ကြောက်လည်းကြောက်တယ်၊ မကြောက်လည်း မကြောက်ဘူး
Vol. 7 Ch. 663
" ပိုင်ဟောက်ရေ။ မင်းက ပိုင်မျိုးနွယ်စုကဆိုတော့ သရဲကြီးဘုရင်ကို အခုငါ့ဆီကို လက်လွှဲပေးရင် အထိုက်အလျောက်ဆုချီးမြှင့်ပြီး မင်းကို မျိုးနွယ်စုခေါင်းဆောင်နေရာ ခန့်မယ်ကွာ။ " ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးထံမှ ထွက်ပေါ်နေသည့် ဖိအားကြီးများမှာ အခြားခေါင်းဆောင်ကြီးနှစ်ယောက်ထက် သာလွန်နေသည်။
ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ စကားကို ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ သဘောမကျသော်လည်း ဘာမှဝင်မပြောပေ။ ထိုခေါင်းဆောင်ကြီးများမှာ သဘောတူညီချက် တစ်ခုခု လုပ်ခဲ့သည့်ဟန်ရှိသည်။ သို့သော် ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ ပိုင်ရှောင်ချန်းကိုသတ်ဖြတ်လိုသောစိတ်မှာ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးထက် သာလွန်နေသည်။ သို့သော် မည်သူမှ ထိုအချက်ကို သတိမထားမိကြပေ။
ပိုင်ဟောက် စွမ်းဆောင်နိုင်ခဲ့သည့် အရာများမှာ အလွန်အံ့သြဖွယ်ကောင်းနေပြီ ဖြစ်ပြီး မြေရိုင်းဒေသတစ်ခုလုံးကို လှုပ်ခါသွားနိုင်မည်မှာ အသေအချာပင်။ ထို့ကြောင့် အကယ်၍ပိုင်ဟောက်သာ ပိုင်မျိုးနွယ်စုသို့ ပြန်သွားပါက သူတို့မှာ သရဲကြီးမြို့တော်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်းကို ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးက သိသည်။
" သူ့ကို အသက်ရှင်ခွင့် ပေးလို့မရဘူး " သူက တွေးလိုက်သည်။
" ပိုင်မျိုးနွယ်စုမှာ သူဆက်ပြီးနေမယ်ဆိုရင် သူတို့မျိုးနွယ်စုက ဘယ်သူမှ တားဆီးလို့မရနိုင်လောက်အောင် အင်အားကြီးမားလာမှာ။ "
ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အားတင်း၍ ကောင်းကင်ယံရှိ ခေါင်းဆောင်ကြီးသုံးယောက်ကို မော့ကြည့်လိုက်သည်။ ပိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီး၏ ကမ်းလှမ်းချက်မှာ ကောင်းမွန်ပါသော်လည်း ပိုင်ရှောင်ချန်းမှာ သူ့ကိုလုံးဝမယုံပေ။
သူက စိတ်ထဲတွင် သက်ပြင်းချက မည်သို့ဆက်လုပ်ရမည်ကို တွေးတောလိုက်စဥ် ရုတ်တရက် ရက်အနည်းငယ်တိုင်အောင် သူ မကြားခဲ့ရသည့် အသံတစ်သံမှာ သူ၏နားထဲသို့ ဝင်ရောက်လာတော့သည်။ လိပ်ကလေး၏ အသံပင်ဖြစ်သည်။
" လက်မခံလိုက်နဲ့ သောက်ကလေး "
သူက အလောတကြီးပြောလိုက်သည်။
" အရင်ရက်တွေတုံးက လိပ်ကိုယ်တော် ပေါ်မလာတာ ထွက်မလာရဲလို့ကွ။ သောက်ကျိုးနည်း။ တစ်ခုခု ထူးဆန်းနေတယ်လို့ ငါထင်တော့ထင်သားပဲ။ သရဲကြီးဘုရင်က သတိပြန်ရလာပြီ။ သတိပြန်ရနေတာ ကြာလှပေါ့။ လိပ်ကိုယ်တော်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် သူက အင်အားအပြည့် ပြန်ရနေပြီ "
