မိန်းမလှတို့၏မကျေပွဲ
Vol. 3 Ch. 88
စင်မြင့်ထက်မှတိုက်ပွဲက အရှိန်အမြင့် ဆုံးသို့ရောက်ရှိနေချေပြီ ။ နဂါးနက်ရောဟဲလောင်ထျန်းဇီရောပါ အစွမ်းအထက်ဆုံးသိုင်းကွက်များကိုအသုံးပြုနေကြသလို သူတို့၏တိုက်ကွက်များက သာမန်အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုအချိန်တိုအတွင်းအနိုင်ယူနိုင်သည်အထိကြောက်မက်ဖွယ်ကောင်းလျက်ရှိသည်။
နဂါးနက်၏အနက်ရောင်ဓားပြားကြီးက မျက်စိဖြင့်မမြင်နိုင်သည့်အမြန်နှုန်းဖြင့်ရွေ့လျားလျက်ရှိသလို ဓားချက်တွင်ပါဝင်သည့်အားအရှိန်ကပင် ကျောက်သားများကိုပိုင်းဖြတ်နိုင်သည်အထိ အားပြင်းလှ၏။
ထိုနည်းတူ ဟဲလောင်ထျန်းဇီ၏လက်သီးချက်များကမုန်တိုင်းကျသလိုပြင်းထန်နေပြီး စင်မြင့်ပေါ်တွင် ပေါက်ကွဲသံများပင်ထွက်ပေါ်လျက်ရှိသည်။
အံ့ဩဖွယ်ကောင်းသည်က ယခုအချိန်ထိ မည်သူမှဒဏ်ရာမရသေးကြခြင်းဖြစ်ကာ သိုင်းကွက်ငါးရာကျော်ခြောက်ရာနီးပါးရောက်လာသည့်တိုင် ဘဝတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်လျက်ရှိဆဲပင်။
“ မှင်နဂါး၏အမျက်ဒေါသ....”
နဂါးနက်က သူ၏ဓားကိုလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဆုပ်ကိုင်ရင်းအော်ဟစ်လိုက်သည်။
ပြောင်းလဲသွားသည့်သူ၏ပုံစံကြောင့် ဟဲလောင်ထျန်းဇီပင်အန္တရာယ်အငွေ့အသက်များကိုခံစားလိုက်မိသည် ။
သို့သော် ပြိုင်ဘက်၏နောက်လာမည့်တိုက်ကွက်က လွန်စွာအစွမ်းထက်မည်မှန်းရိပ်စားမိသည့်တိုင် နောက်မဆုတ်ဘဲရှေ့သို့ရိပ်ခနဲခုန်ဝင်ကာ သူ၏လပ်သီးနှစ်ဖက်ကိုလျှင်မြန်စွာလှုပ်ရှားလိုက်
သည်။
“ နတ်ဘုရားပြစ်ဒဏ် .....”
ဟဲလောင်ထျန်းဇီ၏လက်သီးက အရိပ်ခုနစ်ခုအဖြစ်ပြောင်းလဲသွားပြီး နဂါးနက်၏ခန္တာကိုယ်အစိတ်အပိုင်းခုနစ်ခုသို့လျှင်မြန်စွာတိုးဝင်သွားသည်။
ထိုလက်သီးချက်တိုင်းက အစစ်အမှန်ဖြစ်သည့်အပြင် လက်သီးချက်တွင်ပါဝင်သည့်လေအဟုန်ဖြင့်ပင် ထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးကိုသွေးပွတ်ပွတ်အန်သွားစေမည်ဖြစ်သည်။
ယခုတိုက်ကွက်က ဟဲလောင်မိသားစု၏နတ်မိုးကြိုးလက်သီးသိုင်းမှ အစွမ်းအထက်ဆုံးတိုက်ကွက်ဖြစ်ကာ အားအင်ပြင်းထန်ရုံသာမက သူ၏အမြန်နှုန်းကလည်း ကျန်တိုက်ကွက်များထက်နှစ်ဆခန့်ရှိသည် ။
ထို့ကြောင့် ပြိုင်ဘက်အနေဖြင့် ဦးတည်ရာများစွာသို့တိုးဝင်လာသည့်လက်သီးချက်များကိုခုခံရန်လွယ်ကူမည်မဟုတ်သလို တိုက်ကွက်၏အမြန်နှုန်းကြောင့် ရှောင်တိမ်းလျှင်လည်းလွတ်မြောက်မည်မဟုတ်ပေ။
ထိုအခြေအနေတွင် နဂါးနက်၏ပုံစံက လွန်စွာတည်ငြိမ်လျက်ရှိပြီး ဟဲလောင်ထျန်းဇီ၏လက်သီးရိပ်များကိုမမြင်သည့်အလား ဓားနက်ကြီးကိုလက်နှစ်ဖက်ဖြင့်တင်းကြပ်စွာဆုပ်ကိုင်ကာငြိမ်သက်နေသည်။
ထို့နောက်မှ သူ၏အတွင်းအားမှန်သမျှကို ဓားအတွင်းထည့်သွင်းလိုက်ရင်း ကျယ်လောင်သည့်အသံကြီးဖြင့် အော်ဟစ်မာန်သွင်းလိုက်သည်။
“ သေစမ်း ...”
