လွယ်ကူစွာအနိုင်ရခြင်း
Vol. 3 Ch. 72
ချန်တောင်တန်းဂိုဏ်း
ပထမတန်းစားအင်အားစုများထဲတွင်ထင်ရှားပြီး ကြီးမြတ်သည့်ဝူအင်ပါယောခေတ်က ထိပ်တန်းအင်အားစုတစ်ခုမှဆင်းသက်လာခြင်းဖြစ်သည်ဟုသိရသည် ။
သို့သော် ယခုအခါတွင် ပထမတန်းစားအင်အားစုတစ်ခုသာဖြစ်နေပြီး ထိုသို့ရှိနေသည့်တိုင် အစွမ်းထက်သည့်အင်အားစုတစ်ခုဟုသက်မှတ်နိုင်သေးပေသည်။
ချန်တောင်တန်းဂိုဏ်း၏ နာမည်ကျော်နွယ်စိမ်းဓားသိုင်းက ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုဖြစ်ပြီး ယခုမူစန်းဆိုသည့်လူငယ်လေးက နွယ်စိမ်းဓားသိုင်းကိုလေ့ကျင့်အောင်မြင်ထားသူတစ်ယောက်ဖြစ်သည် ။
သူ၏အသက်အရွယ်ဖြင့်ထိပ်တန်းလွန်အဆင့်ရောက်ရှိနေခြင်းမှာလည်း ထူးချွန်သည်ဟုဆိုနိုင်ကာ ထိပ်တန်းအဆင့်သိုင်းပညာအားကိုးဖြင့်ဆိုလျှင် သာမန်သိုင်းထိပ်သီးများကိုပင်ယှဉ်တိုက်ခိုက်စွမ်းရှိပေသည်။
ကံမကောင်းစွာဖြင့် သူ၏ပြိုင်ဘက်က ကျော်ကြားသည့် စွမ်းဝူချန်းဖြစ်နေသည်။
“ ကျား...”
မူစန်းဆိုသည့်အစိမ်းရောင်ဝတ်စုံဝတ်လူငယ်က သူ၏ခါးမှဓားကိုလျှင်မြန်စွာဆွဲထုတ်ကာအော်ဟစ်မာန်သွင်းလိုက်သည်။
ထို့နောက် လက်ဦးမှုရယူ၍ ပြိုက်ဘက်ဆီသို့လျှင်မြန်စွာတိုးဝင်သွားလိုက်ပြီး သူ၏လက်ထဲမှဓားက အဆိပ်ရှိသည့်မြွေတစ်ကောင်လို စွမ်းဝူချန်း၏ ရင်ဘက် လက်မောင်းနှင့် လည်ပင်းနေရာများကိုတစ်ပြိုင်နက်တိုးဝင်သွားပေသည်။
သူ၏ပြိုင်ဘက်စွမ်းဝူချမ်းက ကြောက်စရာကောင်းသည့်သိုင်းထိပ်သီးတစ်ဦးဖြစ်၍ မူစန်းအနေဖြင့်အစွမ်းကိုထိမ်ချန်မထားဝံ့ဘဲ ပွဲစသည်နှင့် အစွမ်းထက်တိုက်ကွက်များကိုသာထုတ်သုံးနေခြင်းဖြစ်၏။
သူ၏တိုက်ကွက်ကြောင့် ပွဲကြည့်သည့်သိုင်းသမားများရင်သက်ရှူမောဖြစ်သွားကြရုံသာမက ချန်တောင်တန်းဂိုဏ်းမှလူများပင်စိတ်အားထက်သန်စွာအော်ဟစ်လိုက်ကြသည် ။
“ ကောင်းတယ်....”
