အနိုင်ရလာဒ်
Vol. 3 Ch. 75
အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်လူက ပိန်ပိန်ပါးပါးခန္တာကိုယ်နှင့်ပါးနပ်သည့်သွင်ပြင်ရှိပြီး သူ၏စကားလုံးများက အမှန်ပင်အဆိပ်ပြင်းလှသည်။
ထို့ကြောင့် ဟဲလောင်ချန်းကိုအနိုင်ပိုင်း၍ကျေနပ်နေသည့်ဟူအိုမှာမျက်နှာကြီးမည်းမှောင်သွားစဉ် အစိမ်းရောင်ဝတ်စုံဝတ်လူက အပြုံးဖြင့်ဆက်ပြောလိုက်သည်။
“ အော်...မေ့သွားလို့ အခုဆိုရင် နတ်ဆိုးရှစ်ယောက်မှာ ခြောက်ယောက်ပဲကျန်တော့တာမဟုတ်လား။ နှစ်ယာက်က လူငယ်သိုင်းသမားလေးတွေရဲ့လက်ချက်ကြောင့်သေသွားပြီလေ။
ပြီးတော့ ဘယ်လောက်တိုက်ဆိုင်သလဲဆိုရင် အဲဒီလူငယ်က ဟွာရှန်းတောင်ပေါ်မှာ ခင်ဗျားတို့ကိုကူညီတဲ့လူငယ်ဖြစ်နေသေးတယ် ။
ဒါတောင်မှသူ့ကိုသတ်ဖြတ်မိန့်ထုတ်ထားသေးတယ်မလား ။ ကျွတ်ကျွတ် ဘယ်လောက်ကျေးဇူးကန်းလိုက်သလဲ....”
အစိမ်းရောင်ဝတ်စုံဝတ်လူ၏စကားများက အနာပေါ်ဆားပတ်ရုံသာမဟုတ်ဘဲ တစ်ကိုယ်လုံးကိုဓားဖြင့်မွှမ်းကာ ဆားကန်ထဲကန်ချသလိုဖြစ်နေ၍ ဟူအို၏မျက်နှာကြီးက ကြောက်မက်ဖွယ်ကောင်းစွာတင်းမာလာပြီး အော်ဟစ်လိုက်သည်။
“ ထန်ချင်းရှန် မင်းရဲ့သောက်ပါးစပ်ကိုမပိတ်သေးဘူးလား...”
ဟူအို၏တင်းမာခတ်ထန်သည့်အော်သံကြောင့်ထန်ချင်းရှန်ဆိုသည့်အစိမ်းရောင်ဝတ်စုံဝတ်လူက ပြုံးလိုက်ပြီး ကျန်လူများလည်းဟူအို့ကိုအပြစ်တင်ဟန်ဖြင့်ကြည့်လိုက်ကြသည်။
သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်တို့၏မကျေလည်မှူကိုကောင်းစွာသိရှိထား၍ သူတို့၏စကားစစ်ထိုးမှုကိုမည်သူမှဝင်ရောက်ပြောဆိုခြင်းမပြုသော်လည်း သရုပ်ပျက်သည်အထိတော့လုပ်ရန်မသင့်ပေ။
အဆုံး၌ သူတို့နှစ်ဖက်လုံးကအကဲဖြတ်လူကြီးများအဖြစ်ရောက်ရှိလာကြသည်မဟုတ်လား။
“ ဟူအိုစိတ်ထိမ်းပါ....”
