ဟောင်ရန်၏တိုက်ပွဲ
Vol. 3 Ch. 76
“ ဟဲ ဟဲ အစ်ကိုကြီး ကျုပ် တော်တယ်မလား...”
မြောက်ကြွကြွပုံစံဖြင့် စင်မြင့်ထက်မှပြန်ဆင်းလာသည့်ကြွယ်ယန်က ရှောင်ယောင်တို့၏အနီးသို့ပြန်လည်ရောက်ရှိလာသည်။
သူ၏စကားကြောင့် ရှောင်ယောင်တို့အားလုံးပြုံးလိုက်မိကြပြီး ရှောင်ယောင်ကတစ်နေရာသို့မေးငေါ့ပြကာပြောလိုက်သည်။
“ တော်မတော်တော့မသိဘူး ဟိုကလူတွေကတော့ မင်းကိုအမှုန့်ကြိတ်ချင်နေလောက်တယ်.....”
ရှောင်ယောင်ညွန့်ပြသည့်နေရာက ဟဲလောင်မိသားစုဝင်များရှိနေသည့်နေရာဖြစ်ပြီး သူတို့ကိုတင်းမာခတ်ထန်သည့်ပုံစံဖြင့်ကြည့်ရှုနေကြသည်။
ကြွယ်ယန်၏ လက်ချက်ကြောင့်အတွင်းဒဏ်ရာရရှိကာရှုံးနိမ့်သွားသည့်ဟဲလောင်ထန်းယန်ကလည်းထိုနေရာတွင်ရှိနေပြီးကြွယ်ယန့်ကိုမီးဝင်းဝင်းတောက်သည့်အကြည့်များဖြင့်ကြည့်နေကြ၏။
သူတို့၏အပြုအမူကြောင့် ကြွယ်ယန်က စိုးထိတ်ခြင်းမရှိသည့်အပြင် လက်ညိုးတစ်ချောင်းကိုကွေးကာ စိန်ခေါ်သည့်ပုံစံပင်လုပ်ပြလိုက်သေးသည်။
ဟဲလောင်မိသားစုက ကျော်ကြားသည့်ထိပ်တန်းအင်အားစုတစ်ခုဖြစ်သလိုသိုင်းမဟာမိတ်၏အဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း ကြွယ်ယန်ဆိုသည့်အကောင်က လုံးဝဂရုစိုက်ဟန်မတူပေ။
ကြွယ်ယန်၏အပြုအမူကြောင့် ရှောင်ယောင်တို့မည်သို့ပြန်ပြောရမှန်းမသိဖြစ်နေစဉ်မှာပင် ဟောင်ရန်ကဟဲလောင်မိသားစုဝင်များထဲမှလူရွယ်တစ်ယောက်ကိုညွန်ပြကာပြောလိုက်သည်။
“ ကြွယ်ယန် မင်းဒီလူကိုသတိထားရလိမ့်မယ် သူက ဟဲလောင်မိသားစုရဲ့သခင်လေးဟဲလောင်မန်စန်ပဲ။
သိုင်းလောကထဲမှာလှုပ်ရှားလေ့မရှိလို့နာမည်မကျော်ပေမယ့် လူငယ်ထိပ်သီးစာရင်းရဲ့ထိပ်ဆုံးငါးနေရာကိုအေးအေးဆေးဆေးဝင်နိုင်တယ်လို့နာမည်ကြီးတယ် ။
နောက်တစ်ဆင့်မှာ သူသာ မင်းကိုပစ်မှတ်ထားရင်မလွယ်ဘူး....”