" ဒီဥာဏ်များတဲ့မြေခွေးအိုကြီးကတော့ကွာ၊ ဒီမှာ နားထောင်စမ်း ကလေးပေါက်စ၊ ငါမင်းကို ကူညီပေးနေတာ ကြာပြီဆိုပေမဲ့ ဒီတစ်ခေါက်တော့ ဒီသတင်းကို သရဲကြီးဘုရင်မသိအောင် မင်းကိုပို့ဖို့ ငါ အများကြီးပြင်ဆင်ခဲ့ရတာ။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူလေကွာ။ ကဲကဲ အခုငါသွားတော့မယ်။ မင်းဟာမင်း ဆက်ပြီး မီးစဥ်ကြည့်က ထားလိုက်တော့ "
ထိုစကားများကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်အံ့အားသင့်သွားရပါသော်လည်းသူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားပေ။ သရဲကြီးဘုရင်ကို တစ်ခဏမျှ လှည့်ကြည့်လိုက်ပြီးနောက် သူက အတွေးများဖြင့် မော့ကြည့်လိုက်တော့သည်။ ထို့နောက် သူ၏ သွေးကြောကြီးများမှာ ထောင်ထလာပြီး သူရွေးချယ်ထားသည့် လမ်းခရီးတွင် မည်သို့သော အတားအဆီးများရှိနေပါစေ ရှေ့သို့ဆက်လျှောက်မည့် ပုံစံပေါက်သွားတော့သည်။ သူ၏မျက်ဝန်းများမှာ နီမြန်းနေပြီး သင်းကွဲဝံပုလွေတစ်ကောင်အလား ရဲစွမ်းသတ္တိအပြည့်နှင့် သူရဲကောင်းတစ်ယောက်ပမာ မားမားမတ်မတ် ရပ်နေတော့သည်။
သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီး ပြတ်သားမှု၊ ပြင်းထန်မှုအပြည့်ပါဝင်နေသည့် အသံကွဲကြီးဖြင့် အော်ပြောလိုက်တော့သည်။
" တော်စမ်းပါ။ ပိုင်ဟောက်ဆိုတဲ့ကျုပ်၊ ပိုင်မျိုးနွယ်စုဆီက ထွက်လာတဲ့နေ့ကထဲက ထပ်မပတ်သတ်ဖို့ သစ္စာဆိုထားပြီးသား။ ခင်ဗျားတို့ရဲ့ရှေ့နာမည်ကို ကျုပ်နာမည်လိုမျိုး 'ပိုင်' လို့ခေါ်ပေမဲ့ ခင်ဗျားကြီးတို့နဲ့ ကျုပ်အကြား အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်က လုံးဝတခြားဆီပဲ "
" သရဲကြီးဘုရင်က ကျုပ်အတွက် ဘဝအသစ်တစ်ခု ဖန်တီးပေးခဲ့တာဗျ။ သူက ကျုပ်ရဲ့ အစ်ကိုကြီးတစ်ယောက်လိုပဲ။ ကျုပ်က သူ့ကိုတစ်လတိတိ ဘေးကင်းအောင်ထားပေးဖို့ ကတိပေးထားတာဆိုတော့ အဲဒီကတိအတိုင်း မရရအောင် လုပ်မှာ "
" ခင်ဗျားကြီးတို့က သရဲကြီးဘုရင်ကို လိုချင်နေတာလား။ ရတယ်လေ။ ယူလို့ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့ အလောင်းကို နင်းပြီးမှ ယူလို့ရမယ် "
သူသည် စကားပြောလာရင်း အသံများပိုမိုကျယ်လောင်လာပြီး အဆုံးတွင် ရဲစွမ်းသတ္တိအပြည့်ဖြင့် အော်ဟစ်နေသည့်အလား ဖြစ်သွားတော့သည်။ သူ၏စကားသံများထဲတွင် ဝင့်ကြွားမှုအရိပ်အယောင်များ ပါဝင်နေသဖြင့် သူ့အကြောင်းကိုမသိသူဆိုလျှင် သူသည် ဤကမ္ဘာကြီးထဲတွင် အမွန်မြတ်ဆုံးနှင့် အမှန်တရားကိုအမြတ်နိုးဆုံး လူတစ်ယောက်ဟုပင် ထင်သွားနိုင်သည်။