ဟူအို၏ဘေးတွင်ထိုင်နေသည့်စာပေသမားဝတ်စုံဝတ်သက်လက်ပိုင်းလူကပြောလိုက်သည်။
ပျော့ပြောင်းနူးညံ့သည့်ပုံစံရှိသည့်ထိုလူက အစုလိုက်အပြုံလိုက်သတ်ဖြတ်တတ်သည့်လူသတ်သမားတစ်ဦးဖြစ်သည်ဟုပြောလျှင်မည်သူမှယုံကြည်ကြမည်မဟုတ်သော်လည်း သူ၏ဘွဲ့အမည်ကပင် သွေးလွှမ်းနတ်ဆိုးဟူ၍ဖြစ်သည် ။
စာပေသမား၏ဟန့်တားမှုနှင့်ကျန်လူများ၏အကြည့်ကြောင့် ဟူအိုလည်းပြိုင်ဘက်၏ထောင်ချောက်အတွင်းကျရောက်သွားကြောင်းသိလိုက်ကာ စိတ်ကိုထိမ်း၍မျက်နှာလွဲလိုက်သည် ။
ယခုတစ်ကြိမ်၌သူတို့အသာစီးရသွား၍ ထန်ချင်းရှန်နှင့်ဟဲလောင်ချန်းတို့ကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ပြုံးလိုက်ကြသည်။
သို့သော် ဟူအို၏မျက်နှာကြီးကလငပုတ်ဖမ်းသလိုမဲမှောင်နေပြီး သူ၏အကြည့်များက လူအုပ်တွင်းရှိလူငယ်တစ်ယောက်ဆီသို့ရောက်ရှိနေသည်။
အဖြူရောင်စာပေသမားဝတ်စုံကိုဝတ်ဆင်ထားပြီး ကျောက်စိမ်းပုလွေတစ်ချောင်းကိုခါးတွင်ထိုးထားသည့်ထိုလူငယ်က ဘေးနားရှိမိန်းမလှလေးနှင့်ပင်စကားဖောင်ဖွဲ့နေသေးသည် ။
ထိုလူငယ်ကြောင့်သာ်ဟုတ်ပါက နတ်ဆိုးရှစ်ယောက်မှနှစ်ယောက်သေရမည်မဟုတ်သလို သူတို့လည်းသိက္ခာကျမည်မဟုတ်ပေ။
ဟွာရှန်းတောင်ပေါ်တွင်ထိုလူငယ်ကသူတို့ကိုကူညီပေးဖူးသော်လည်း ထိုအကြောင်းကို ဟူအို၏စိတ်ထဲတွင်စာရင်းမရှိပေ။
အဆုံး၌ မိစ္ဆာဝိညာဉ်အဖွဲ့၏ဂုဏ်သတင်းကထိုလူငယ်ကြောင့်ကျဆင်းခဲ့ကသည်မဟုတ်ပါလား။
ထိုနည်းတူ စာပေသမား၏သွေးအေးရက်စက်သည့်မျက်ဝန်းများက ဟူအို့နည်းတူ ရှောင်ယောင့်ထံသို့ကျရောက်လာပြီး သူ၏မျက်နှာထက်တွင်ရက်စက်သည့်အပြုံးတစ်ခုပေါ်လာသည်။
လက်ရှိအချိန်၌ ဓားကျိုးဘုရင်ကြောင့်မလှုပ်ရှားဝံ့သော်လည်း အချိန်ကောင်းရောက်ရှိလာပါက နတ်ဆိုးများ၏ကြောက်မက်ဖွယ်ကောင်းပုံကိုပြသရပေမည်။
အတွေးဖြင့် သူတို့နှစ်ဦးအကြည့်ချင်းဆုံသွားပြီး ဟူအိုနှင့်စာပေသမားတို့နှစိဦးစလုံးခေါင်းညိမ့်လိုက်ကြသည်။
လူအုပ်ထဲရှိရှောင်ယောင်ကတော့ မြွေဟောက်လိုအဆိပ်ပြင်းသည့်လူနှစ်ယောက်၏ပစ်မှတ်ထားမှုကိုမသိဘဲ လွီချင်းအာနှင့်သာရယ်မောပြောဆိုလျှက်ရှိပေသည် ။
“ အစ်ကိုရှောင်ယောင် ကြွယ်ယန်အနိုင်ရမယ်ထင်လား....”
လွီချင်းအာက သူမ၏မေးစေ့ကလေးကိုပွတ်ကာ စဉ်းစားတွေးတော၍မေးလိုက်၏။
မရင့်ကျက်သေးသည့် ထိုမိန်းကလေး၏လူကြီးဆန်ဆန်ပုံစံလေးကြောင့်ရှောင်ယောင်လည်းပြုံး၍ပြောလိုက်သည်။
“ ဒါပေါ့ သူသာအစွမ်းကုန်သုံးရင် သိုင်းကွက်တစ်ရာမပြည့်ခင်မှ။အနိုင်ယူနိုင်တယ်။ အခုက ပြိုင်ဘက်ကိုစနောက်ချင်လို့အချိန်ဆွဲပြီးတိုက်နေတာ.....”
ရှောင်ယောင်၏အဖြေကြောင့် လွီချင်းအာ၏မျက်ဝန်းနက်ကလေးများဝိုင်းစက်သွားပြီး အံ့အားသင့်ဟန်ဖြင့်မေးလို့်သည်။
“ သူက ဒီလောက်တောင်ပဲလား....”