စင်မြင့်ထက်တွင် ဟဲလောင်ထန်းယန်မဆင်းမီကြုံးဝါးခဲ့သည့်စကားကို သူတို့လည်းကြားလိုက်၍ ဟောင်ရန်က သတိပေးလိုက်ခြင်းဖြစ်၏။
ထိုအခါမှ ကျန်လူများလည်း ဟဲလောင်မန်ချီဆိုသည့်လူရွယ်ပြန်ကြည့်လိုက်မိကာလေးနက်တည်ကြည်သွားကြ၏ ။
အကြောင်းကား ထိုလူငယ်၏အရှိန်အဝါက လူငယ်ထိပ်သီးစာရင်းဝင်လူများထက်ပင်အားမနည်းဘဲ ဟောင်ရန်ပြောသည်မှာမှန်ကန်၍ဖြစ်သည်။
ထိုနည်းတူ ယခုအဆင့်က ကျပန်းရွေးချယ်တိုက်ခိုက်စေခြင်းဖြစ်သော်လည်း နောက်အဆင့်မှစ၍ ကိုယ်တိုက်ခိုက်လိုသည့်လူကို လွတ်လပ်စွာစိန်ခေါ်တိုက်ခိုက်နိုင်၍ဖြစ်သည်။
နေ့ချင်းညချင်းဗဟုသုတကြွယ်ဝလာသည့်ဟောင်ရန့်ကိုရှောက်ယောင်ကအံ့ဩသလိုကြည့်နေစဉ် ကြွယ်ယန်က တစ်နေရာကိုကြည့်လိုက်မိပြီး သူ၏မျက်နှာထက်၌ယုံကြည်မှုပြည့်ဝသည့်အပြုံးတစ်ခုထွက်ပေါ်လာသည်။
“ ငါဂရုမစိုက်ပါဘူး.....ဟိုမှာကြည့်စမ်း နောက်ပွဲတောင်ပြီးနေပြီ...”
ကြွယ်ယန်၏စကားကြောင့် ရှောင်ယောင်တို့လည်းစင်မြင့်ထက်သို့ကြည့်လိုက်မိကာ ကြက်သေသေသွားကြ၏။
အကြောင်းကား စင်မြင့်ထက်ရှိတိုက်ပွဲကမည်သည့်အချိန်ကစတင်လိုက်သည်မသိဘဲ ပြီးဆုံးနေ၍ဖြစ်သည်
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဓားပြားကြီးတစ်လက်ကိုပခုံးပေါ်ထမ်းထားသည့်လူရွယ်က သူ၏ပြိုင်ဘက်ကိုအနိုင်ယူလိုက်ဟန်တူသည်။
သူ၏ပြိုင်ဘက်မှာလည်းအားမနည်းဘဲ ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်ဖြစ်သည်။ သို့သော် ထိုသိုင်းသမားက စင်မြင့်ထက်တွင်လဲကျနေပြီး ထိတ်လန့်တုန်လှုပ်သည့်မျက်နှာနှင့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကိုကြည့်နေသည်။
ပြိုင်ပွဲ၏ကြာချိန်က အသက်ရှူချိန်အနည်းငယ်သာဖြစ်ပြီး ထိုအတောအတွင်း ထိပ်တန်းလွန်သိုင်းသမားတစ်ယောက်ကိုအနိုင်ပိုင်းခြင်းက စွမ်းဝူချန်းတို့၏တိုက်ပွဲထက်ပင် ပို၍တိုတောင်းနေသေးသည်။
“ အခုပွဲစဉ်ကိုအနိုင်ရရှိသွားတာကတစ်ကိုယ်တော်သိုင်းသမားနဂါးနက်ပါ....”
ရှောင်ယောင်တို့လိုပင် ပြိုင်ပွဲကိုကြည့်ရှုနေသူများလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်နေပြီး စွန်းအိမ်တော်သိုင်းသမား၏စကားကိုကြားမှ အံ့အားသင့်စွာဖြင့် လက်ခုပ်တီးအားပေးလိုက်ကြသည်။
“ သူက ဒီဘက်ကိုကြည့်နေတာလား.....”
အနိုင်ရသွားသည့်အနက်ရောင်ဝတ်စုံဝတ်လူရွယ်က စင်မြင့်ပေါ်မှမဆင်းမီသူတို့ဘက်သို့စိုက်ကြည့်လာ၍ ရှောင်ယောင်က တီးတိုးပြောလိုက်ခြင်းဖြစ်သည်။
သို့သော် ထိုလူရွယ်က သူတို့ကိုတစ်ချက်သာစိုက်ကြည့်ပြီးစင်ပေါ်မှဆင်းသွားသလို ဟောင်ရန်ကလည်း လေးနက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ သူက အခုလပိုင်းမှသိုင်းလောကမှာနာမည်ကြီးလာတဲ့သိုင်းသမားနှစ်ယောက်ထဲက နဂါးနက်ဆိုတဲ့လူပဲ။
နှစ်လအတွင်းမှာ နာမည်ကျော်သိုင်းသမားတစ်ရာကျော်ကိုစိန်ခေါ်တိုက်ခိုက်ပြီးရှုံးပွဲမရှိသေးဘူး။
ပြီးတော့ လပြည့်ဝန်းကန်ပေါ်မှာ လူငယ်ထိပ်သီးစာရင်းဝင် လေပြင်းနဂါးနဲ့တိုက်ခိုက်ပြီးအနိုင်ယူနိုင်ခဲ့တယ်.....”
