← Chapters

အစ်ကိုကြီး

Vol. 3 Ch. 89

အစ်ကိုကြီး

Vol. 3 Ch. 89

ထိုအခိုက် အကဲဖြတ်လူကြီးများ၏နေရာသို့ တေလေဂိုဏ်းသားတစ်ယောက်က အရေးတကြီးပုံစံဖြင့်ရောက်ရှိလာသည်။

ထိုဂိုဏ်းသားက အိတ်ခုနစ်လုံးအဆင့်ရှိအဆင့်မြင့်ဂိုဏ်းသားတစ်ဦးဖြစ်သော်လည်း ယခုအခါ သူ၏ပုံစံက မျက်စိပျက်မျက်နှာပျကိဖြစ်နေသည်။

သူ၏ပုံစံကြောင့် တေလေဂိုဏ်းမှအဖိုးအိုကျန်းသာမက ကျန်သိုင်းဝိဇ္ဇာများပင်အံ့အားသင့်သွားကြပြီး ပြောလက်စ စကားများကိုရပ်ကာ အကဲခပ်လိုက်ကြသည် ။

ကျောက်စိမ်းတုတ်အဖိုးအိုကျန်းလည်း တေဠဂိုဏ်းသားကို လာရင်းကိစ္စမေးမြန်းသည့်အခါ ထိုဂိုဏ်းသားကအဖိုးကျန်း၏အနီးသို့ကပ်၍ တစ်စုံတစ်ရာကိုတီးတိုးပြောဆိုလိုက်သည်။

ထိုအခါ အဖိုးကျန်း၏ပုံစံက လွန်စွာအံ့ဩထိတ်လန့်သွားဟန်တူပြီး သူ၏ညာလက်ထဲတွင်ဆုပ်ကိုင်ထားသည့် လက်စွဲတော်ကျောက်စိမ်းတုတ်ပင် အောက်သို့လွတ်ကျသွားတော့သည်။

စင်မြင့်ထက်တွင်မိန်းမလှနှစ်ယောက်က ပြင်းထန်စွာတိုက်ခိုက်နေကြဆဲဖြစ်၏။

ပင့်ကူကဝေပျိုရှောင်ရှာ၏ သွေးစုပ်လိပ်ပြာလက်ဝါးသိုင်းကကြောက်မက်ဖွယ်ကောင်းလှသလို အဆိပ်ကဝေပျိုရှန်ယုယု၏ လေကွဲလက်သည်းကလည်းရက်စက်ကြမ်းကြုတ်လှသည်။

သူတို့နှစ်ယောက်မှာ ပထမဆုံးအကြိမ်ရင်ဆိုင်ဖူးခြင်းမဟုတ်ဘဲ တစ်ယောက်‌အကြောင်းတစ်ယောက်ကောင်းစွာသိရှိကာ အစွမ်းအထက်ဆုံးပညာရပ်များကိုသာသုံး၍တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် သူတို့၏တိုက်ကွက်တိုင်းက ပြိုင်ဘက်၏အသက်ကိုနုတ်ယူရန်သာရည်ရွယ်ထား၍ စွန်းအိမ်‌တော်သိုင်းသမားမှာ သတိကြီးစောင့်ကြည့်နေရသည်။

ပြီးခဲ့သည့်တိုက်ပွဲက မိန်းမပျိုနှစ်ယောက်၏တိုက်ပွဲထက်များစွာပြင်းထန်သော်လည်း ယခုတိုက်ပွဲကများစွာပို၍ကြောက်မက်ဖွယ်ကောင်းပေသည်။

အကြောင်းကား သူတို့နှစ်ယောက်က တစ်ယောက်၏အသက်ကိုကျန်တစ်ယောက်ကနုတ်ယူလိုသည့်ရည်ရွယ်ချက်ဖြင့် အစွမ်းရှိသမျှထုတ်သုံးနေခြင်းကြောင့်ဖြစ်၏။

စင်အောက်ရှိလူများကား မူလက မိန်းမလှလေးနှစ်ယောက်၏တိုက်ပွဲဖြစ်၍စိတ်အားတက်ကြွစွာ‌အားပေးနေကြသော်လည်း မကြာမီ ရက်စက်ကြမ်းကြုတ်လှသည့်တိုက်ခိုက်မှုများကြောင့် စိတ်လှုပ်ရှားမှုများအစား အံ့ဩတုန်လှုပ်မှုတို့ဝင်ရောက်လာကြသည်။

