← Chapters

အနားယူချိန်

Vol. 3 Ch. 73

အနားယူချိန်

Vol. 3 Ch. 73

တိုက်ပွဲများက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နေမွန်းတည့်အချိန်သို့ပင်ရောက်ရှိလာပြီဖြစ်သည်။

ထိုအချိန်၌ ခွန်လွန်ဂိုဏ်းချုပ်ကြီးက ပြိုင်ပွဲကိုခေတ္တရပ်နားရန်ဆုံးဖြတ်လိုက်ပြီး ပြိုင်ပွဲဝင်များနှင့်လာရောက်အားပေးကြသူများကို စွန်းအိမ်တော်မှ နေ့လည်စာဧည့်ခံကျွေးမွေးရန်ပြင်ဆင်ထားပြီးဖြစ်သည်။

ရောက်ရှိလာသူများက ခုနစ်ရာနီးပါးရှိသော်လည်း စွန်းအိမ်တော်လိုထိပ်တန်းအင်အားစုတစ်ခုအတွက် ထိုလူများကိုကျွေးမွေးရန်က ပြဿနာတစ်ခုမဟုတ်ပေ။

စွန်းအိမ်တော်တွင်စားသောက်လိုခြင်းမရှိသူများသည်လည်း မြို့ထဲရှိစားသောက်ဆိူင်များ၊ တည်းခိုခန်းများတွင်စားသောက်နိုင်ကာ ယခုရက်ပိုင်းက စီးမင်မြို့၏အစည်ကားဆုံးနေ့ရက်များပင်ဖြစ်ပေမည်။

စွန်းအိမ်တော်၏အလယ်တွင် အထပ်သုံးထပ်ရှိသည့် ရွှေဝတ်လွှာစားသောက်ဆိုင်ရှိနေပြီး ထိုဆိုင်၏ဒုတိယထပ်တွင် ရှောင်ယောင်တို့လူစုရှိနေသည်။

သူတို့လူစုက အတော်လေးများပြားပြီး ရှောင်ယောင်၊ ဟောင်ရန် ၊ ကြွယ်ယန်နှင့်ကြွယ်စင်း၊ စီးတုယွမ်ချင်း၊ လွီချင်းအာတို့သာမက စန်းဟုန်းလျန်နှင့်စီးတုမင်တို့ပင်ရှိနေသည်။

ကြာပန်းဖြူဂိုဏ်းမှဂိုဏ်းသူများကို သူနှင့်အတူလိုက်ပါရန်ရှောင်ယောင်ကဖိတ်ခေါ်သော်လည်း ထိုဂိုဏ်းဝင်များက လိုက်ပါလာခြင်းမရှိဘဲ ရှောင်ယောင်၏အနားတွင်အမြဲလိုလိုရှိနေသည့်လွီချင်းအာတစ်ဦးသာလိုက်ပါလာခဲ့ပေသည်။

စီးတုယွမ်ချင်းသည်လည်း တစ်မနက်လုံး သူမ၏ဂိုဏ်းသူများနှင့်အတူရှိခဲ့ပြီး ယခုအခါရှောင်ယောင်တို့ဆီသို့လာရောက်ပူးပေါင်းခဲ့သည်။

ရှောင်ယောင်နှင့်ရင်းနှီးသည့်အပြင် စန်းဟုန်းလျန်၏မိတ်ဆွေရင်းတစ်ယောက်ဖြစ်သည့် စီးတုမင်ပါလာခြင်းကတော့များစွာအံ့ဩစရာမရှိပေ။

ဤသို့ဖြင့် သူတို့၏လူစုက အနည်းငယ်လူဦးရေများပြားခဲ့ပြီး နေ့လည်စာကိုရွှေဝတ်လွှာစားသောက်ဆိုင်တွင်စားသာက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။

စန်းဟုန်းလျန်၏ကျော်ကြားမှုအရ ဆိုင်၏တတိယထပ်တွင်စားသောက်နိုင်ရန်အရည်အချင်းပြည့်မှပြီး ဆိုင်ရှင်ကိုယ်တိုင်တလေးတစားလာရောက်ဖိတ်ခေါ်သော်လည်းစန်းဟုန်းလျန်ကငြင်းပယ်ခဲ့သည်။

နှောင်ကြိုးမဲ့ဓားကျိုးဆိုသည့်ဘွဲ့အမည်နှင့်လိုက်အောင် သိုင်းလောကတွင်တစ်ကိုယ်တော်ကျင်လည်နေသည့်စန်းဟုန်းလျန်အတွက် ရှောင်ယောင်၏အတင်းအကြပ်ခေါ်ဆောင်မှုကြောင့်သာမဟုတ်ပါက ယခုလိုခမ်းနားလှသည့်ဆိုင်မျိုးကိုပင်ရောက်ရှိလာမည်မဟုတ်ပေ။