ချန်တောင်တန်းဂိုဏ်း၏ နောက်တက်မည့်ဂိုဏ်းချုပ်လောင်းပီသစွာ မူစန်း၏ဓားကွက်များက အစွမ်းထက်လှပြီး သူ၏တိုက်ခိုက်ပုံရလည်းသေသပ်တိကျပေသည်။
မတူညီသည့်နေရာသုံးခုကိုခွဲ၍ဝင်ရောက်လာသည့်ဓားကွက်ကိုပြိုင်ဘက်အနေဖြင့်ရှောင်တိမ်းရန်မလွယ်ကူသလို ခုခံလျှင်လည်း အတော်လေးဂရုစိုက်မှရပေမည်။
ထို့ကြောင့် သူ၏ဓားကွက်ကိုခုခံရင်း စွမ်းဝူချန်းအလုပ်များမည်ကိုအခွင့်ကောင်းယူကာ နောက်ဆက်တွဲတိုက်ကွက်များဖြင့်ထပ်မံတိုက်ခိုက်ရန်ပင် တွေးထားပြီးဖြစ်၏။
ယခုအချိန်ထိ စွမ်းဝူချန်းက ငြိမ်သက်နေဆဲဖြစ်ပြီး မူစန်စ၏အစွမ်းထက်ဓားကွက်ကိုမြင်သည့်တိုင်လှူပ်ရှားမည့်ပုံမရသေးပေ။
သူ၏မျက်နှာကတည်ငြိမ်နေပြီး ချောမောသည့်မျက်နှာထက်ရှိအပြုံးက ပို၍ပင်ပီပြင်လာပေသည်။
“ သောက်ကျိုးနည်း ဒီကောင်ပြန်မတိုက်ဘူးလားမသိဘူး....”
လူအုပ်ထဲရှိကြွယ်ယန်က အားမလိုအားမရပြောလိုက်မိ၏။
စွမ်းဝူချန်း၏နေရာတွင်သူဆိုပါက ထိုတိုက်ကွက်ကိုရှောင်တိမ်းကာ နဂါးဖမ်းခြေလှမ်းဖြင့် ပြိုင်ဘက်ကိုဖိအားပေးတိုက်ခိုက်ပစ်ပေမည်။
မူစန်းဆိုသည့်လူငယ်ကအစွမ်းထက်သော်လည်း သူ့ထက်သိုင်းအဆင့်ပိုမြင့်သည့်အပြင် ထိပ်တန်းအဆင့်သိုင်းပညာများစွာအောင်မြင်ထားသည့်ကြွယ်ယန့်အတွက် ထိုလူငယ့်ကိုအနိူင်ယူရန်က အတော်ပင်လွယ်ကူပေသည်။
ထိုနည်းတူလူငယ်ထိပ်သီးစာရင်းဝင်စွမ်းဝူချန်းလည်း လူငယ့်ကိုအနိူင်ယူရန်လွယ်ကူမည်ဖြစ်သော်လည်း ယခုအချိန်ထိလှုပ်ရှားခြင်းမရှိသေးသည်ကများစွာထူးဆန်းလှပေသည်။
မူစန်း၏ဓားက စွမ်းဝူချန်းနှင့်ထိရန် လက်မအနည်းငယ်သာလိုတော့ပေသည် ။
ကြွယ်ယန်၏အားမလိုအားမရပုံစံကြောင့် ဟောင်ရန်ကတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ဖြေးညင်းစွာပြောလိုက်သည် ။
“ လူငယ်ထိပ်သီးစာရင်းမှာနံပါတ်လေးနေရာရှိတဲ့စွမ်းဝူချန်းကို သိုင်းလောကသားတွေက ရေလှိုင်းဓားဝူချန်းလို့ပဲခေါ်ကြတယ်။
ဒါပေမယ့် သူ့မှာ နောက်ထပ်နာမည်တစ်ခုလည်းရှိနေသေးတယ်။ အဲဒါက ....”