အော်ဟစ်မာန်သွင်းသံ၏အဆုံးတွင် နဂါးနက်၏ဓားကြီးက ရိပ်ခနဲလှုပ်ရှားလာတော့သည်။
ဓား၏အမြန်နှုန်းက ထိုမျှမဟုတ်သော်လည်း ထိူအထဲတွင်ပါဝင်သည့်အားအရှိန်ကလွန်စွာပြင်းထန်ကာ သူ၏အဝတ်များကိုပင်တဖျက်ဖျက်လွင့်သွားစေသည်။
ထိုနည်းတူ ဟဲလောင်ထျန်းဇီ၏လက်သီးချက်များကိုရှောင်တိမ်းရန်စိတ်ကူးမရှိဘဲ ထိုဓားကွက်တစ်ကွက်ထဲဖြင့် ထိတ်တိုက်ရင်ဆိုင်လိုက်ပေသည်။
“ ဝုန်း....ဝုန်း....”
ကြီးမားသည့်ဓားရိပ်ကြီးနှင့်လက်သီးရိပ်များထိတ်တိုက်ဆုံတွေ့ကာ ကျယ်လောင်သည့်မည်သံများထွက်ပေါ်လျက်ရှိသည်။
တိုက်ခိုက်နေသူနှစ်ယောက်လုံး၏ခန္တာကိုယ်များကရှေ့သို့ရိပ်ခနဲတိူးဝင်သွားကြ၍ စင်အောက်ရှိလူအများစုမှမည်သို့ဖြစ်ပျက်သွားသည်ကိုပင် ကောင်းစွာမမြင်လိုက်ကြပေ။
သို့သော်လည်း လူချင်းပူးကပ်သွားပြီးနောက် မျက်စေ့တမှိတ်အတွင်း ဟဲလောင်ထျန်းဇီမှာ ဒယီးဒယိုင်ဖြင့်နောက်ဆုတ်လာသည်ကိုမြင်လိုက်ရပေသည်။
နဂါးနက်က ဖြူဖျော့နေသည့်မျက်နှာဖြင့်စင်မြင့်အလယ်တွင်ရှိနေကာ သူ၏လက်ထဲရှိဓားနက်ကြီးမှ နီစွေးသည့်သွေးစက်များက တစက်စက်ကျဆင်းလျက်ရှိသည်။
“ ငါရှုံးသွားပြီ.....”
ဟဲလောင်ထျန်းဇီက သူ၏လက်ဝါးဖြင့်အုပ်ထားသည့်ရင်ဝမှဒဏ်ရာကြီးကိုငုံ့ကြည့်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
သူ၏ရင်ဝတွင် နှစ်လက်မခန့်နက်ရှိုင်းသည့်ဓားရာကြီးတစ်ခုရှိနေပြီး ယခုထက်အနည်းငယ်ပိုသွားပါက သူ၏အသက်ကိုပင်နုတ်ယူနိုင်ပေမည်။
အစောပိုင်းကထိတ်တိုက်တွေ့ဆုံမှုတွင် ဟဲလောင်ထျန်းဇီ၏လက်သီးရိပ်များက တစ်ခုပြီးတစ်ခုဖျက်ဆီးခံလိုက်ရပြီး သူကိုယ်တိုင်ပင် ပြိုင်ဘက်၏လက်ချက်ကြောင့်အကြီးအကျယ်ဒဏ်ရာရရှိသွားသည်။
အကယ်၍ နဂါးနက်သာ သူ၏ဓားကိုအနည်းငယ်ပြန်ရုတ်သိမ်းခြင်းမရှိပါက ဟဲလောင်ထျန်းဇီတစ်ယောက်ယခုအချိန်တွင်အသက်ကင်းမဲ့နေသည့်အလောင်းကောင်တစ်ခုသာဖြစ်နေပေမည်။
စင်မြင့်အောက်ရှိလူအုပ်ကြီးကအပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်နေပြီး အတန်ကြာမှ လက်ခုပ်သံများဆူညံသွားကြသည်။
ယခုတိုက်ပွဲက လူငယ်မျိုးဆက်နှစ်ယောက်၏တိုက်ပွဲသာဖြစ်သော်လည်း ဤနေရာရှိအများစုကို တုန်လှုပ်ချောက်ခြားစေခဲ့သည်။
အထူးသဖြင့် ဟဲလောင်ထျန်းဇီနှင့်နဂါးနက်တို့၏နောက်ဆုံးတိုက်ကွက်များက လွန်စွာအစွမ်းထက်လှပြီး ဤနေရာရှိလူနည်းစုသာခုခံနိုင်မည်ဖြစ်သည်။
“ အင်း....ငါဆိုလည်း မခုခံနိုင်လောက်ဘူး....”