ရှောင်‌ယောင်လည်း လက်ရှိ ဤနေရာတွင်ရှိနေသူအားလုံးနီးပါးက သူနှင့်လွန်စွာရင်းနှီးသူများဖြစ်၍ ထိုလူများကိုကောင်းမွန်စွာကျွေးမွေးပြုစုရန် ရွှေဝတ်လွှာစားသောက်ဆိူင်ကိုရွှေးချယ်ခဲ့ခြင်းဖြစ်သည်။

အဆူံး၌ ထိုဆိုင်၏ဈေးနှုန်များက သာမန်ထက်ကြီးမြင့်သော်လည်း ပေးရသည့်ဈေးနှင့်ထိုက်တန်ကာ အကန့်အသက်ဖြင့်ထုတ်လုပ်သည့်ရွှေဝတ်လွှာနတ်ဘုရားသေရည်ကိုပါရရှိနိုင်သာမဟုတ်ပါလား။

စီးတုမင်ကား နေရာရွေးသူမဟုတ်၍အဆင်ပြေပြီး စန်းဟုန်းလျန်နှင့်လည်း စကားပြောလို၍လိုက်ပါလာခြင်းဖြစ်သည်။

သူတို့ဝိုင်းရှိလူများမှ ရှောင်ယောင့်ကိုဗဟိုပြု၍ တစ်ဦးနှင့်တစ်ဦးသိကျွမ်းရခြင်းဖြစ်သော်လည်း စိတ်ထားကောင်းမွန်ပြီး ဖြောင့်မက်သူများပီပီ ပေါင်းသင်းရန်များစွာခက်ခဲခြင်းမရှိကြပေ။

အံ့ဩဖွယ်ကောင်းစွာဖြင့် စီးတုယွမ်ချင်းကို‌မတွေ့ခင်ကပင်ရန်လိုနေခဲ့သည့်လွီချင်းအာက ယခုအခါ စီးတုယွမ်ချင်းနှင့်လွန်စွာရင်းနှီးသွားခြင်းဖြစ်၏။

သူတို့၏ပုံပန်းသွင်ပြင် ၊စိတ်နေစိတ်ထား ၊အကျင့်စရိုက်များက ဆန့်ကျင်ဘက်ဟုဆိုနိုင်သည့်တိုင် ထိုနှစ်ယောက်က အမှန်ပင်ရင်းနှီးခင်မင်သွားပြီး ဘေးမှကြည့်နေသည့်ရှောင်ယောင်တို့ပင် အကြောင်းသိမထားပါက သူတို့နှစ်ယောက်ကိုညီအစ်မများအလားအထင်မှားသွားနိုင်သည်။

သိုင်းလောကထဲသို့ယခုဝင်ရောက်သည့်လွီချင်းအာက စီးတုယွမ်ချင်းထံမှ သိုင်းလောကနှင့်ပတ်သတ်သည်များ ၊ အော့မေ့ဂိုဏ်စအကြောင်းစသည်တို့ကိုစပ်စုနေသလို စိတ်ရှည်လက်ရှည်ပြန်ဖြေပေးနေသည့်စီးတုယွမ်ချင်းကလည်း သူတို့သိရှိထားသည့်ရေခဲနတ်သမီးမှဟုတ်ပါစဟုထင်ရသည် ။

ထို့အပြင် စီးတုယွမ်ချင်းကလည်း လွီချင်းအာတို့၏ကြာပန်းဖြူဂိုဏ်းအကြောင်းကိုစိတ်ဝင်စားမှုရှိပေသည်။

အကြောင်းကား ထိုဂိုဏ်းနှင့်ပတ်သတ်၍ သူ၏ဆရာဖြစ်သူ အော့မေ့ဂိုဏ်းချုပ်ကြီးကျောက်စိမ်းမျက်နှာဖုန်းရှန်းယင်သတိပေးဖူး၍ဖြစ်ပြီး လက်ရှိအချိန်၌ ပထမတန်းစားသာသာဖြစ်ခဲ့သည့်ထိုအင်အားစုမှာ တစ်ချိန်က သိုင်းလောကကိုလွှမ်းမိုးနိုင်သည့်အင်အားစုကြီးမှဆင်းသက်လာသည်ဟုသိရသည်။