ဟောင်ရန်၏ရှင်းပြမှုကြောင့် ရှောင်ယောင်တို့မှာနဂါးနက်ဆိုသည့်လူရွယ်ကိုပို၍ပင်သတိထားလာမိကြ၏။
အစောပိုင်းကတိုက်ပွဲကမြန်ဆန်လွန်း၍ ထိုလူငယ်၏သိုင်းပညာကိုမမြင်တွေ့လိုက်သော်လည်း မနေ့ကယှဉ်ပြိုင်သွားသည့်လေပြင်းနဂါးကတော့ ကြောက်စရာကောင်းသည့်သိုင်းသမားတစ်ဦးဖြစ်သည်။
သူ၏လှံရှည်တိုက်ကွက်များကြားတွင် ပြိုင်ဘက်အဆင့်လွန်သိုင်းသမားမှာ ကောင်းစွာခုခံရန်ပင်အချိန်မရဘဲအရှူံးပေးလိုက်ရပြီး လူငယ်ထိပ်သီးစာရင်းဝင်ပီသစွာ လေပြင်းနဂါး၏သိုင်းပညာက အစွမ်းထက်လှ၏။
ထိုသို့သောလူမျိုးကိုပင်အနိုင်ယူနိုင်သည့်နဂါးနက်က ပို၍ပင်ကြောက်စရာကောင်းဟန်တူသည်။
“ ဒီတစ်ခေါက် ယှဉ်ပြိုင်မယ့်လူတွေကတော့ ဝတ်စုံပြာဓားသမားဟောင်ရန်နဲ့ ထန်မိသားစုက ထန်ရှန်းတို့ပဲဖြစ်ပါတယ်။
စွန်းအိမ်တော်သိုင်းသမား၏ကြေငြာမှုကြောင့် ရှောင်ယောင်၏မျက်ခုံးများမြင့်တက်သွားပြီး ဘေးဘက်ရှိဟောင်ရန့်ကိုကြည့်လိုက်မိသည်။
သူ၏အကြည့်ကိုခံစားမိ၍ ဟောင်ရန်က ပြုံး၍ခေါင်းယမ်းပြရင်း ရှောင်ယောင့်ကိုတုန့်ပြန်လိုက်သည်။
“ ကျုပ်အနိုင်ရမှာပါ....”
ဟောင်ရန်၏ယုံကြည်မှုပြည့်ဝသည့်စကားကိုကြားလျှင်ကြွယ်ယန်တို့အနည်းငယ်အံ့အားသင့်သွားကြသော်လည်း ရှောင်ယောင်ကား ထူးထူးထွေထွေမဖြစ်ပေ။
အကြောင်းကား ထိုလူငယ်လေး၏အစွမ်းကိုသူကောင်းစွာသိရှိနေ၍ဖြစ်သည် ။
“ ရန်ဘက်တွေကအမြဲတမ်းဆုံဆည်းလေ့ရှိတာပဲ ....”
စက်မြင့်ဆီသို့လျှောက်သွားသည့်ဟောင်ရန့်ကိုကြည့်ရင်း ရှောင်ယောင်၏ရေရွတ်သံကြောင့် ကြွယ်ယန်က စိတ်ဝင်စားစွာမေးလိုက်သည်။
“ ဘာလဲအစ်ကိုကြီး ဒီကောင်လေးက ထန်မျိုးရိုးနဲ့ပြဿနာတတ်ထားလို့လား....”
