အသက်ခြွေဓားပျံ
Vol. 3 Ch. 78
ဓားပျံ၏အရောင်အသွေးက သွေးလိုနီရဲနေသလို ရှည်မျောမျောပုံစံရှိသည့်ဓားပျံကိုယ်ထည်တွင် သေးငယ်သည့်အကြောင်းရာတစ်ခုလည်းရှိနေသည်။
ထိုအရာက ပြိုင်ဘက်၏ခန္တာကိုယ်ထဲသို့ဓားပျံစိုက်ဝင်သွားပါကသွေးများအဆက်မပြက်ထွက်လာစေသည့်နေရာဖြစ်ပြီး ကောလဟာလများအရ ထန်မိသားစု၏ အသက်ခြွေဓားပျံမှာ ရန်သူ၏သွေးများဖြင့်နီရဲနေသည်ဟုဆိုကြသည်။
“ ဒါက အသက်ခြေဓားပျံမဟုတ်လား.....”
အကဲဖြတ်လူကြီးများ၏နေရာတွင်ရှိနေသည့်သိုင်းဝိဇ္ဇာများပင် နီရဲတောက်ပနေသညိ့ဓားပျံသုံးလက်ကိုကြည့်ကာ အံ့ဩတုန်လှုပ်နေကြသညိ။
ထန်မိသားစု၏နာမည်ကျော်လက်နက်ပုန်းဆယ်မျိုးတွင်ပါဝင်သည့်အသက်ခြွေဓားပျံက သူ၏နာမည်နှင့်လိုက်အောင် လွန်စွာကြောက်မက်ဖွယ်ကောင်းပြီး တစ်ကြိမ်ထုတ်သုံးလိုက်သည်နှင့်ပြိုင်ဘက်အတွက်သေဆုံးရန်သေချာသလောက်ရှိနေပေသည်။
နေရာသုံးခုခွဲကာ လျှင်မြန်စွာဝင်ရောက်လာသည့်ဓားပျံငယ်သုံးလက်က ကြောက်စရာကောင်းသည့်ထိပ်သီးများကိုပင်ချိန်းခြောက်နိုင်စွမ်းရှိပေသည်။
ထို့ကြောင့် ထန်ရှန်းက သူ၏နောက်ဆုံးတိုက်ကွက်အဖြစ် အသက်ခြွေဓားပျံကိုပစ်လွှတ်လိုက်ခြင်းဖြစ်ပြီး ဟောင်ရန်တစ်ယောက်အံ့ဩတုန်လှုပ်သွားပြီး အလျှင်အမြန်ခုန်ဆုတ်လိုက်ရသည်။
သို့သော် ဓားပျံငယ်သူံးလက်၏အမြန်နှုန်းက သူထင်ထားသည်ထက်များစွာပို၍သာလွန်နေသည့်အတွက် အံကိုတင်းတင်းကြတ်ကာ လက်ထဲရှိဓားကို ရိပ်ခနဲလှုပ်ရှားလိုက်သညိ။
သူ၏လှုပ်ရှားမှုကလျှင်မြန်လွန်းလှ၍ သာမန်အဆင့်လွန်ထိပ်သီးများပငိသဲကွဲစွာမမြင်လိုက်ရပေ။
လျှပ်ပြတ်သလို ပျိူးပျိုးပြက်ပြက်လင်းလက်သွားသည့်အလင်းတန်းသုံးခုနှင့်အတူ ကျယ်လောင်သည့်သံချင်းထိခတ်သံများက ထွက်ပေါ်လာပေသည်။
“ ထန်း....ထန်း... “
ဓားပျံနှစ်လက်က ဟောင်ရန်၏ဓားဖြင့်ရိုက်မိပြီး လွင့်စင်သွားသော်လည်း တတိယမြောက်ဓားပျံကိုမူ ဟောင်ရန်လည်းခုခံရန်မစွမ်းသာတော့ပေ။
ထို့ကြောငိ့ ဘယ်ဘက်ရင်အုံဆီသို့တိုးဝင်လာသည့်ဓားပျံကိုလမ်းကြောင်းပြောင်းစေရန် သူ၏ခန္တာကိုယ်ကိုအနည်းငယ်တိမ်းစောင်းပေးလိုက်ပြီး ထိုဓားပျံက ဟောင်ရန်၏ပခူံးအတွင်းသို့ နစ်မြုပ်သွားလေသည်။
“ ဒုတ်....”