အထူးသဖြင့် ကြာပန်းဖြူဂိုဏ်း၏ နွေဦးပန်းပွင့်ကျင့်စဉ်မှာ ဆန်းကြယ်နက်နဲလှပြီး လေ့ကျင့်သူကို ပန်းပေါင်းတစ်ရာ၏သင်းရနံ့မျိူးရရှိစေသည်။

ထိုအချက်ကြောင့်ပင် ကြာပန်းဖြူဂိုဏ်းသူတိုင်းက ‌ချောမောနေခြင်းဖြစ်ပေမည်။

တစ်ဖက်တွင် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က ငယ်စဉ်ကပင် စန်းဟုန်းလျန်နှင့်သိကျွမ်းခဲ့သည့်အပြင် စီးတုယွမ်ချင်းနှင့်လည်းသိရှိပြီးဖြစ်ကြ၍ ထိုနှစ်ယောက်က ဝိုင်းထဲတွင် သဟာဇာတဖြစ်နေသည်။

အထူးသဖြင့် ကြွယ်ယန်က စကားအများဆုံးတစ်ယောက်ဖြစ်ပြီး သူ၏ပေါက်ကရနှင့်ဟာသများကြောင့် ရှောင်ယောင်တို့၏ဝိုင်းမှာအသက်ဝင်လျက်ရှိသည်။

စန်းဟုန်းလျန်နှင့်စီးတုမင်တို့ကလည်း လူငယ်များကြောင့်အနှောင့်အယှက်ဖြစ်ဟန်မတူဘဲ သူတို့ချင်းအကြောင်းအရာများစွာပြောဆိုလျက်ရှိသည်။

သူတို့ဝိုင်း၏နွေးထွေးသည့်လေထုနှင့်အချင်းချင်းရင်းနှီးမှုများကြောင့် ဘေးဝိုင်းမှလူများပင် မကြာခဏကြည့်ရသည်အထိပင်။

အဓိကအချက်ကတော့ သိုင်းလောကတွင်ကျော်ကြားသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည့်စန်းဟုန်းလျန် ၊ လက်သီးဘုရင်စီးတုမင်နှင့် လူငယ်မျိုးဆက်တွင်ကျော်ကြားသည့်စီးတုယွမ်ချင်းတို့ကြောင့်လည်းဖြစ်သည်။

“ ဟောင်ရန် မသောက်ဘူးလား.....”

ရှောင်ယောင်က ရွှေဝတ်လွှာနတ်ဘုရားအရက်ကိုတစ်ခွက်ငှဲ့၍ သူ၏ဘေးရှိလူငယ်လေးကို ပေးလိုက်သည်။

ဟောင်ရန်မှာ ဤ‌ဆိုင်သို့ရောက်ရှိစအချိန်ကစ၍ ငူငူငိုင်ငိုင်ဖြစ်နေပြီး သူ၏မျက်နှာထက်တွင်အပြုံးတစ်ခုရှိနေသော်လည်း ထိူအပြုံးက အသက်မဝင်လှ။

ထို့အပြင် ကျန်လူများနှင့်ဆက်ဆံရာတွင် ကောင်းမွန်သည့်တိုင် ဟောင်ရန်၏စိတ်ထဲတွင်တစ်စုံတစ်ခုဖြစ်ပျက်နေသည်ကို ရှောင်ယောင်တစ်ယောက် ကောင်းစွာရိပ်စားမိလိုက်သည်။

“ တော်ပြီ ကျုပ်မသောက်တော့ဘူး...”

ဟောင်ရန်က အရက်ခွက်ကိုပြန်တွန်းကာ ငြင်းပယ်လိုက်သည်။

ဟန်ကျန်းတွင်ရှိစဉ်က သူတို့နှစ်ယောက်အမူး‌သောက်ပြီး ရှောင်ယောင့်အပေါ်တွင်ပင်အန်ချခဲ့ဖူးစည်။

ထိုအကြောင်းကိုပြန်စဉ်းစားမိလိုက်၍ ရှောင်ယောင်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာကာ ထိုလူငယ်လေးကိုစနောက်လိုက်သည်။

“ ဘာလဲ ဟိုတစ်ခေါက်ကလို မူးပြီးအန်မှာစိုးလို့လား ငါ့ကိုတောင်ကုတင်ပေါ်ကကန်ချသေးတယ်လေ.....”

ရှောင်ယောင်၏နောက်ပြောင်မှုကြောင့် ဟောင်ရန်၏မျက်နှာကနီရဲသွားပြီး ရှက်ရွံ့သည့်လေသံဖြင့်စိတ်ဆိူးမာန်ဆိုးပြောလိုက်သည်။

“ ဒီအကြောင်းကိူအစမဖော်စမ်းပါနဲ့ ကျုပ်လုံးဝမသောက်တော့ဘူးလို့‌ဆုံးဖြတ်ထားပြီ ..”