ကြွယ်ယန်၏မေးခွန်းကိုခေါင်းညိမ့်ပြရင်းရှောင်ယောင်က ပြန်ဖြေလိုက်သည်။
“ ဇာတ်လမ်းရှည်ကြီးပေါ့.....”
စင်စစ် ထန်ရှန်းနှင့်ဟောင်ရန်တို့မှာ တိုက်ရိုက်ရန်သူများမဟုတ်ကြသည့်တိုင် ဆန့်ကျင်ဘက်အနေအထားဖြင့်တစ်ကြိမ်မကရှိဖူးပြီး ထန်ရှန်းတို့သည်လည်း ဟောင်ရန်နှင့်ရှောင်ယောင်တို့ကြောင့် အရှက်တကွဲဖြစ်ဖူးကြသည်။
ထို့ကြောင့် ထန်ရှန်း၏စိတ်ထဲတွင် သူတို့ကိုအငြိုးမထားဘဲမနေနိုင်ဟု ရှောင်ယောင်သုံးသပ်မိပေသည်။
“ ဟောင်ရန် ကောင်လေး ကြိုးစားထား....”
ကျယ်လောင်သည့်အော်ဟစ်သံများကြောင့် စင်မြင့်ပေါ်သို့တက်ရောက်နေသည့်ဟောင်ရန်လည်းအနည်းငယ်အံ့အားသင့်သွားပြီးပြန်ကြည့်လိုက်မိသည်။
သူနှင့်ယှဉ်ပြိုင်ရမည့်ထန်ရှန်းက လူငယ်ထိပ်သီးစာရင်းဝင်မဟုတ်သည့်တိုင် နာမည်ကျော်သိုင်းသမားတစ်ဦးဖြစ်၍ အများစုက ထန်ရှန်းအနိုင်ရမည်ဟုသာတွေးထားကြသည်။
ယခု သူ၏အမည်ကိုထုတ်ဖော်အားပေးနေသည့်လူများရှိနေ၍ အံ့ဩစွာဖြင့်ကြည့်လိုက်ခြင်းဖြစ်ပြီး စင်မြင့်နှင့်အနီးဆုံးတွင်လက်သီးလက်မောင်းတန်းကာအားပေးနေသည့်စာပေသမားသုံးယောက်ကိုမြင်သည့်အတွက် ဟောင်ရန်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာသည်။
စင်မြင့်ထက်တွင် အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်ထန်ရှန်းက တည်ငြိမ်စွာရပ်၍ စောင့်ဆိုင်းနေပြိး စင်မြင့်ပေါ်သို့တက်လာသည့်ဟောင်ရန့်ကိုမြင်သည့်အခါ သူ၏မျက်ဝန်းထဲတွင်အေးစက်မှုတို့ဖြတ်ပြေးသွားသည်။
“ မင်းရဲ့လက်ချက်ကြောင့် ညီလေးဝေ့က စိတ်ဓာတ်ပျက်ပြားပြီး သူ့ရဲ့ဂိုဏ်းကိုပြန်သွားရပြီ။
ဒီကိစ္စအတွက် မင်းကိုငါအလွတ်ပေးမှာမဟုတ်ဘူး....”
ထန်ရှန်း၏တင်းမာသည့်စကားသံကြောင့် ဟောင်ရန်၏မျက်နှာထက်တွင်အံ့ဩရိပ်ဖြတ်ပြေးသွားသော်လည်း ခေါင်းယမ်းကာပြောလိုက်သည်။
“ ဒါက သူ့ကိစ္စလေ....”