ဟောင်ရန်၏ရေရွတ်သံမဆုံးသေးမီ စင်မြင့်ထက်ရှိစွမ်းဝူချန်းက စတင်လှုပ်ရှားလာပြီဖြစ်သည် ။
အစောပိုင်းကပင် ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေသည့်စွမ်းဝူချန်းက သူ၏နောက်ကျောမှဓားကိုလျှင်မြန်စွာဆွဲထုတ်ကာ ဒေါင်လိုက်အနေအထားဖြင့်ခုတ်ပိုင်းလိုက်သည်။
ထိုခုတ်ပိုင်းချက်က ပြိုင်ဘက်ဓားကွက်အလယ်ဗဟိုကိုရောက်ရှိသွားကာ မူစန်းလည်း မျက်နှာကွက်ခနဲပျက်သွားပြီးနောက်ဆုတ်ပေးလိုက်ရ၏။
အကြောင်းကား စွမ်းဝူချန်း၏ဓားကွက်က ရိုးစင်းသော်လည်း သူ့ဓားကွက်၏ဟာကွက်ကိုရှာဖွေတွေ့ရှိကာ တိုက်ခိုက်ခြင်းကြောင့်ဖြစ်ပြီး ထိုအတိုင်းဆက်လက်တိုက်ခိုက်နေပါက စွမ်းဝူချန်း၏ဓားကြောင့် သူကျိန်းသေဒဏ်ရာရမည်ဖြစ်၍ပင်။
မူစန်းက သူ၏ဓားကွက်ကိုရုတ်သိမ်းလိုက်သော်လည်း စွမ်းဝူချန်း၏ဓားက ဆက်လက်တိုးဝင်လာဆဲပင်။
ရွှေးချယ်စရာမရှိတော့၍ မူစန်း၏ဓားကွက်ပျက်စီးရုံသည်သာမကပြိုင်ဘက်ကိုဖိအားမပေးနိုင်ခင်မှာပင် ဦးစွာနောက်ဆုတ်ပေးလိုက်ရသည်။
မူစန်းက အလျှင်အမြန်နောက်ဆုတ်လိုက်သော်လည်း စွမ်းဝူချန်း၏ခန္တာကိုယ်က သူ၏နောက်မှကပ်ပါလာပေသည်။
စင်မြင်ပေါ်သို့တက်ရောက်လာသည့်မူစန်း၏ကိုယ်ဖော့ပညာက ကောင်းမွန်လှသော်လည်း စွမ်းဝူချန်းနှင့်ယှဉ်လျှင်အနည်းငယ်နိမ့်ကျနေသေးသည်။
ထို့ကြောင့် စွမ်းဝူချန်း၏ခန္တာကိုယ်က မူစန်း၏နောက်မှအရိပ်ပမာကပ်ပါလာပြီး သူ၏လက်ထဲရှိဓားကလည်း တောက်ပသည့်အလင်းတစ်ချက်ဖြတ်ပြေးသွားလေသည်။
“ ထန်း....”
ကျယ်လောင်သည့်သံချင်းထိခတ်သံထွက်ပေါ်လာပြီး မူစန်း၏ဓားကိုင်လက်တစ်ခုလုံးက ထုံကျင်သွားပေသည် ။
ထိပ်တန်းလွန်သိုင်းအဆင့်က အဆင့်လွန်ထိပ်သီးအဆင့်သိူ့ရောက်ရန်များစွာမလိုတော့သော်လည်း အဆင့်လွန်သိုင်းသမားတစ်ဦးနှင့်ယှဉ်လျှင် အတွင်းအားနိမ့်ပါးနေတုန်းပင်ဖြစ်၏။
အထူးသဖြင့် စွမ်းဝူချန်းလိုကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်နှင့်ယှဉ်သည့်အခါ ထိုကွာဟမှုက ပို၍ပင်ဆိုးရွားနေသေးသည်။
အကယ်၍ စွမ်းဝူချန်းသာ အစောပိုင်းကဓားချက်တွင် အတွင်းအားအကုန်အစင်ထည့်သွင်းထားပါက မူစန်းမှာလက်ထဲရှိဓားကိုပင်မြဲအောင်ကိုင်ဆောင်နိုင်မည်မဟုတ်ပေ။
“ သူ့နာမည်နောက်တစ်ခုက ဆယ်ကွက်စွမ်းဝူချန်းတဲ့ ။ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ဟာကွက်ပျော့ကွက်အရင်ရှာဖွေပြီးမှ တိုက်ခိုက်တတ်တယ်။
အဲလိုတိုက်ခိုက်တိုင်းမှာလည်း သူ့ရဲ့ဓားကွက်တွေကိုဘယ်သူမှမခုခံနိုင်ဘဲဆယ်ကွက်မပြည့်ခင်ရှုံးနိမ့်သွားတာတွေကြီးပဲ .....။
ဒါကြောင့် သူ့ကို ဆယ်ကွက်စွမ်းဝူချန်းလို့ခေါ်တာ....”