နီရဲသည့်ဓားပျံကလေးက ဟောင်ရန်၏ပခုံးအတွင်းနစ်ဝင်သွားကာ အရိုးကိုပင်ထိသွားဟန်တူသည်။
ထိုမြင်ကွင်းကြောင့် ရှောင်ယောင်၏စိတ်ထဲတွင် ထူပူသွားကာ စင်မြင့်အနီးသို့လွှားခနဲခုန်ဝင်သွားလိုက်သည်။
သူ၏လှုပ်ရှားမှုက လျှင်မြန်လွန်း၍ စန်းဟုန်းလျန်ပင်ဟန့်တားရန်အချိန်မရလိုက်ပေ။
ရုတ်တရက်ခုန်ပျံကာဝင်ရောက်လာသည့်ရှောင်ယောင်ကြောင့် အနီးရှိလူများအံ့အားသင့်သွားကြပြီး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
သို့သော် ထိုနေရာတွင်ရှိနေသည့်ဝမ်ဝူးတို့က ရှောင်ယောင့်ကိုအလျှင်အမြန်ဖမ်းဆွဲထားလိုက်ပြီး ဖြောင်းဖျပြောဆိုလိုက်ကြ၏
“ ညီလေးရှောင် တိုက်ပွဲကိုဝင်နှောင့်ယှက်လို့မရဘူး....”
စင်မြင့်ထက်ရှိသိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားကလည်း သတိအနေအထားဖြင့်စောင့်ကြည့်နေ၍ ရှောင်ယောင်လည်းစိတ်ကိုလျော့ကာ ဟောင်ရန့်ကိုသာစိုးရိမ်သည့်ဟန်ဖြင့်ကြည့်လိုက်သည်။
နာကျင်မှုကြောင့် မျက်နှာအနည်းငယ်ရှုံ့မဲ့သွားသော်လည်း ရှောင်ယောင်က စင်မြင့်ထက်သို့ပင်တက်ရောက်ရန်ကြိုးစားနေသည်ကိုမြင်လိုက်၍ ဟောင်ရန်၏စိတ်ထဲတွင်နွေးထွေးသွားကာ အားတင်း၍ပြူံးပြလိုက်သည်။
သုံးလက်မခန့်ရှည်သည့်ဓားပျံက ဟောင်ရန်၏ပခုံးတွင်းသို့အရိုးထိနစ်ဝင်နေသလို ဓားပျံမှမြောင်းငယ်ကလည်း သွေးတစက်စက်ကျဆင်းနေသည်။
သို့သော် ဟောင်ရန်၏မျက်နှာကချက်ခြင်းလိုလိုပြန်၍အေးစက်သွားကာ အံကြိတ်၍ဓားပျံကိုဆွဲထုတ်ပြီး သူ၏ခြေရင်းတွင်ပစ်ချလိုကိသည်။
“ ချွမ်....”