" ပိုင်ဟောက်ဆိုတဲ့ ကျုပ် သေရင်သေသွားပါစေ။ ကျုပ်အစ်ကိုကြီး သရဲကြီးဘုရင်ကိုတော့ လုံးဝ လက်လွှဲမပေးနိုင်ဘူး။ သူ့ကို သရဲကြီးမြို့ထဲမှာ မစွန့်လွှတ်ခဲ့သလို ဒီနေရာမှာလည်း စွန့်လွှတ်မှာ မဟုတ်ဘူးဟေ့ "
သူက ထိုသို့အော်ဟစ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သရဲကြီးဘုရင်က သူ၏နောက်တွင်လုံခြုံစွာရှိနေရန် သေချာအောင်လုပ်လိုက်ပြီး စောစောက သူ့ စကားလုံးများ၏ အံ့သြဖွယ်ကောင်းမှုများကို ပြန်လည်တွေးတောကာ သူက ထပ်မံထွက်ပြေးသွားပြန်တော့သည်။ ထိုစကားလုံးများကို ကြားရလိုက်သည့် သရဲကြီးဘုရင် စိတ်နှလုံးလှုပ်ရှားသွားရမည်မှာ အမှန်ပင်။
တချိန်ထဲမှာပင် သူ စိုးထိတ်နေတော့သည်။ နတ်အဆင့်ကျင့်ကြံသူသုံးယောက်ကြောင့် စိုးထိတ်နေရသည်တော့ မဟုတ်ပဲ သရဲကြီးဘုရင်မှာ ယုံကြည်၍မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း သူကသိထားသဖြင့် စိုးထိတ်နေရခြင်း ဖြစ်သည်။
ထိုဘုရင်ကြီး၏ ခေါင်းကို ကြိမ်ဖန်များစွာ သူ ရိုက်ခဲ့သည့်ပုံရိပ်များအား ပြန်လည်တွေးမိနေတော့သည်။
လေထဲတွင် ခေါင်းဆောင်ကြီးသုံးယောက်လုံးက မည်သည်မှ ပြန်မပြောပေ။ ထို့နောက် ရုတ်တရက် ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို ကိုယ်စားပြုသည့် မျက်နှာကြီးမှာ မှုန်ဝါးသွားပြီး ၎င်း၏နဖူးထဲမှ ယင်ယန်နတ်တစ်ပါးအဖြစ် သူ ထွက်ပေါ်လာတော့သည်။ သူက ပိုင်ရှောင်ချန်းကို ငုံကြည့်နေစဥ် သူ၏နှုတ်ခမ်းများမှာ တစ်စုံတစ်ခုကို ရေရွတ်နေသည့်အလား လှုပ်နေတော့သည်။ ထို့နောက် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး လျှပ်စီးတန်းများစွာမှာ ပိုင်ရှောင်ချန်းပေါ်သို့ ကျဆင်းလာတော့သည်။
ထိုလျှပ်စီးတန်းများမှာ လေထုထဲတွင် ရွေ့လျားကာ ကြောက်မက်ဖွယ်စွမ်းအင်များ ပေါ်ထွက်နေသည့် လျှပ်စီးဓာတ်လုံးတစ်လုံးအသွင်ပြောင်းလဲသွားသဖြင့် ၎င်း၏ဘေးနားရှိလေထုကြီးမှာ တွန့်လိန်ကောက်ကွေးကာ မီးတောက်များ တောက်လောင်လာတော့သည်။
ထိုအခါ ချန်မျိုးနွယ်စု ခေါင်းဆောင်ကြီးကလည်း သူ့ကိုကိုယ်စားပြုနေသည့် မျက်နှာကြီးထဲမှ ပေါ်ထွက်လာပြန်သည်။ သူ၏ ဘေးပတ်ပတ်လည်ကီလိုမီတာငါးဆယ် တစ်ဝိုက်လုံးမှာ ရုတ်တရက် ဧရာမအချုပ်အနှောင် တံဆိပ်တော်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေတစ်ခွင် အလင်းတန်းများ စူးရှတောက်ပစွာလင်းလက်လာတော့သည်။
ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပြူးကျယ်နေသည်။ ဤတိုက်ကွက်ကို ရှောင်တိမ်း၍မရနိုင်မှန်း သူက သိထားသဖြင့် သူ့ဆီသို့ပြေးလာနေသည့် လျှပ်စီးဓာတ်လုံးကြီးကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။
“ ကျုပ် သေသွားရင်တောင် ကျုပ်အစ်ကိုကြီးကို ခင်ဗျားတို့ မထိစေရဘူး "
သူက မြေပြင်ပေါ်သို့ ခြေထောက်ကိုဆောင့်ချလိုက်သောအခါ အောက်ဘက်တွင် ကျဥ်းကြီးတစ်ကျဥ်း ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူက သရဲကြီးဘုရင်ကို သူ၏ဘေးတွင်အသာအယာချလိုက်ပြီး သူ၏ထာဝရထီးကိုထုတ်ကာ သူတို့နှစ်ယောက်စလုံးကို ကာကွယ်ရန်ပြင်လိုက်တော့သည်။
မြေပြင်မှာ တုန်ခါသွားပြီး ကျယ်လောင်လှသော တဂျုန်းဂျုန်းမြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ အက်ကွဲကြောင်းများ ပျံ့ထွက်သွားပြီး လျှပ်စစ်မီးပွားလေးများမှာ လျှပ်စီးရေကန်တစ်ခုအလား အရပ်မျက်နှာအနှံ့သို့ ဖွာထွက်သွားတော့သည်။ထာဝရထီးမှာ တွန့်လိမ်ကွေးကောက်သွားပြီး ၎င်း၏နောက်ဘက်ရှိ ပိုင်ရှောင်ချန်းမှာ တုန်ရီသွားကာ သွေးတစ်ပွက်အန်ထွက်လာတော့သည်။ သူသည် ထိုတိုက်ကွက်၏ အင်အားကြီးကို ခုခံလိုက်ရသဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများမှာ ကျိုးကြေသွားကာ သတိမေ့မျောလုမတတ် တုတ်ရီနေတော့သည်။ ထိုတိုက်ကွက်ကြီးပြီးသွားသောအခါ သူကအံကိုကြိတ်ကာ သရဲကြီးဘုရင်ကို ဆွဲ၍ ထွက်ပြေးသွားပြန်သည်။
လမ်းတစ်လျှောက်တွင် သူသည် သွေးများဆက်တိုက် အန်နေရတော့သည်။ သူ၏မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်နေသည့် အမူအရာတစ်ခုပေါ်လာပြီး သူက သရဲကြီးဘုရင်ကိုကြည့်ကာ သူတို့နှစ်ယောက်သာကြားနိုင်လောက်သည့် လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
" လူတိုင်းတစ်နေ့တော့ သေရတာပါပဲ။ အစ်ကိုကြီး ကျွန်တော့်အပေါ်ထားခဲ့တဲ့ စေတနာတွေ၊ ကြင်နာမှုတွေ နဲ့ ယှဥ်လိုက်ရင် သေခြင်းတရားဆိုတာ စာမဖွဲ့လောက်တော့ပါဘူး "
ထိုအချိန်တွင် သူ၏ စိတ်ပျက်အားငယ်နေသည့် အမူအရာများမှာ ဒေါသများအသွင်ပြောင်းလဲသွားပြန်သည်။
" ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအခြေက နိမ့်လွန်းနေတာကို ကျွန်တော် ခံပြင်းတာပါဗျာ။ အဲဒါကြောင့် အစ်ကိုကြီးကို ကျွန်တော်ပေးခဲ့တဲ့ ကတိ ကျွန်တော်မတည်နိုင်တော့ဘူး "
ထိုသို့ဆိုကာ သူက ခေါင်းကိုနောက်ပစ်၍ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်တော့သည်။ စိတ်ထဲတွင်မူ သူ၏ ဟန်ဆောင်မှုမှာ လုံလောက်ပြီဟု သူက တွေးလိုက်တော့သည်။ အခြေအနေများမှာ မပြောင်းလဲပဲ ဤအတိုင်းဆက်သွားနေပါက သူသည် ဘေးအန္တရာယ်များကို လက်ကမ်းကြိုနေသလို ဖြစ်နေမည်သာဖြစ်သည်။