သူမပင် ဟဲလောင်ထန်းယန်နှင့်တိုက်ခိုက်ပါက အနိုင်ရရန်အတော်ကြိူးစားရမည်ဖြစ်ပြီး ယခု ကြွယ်ယန်တိုက်ခိုက်နေသည့်ပုံက ပေါ့ပေါ့ပါးပါးရှိလှသည်ကိုသတိမိလိုက်သည်။
အမြဲလိုလိုစနောက်နေတတ်ပြီးမျက်နှာပြောင် ၊အကြွားသန်သည့်ကြွယ်ယန်နှင့်အစွမ်းထက်သိုင်းသမားတစ်ယောက်၏ပုံရိပ်မှာ သူမ၏မျက်စေ့ထဲတွင်ဆီနှင့်ရေလိုမအပ်စပ်ဘဲဖြစ်နေသည်။
သူမ၏အံ့ဩသည့်စကားသံကြောင့် ဘေးတွင်ရပ်နေသည့်ကြွယ်စင်းပင်ပြုံးလိုက်မိကာ ရှောင်ယောင်က ရှင်းပြလိုက်သည်။
“ သူ့ရဲ့ပုံစံကိုကြည့်ပြီးအထင်မသေးနဲ့ ။ ကြွယ်ယန်ရော ကြွယ်စင်းရောက ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိူးထဲက ခုနစ်မျိုးစီအောင်မြင်ထားကြတာ ။
အခုကြွယ်ယန်က မိုးဖြိုသံမဏိလက်သီးကိုပဲသုံးနေပြီး သူသုံးနေကျ နဂါးဖမ်းခြေလှမ်းကိုတောင်မသူံးသေးဘူး....”
ရှောင်ယောင်၏စကားကြောင့် လွီချင်းအာလည်း ပို၍ပင်အံ့သြသွားပြီးစင်မြင့်ထက်ရှိကြွယ်ယန်နှင့် သူမဟုတ်သလိုအေးဆေးစွာရှိနေသည့်ကြွယ်စင်းကိုပြန်ကြည့်လိုက်မိသည်။
ထိုအခိုက် တိုက်ပွဲကိုကြည့်ရှုနေသည့်ရှောင်ယောင်၏မျက်ဝန်းများကတောက်ပသွားပြီးအလျှင်အမြန်ပြောလိုက်သည်။
“ တတိယညီလေးကြည့်စမ်း....ကြွယ်ယန်က နဂါးဖမ်းခြေလှမ်းကိုထုတ်သုံးပြီး မိုးကြိုးလက်သီးကိုတောင်ပြောင်းပြီးအသုံးပြုတော့မယ်။ ဟိုကောင်တော့ကံဆိုးတာပဲ....”
ရှောင်ယောင်၏စကားကို ခေါင်းညိမ့်ပြလိုက်ပြီး စင်မြင့်ထက်သို့ကြည့်ရှုနေသည့်ကြွယ်စင်း၏မျက်ဝန်းထဲတွင် အေးစက်မှုတို့ရှိနေသည်။
စင်မြင့်ထက်တွင် ဟဲလောင်ထန်းယန်နှင့်ကြွယ်ယန်တို့၏တိုက်ပွဲကသိုင်းကွက်သုံးရာကျော်သို့ရောက်ရှိနေပြီဖြစ်သည်။
တိုက်ပွဲစတင်သည်ကအနည်းငယ်ကြာမြင့်နေပြီဖြစ်သော်လည်းမည်သူမှအသာစီးမရသေးဘဲပြင်းထန်စွာတိုက်ခိုက်နေကြဆဲဖြစ်၏။
စင်စစ် ကြွယ်ယန်၏သိုင်းပညာဖြင့် ဟဲလောင်ထန်းယန်ကိုသိုင်းကွက်တစ်ရာမပြည့်မီအနိုင်ယူနိုင်သော်လည်း တစ်ဖက်လူကိုခြေကုန်လက်ပန်းကျပြီးမှဝင့်ကြွားစွာအနိုင်ယူလို၍ ယခုလိုအချိန်ဆွဲနေခြင်းဖြစ်၏။
သို့သော် အချိန်ကြာသည်နှင့် ပျင်းရိလာကာ လက်သီးတစ်ချက်ပစ်သွင်းရင်း ဟဲလောင်ထန်းယန်ကိုပြောလိုက်သည်။
“ ကိုင်း....အဆုံးသတ်ကြတာပေါ့ ငါနည်းနည်းပျင်းနေပြီ...”