နီရဲနေသည့်ဓားပျံလေးက ဟောင်ရန်၏သွေးများကြောင့်ပို၍ပင်တောက်ပနေပြီး စင်မြင့်၏ကျောက်သားကြမ်းပြင်ပေါ်သို့ကျရောက်သွားသည်။
ထိုမြင်ကွင်းကြောင့်ပြိုင်ပွဲကွင်းပြင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသလို တစ်ဖက်ရှိထန်ရှန်း၏မျက်နှာကလည်း အသက်မဲ့သလိုဖြူဖျော့သွားသည်။
ပြိုင်ဘက်များစွာ၏နှလုံးသွေးကိုဖောက်သောကိဖူးသည့် အသက်ခြွေဓားပျံက ဟောင်ရန်၏ခြေရင်းတွင်ကျဆုံးရလေပြီ။
ဟောင်ရန်၏မျက်နှာက အေးစက်နေပြီး သူ၏ပခုံးမှဒဏ်ရာကလည်း သွေးများအဆက်မပြက်ကျဆင်းနေသည် ။
သို့တိုင် သူ၏အမူအယာက တစ်ချက်ကလေးမှပျက်ယွင်းခြင်းမရှိဘဲ ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ဖြူဖျော့နေသည့်အမူအယာဖြင့် ငေးကြောင်နေသည့်ထန်ရှန်းဆီသို့တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။
ထန်ရှန်းမှာ တိုက်ပွဲအလယ်ပိုင်းထဲကပင် ဒဏ်ရာအနည်းငယ်ရရှိထားပြီး အစောပိုင်းက ဒဏ်ရာအရခံ၍ဟောင်ရန်၏တိုက်ကွက်တွင်းမှရုန်းထွက်သွား၍ သူ၏ကိုယ်ပေါ်တွင်လည်း သွေးချင်းချင်းနီရဲနေသည်။
သူ၏ဒဏ်ရာများက များစွာကြီးမားခြင်းမရှိသော်လည်း နောက်ဆုံးဝှက်ဖဲသည့်သည့်အသက်ခြွေဓားပျံပင်ကျရှုံးခဲ့ပြီးဖြစ်၍ ထန်ရှန်းထံတွင်ဆက်လက်တိုက်ခိုက်ရန်ယုံကြည်ချက်မရှိတော့ပေ။
ထိုအခြေအနေတွင် သူ့ဆီသို့ဦးတည်၍တစ်လှမ်းချင်းလျှောက်လာသည့်ဟောင်ရန့်ကိုကြည့်ရင်း ခန္တာကိုယ်ထဲမှအားအင်များကုန်ခမ်းသွားသကဲ့သို့ခံစားမိကာ နေရာမှမရွေ့နိုင်အောငိဖြစ်နေမိ၏။
စင်စစ် ထန်ရှန်း၏ဒဏ်ရာများက ဟောင်ရန့်ထက်များပြားသော်လည်း များစွာကြီးမားခြင်းမရှိဘဲဆက်လက်တိုက်ခိုက်နိုင်ဆဲဖြစ်သည်။
သို့သော် ထိုသို့တိုက်ခိုက်ဝံ့သည့်သတ္တိကတော့ သူ့ထံတွင်ရှိမနေပေ။
“ ငါ...ငါအရှုံးပေးတယ်....”
ထန်ရှန်းကတုန်လှုပ်သည့်လေသံဖြင့်ခပ်တိုးတိုးရေရွတ်လိုက်သည်။
ထိုသို့ပြောဆိုပြီးနောက် သူ၏ခန္တာကိုယ်မှအားအင်များကုန်ခမ်းသွားသည်ဟုခံစားလိုက်မိကာ လဲကျခြင်းမရှိရန်ပင်မနည်းထိမ်းချုပ်ထားလိုက်ရ၏။