စောစောက တိုက်ကွက်ကို ကာကွယ်ရန် အားအကုန်ထုတ်ခဲ့သည်ဖြစ်ပြီး သူအသက်ရှင်နေရသေးသည့် တစ်ခုထဲသောအကြောင်းအရင်းမှာ ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးသည် ယင်ယန်နတ်တစ်ပါး ပုံစံတွင်သာရှိနေ၍ သူ၏တိုက်ကွက်များမှာ သာမန်ထက် ပို၍အားနည်းနေသည့်အချက်ကြောင့် ဖြစ်ကြောင်းကို သူကသိသည်။ လက်ရှိအခြေအနေတွင် ချန်မျိုးနွယ်စုသို့မဟုတ် ပိုင်မျိုးနွယ်စုမှ ခေါင်းဆောင်ကြီးတစ်ယောက်ယောက်သာ တိုက်ခိုက်ပါက သူကာကွယ်နိုင်မည် မဟုတ်ပေ။
" သရဲကြီးဘုရင်က ဘယ်အချိန်ထိ ဒီလိုဆက်လုပ်နေဦးမှာလဲ။ တစ်ခုခု မြန်မြန်မလုပ်ဘူးဆိုရင် ငါသေလိမ့်မယ်။ အဲဒါဆိုသူလည်း သေမှာလေ "
ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင်မူ ကြိတ်၍ငိုကြွေးနေရပြီ ဖြစ်သည်။
လေထဲတွင်မူ ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ လက်ရှိအဖြစ်အပျက်များကြောင့် နောင်တကြီးစွာ သက်ပြင်းချနေတော့သည်။ သို့သော် သူသည် အေးစက်သောနှလုံးသားပိုင်ရှင်ဖြစ်၍ ဤပိုင်ဟောက်မှာ ခေါင်းမာနေသဖြင့် သူကိုယ်တိုင် ပါဝင်ပတ်သတ်ရတော့မည်ဖြစ်ကြောင်း သိလိုက်တော့သည်။
" ကောင်းပြီလေ အဲဒါဆိုလည်း။ သေစမ်းကွာ "
သူက မြေပြင်ပေါ်သို့လက်သီးချက်တစ်ချက် ထိုးချလိုက်တော့သည်။
ဂျုန်းးး
ထိုအခါ ပုံရိပ်ယောင်ဧရာမလက်သီးကြီးတစ်ခု ပေါ်ပေါက်လာပြီး ၎င်းနှင့်အတူ အံ့သြဖွယ်ကောင်းလောက်အောင် ပြင်းထန်သည့် ဖိအားများမှာလည်း အရပ်မျက်နှာအားလုံးတွင် ပေါ်ထွက်လာသည်။ ထိုလက်သီးမှာ ကောင်းကင်၏စိတ်ဆန္ဒများကို ကိုယ်စားပြုနေပြီး စွမ်းအားကြီးမားလွန်းလှသဖြင့် ၎င်းနှင့်ထိမိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်မည်သာ ဖြစ်သည်။
တစ်ခဏအတွင်း ထိုလက်သီးမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာပြီး မြေပြင်မှာ ပြင်းထန်စွာ လှုပ်ခါနေတော့သည်။
ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် အသက်အန္တရာယ်နှင့် ကြုံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။ ထိုတိုက်ကွက်ကို မကာကွယ်နိုင်ကြောင်း သူက သိလိုက်သည်။ အချိန်မီရှောင်တိမ်းဖို့ရာလည်း မဖြစ်နိုင်ပေ။ ထိုလက်သီးချက်ကြီးနှင့် ထိသွားပါက သူသေသွားမည်မှာ ဧကန်မုချပင်။
" အမယ်လေး " သူက စိတ်ထဲတွင် အော်ဟစ်နေတော့သည်။
" လုပ်ပါဦး သရဲကြီးဘုရင်ရေ။ မဟုတ်မှလွဲရော သူကငါ့ကို သေစေချင်နေတာလား " သူ