ဟောင်ရန်က စင်မြင့်ထက်ရှိတိုက်ပွဲကိုကြည့်နေရင်း သူ၏စကားကိုအဆုံးသက်လိုက်သည်။
ထိုလူငယ်လေး၏လေသံကတည်ကြည်လေးနက်နေပြီး သူ၏အမူအယာကတည်ငြိမ်လျက်ရှိရာ ရှောင်ယောင်ပင် ဟောင်ရန့်ကိုမမြင်ဖူးသူတစ်ယောက်လိုငေးကြည့်လိုက်မိ၏။
သူနှင့်လမ်းခွဲခဲ့သည်က တစ်လကျော်သာရှိသေးသော်လည်းဟောင်ရန်က ပို၍ရင့်ကျက်လာဟန်တူသည့်အပြင် ဗဟုသုတများစွာကိုလည်းသိရှိလာသေးသည်။
သို့သော် ရှောင်ယောင်တစ်ယောက် ယခုလိုချီးကျူးမိသည်က စိတ်ထဲတွင်ကြိတ်၍ အူမြူးနေသည့်ဟောင်ရန့်အကြောင်းကို မမြင်နိုင်၍ဖြစ်ပေသည်။
“ ဟီးဟီး...ဟိုလူနဲ့ခင်မင်ခွင့်ရတာ တကယ်ကံကောင်းတာပဲ။ သူက ငါ့ကိုသိုင်းလောကထဲကဗဟုသုတတွေအတော်များများပြောပြခဲ့ရုံသာမက လူငယ်မျိုးဆက်တွေအကြောင်းကိုလည်း စုံစုံလင်လင်ရှင်းပြခဲ့သေးတယ်။
ငါတို့လမ်းခွဲပြီးတော့သူဒီကိုရောက်မလာဘူးလားမသိဘူး ။ မြေခွေးအိုကြီး ခင်ဗျား အံ့ဩနေလိုက်စမ်း....”
ဟောင်ရန်က စိတ်ထဲတွင်ကြိတ်၍ တွေးတောလိုက်မိ၏။
ထိုအချိန်တွင် စင်မြင့်ထက်ရှိတိုက်ပွဲက တစ်ဖက်သက်ဖြစ်နေသည် ။
ပထမတိုက်ကွက်တွင်နောက်ဆုတ်ရှောင်တိမ်းလိုက်ရချိန်မှစ၍ မူစန်းမှာ လူံးဝအခြေပျက်သွားပြီး စွမ်းဝူချန်း၏အဆက်မပြက်တိုက်ကွက်များကိုသာရင်ဆိုင်နေရသည်။
ရေလှိုင်းသဖွယ်ဆင့်ကဲတိုးဝင်လာသည့်စွမ်းဝူချန်း၏တိုက်ကွက်များကြောင့် မူစန်းမှာ အထိတ်အလန့်ခုခံနေရပြီး သူ၏ခန္တာကိုယ်ကလည်း နောက်ဆုတ်ရင်း ဆုတ်ရင်းဖြင့်စင်မြင့်အစွန်းသို့ပင်ရောက်ရှိနေပြီဖြစ်သည် ။
သူတိူ့၏တိုက်ပွဲက အသက်ရှူချိန်အနည်းငယ်သာရှိသေးသော်လည်း မူစန်းမှာတစ်ဖက်သက်ဖိနှိပ်ခံနေရပြီး နောက်ထပ်ခြေတစ်လှမ်းထပ်ဆုတ်လိုက်သည်နှင့် လေဟာနယ်ကိုသာနင်းလိုက်မိလေသည်။
“ အား....”
မူစန်း၏အထိတ်အလန့်အော်ဟစ်သံကြောင့် ကွင်းပြင်းရှိလူအားလုံး စိုးရိမ်ထိတ်လန့်သွားကြသည်။
သို့သော် မူစန်းကတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ စင်မြင့်ပေါ်မှပြုတ်ကျ၍လန့်ဖျက်အော်ဟစ်လိုက်ခြင်းသာဖြစ်သည် ။
စင်မြင့်၏အမြင့်ကလည်းခြောက်ပေခန့်သာရှိရာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲမြေပြင်ပေါ်သို့ရောက်ရှိသွားသည်။
မူစန်း၏ဘေးသို့ ချန်တောင်တန်းမှလူများအလျှင်အမြန်ရောက်ရှိလာကြပြီး ဒဏ်ရာတစ်စုံတစ်ရာမရသည့်မူစန်းကိုမြင်၍ စိတ်သက်သာရာရသွားကြသည်။
မူစန်းလည်း ထိုအခါမှ ကိုယ့်ကိုယ်ကိုပြန်သတိထားမိလိုက်ပြီး ရှက်စိတ်ကြောင့် မျက်နှာနီရဲသွားလေသည်။
ပြိုင်ဘက်၏လက်ချက်ကြောင့် ဒဏ်ရာမရသော်လည်း စင်မြင့်ထက်ပြုတ်ကျသွားသည်မဟုတ်ပါလား ။
ဝူချန်းက စင်မြင့်ထက်မှနေ၍ မူစန်းကိုတည်ငြိမ်စွာရပ်ကြည့်နေပြီးလိုက်လံတိုက်ခိုက်ခြင်းမရှိပေ။
ယခုတိုက်ပွဲ၏အဖြေက ပြောစရာမလိုအောင်ရှင်းလင်းနေပြီဖြစ်သည်။
“ ကျုပ် ရှူံးနိမ့်သွားပါပြီ....”
