့် စုကျာက ဘာကြောင့်မှန်းမသိရင်တောင် ချင်ကျားရှီကို ကာကွယ်ပေးမှာမဟုတ်ဘူး၊ ဒီနည်းနဲ့ယုရှင်းက ချင်ကျားရှီကိုအနိုင်ကျင့်ပြီး သူ့ အစားလုပ်ပေးဖို့ အတန်းဖော်တွေကိုအသုံးချလိုက်တာပဲ၊ သူ့ လက်ကောက်ကိုမရနိုင်လို့ ဖျက်စီးပစ်လိုက်တာပဲ]

[ကြည့်ရတာ အရင်က ဒါမျိုး ခဏခဏလုပ်ဖူးတယ်နဲ့တူတယ်၊ ဒါဆို ဒီကိစ္စမှာ စုကျာရော ချင်ဟန်ရောကြံရာပါဖြစ်နိုင်တယ်]

အဆုံးတွင် စုကျာသည်းမခံနိုင်တော့ပဲ "မင်းတို့အားလုံး တိတ်ကြစမ်း! ယုရှင်းနဲ့ငါ ဘာပြောခဲ့လို့လဲ? မင်းတို့ကသာစွပ်စွဲခဲ့တဲ့သူတွေလေ! အဲ့ဒါ ငါတို့နဲ့ဘာဆိုင်လဲ?"

ယုရှင်းသည် စုကျာ၏နောက်တွင် သနားစရာကောင်းသည့်ပုံစံဖြင့် ကျုံ့ကျုံ့လေးပုန်းနေကာ "ကိစ္စတွေက ဒီလောက်ထိဖြစ်သွားမယ်လို့မထင်ထားဘူး၊ ကျွန်မတကယ် ဘာမှမသိတာပါ လက်ကောက်တွေက ဆင်တူနေယုံပါ ဒီလောက်ပါပဲ"

ထိုအချိန်တွင် ၎င်းတို့သည် ချင်ကျားရှီအား မှားယွင်းစွာစွပ်စွဲမိခဲ့သည်ကိုနားလည်သွားကြသည်။

ထိုလက်ကောက်သည် ဖျက်စီးခံလိုက်ရပြီဖြစ်သော်လည်း လက်ကောက်တန်ဖိုးသည် အလွန်ဈေးကြီးလှသည်...

"လက်ကောက်ကိုဆွဲချွတ်ခဲ့တာ သူပဲ! ငါတို့က ဘေးကနေ စကားနည်းနည်းပဲပြောခဲ့တာ!"

မိန်းကလေးတစ်ယောက်သည် ချင်ကျားရှီအား အနိုင်ကျင့်သည်ရာတွင် ဦီးဆောင်ခဲ့သောအတန်းဖော်မိန်းကလေးကို လက်ညှိုးထိုးကာပြောလိုက်သည်။

အထက်တန်းလွှာမှဖြစ်ဟန်တူသော အတန်းဖော်မိန်းကလေးလည်း ယုရှင်း၏ရှောင်လွဲမှုကြောင့် ရှက်ရွံ့သွားသော်လည်း ဆက်ပြီးခေါင်းမာနေဆဲပင်။

"ကျွန်မက ဖြစ်သင့်ဖြစ်ထိုက်တာကိုလုပ်ခဲ့တာ၊ ချင်ကျားရှီသာ ကျွန်မတို့စစ်ဆေးဖို့ လက်ကောက်ကိုပြခဲ့မယ်ဆိုရင် နားလည်မှုလွဲမိမှာမဟုတ်ဘူး ဒါဆို လက်ကောက်လည်းပြတ်သွားမှာမဟုတ်ဘူး"

"နင်တို့တွေ လိမ်ပြောတဲ့နေရာမှာ တော်တော်လေးဆရာကျတာပဲ၊ ပြောင်ကော... ရဲတစ်ခါတည်းခေါ်လိုက်" ကျီဖေး ပြတ်သားစွာပြောလိုက်သည်။

လူတိုင်း ချက်ချင်းထိတ်လန့်သွားပြီး အတန်းဖော်မိန်းကလေးအားနားချရန်ကြိုးစားတော့သည်။

"နင်... နင်တို့ အရမ်းလွန်သွားပြီ!"

အတန်းဖော်မိန်းကလေးသည် သူ့အတွက်ကူပြောပေးရန် စုကျာဘက်သို့ စိတ်လှုပ်ရှားစွာလှည့်ကြည့်လိုက်သည်။

သို့သော် စုကျာသည် သူမအား ကူညီရန်စိတ်မ၀င်စားပဲ အခြားလူများကိုသာစိုက်ကြည့်နေသည်။

"ဟားဟား မင်း သူ့ကိုအနိုင်ကျင့်တုန်းက အကျိုးဆက်တွေကို တစ်ခါတည်းမတွေးထားဘူးလား?"

ချင်ကျောက် ရယ်မောကာ‌ ပြောလိုက်သည်။ ထို့ကြောင့် ကျီးဖေးဘက်သို့လှည့်ကာ ခပ်တိုးတိုးလေးပြောလိုက်သည်။

"အာ့စောင်.. ရဲခေါ်တာက အဆင်‌မပြေဘူးလို့ထင်တယ်၊ တခြား ဘယ်လိုလက်စားချေကြမလဲ ?"

ကျီဖေး ပခုံးသာတွန့်ပြလိုက်သည်။ သူသည် ချင်ကျားရှီ၏ နာမည်ကိုရှင်းလင်းရုံမှလွဲ၍ အခြားမည်သည့်အရာမှ ဂရုမစိုက်ချေ။

ချင်ကျောက်သည် ချင်ကျားရှီကောက်ထားသည့် ပုတီးစေ့များအား ရေကန်ထဲသို့ပစ်ချလိုက်ပြီး

"ကောင်းပြီ၊ ငါတို့ ရဲမခေါ်တော့ဘူး ဒါပေမယ့်... မင်း၊ မင်း၊ မင်းနဲ့ မင်း..."

သူသည် ချင်ကျားရှီအားအနိုင်ကျင့်သည့်သူတိုင်းကို လက်ညိုးထိုးလိုက်ပြီး "မင်းတို့တွေ ပုတီးစေ့တွေကိုသွားပြန်ရှာကြ၊ တစ်ခုလေးပျောက်ကြည့် ငါတို့ ချက်ချင်းရဲခေါ်မယ်၊ ဒါ မင်းတို့ရဲ့တစ်ခုတည်းသောအခွင့်အရေးပဲဆိုတာ မှတ်ထား"

အမည်ခေါ်ခံရသူတိုင်း ချက်ချင်းမျက်နှာများဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

ကျီဖေးသည် အမြင်စူးရှသဖြင့် ချင်ကျောက်သည် ပုတီးစေ့တစ်လုံးအား အိတ်ထဲထည့်လိုက်သည်ကိုသတိပြုမိသည်။ အိုကေ... ရှာမယ့်သူတွေကတော့ ကံကောင်းကြပါစေ

All Chapters