ထိုမိန်းကလေးနှစ်ယောက်က လူငယ်မျိုးဆက်သာဖြစ်သော်လည်းသူတို့၏တိုက်ခိုက်မှုများက ထင်မထားလောက်အောင်ကြောက်မက်ဖွယ်‌ကောင်းနေပြီး ပေတစ်ရာတိုက်ပွဲကွင်းပြင်းမှစိန်ခေါ်ပွဲကိုမကြည့်လိုက်ရသူများက ပို၍ပင်တုန်လှုပ်နေကြသည်။

သို့သော် လွန်ခဲ့သည်လပိုင်းက မိန်းမလှနှစ်ယောက်၏စိန်ခေါ်ပွဲကိုမြင်လိုက်ပြီးသည့် ရှောင်ယောင် စီးတုယွမ်ချင်းနှင့်ကျန်လူအနည်းငယ်ကား များစွာအံ့သြခြင်းမရှိကြပေ။

“ သူတို့ရဲ့တိုက်ကွက်တွေက ကြောက်စရာကောင်းလိုက်တာ....”

လွီချင်းအာက လျှာလေးတစ်လစ်ထုတ်၍ အနည်းငယ်ထိတ်လန့်ဟန်ဖြင့်ရေရွတ်လိုက်သညိ။

သူမ၏သိုင်းပညာသည်လည်း ထိုမိန်းကလေးနှစ်ယောက်နှင့်များစွာမကွာဟသော်ငြား အမှန်တကယ်တိုက်ခိုက်လျှင်လွီချင်းအာအနေဖြင့် သေချာပေါက်ရှုံးနိမ့်ရပေမည်။

သူမ၏စကားကြောင့် ရှောင်ယောင်ကပြုံး၍ နှစ်သိမ့်လိုက်သည်။

“ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး တစ်ယောက်ကိုတစ်ယောက်သတ်ချင်နေတာလေ....ချင်းအာလို ကြင်နာတတ်တဲ့မိန်းကလေးတစ်‌ယောက်နဲ့ဘယ်လိုလုပ်နှိုင်းယှဉ်နိုင်မှာလဲ ...”

ရှောင်ယောင်ကအမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သော်လည်း လွီချင်းအာ၏မျက်ဝန်းများထဲတွင်ကြည်နူးပျော်ရွှင်မှုများထွက်‌ပေါ်လာသလို သူမ၏မျက်နှာကလေးက လွန်စွာစိတ်ချမ်းမြေ့သွားဟန်တူသည်။

ထိုနည်းတူ အနီးရှိစီးတုယွမ်ချင်းပင် ရှောင်ယောင့်ကို အေးစက်စက်ကြည့်လိုက်မိပြီး ကြွယ်ယန်ကား စကားလေးတစ်ခွန်းနှစ်ခွန်းဖြင့် မိန်းမလှလေးကို ကြွေအောင်လုပ်နိုင်သည့်ရှောင်ယောင့်ကို လေးစားအားကျဟန်ဖြင့်ကြည့်ရှုလျက်ရှိသည် ။

သူ၏ဘေးရှိကြွယ်စင်ကား တည်ကြည်လေးနက်သည့်အမူအယာဖြင့်တစ်နေရာကိုစူးစိုက်ကြည့်နေပြီး ရှောင်ယောင်တို့ကို ခပ်တိုးတိုးသတိပေးလိုက်သည်။

“ နဂါးနက်က ကျုပ်တို့ဆီကိုလာနေတယ်ထင်တယ်....”

ကြွယ်စင်း၏သတိပေးစကားကြောင့် ရှောင်ယောက်တို့လည်း ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်လိုက်ရာ စင်မြင့်တစ်ဖက်မှနေ၍ သူတို့ဆီသို့လျှောက်လာသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကိုမြင်လိုက်ရသည်။

နောက်ကျောတွင် ဓားနက်ကြီးကိုသိုင်းလွယ်ထားပြီး တောင်တန်းကြီးတစ်ခုလိုတည်ငြိမ်သည့်ထိုလူရွယ့်ထံမှ မမြင်ရသည့်ဖိအားအချို့ထွက်ပေါ်နေပြီး ပြိုင်ပွဲဝင်လူငယ်များလည်း စိတ်ဝင်စားစွာအကဲခပ်လိုက်ကြသည်။