က အသားများတုန်ရီကာ ထိတ်လန့်နေပါသော်လည်း သူ၏နှုတ်မှထွက်လာသည့် စကားများမှာ သူ၏စိတ်ထဲတွင်တွေးနေသည့် စကားလုံးများနှင့် မတူညီပေ။
" ကျွန်တော်က ကတိမတည်ချင်တာမဟုတ်ပါဘူး အစ်ကိုကြီးရာ။ တည်ချင်ပါတယ်။ ကြည့်ရတာ အခုတော့ ကျွန်တော်တို့နှစ်ယောက်လုံး သေရတော့မယ် ထင်ပါရဲ့ "
သူက ကြောက်ရွံမှုများ၊ ထိတ်လန့်မှုများမဟုတ်ပဲ ငြိမ်းချမ်းမှုများနှင့်သာ ပြည့်နှက်နေသည့် စိတ်နှလုံးဖြင့် ဧရာမ လက်သီးကြီးကိုမော့ကြည့်လိုက်တော့သည်။ သူ၏အသားများမှာ တုန်ရီနေပါသော်လည်း စိတ်ထဲတွင်မူ ကြောက်ရွံ့စိုးထိတ်မနေတော့ပေ။ လိပ်ကလေး၏စကားအတိုင်း သရဲကြီးဘုရင်မှာ အမှန်တကယ်သတိရနေပြီ ဖြစ်ပါက သူ့ကိုစွန့်ပစ်ရန်မှာ ရွေးချယ်သင့်သည့် လမ်းမဟုတ်ပေ။ ထို့အပြင် ယခုဖြစ်ရပ်များကို ကြည့်လိုက်ပါက ဤအချိန်တွင် ထိုနတ်အဆင့်ခေါင်းဆောင်ကြီးသုံးယောက်ထံမှ သူ လွတ်မြောက်နိုင်စရာ အကြောင်းမရှိတော့ပေ။
" လောင်းကြေးတွေထပ်စရာ မလိုတော့ဘူး။ ဟန်ဆောင်စရာလည်း မလိုတော့ဘူး " သူကတွေးလိုက်တော့သည်။
" ဟူးးး တကယ်ကြီး အသက်ပျောက်တော့မယ်ဆိုလည်း ကြောက်ကြောက်လန့်လန့်ဖြစ်နေတဲ့ ပုံစံကြီးနဲ့တော့ မသေနိုင်ဘူးဟေ့ " သူကအံကြိတ်ကာ သရဲကြီးဘုရင်ကို အကာအကွယ်ပေးရန် သူ၏နောက်သို့ ပို့လိုက်တော့သည်။
တစ်ကမ္ဘာလုံးတွင် ကောင်းကင်ကိုတုန်ခါစေကာ ကမ္ဘာကြီးကိုအက်ကွဲစေနိုင်သည့် ထစ်ချုန်းသံများဖြင့် ဆူညံနေပြီး ဧရာမလက်သီးကြီးမှာ ပိုင်ရှောင်ချန်းကို အမှုန့်ချေတော့မည့်အချိန်..... သူ၏ခြေထောက်အောက်တွင် ဧရာမကျဥ်းကြီးတစ်ကျဥ်းပေါ်ထွက်လာပြီး အနီးအနားရှိ တောင်စဥ်တန်းများမှာ ဖုန်မှုန့်အသွင်ပြောင်းကာ လေထုပင် ကွဲအက်နေသည့်အချိန်တွင်....
ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးမှာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချရမည့်အလား ရုတ်တရက် အသားများ တဆတ်ဆတ်တုန်ရီသွားတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများပြူးသွားရပြီး မျက်နှာပျက်သွားကာ အော်ဟစ်လိုက်တော့သည်။
" သရဲကြီးဘုရင် "
သူတစ်ယောက်ထဲသာ ထိုသို့ အမူအရာ ဖြစ်သွားသည်မဟုတ်။ ချန်မျိုးနွယ်စုနှင့် ချိုင်မျိုးနွယ်စု ခေါင်းဆောင်ကြီးနှစ်ယောက်စလုံးမှာလည်း တုန်ရီစပြုလာပြီး မိုးကြိုးအကြိမ်ပေါင်းထောင်သောင်းမက အပစ်ခံလိုက်ရသည့်အလား ဂယောင်ခြောက်ခြား ဖြစ်သွားကြတော့သည်။ ဤသို့သော အချိန်မျိုးတွင် ပိုင်ရှောင်ချန်း၏ နောက်ရှိ သတိမေ့မျောနေသောလူမှာ ရုတ်တရက် မတ်တတ်ရပ်ကာ ရှေ့သို့ ထွက်လာမည်ဟု သူတို့က လုံးဝမထင်မိပေ။
ထိုသူမှာ... သရဲကြီးဘုရင်ပင် ဖြစ်ပေသည်။