ကြွယ်ယန်၏စကားကြောင့် ဟဲလောင်ထန်းယန်၏မျက်နှာကတင်းမာသွားပြီး အေးစက်စက်အသံဖြင့်ပြောလိုက်သည် ။
“ လေကြီးမနေနဲ့ မင်းရဲ့ဝက်မျက်နှာကိုစုတ်ပြတ်သွားအောင်ငါလုပ်ပြမယ်.....”
ကြွယ်ယန့်ကို ကျိန်းမောင်းလိုက်သော်လည်းဟဲလောင်ထန်းယန်၏လေသံက အစပိုင်းကလောက်ယုံကြည်မှုမရှိတော့ပေ။
အကြောင်းကား ချောင်ကြိုချောင်ကြားမှထွက်လာဟန်တူသည့် အူကြောင်ကြောင်ထိုဖတ်တီးက သူ့ကို အချိန်ကြာမြင့်စွာတိုက်ခိုက် နေသည့်တိုင် မောပန်ဟန်မပြသေး၍ဖြစ်သည်။
နတ်မိုးကြိုးလက်သီးသိုင်းလိုအတွင်းအားများစွာအသုံးပြုရသည့်ထိပ်တန်းသိုင်းပညာတစ်ခုကိုထုတ်ဖော်အသုံးပြုရာတွင်အတွင်းအားများစွာသုံးစွဲရပြီး ဟဲလောင်ထန်းယန်မှာ အဆင့်လွန်ထိပ်သီးတစ်ဦးဖြစ်နေသည့်တိုင် ယခုအခါ ပင်ပန်းမှုကိုခံစားနေရပြီး အတွင်းအားလည်းထက်ဝက်သာကျန်ရှိတော့ပေသည်။
တစ်ဖက်တွင်ကြွယ်ယန်က သူ့လို ပြင်းထန်အားကောင်းသည့်ထိပ်တန်းသိုင်းပညာတစ်ခုကို အသုံးပြုနေသော်လည်းယခုအချိန်ထိလက်ရည်မကျသေးဘဲ သူ၏တိုက်ကွက်တိူင်းက အားမာန်ပြည့်ဝနေဆဲဖြစ်၏။
ဟဲလောင်ထန်းယန်၏ကြိမ်းဝါးသံကြောင့် ကြွယ်ယန်၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး အေးစက်စက်အသံဖြင့်တုန့်ပြန်လိုက်သညိ။
“ ကောင်းပြီလေ ဒါဆိူလဲမင်းရဲ့မျက်ခွက်ကိုအရင်ဆုံးစုတ်ပြတ်သွားအောင်လုပ်ပစမယ်.....”
စကားအဆုံး၌ ကြွယ်ယန်၏ခန္တာကိုယ်က ရှေ့သို့လျှင်မြန်စွာတိုးဝင်သွားပြီး ဟဲလောင်ထန်းယန်၏ရှေ့သို့ရိပ်ခနဲရောက်ရှိလာသည်။
ဤသည်က ရှောင်လင်လျှို့ဝှက်သိုင်းခုနစ်ဆယ့်နှစ်မျိုးမှ နဂါးဖမ်းခြေလှမ်းဖြစ်ပြီးတိုက်ပွဲတွင်လျှင်မြန်စွာ ရွေ့လျားနိုင်ကာအစွမ်းထက်သည့်ပညာရပ်တစ်ခုဖြစ်ပေသည်။
တိုက်ပွဲတစ်လျှောက်လုံးထိုပညာရပ်ကိုအသုံးမပြုခြင်းက ပြိုင်ဘက်ကိုလွယ်လွယ်အနိုင်မယူလို၍ဖြစ်ပြီး ယခုအခါ သူစိတ်ပြောင်းသွားပြီဖြစ်သည်။
ကြွယ်ယန်၏ခန္တာကိုယ်က သူ၏ရှေ့သို့ရိပ်ခနဲရောက်ရှိလာရာ ဟဲလောင်ထန်းယန်မှာ တုန်လှုပ်သွားပြီး နောက်သို့ခုန်ဆုတ်လိုက်သည်။
သို့သော် အရှိန်ပြင်းလှသည့်ကြွယ်ယန်၏လက်သီးချက်က သူ၏နောက်မှ တစ်ပါထဲကပ်ပါလာပြီး မျက်နှာဘေးမှပွတ်ကာသီကာဖြတ်သန်းသွားလေသည်။
“ ဝှီး.....”