အကြောင်းကား ထိုလူရွယ်၏ဦးတည်ရာက ရှောင်ယောင်လူစုဆီသို့ဖြစ်နေ၍ပင်။

သူ၏တိုက်ပွဲပြီးဆုံးသည်မှာ မကြာသေး၍နဂါးနက်၏ပုံစံက အားနည်းလျက်ရှိသေးသည်။

သို့သော် ထိုအခြေအ‌နေတွင် လျော့နည်းသွားသည့်အတွင်းအားများပို ပြန်၍ကုစားကာ ကောင်းစွာအနားယူရမည့်အစားသူတို့ရှိရာသို့ဦးတည်လာနေ၍ ရှောင်ယောင်တို့လည်း အံ့အားသင့်နေကြသည်။

ထိုအချိန်တွင် နဂါးနက်က သူတို့၏အနီးသို့ရောက်ရှိနေပြီး ရှောင်ယောင်နှင့်စီးတုယွမ်ချင်းကိုတောက်ပသည့်မျက်လုံးများဖြင့်စူးစိုက်ကြည့်လျက်ရှိသည်။

သူ၏ထူးခြားသည့်အပြုအမူကြောင့် ကျန်ပြိုင်ပွဲဝင်များနှင့်စင်မြင့်အနီးရှိလူများမှာ စင်မြင့်ပေါ်မှတိုက်ပွဲကိုပင်စိတ်မဝင်စားနိုင်ကြဘဲ သူတို့ရှိရာသို့ ကြည့်ရှုနေကြတော့သည်။

အချို့လူများကတော့ ယခင်ရက်များထဲက မိန်းမလှလေးများနှင့် ကျီစယ်နေသည့်ရှောင်ယောင့်ကိုမနာလိုဖြစ်နေကြပြီး ယခုလည်းနဂါးနက်က သူ့ကိုသင်ခန်းစာပေးတော့မည်ဟု‌တီးတိုးပြောဆိုနေကြသည်။

တစ်ဖက်လူက စကားတစ်ခွန်းမှမဆိုသော်လည်း သူ၏ထူးဆန်းသည့်လုပ်ရပ်ကြောင့်ရှောင်ယောင်က မနေနိုင်ဘဲ မေးလိုက်မိသညိ။

“ ကိစ္စတစ်ခုခုရှိလို့လားမိတ်ဆွေ....”

ရှောင်ယောင်၏ လက်ယာဘက်ရှိလွီချင်းအာနှင့် လက်ဝဲဘက်ရှိစီးတုယွမ်ချင်းကလည်း နဂါးနက်ကိုစူးစူးရဲရဲကြည့်ရှုနေကြသည်။

သူတို့၏စိတ်ထဲ၌ အခြားလူများလိုနဂါးနက်က ကောင်းသည့်ရည်ရွယ်ချက်ဖြင့်လာရောက်ခြင်းမရှိနိုင်ဟုခံစားမိနေသညိ။

လွီချင်းအာက နဂါးနက်ကိုသဘောမကျဟန်ဖြင့်သာကြည့်နေသော်လည်း စီးတုယွမ်ချင်းဆိုလျှင် သူမ၏ဓားကိုပင်အချိန်မရွေးဆွဲထုတ်ရင်ပြင်ဆင်ထားပုံရသည်။

တစ်ဖက်လူက ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ဦးဖြစ်သော်လည်း ရေခဲမိန်းကလေးကား မည်သူ့ကိုမှအကြောက်အလန့်မရှိပေ။

ထိုအခိုက် နဂါးနက်က သူတို့ကိုကျော်ဖြတ်သွားကာ ကြွယ်စင်းကိုကြည့်၍ပြောလိုက်သည်။

“ ခွေးကောင်လေး ထွက်ခဲ့စမ်း ...”

သူ၏စကားကြောင့် အခြားလူများသာမက ရှောင်ယောင်တို့လည်း ကြောင်အမ်းအမ်းဖြစ်သွားကြသည်။

သို့သော် နဂါးနက်၏အကြည့်များဦးတည်ရာက ကြွယ်စင်းမဟုတ်ဘဲ ကြွယ်စင်း၏နောက်တွင် မသိမသာပုန်းအောင်းနေသည့်လူကိုပင်ဖြစ်၏။

“ ဟီးဟီး ...အစ်ကိုကြီး....”