ဟောင်ရန်၏မကျေမနပ်ဖြစ်နေသည့်ပုံကိုကြည့်၍ ပို၍ပင်စနောက်ချင်လာပြီး ရှောင်ယောင်လည်း ထိုလူငယ်လေး၏စိတ်ထဲတွင်တင်းကြပ်နေသည့်အရာများပြေလျော့သွားကြောင်းရိပ်စားမိလိုက်၏။

စင်စစ် ဤဝိုင်းထဲရှိလူအားလုံးက ရှောင်ယောင်နှင့်လွန်စွာရင်းနှီးကြသူများဖြစ်ပြီး ကျန်လူများကလည်းအချင်းချင်းဆက်နွယ်မှုရှိကြပေသည်။

ထိုအထဲတွင်အပြင်လူလိုဖြစ်နေသည်က ဟောင်ရန်တစ်ဦးသာဖြစ်၍ သူ၏စိတ်ထဲတွင် ထိုလူစုနှင့်မသက်ဆိုင်သလိုခံစားနေမိခြင်းဖြစ်သည်။

ယခု ရှောင်ယောင်၏စကားကြောင့် ယခင်ဖြစ်ရပ်များကိုပြန်တွေးမိပြီးမှ ဟောင်ရန်၏စိတ်ထဲတွင် နွေးထွေးလာခြင်းဖြစ်၏။

“ ဒါနဲ့ နေစမ်းပါဦး....မင်းက ဝတ်စုံပြာဓားသမားဆိုတာလား.....”

‌ကြွယ်ယန်က သူ၏ကိုယ်ကိုကိုင်းညွတ်၍ မေးလိုက်သည်။

သူ၏မျက်လုံးများကလည်း ဟောင်ရန့်ကိုအကဲခပ်နေပြီး ပျော့ပျော့နွဲ့နွဲ့နှင့်ထိုလူငယ်လေးမှာ ရှောင်ယောင်နှင့်အတူကျော်ကြားသည့်လူတစ်ယောက်ဖြစ်သည်ဟုယုံကြည်ရန်ခက်ခဲနေမိသည်။

သိုင်းလောကအတွင်းရှိကျော်ကြားသည့်လူငယ်တိုင်းက တစ်ယောက်တစ်မျိုးစီထူးခြားသည့်သွင်ပြင်ရှိပြီး ထိုလူငယ်ကား ဖြူစင်ကာကြင်နာတတ်သည့်ပုံစံပင်ရှိနေသေးသည် ။

ထို့ကြောင့် ဟောင်ရန်၏အကြောင်းကိုကြားစဉ်က အနည်းငယ်ကြည့်မရသည့်ကြွယ်ယန်ပင် အံ့ဩမိခြင်းဖြစ်၏။

“ ဟုတ်ပါတယ် ကျုပ်ရဲ့နာမည်က ဟောင်ရန်ပါ.....”.

ဟောင်ရန်က ကြွယ်ယန်၏မေးခွန်းကို ကောင်းမွန်စွာပြန်ဖြေလိုက်သည်။

သူ၏ယဉ်ကျေးသိမ်မွေ့သည့်အပြုအမူကြောင့်ကြွယ်ယန်လည်းစိတ်ကျေနပ်သွားပြီး သူ၏ရင်ဘက်ကိုပုတ်ပြကာပြောလိုက်သည်။

“ ငါက အစ်ကိုရှောင်ယောင်ရဲ့သွေးသောက်ညီကြွယ်ယန်ပဲ ပိုင်ဖုန်းယန်လို့ခေါ်တယ်။ သူက ရှောင်လုစင်း ....ကြွယ်စင်းပေါ့...”

ကြွယ်ယန်က သူတို့ကိုယ်သူတို့မိတ်ဆက်စကားဆိုသလိုက်သလို ကြွယ်စင်းကလည်း ပြုံး၍လက်သီးတစ်ဖက်ဆုပ်အရိုအသေပေးလိုက်၏ ။

သူတို့၏ရင်းနှီးကာ ခင်မင်ဖွယ်ပုံစံများကြောင့်ဟောင်ရန်လည်း အပြုံးမျက်နှာဖြင့်ပြန်၍အရိုအသေပေးလိုက်၏။

ထို့နောက် ကြွယ်ယန်က ရှောင်ယောင်တို့၏ဘက်သို့တိုးလာကာပြောလိုက်သည်။

“ အစ်ကိုကြီးတော့သိမှာမဟုတ်ဘူးဗျ ကျုပ်တို့ သိုင်းလောကထဲဝင်ကာစက တကယ့်ရှုပ်ထွေးတဲ့ဖြစ်ရပ်တစ်ခုကိုဝင်ပြီးဖြေရှင်းပေးရသေးတယ်.....”