မှန်ပေသည်။
ဟောင်ရန်က သူ့ကြောင့်လူကောင်းတစ်ယောက်ထိခိုက်သွားမည်ကိုအင်မတန်စိုးရွံ့သော်လည်း ဝေ့တုလို အသားလွတ်မောက်မာ၍ဘဝင်မြင့်သူတစ်ဦး၏အဖြစ်ကို စိတ်မကောင်းဖြစ်နေစရာမလိုပေ။
ထို့အပြင်ဘာမဟုတ်သည့်ကိစ္စကလေးနှင့်သူ့ကိုတမင်ပစ်မှတ်ထားနေသည့်ဝေ့တု၏အမြင်ကျဉ်းမြောင်းမှုက ရွံရှာဖွယ်ဖြစ်ပြီး ဟန်ကျန်းတွင် သူ၏သိုင်းပညာသာနိမ့်ကျနေပါက ဝေ့တု၏လှောင်ပြောင်စော်ကားမှုများအောက်တွင်မျက်နှာပင်ဖော်နိုင်မည်မဟုတ်ပေ။
ထိုနည်းတူ ထိုညက သူအသုံးပြုခဲ့သည့်ဓားသိုင်းနှင့်ပတ်သတ်၍အငြင်းပွားစဉ်က လူအများနှင့်ရန်သူဖြစ်စေသည့်ထန်ရှန်း၏ကောက်ကျစ်မှုကိုလည်းကောင်းစွာအမှတ်ရနေဆဲပင်။
ထိုစဉ်က ရှောင်ယောင်သာသူ့အတွက်ကာကွယ်ပြောဆိုခြင်းမရှိပါက ဟောင်ရန်မှာ ကျန်လူများနှင့်ပင်ရန်သူများသွားနိုင်သည်။
ယခင်ကဖြစ်ရပ်များကိုတစ်ခုပြီးတစ်ခုပြန်သတိရလာပြီး ဟောင်ရန်၏မျက်နှာကလည်းအေးစက်လာပေသည်။
သူ၏စိတ်ဓာတ်ကရိုးသားဖြောင့်မက်ပြီးကြင်နာသည့်နှလုံးသားရှိသော်လည်း ရန်သူများကိုညှာတာနေမည်မဟုတ်ပေ။
“ ရွှမ်း....”
ဟောင်ရန်က သူ၏နောက်ကျောမှဓားကိုလျှင်မြန်စွာဆွဲထုတ်ရင်း ထန်ရှန်းကိုကြည့်ကာ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
“ ခင်ဗျားစလို့ရပြီ.....”
သူတို့၏အဆင်သင့်ဖြစ်နေသည့်ပုံစံကြောင့် စွန်းအိမ်တော်သိုင်းသမားလည်းနောက်ဆုတ်သွားလေသည်။
စင်အောက်ရှိလူများလည်း နာမည်ကျော်ကြားစပြုလာသည့်ဝတ်စုံပြာဓားသမားနှင့် ထန်စံအိမ်မှပါရမီရှင်တို့၏တိုက်ပွဲကို စိတ်လှုပ်ရှားတက်ကြွစွာစောင့်မျှော်နေကြသည်။
ထန်ရှန်း၏ဂုဏ်သတင်းက ဟောင်ရန့်ထက်ပို၍သာလွန်သည့်တိုင် ဟောင်ရန်လုပ်ပြထားသည့်အရာများကလည်းတုန်လှုပ်ဖွယ်ရာများသာဖြသ်သည်။
ယန်စီနဂါးဓားပြဂိုဏ်းကိုဖြိုခွဲခြင်း၊ လက်ရှစ်ဖက်လှံနတ်ဆိုးချူးကုနန်ကိုသတ်ဖြတ်ခြင်းစသည်တို့တွင် ရှောင်ယောင်၏နာမည်ကပိုထွက်သော်လည်း ဟောင်ရန့်ကိုမေ့ထား၍မရပေ။
ထိုနည်းတူ သူနှင့်ချောင်မျိုးနွယ်၏ရင်းနှီးမှုကြောင့် ဟောင်ရန်၏နောက်တွင် ထိပ်တန်းအင်အားစုတစ်ခုကျောထောက်နောက်ခံရှိသည်ဟုဆိုနိုင်ကာ သူက ထန်ရှန်းထက်အဘက်ဘက်မှအားနည်းမနေပေ။
ပို၍စိတ်ဝင်စားဖွယ်ကောင်းသည်က ပြိုင်ပွဲမစမီပြောခဲ့သည့်စကားများကြောင့်ဖြစ်ပြီး သူတို့နှစ်ယောက်မှာ ယခင်ထဲကမကျေလည်မှုများရှိပုံရသည်။
ထို့ကြောင့် ယခုတိုက်ပွဲတွင်မည်သူအနိုင်ရမည်ကို မခန့်မှန်းနိုင်ကြဘဲ စိတ်အားတက်ကြွစွာစောင့်မျှော်လျက်ရှိသည်။