ကြွယ်ယန်လည်း နဂါးနက်၏စကားကြောင့် သူရှောင်ပုန်းမရတော့သည်ကိုသိရှိ၍ စပ်ဖြဲဖြဲဖြင့်ရှေ့ထွက်လာသည်။

သူ၏စကားကြောင့် ရှောင်ယောင်တို့လူစုပို၍အံ့အားသင့်သွားကြစဉ် ကြွယ်ယန်က နဂါးနက်ကို ပွေ့ဖတ်၍ပြောလိုက်သည် ။

“ အစ်ကိုကြီး အဆင်ပြေတယ်မလား.....ဖေဖေရော နေကောင်းရဲ့လား....”

ကြွယ်ယန်က နဂါးနက်ကို စိုးရိမ်ပူပန်ဟန်ဖြင့်စစ်ဆေးနေသော်လည်း သူ၏အပြုအမူများကဟန်ဆောင်ခြင်းသက်သက်ဖြစ်သည်ကိုရိပ်စားမိသည့်နဂါးနက်ကား ကြွယန်ယန့်ကိုတွန်းဖယ်ကာပြောလိုက်သည်။

“ တော်စမ်းပါ....အခုမှမျက်နှာချိုသွေးမနေနဲ့....ရှောင်လင်ကျောင်းကထွက်လာတာတောင် အိမ်ကိုတန်းမပြန်သေးဘဲ လျှောက်ဆော့နေတယ်။

ပြီးတော့ အရင်ရက်ထဲကငါရှိမှန်းသိတာတောင် လာနှုတ်မဆက်ဘူး....”

နဂါးနက်၏စကားက တင်းမာသော်လည်း သူ၏အကြောင်းကိုကောင်းစွာသိရှိနေသည့်ကြွယ်ယန်ကား မျက်နှာငယ်လေးဖြင့် အသနားခံလိုက်သည်။

“ ဒါက အိမ်ကိုပြန်ရောက်ရင် ဖေဖေက ကျနော့်ကိုဘယ်မှပြန်မလွှတ်မှာစိုးရိမ်လို့ပါ။

အစ်ကိုကြီးလည်းသိရဲ့သားနဲ့ ဖေဖေက ကျနော့်ကို ကြည့်လို့မှမရတာ....”

ကြွယ်စင်း၏စကားကြောင့် နဂါးနက်၏မျက်နှာကအနည်းငယ်ပျော့ပြောင်းသွားကာ လက်ကိုဝေ့ယမ်း၍ပြောလိုက်သည်။

“ ထားလိုက်တော့ ဒါပေမယ့် သိုင်းပြိုင်ပွဲပြီးရင်တော့ အိမ်ကိုပြန်ရမယ်....”

နဂါးနက်၏အမိန့်‌စကားကြောင့် ကြွယ်ယန်၏မျက်နှာက ရှုံ့မဲ့သွားသော်လည်း ယခုပြန်မခေါ်သေးမှန်းသိ၍ နောင်လာလာနောင်ခါဈေးဟုသဘောပိုက်ကာ ခေါင်းညိမ့်လိုက်သည်။

“ ဟုတ်ပါပြီ ကျနော်ဒါပြီးရင် အိမ်ကိုပြန်ပါ့မယ်....”

ကြွယ်ယန်၏ကတိစကာကြောင့် နဂါးနက်၏ပုံစံက ကျေနပ်သွားဟန်တူသည်။

ထို့နောက် ကြွယ်ယန်က နဂါးနက်ကို ရှောင်ယောင်တို့ဆီသို့ဆွဲခေါ်ကာပြောလိုက်သည် ။

“ လာ...အစ်ကိုကြီးကို ကျနော့်ညီအစ်ကိုတွေနဲ့မိတ်ဆက်ပေးမယ်....”

နဂါးနက်၏ပုံစံက တည်ကြည်တင်းမာသော်လည်း ယခုအခါ ကြွယ်ယန်ခေါ်ရာနောက်သို့ကန့်လန့်ကန့်လန့်ဖြင့်လိုက်ပါလာရသည်။

ထိုမြင်ကွင်းကိုကြည့်ရှုနေသည့်လူအားလုံး အံ့ဩဆွံ့အနေကြသလို ရှောင်ယောင်တို့လည်း အံ့အားသင့်မှုကြောင့်မည်သို့ပြောရမှန်းပင်မသိတော့ပေ။

“ အစ်ကိုကြီး တတိယညီလေး ဒါက ကျုပ်ရဲ့အစ်ကို ပိုင်ဖုန်းမင်တဲ့ ....”