သူ၏စကားအစချီပုံကိုကြည့်၍ သူကြုံတွေ့ခဲ့သည့်အကြောင်းအရာများကိုချဲ့ကားပြောဆိုတော့မညဖြစ်မှန်းရိပ်စားမိ၍ရှောင်ယောင်လည်း မျက်နှာအနည်းငယ်မဲ့သွားတော့၏။

သို့သော် ကြွယ်ယန်၏လေကြီးပုံကိုမသိသည့်ဟောင်ရန်ကား မျက်လုံးလေးဝိုင်းသွားပြီး သိလိုစိတ်ဖြင့်မေးလိုက်သည်။

“ ကျုပ်ကိုပြောပြလို့ရမလား.....ကျုပ်က အစ်ကိုရှောင်ယောင်နဲ့ခွဲပြီးထဲက ချောင်မျိူးနွယ်ကိုသွားပြီးအေးအေးဆေးဆေးပြန်လာရတာ ...ဘာမှကိုမလုပ်လိုက်ရဘူး....”

မြောက်ပေးသူရှိပါက ကွေးနေအောင်ကသည့်ကြွယ်ယန်၏အကြောင်းကိုမသိသည့်ဟောင်ရန်ကား အမှန်ပင်အထင်ကြီးနေဟန်တူသည်။

ဟောင်ရန်၏မေးခွန်းကြောင့် ကြွယ်ယန်၏မျက်လုံးများကတောက်ပသွားပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။

ထိုနည်းတု ကြွယ်ယန်၏ကြွားဝါခြင်းလှိူင်းလုံးများရိုက်ခတ်လာတော့မည်ကိုကြိုတင်ရိပ်စားမိနေသည့်ကြွယ်စင်းနှင့်ရှောင်ယောင်ကား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူသက်ပြင်းချလိုက်မိတော့၏။

&&&

နေ့လည်ခင်းအချိန်

မွန်းတည့်ချိန်ကိုကျော်လွန်သွားပြီဖြစ်၍ နေမင်းကြီးကတောက်ပနေသော်လည်း ယခင်ကလောက်ပူပြင်းခြင်းမရှိတော့ပေ။

စွန်းအိမ်တော်၏ရှေ့ရှိပြိုင်ပွဲကွင်းပြင်တွင်ရှောင်ယောင်တို့လူစုလည်းရှိနေပြီး သိုင်းပြိုင်ပွဲပြန်လည်စတင်တော့မည်ဖြစ်၍ရောက်ရှိနေခြင်းဖြစ်သည်။

ပုံမှန်ဆိုလျှင် နေ့လည်စာစားပြီးနောက် တစ်ရေးတစ်မောအိပ်စက်၍အကောင်းမွန်‌ဆုံးဖြစ်သော်လည်း ပြိုင်ပွဲ၏ဆွဲဆောင်မှုကြောင့် နေပူကျဲကျဲတွင်ပင်လူများစွာရှိနေကြသည် ။

ပြိုင်ပွဲကွင်းပြင်ရှိလူအုပ်ကြီးက မနက်ကထက်လျော့ကျမသွားသည့်အပြင် နောက်ကျမှရောက်ရှိလာသူများကြောင့် ပို၍ပင်တိုးလာဟန်တူသည်။

ထိုလူများမှာ နေပူထဲတွင်ရပ်ကြည့်နေကြရသော်လည်းမည်သို့မှစောဒကမတတ်ဘဲ စိတ်လှုပ်ရှားတက်ကြွစွာအချင်းချင်းဆွေးနွေးလျက်ရှိကြသည်။

နံနက်ပိုင်းက တိုက်ပွဲ ဆယ်ခုသာပြီးဆုံးခဲ့ပြီး တိုက်ပွဲ၏ကြာချိန်မတူညီ၍ ထိုမျှပြီးဆုံးသည်က အံ့ဩဖွယ်မဟုတ်ပေ။

သို့သော် တိုက်ပွဲတိုင်းလိုလိုက ပြင်းထန်ပြီး စိတ်လှုပ်ရှားစရာကောင်း၍ ပွဲကြည့်သူများလုံးဝပျင်းရိခြင်းမရှိဟုဆိုနိုင်ပေသည်။

ဤသို့ဖြင့် လူငယ်မျိူးဆက်သိုင်းပြိုင်ပွဲက ပြန်၍စတင်ခဲ့ချေပြီ ။

All Chapters