“ ဟားဟား...မှတ်ထားကွ အဲဒါမိုးကြိုးလက်သီးတဲ့ ....”
ကြွယ်ယန်၏ပထမတိုက်ကွက်က လွဲချော်သွားသော်လည်း ကြောက်စရာကောင်းသည့်လက်သီးချက်များက ဆက်တိုက်ဝင်ရောက်လာပြီး သူ၏ရယ်မောသံကြီးကိုပါကြားလိုက်ရသည်။
ဟဲလောင်ထန်းယန်မှာ ပြိုင်ဘက်၏ပြောင်းလဲသွားသည့်တိုက်ခိုက်ပုံကြောင့် ကောင်းစွာခုခံနိုင်ခြင်းပင်မရှိတော့ဘဲ ဖရိုဖရဲဖြစ်ကာနောက်သို့ဆက်တိုက်ဆုတ်ပေးနေရသည်။
ပေါက်ကွဲအားပြင်းထန်လှသည့်မိုးကြိုးလက်သီးသိုင်းကို နဂါးဖမ်းခြေလှမ်းနှင့်တွဲသုံးခြင်းက လွန်စွာအစွမ်းထက်လှပြီး ဟဲလောင်ထန်းယန်မှာ တန်ပြန်တိုက်ခိုက်မှုကလေးပင်မလုပ်နိုင်တော့လဲအံ့ဩတုန်လှုပ်စွာဖြင့်ဆက်တိုက်နောက်ဆုတ်ပေးနေရသည်။
ထိုအဖြစ်ကြောင့် စင်အောက်ရှိလူအများစုအံ့အားသင့်နေကြသော်လည်း ကြွယ်ယန်အနိုင်ရမည်ကိုကြိုတင်ခန့်မှန်းမိသည့်လူအနည်းငယ်ကား ထူးဆန်းသည်ဟုမခံစားရပေ။
ဟဲလောင်ထန်းယန်မှာ ကြွယ်ယန်၏လက်သီးချက်များကိုပွတ်ကာသီကာရှောင်တိမ်းနိုင်နေသော်လည်း ကြာကြာကံမကောင်းဘဲ လှစ်ခနဲဝင်ရောက်လာသည့်လက်သီးတစ်ချက်က သူ၏ညာဘက်ပခုံးဆီသို့တည့်မက်စွာဝင်ရောက်သွားလေသည်။
“ ဝုန်း.....”
ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဟဲလောင်ထန်းယန်၏ခန္တာကိုယ်က နောက်ဘက်သို့လွင့်စင်သွားတော့၏။
ဟဲလောင်ထန်းယန်က ချက်ခြင်းလိုလိုခုန်ထရန်ကြိုးပမ်းလိုက်သော်လည်း မဟန်နိုင်ဘဲပြန်၍လဲကျသွားပြီး ကြွယ်ယန်သည်လည်း လိုက်လံတိုက်ခိုက်ခြင်းမရှိဘဲလက်နောက်ပစ်၍ ဟန်ထုတ်လျက်ရှိသည်
ဤသို့ဖြင့် တိုက်ပွဲ၏အနိုင်အရှုံးက ဆုံးဖြတ်ပြီးဖြစ်သည် ။
ဟဲလောင်ထန်းယန်၏မျက်နှာကဖြူဖျော့နေပြီး အရှုံးမပေးလိုသော်လည်း အတွင်းဒဏ်ရာကြောင့်ဆက်လက်တိုက်ခိုက်စွမ်းကင်းမဲ့နေပြီဖြစ်၍ အရှုံးပေးလိုက်ရတော့သည်။
“ မင်းကို ငါတို့သခင်လေးကဆုံးမလိမ့်မယ်ကွ....”
ဟဲလောင်ထန်းယန်၏မကျေမချမ်းကြုံးဝါးမှုကြောင့် ကြွယ်ယန်က ပခုံးတွန့်ပြလိုက်သည် ။
“ ငါစောင့်နေမယ်.....”
ဟဲလောင်ထန်းယန်၏အရှုံးကြောင့်စင်မြင့်အောက်ရှိ ဟဲလောင်မိသားစုဝင်များ၏အမူအယာက မဲမှောင်နေကြသလို သူတို့၏ကြားရှိအနက်ရောင်ဝတ်စုံဝတ်လူရွယ်၏မျက်ဝန်းများကအေးစက်လျက်ရှိသည်။