ကြွယ်ယန်၏စကားအရ နဂါးနက်ဆိုသည့်လူရွယ်က သူ၏အစ်ကိုအရင်းအချာတစ်ယောက်ဖြစ်မှန်းသိလိုက်၍ ရှောင်ယောင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြ၏။

ကြွယ်ယန်က သူတို့နှင့်ခင်မင်စဉ်တစ်လျှောက်လုံး သူ၏အိမ်အကြောင်းကိုများစွာမပြောဖူးသလို သူတို့ကလည်း တမင်မေးမြန်းဖူးခြင်းမရှိပေ။

သို့သော် ကြွယ်ယန်၏မိသားစုက အင်အားကြီးမိသားစုတစ်ခုခုဖြစ်သည်ကိုရိပ်စားမိကြပြီး ကြွယ်ယန်က ဆက်ပြောလိုက်သည်။

“ ကျုပ်က တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး ဒါပေမယ့် ငယ်ငယ်ထဲက ဖေဖေနဲ့မျက်နှာကြောမတဲ့ပဲ ရှောင်လင်ကျောင်းတော်ကိုရောက်လာတာသာကြည့်တော့....။

ကျုပ်ရဲ့မိသားစုက နဂါးနက်ရဲတိုက်ကပဲ။ ကျုပ်ဖေဖေက ပိုင်ဖုန်းလူ....”

ကြွယ်ယန်၏စကားများကြောင့် ရှောင်ယောင်တို့မှာ အံ့ဩပြီးရင် အံ့ဩနေကြသည်။

အထူးသဖြင့် အင်အားစုသုံးခုထဲတွင်ပါဝင်သည့် ပန်းတစ်ရာတောင်ကုန်းသို့ရောက်ရှိခဲ့သည့်ရှောင်ယောင်အတွက်ဖြစ်သည်။

နဂါးနက်ရဲတိုက်၏သခင်ဖြစ်သည့်ပိုင်ဖုန်းလူက တိုက်ပွဲစွဲလမ်းသူဟုနာမည်ကျော်သည့်သံမဏိသွေးဂိုဏ်းချုပ်ကိုပင်လက်ရည်တူတိုက်ခိုက်နိုင်သည့်သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်ပြီး နဂါးနက်ရဲတိုက်မှာ အင်အားစုသုံးခုထဲတွင်အကျော်ကြားဆုံးဖြစ်သည်။

ကြွယ်ယန်က ကြွားဝါရခြင်းကိုနှစ်သက်သော်လည်း သူ့မိသားစုအကြောင်းကို တစ်ကြိမ်မှမကြွားဖူး၍ ယခုသူတို့အားလုံးအံ့ဩနေကြခြင်းဖြစ်၏။

ထို့နောက် ကြွယ်ယန်ကရှောင်ယောင်တို့လူစုနှင့် နဂါးနက်သို့မဟုတ် ပိုင်ဖုန်းမင်ကိုတစ်ဦးချင်းမိတ်ဆက်ပေးလိုက်သည် ။

သူ၏အမူအယာက အထူးရွှင်ပြနေသလို နဂါးနက်သည်လည်း အပြင်ပန်းပုံစံအေးစက်တည်ကြည်ဟန်တူသော်လည်း စိတ်ထားပွင့်လင်း၍ဖြောင့်မက်သူတစ်ဦးဖြစ်ကြောင်းအကဲခပ်မိလိုက်သည်။

နဂါးနက်က ကြွယ်စင်းနှင့် လွီချင်းအာတို့ကို ပုံမှန်သာ ဆက်ဆံသော်လည်း ရှောင်ယောင်နှင့်စီးတုယွမ်ချင်းကိုလေးနက်သည့်ဟနိဖြင့်ပြောလိုက်သည်။

“ နောက်တစ်ဆင့်ရောက်ရင်တွေ့ကြတာပေါ့ ငါကတော့ သက်ညှာပေးမှာမဟုတ်ဘူးနော်....”

သူ၏ပုံစံက ရှောင်ယောင်တို့ကိုပြိုင်ဘက်အဖြစ်အလေးအနက်ထားကြောင်းသိသာပေသည်။

All Chapters