ရှောင်ယောင်လည်းအစောပိုင်းကတိုက်ကွက်နှစ်ခုကိုပြန်တွေးမိရင်စ ခေါင်းယမ်းလိုက်မိသည်။
သူ့လိုပင်ကျန်ပြိုင်ပွဲဝင်များလည်းတွေဝေနေကြပြီး ထိုလူနှစ်ယောက်သူတို့နှင့်တိုက်ခိုက်ရခြင်းမရှိသည်ကိုကံကောင်းသည်ဟုတွေးနေကြပုံရသည်။
ရှောင်ယောင်၏အနီးရှိစီးတုယွမ်ချင်းပင်မျက်မှောင်ကလေးတွန့်ချိုးကာ သူမအနေဖြင့်ထိုတိုက်ကွက်များကိုစိတ်ကူးထဲတွင်ရင်ဆိုင်တိုက်ခိုက်နေပုံရသည်။
ဟဲလောင်ထျန်းဇီက အရှုံးကိုဝန်ခံလိုက်ပြီဖြစ်၍ နဂါးနက်မှာ နောက်ဆုံးဆယ်ယောက်သို့ပါဝင်သွားချေပြီ။
ဓားနက်ကြီးကိုအားပြုကာ ရပ်နေသည့်သူ၏မျက်နှာကလည်းဖြူဖျော့နေပြီး အစောပိုင်းကဓားကွက်တွင် အားအင်များစွာသုံးစွဲခဲ့ရပုံရဟည်။
အမှန်လည်း ထိုဓားကွက်ကိုအသုံးပြုနိုင်ရန် သူ၏အတွင်းအားအပြင်အားကိုအကုနိသုံးစွဲခဲ့ရကာ ထိုတိုက်ကွက်သာအလုပ်မဖြစ်ပါက အရှုံးပေးရမည့်သူက သူကိုယ်တိုင်သာဖြစ်ပေမည်။
“ မင်းလည်းမဆိုးပါဘူး....”
နဂါးနက်၏မျက်နှာက အစောပိုင်းကလိုတင်းမာနေခြင်းမရှိဝောာ့ဘဲ ဟဲလောင်ထျန်းဇီကိုချီးကျူးစကားဆိုလိုက်သည်။
ထိုလူရွယ်က မောက်မာဝံ့ကြွားပြီး အမြင်ကပ်စရာကောင်းသော်လည်း အရှုံးကိုဝန်ခံနိုင်ကာ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်သည်။
ဟဲလောင်ထျန်းဇီက မည်သို့မှပြန်လည်ပြောဆိုခြင်းမပြုဘဲ နဂါးနက်ကိုစူးစိုက်ကြည့်ကာ စင်အောက်သို့ဖြေးညင်းစွာဆင်းသွားတော့သည်။
နဂါးနက်လည်း ဒယီးဒယိုင်ဖြင့်ဆင်းသွားသည့် ဟဲလောင်ထျန်းဇီ၏ နောက်ကျောကိုကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ မင်းက ပြိုင်ဘက်ကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် ငါ့မိသားစုကိုထိဖို့ကြိုးစားတာ မင်းကံဆိူးသွားခဲ့တာ....”