သိုင်းလောသားများစွာ၏ရှေ့မှောက်၌ ရှူံးနိမ့်သွားခြင်းဖြစ်ဖု မူစန်းက ရှက်ရွံ့ဒေါသထွက်နေသော်လည်း သူ၏အရှုံးကိုဝန်ခံလိုက်ပေသည်။
အဆုံး၌ သူ၏ပြိုင်ဘက်ကလူငယ်ထိပ်သီးဆယ်ယောက်မှ ကျော်ကြားသည့်စွမ်းဝူချန်းဖြစ်နေသည်မဟုတ်ပါလား။
“ ကျေးဇူးတင်ပါတယ်မိတ်ဆွေ....”
စွမ်းဝူချန်းကလည်း မောက်မာခြင်းမရှိဘဲ ပြိုင်ဘက်ကိုလေးစားမှုပြသပြီး စင်မြင့်ပေါ်မှဆင်းလိုက်တော့သည်။
သူ၏အပြုအမူနှင့်တိုက်ပွဲရလာဒ်ကြောင့်ကြည့်ရှုနေကြသူများမှာ အားရကျေနပ်စွာဖြင့်လက်ခုပ်တဖြောင်းဖြောင်းဖြောင်းတီးကာ အားပေးလိုက်ကြသည်။
ယခုတိုက်ပွဲတွင် စွမ်းဝူချန်းအနိုင်ရမည်ကိုကြိုတင်ခန့်မှန်းထားပြီးဖြစ်သော်လည်းယခုလို လွယ်ကူစွာအနိုင်ရမည်ဟုတော့ထင်မထားကြပေ။
တိုက်ပွဲ၏ကြာချိန်က တိုတောင်းလှသလို စွမ်းဝူချန်းက လူငယ်ထိပ်သီးစာရင်းဝင်များ၏အစွမ်းကိုပြသလိုက်ခြင်းလည်းဖြစ်သည် ။
သူ၏ပြိုင်ဘက်က ညံ့ဖျင်းခြင်းမရှိသော်လည်း မည်သို့မှခုခံနိုင်စွမ်းမရှိဘဲအရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ဤအချက်က လူငယ်ထိပ်သီးစာရင်းဝင်သိုင်းသမားများမည်မျှကြောက်မက်ဖွယ်ကောင်းသည်ကိုပြသနေပြီး မူလကကျော်ကြားသူများကိုနင်းတက်၍ နာမည်ရစေရန်ကြံရွယ်ထားသည့်လူငယ်များပင်အနည်းငယ်စိုးရွံ့သွားမိကြ၏ ။
သို့သော် စွမ်းဝူချန်း၏သိုင်းပညာကိုမြင်တွေ့ပြီးသည့်တိုင် တိုက်ခိုက်လိုစိတ်ပြင်းပြလျက်ရှိနေသူများလည်းကျန်ရှိနေဆဲဖြစ်ပြီး ထိုလူများမှာ သူတို့၏အလှည့်ကိုရောက်ရှိရန်ပင်စောင့်ဆိူင်နိုင်ခြင်းမရှိအောင်ဖြစ်နေကြ၏။
“ အခုတိုက်ပွဲမှာ ရေလှိုင်းဓားဝူချန်းအနိုင်ရသွားပါတယ်....”
စင်မြင့်ပေါ်ရှိ စွန်းအိမ်တော်မှသိုင်းသမားက ကျယ်လောင်သည့်အသံဖြင့်အော်ဟစ်ကြေငြာလိုက်ပေသည်။