ထို့နောက်မှ အံ့အားသင့်ငြိမ်သက်နေသည့်လူအုပ်ကြီးက ဟောင်ရန့်ကိုလက်ခုပ်တီး၍အားရပါးရအားပေးလိုက်ကြပြီး လက်ခုပ်သံများကြားတွင် ဟောင်ရန်ကတည်ငြိမ်စွာဖြင့်စင်မြင့်ပေါ်မှပြန်ဆင်းလာသည်။
တစ်ဖက်လူကအရှုံးပေးပြီးဖြစ်ရာ သူ့အနေဖြင့်ဆက်လက်တိုက်ခိုက်ရန်မသင့်လျော်သလို သူ၏ပခုံးမှဒဏ်ရာကြီးကလည်းအလျှင်အမြန်ကုသရန်လိုအပ်နေသည်မဟုတ်ပါလား....။
ဟောင်ရန်က သူ့ကိုတစ်ချက်ကလေးပင်လှည့်မကြည့်ဘဲပြန်ဆင်းသွားသည့်တိုင် အချိန်အနည်းငယ်ကြာမှ ထန်ရှန်းက ပြန်ရပ်နိုင်ကာ ဓားပျံသုံးစင်ကိုပြန်ကောက်လိုက်သည်။
ထို့နောက် အရှက်ရသည့်မျက်နှာဖြင့် အကဲဖြတ်လူကြီးများဆီသို့တစ်ချက်ကြည့်ရင်း လူအုပ်တွင်းသို့တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ယနေ့ ရှုံးနိမ့်မှုက သူတစ်ဦးထဲ၏ရှုံးနိမ့်မှူသာမဟုတ်ဘဲ ထန်စံအိမ်၏မျက်နှာလည်းပျက်ရပေသည်။
ထိုမြင်ကွင်းကိုကြည့်ရှုနေသည့် ထန်ချင်းရှန်၏မျက်နှာထက်၌အေးစက်သည့်အရိပ်အယောင်အချို့ထွက်ပေါ်လာသလို ဘေးနားရှိဟူအိုက ဝမ်းသာအားရသည့်ပုံစံဖြင့်ပြောလိုက်သည်။
“ ကိုင်း....ငါမပြောဘူးလား....ဟိုကောင်လေးအနိူင်ရမှာပါဆို ။ ထန်စံအိမ်က ကောင်လေးကတော့သနားစရာ ရှိသမျှအကုန်ထုတ်သုံးတာတောင် ပြိုင်ဘက်ကိုအနိုင်မယူနိုင်ဘဲ အရှက်ရပြီးရှုံးသွားတယ်.....”
ဟူအို၏လှောင်ပြောင်သည့်စကားလုံးများက ထန်ချင်းရှန်၏ရင်ကိုချွန်ထက်သည့်ဓားသွားများအလားစိုက်ဝင်လျက်ရှိသည်။
ထိုအဖြစ်ကို ဘေးနားရှိစာပေသမားကလည်း ကျေနပ်စွာကြည့်နေပြီးအခွင့်ကြုံခိုက်တွင်သာသာနှင့်နာနာနှက်ရသည်ကကျေနပ်ဖွယ်ကောင်းလှ၏။
ထန်ချင်းရှန်လှောင်ပြောင်ခံနေရ၍ ဟဲလောင်ချန်းကတစ်စုံတစ်ရာပြောမည်ပြုလိုက်သော်လည်း ထန်ချင်းရှန်က သူ့ကိုဟန့်တားကာခေါင်းယမ်းပြလိုက်သည်။
“ ထားလိုက်ပါ သူပြောပါစေ....”
ထန်ချင်းရှန်၏စကားက အလျော့ပေးသည့်ပုံစံရသော်လည်း သူ၏လေသံက အေးစက်လျက်ရှိသည်။
ထိုမြင်ကွင်းကြောင့် ဟူအိုက ပို၍ပင်အူမြူးသွားပြီး ခပ်ထေ့ထေ့ပြုံးကာပြောလိုက်သည်။
“ မင်းတို့သိုင်းမဟာမိတ်ကလူငယ်မျိုးဆက်တွေတစ်ယောက်ပြီးတစ်ယောက်အရေးနိမ့်တာမြင်ရတာကျေနပ်စရာပဲ။
ငါတို့မိစ္ဆာဝိညာဉ်အဖွဲ့ကတော့ ဒီပြိုင်ပွဲပြီးရင် ပိုပြီးတောင်မြင့်တက်လာဦးမယ်....”