သူ၏မျက်နှာက ပုံမှန်အတိုင်းပြန်၍တည်ငြိမ်နေပြီဖြစ်ကာ စင်အောက်တွင်ရှိနေသည့် ဝဝဖိုင့်ဖိုင့်လူငယ်လေးကိုတစ်ချက်ကြည့်လိုက်သည်။
ထို့နောက် နဂါးနက်လည်းစင်မြင့်ထက်မှပြန်ဆင်းလာပြီဖြစ်သလို စွန်းအိမ်တော်သိုင်းသမားလည်းပြိုင်ပွဲ၏ရလာဒ်ကိုကြေငြာလိုက်သည်။
စင်အောက်ရှိပြိုင်ပွဲဝင်များကား အနည်းငယ်အားနည်းနေဟန်တူသော်လည်း တိုက်ခိုက်လိုစိတ်ပြည့်ဝနေဟန်တူသည့်နဂါးနက်ကို အံ့ဩတုန်လှုပ်သည့်ဟန်ဖြင့်ကြည့်ရှုလျက်ရှိသည်။
သည့်မတိုင်မီက နဂါးနက်၏သိုငိးပညာမှာ ကြောက်စရာကောင်းသော်လည်း သူတို့နှင့်များစွာကွာဟခြင်းမရှိဟုထင်မှတ်ခဲ့ကြသည်။
ယခုတိုက်ပွဲကိုတွေ့မြင်ပြီးနောက်မှ နာမည်မသိရသည့်ထိုလူရွယ်မှာပြိုင်ပွဲတွင်ဗိုလ်စွဲရန်စိန်ခေါ်နိုင်စွမ်းရှိကြောင်းကို သဘောပေါက်လိုက်ကြသည်။
လူအများမှာ နဂါးနက်နှင့်ဟဲလောင်ထျန်းဇီတို့၏တိုက်ပွဲရလာဒ်ကို ခံစားချက်အမျိုးမျိုးဖြင့်ပြောဆိုနေကြ၍ စင်မြင့်ထက်သို့လျှင်မြန်စွာရောက်ရှိသွားသည့်မိန်းကလေးကိုမမြင်လိုက်ရပေ။
ထိုမိန်းကလေးက အနီရောင်တောက်တောက်ဝတ်စုံကိုဝတ်ဆင်ထားပြီး မီးလျှံထဲမှပန်းတစ်ပွင့်လို လှပတင့်တယ်ကာ စွဲဆောင်နိုင်စွမ်းရှိလှသည့်မိန်းမပျိုလေးဖြစ်သည်။
သူမ၏သွင်ပြင်က မာနကြီးဟန်တူသော်လည်း နတ်သမီးလိုချောမောသည့်မျက်နှာကလေးကြောင့် မည်သူမှမကောင်းမြင်နိုင်ကြမည်မဟုတ်ပေ။
မိန်းမပျိုလေး၏မျက်ဝန်းများက ပြိုင်ပွဲဝင်များအတွင်းမှ လွန်စွာလှပသည့်မိန်းမလှလေးတစ်ဦးဆီသို့ကျရောက်နေပြီး ကြည်လင်ချိုသာသည့်အသံကလေးဖြင့်ပြောလိုက်သည်။
“ ရှန်ယုယု နင်လာပြီးတိုက်ခိုက်ဝံ့လား.....”
ထိုမိန်းမပျိုလေး၏စကားကြောင့်လူအများမှာ ပြန်၍တိတ်ဆိတ်သွားပြီး ပြိုင်ပွဲဝင်များထဲမှ ရောင်စုံဝတ်စုံနှင့်မိန်းမလှလေးဆီသို့ကြည့်လိုက်မိကြသည်။
ထိုမိန်းကလေးသည်လည်း အနီရောင်ဝတ်စုံဝတ်မိန်းမပျိုအောက်မနိမ့်ကျဘဲ တက်ကြွကာ အားမာန်ပြည့်ဝသည့်အလှမျိုးဖြစ်သည်။
တလက်လက်တောက်ပနေသည့်မျက်ဝန်းများက ရွှန်းစိုနေသလို အချိုးအဆစ်ကျလှသည့်ခန္တာကိုယ်ကလည်း ယောင်္ကျားသားမှန်သမျှကိုဆွဲဆောင်နိုင်ပေသည်။
မှန်ပေသည်။
ထိုမိန်းကလေးနှစ်ယောက်က ကျောင်းတော်မှရန်စရှိသည့် အဆိပ်ကဝေပျို ရှန်ယုယုနှင့် ပင့်ကူကဝေပျို ရှောင်ရှာတို့ပင်ဖြစ်သည် ။
အနီရောင်ဝတ်စုံဝတ် ရှောင်ရှာ၏စိန်ခေါ်မှုကြောင့် ရှန်ယုယု၏မျက်နှာကလေးက အေးစက်သွားသည်။
“ ဘာလို့ မတတ်ဝံ့ရမှာလဲ....”
ရှန်ယုယုက တင်းမာသည့်လေသံဖြင့်တုန့်ပြန်ရင်း စင်မြင့်ထက်သို့လွှားခနဲခုန်တက်သွားတော့သည်။
နဂါးနက်တို့၏တိုက်ပွဲအကြောင်းပြောဆိုနေကြစဉ်မှာပင် မိန်းမလှစာရင်းဝင် မိန်းကလေးနှစ်ယောက်၏တိုက်ပွဲက ကျရောက်လာ၍ ကြည့်ရှုနေကြသူများမှာ အထူးတက်ကြွသွားကြသည်။
ကိုယ်သန်ရာသန်ရာ အော်ဟစ်အားပေးသံများဆူညံနေကြသလို ယခုပြိုင်ပွဲအတွက် ပို၍ပင် စိတ်အားထက်သန်နေကြဟန်တူသည်။
“ ရှန်ယုယု နင့်အဒေါ်နဲ့ပေါင်းပြီးငါ့ကိုလုပ်ကြံခဲ့တဲ့သွေးကြွေးကို အခုပြန်ပေးဆပ်စေရမယ်....”
ရှောင်ရှာက ရှန်ယုယုကိုကြည့်ရင်းမုန်းတီးသည့်လေသံဖြင့်ပြောလိုက်သလို ရှန်ယုယုက ခနဲ့တဲ့တဲ့လေသံဖြင့်တုံ့ပြန်လိုက်သည်။
“ ဟက် ... အဲဒီတုန်းက နင်ကံကောင်းလို့လွတ်သွားတာဆိုပေမယ့် နင့်နောက်လိုက်လေးယောက်လုံးသေသွားတာမလား ။။
ပြီးတော့ နင်ကိုယ်တိုင်လည်းမသေရုံတမယ်ထွက်ပြေးရတာလေ....”
ရှန်ယုယု၏လှောင်ပြောင်သည့်စကားကြောင့် ရှောင်ရှာ၏မျက်နှာက ပို၍ပင်အေးစက်လာသည် ။
စင်အောက်ရှိလူများသည်လည်း သူတို့ပြောဆိုနေသည့်စကားများနားမလသည့်တိုင် ထိုမိန်းကလေးနှစ်ယောက်ကြားတွင်ကြီးမားသည့်ရန်ငြိုးရန်စရှိကြောင်းရိပ်စားမိလိုက်ကြသည်။
ရှောင်ရှာ၏မျက်ဝန်းလှလှလေးထဲတွင် သတ်ဖြတ်လိုသည့်အငွေ့အသက်များထွက်ပေါ်နေသလို ရှန်ယုယုလည်းထိုနည်းတူပင်ဖြစ်၏။
သူတို့နှစ်ယောက်က အကြိမ်အနည်းငယ်သာထိတ်တိုက်တွေ့ဖူးသော်လည်း တစ်ယောက်ကိုတစ်ယောက်လွန်စွာမုန်းတီးကြသည့် ကမ္ဘာမကြေရန်သူများမဟုတ်လား ။
ထို့နောက် မိန်းမလှလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ရန်သူတော်ကြီးများသဖွယ် အပြင်းအထန်တိုက်ခိုက်ကြတော့သည်။
ထိုအချိန်တွင် အကဲဖြတ်လူကြီးများ၏စင်မြင့်ထက်၌ အစောပိုင်းကတိုက်ပွဲကိုပြန်၍ ဆွေးနွေးရင်းပြောဆိုလျက်ရှိကြသည်။
မိန်းမလှနှစ်ယောက်၏တိုက်ပွဲက ပြင်းထန်သော်လည်း သူတို့၏အာရုံကိုလုံလောက်စွာဆွဲဆောင်နိုင်ခြင်းမရှိပေ။
အကြောင်းကား သူတို့၏တိုက်ကွက်များက ပြင်းထန်ရက်စက်ကြသော်လည်း ပြီးခဲ့သည့်တိုက်ပွဲနှင့်ယှဉ်လျှင် ပို၍နိမ့်ကျနေခြင်းကြောင့်ပင်။