ဟူအို၏လေသံကလှောင်ပြောင်သည့်ပုံစံပေါက်နေသော်လည်း သူ၏စကားကြောင့် ဟဲလောင်ချန်း၏စိတ်ထဲတွင်အံ့အားသင့်သွားရုံသာမက ထန်ချင်းရှန်၏မျက်ဝန်းများလည်းကျဉ်းမြောင်းသွားသည်။
ဟူအိုဆိုသည့်ထိုအဖိုးအိုက ကောက်ကျစ်ဉာဏ်များကာ ပရိယာယ်ကြွယ်ဝလှသည့်တိုင် ယခုလိုယုံကြည်မှုရှိစွာထုတ်ဖော်ပြောလာသည်က ရှားပါးပေသည်။
သို့သော် ယခုပြိုင်ပွဲ၏ပထမအဆင့်ကိုဖြတ်ကျော်နိုင်သူများထဲတွင်အနက်ရောင်သိုင်းလောကသားအတော်များများပါဝင်သည်ကိုပြန်သတိရလိုက်မိရာ ဟဲလောင်ချန်းနှင့် ထန်ချင်းရှန်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ထိုအချိန်တွင် စင်မြင့်ထက်မှဆင်းလာသည့်ဟောင်ရန်၏အနီးသို့ရှောင်ယောင်က အလျှင်အမြန်ရောက်ရှိသွားပြီး သူ၏ဦးခေါင်းကိုဖောင်းခနဲပိတ်ရိုက်ရင်းငေါက်ငမ်းလိုက်သည်။
“ ငတုံး မနိုင်ရင်လည်းအလျော့ပေးပါလားကွ...ဒီလောက်အထိကြိူးစားစရာလိုလို့လား....”
ရှောင်ယောင်က သူ့ဆီသို့ဦးစွာရောက်ရှိလာ၍ လာရောက်ကူညီသည်ဟုထင်မှတ်နေသည်ဟောင်ရန်ကား မျက်လုံးပြူးသွားလေသည်။
သို့သော် ရှောင်ယောင်နှင့်ငြင်းခုန်တိုင်းအလျော့မပေးသည့်အကျင့်ရှိ၍ နှာခေါင်းတစ်ချက်ရှုံ့ကာပြန်ပြောလိုက်သည်။
“ ဟမ့်...ကျုပ်ကိုခင်ဗျားလိုငကြောက်များမှတ်နေလား။ အခုဘယ်သူနိုင်လဲမြင်လား....”
ရှောင်ယောင်က ဟောင်ရန့်ကို ရောက်မဆိုက်ဆိုသလိုဆီးကြိုရိုက်နှက်၍အပြစ်တင်လိုက်သော်လည်း သူ၏မျက်နှာထက်တွင်စိုးရိမ်ပူပန်သည့်အရိပ်အယောင်များရှိနေပြီး ပခုံးရှိဒဏ်ရာကိုစစ်ဆေးကြည့်ရှုနေသည်။
ထိုနည်းတူ ဟောင်ရန်ကလည်း ရှောင်ယောင့်ကိုတင်းတင်းမာမာတုန့်ပြန်သည့်တိုင် သူ၏အပြုအမူကိုငြင်းပယ်ခြင်းမပြုပေ။
တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြသော်လည်း အချိန်အတော််များငြင်းခုန်နေလေ့ရှိသည့်ထိုနှစ်ယောက်၏အကြောင်းကိုသိရှိပြီးဖြစ်၍ အနားသို့ရောက်လာသည့် ဝမ်ဝူးတို့ကရယ်မောလိုက်မိကြသည်။
“ ညီလေး ရှောင် မင်းကဘယ်ချိန်ထဲကရောက်လာတာလဲ ငါတို့ကိုတောင်လာနှုတ်မဆက်ဘူး။ ပြီးတော့ ဟောင်ရန်ကလည်း သူ့နာမည်ခေါ်မှပဲ သူဝင်ပြိုင်မှန်းသိတော့တယ်...”
စုထင်း၏မကျေမနပ်စကားသံအဆုံးတွင် ဆုဖိန်ကပါ ဝင်ပြောလာသည် ။
“ ဒါနဲ့ သိုင်းလောကသားတွေပြောနေကြတာအမှန်လား....မင်းက ဓားကျိုးဘုရင်ရဲ့တူဆို... ပြီးတော့ ဟိုရေခဲမိန်းကလေးကိုလည်းအပိုင်ရလိုက်ပြီဆိုကွ....”
ဆုဖိန်က အတင်းအဖျင်းသတင်းများကိုစိတ်ဝင်စားသူပီပီ ရှောင်ယောင်၏လက်ကိုဆွဲကာ တက်ကြွစွာမေးလိုက်သည်။
သူတို့၏အဆက်မပြက်မေးခွန်းများကြောင့် ရှောင်ယောင်လည်း သူတို့ကိုတောင်းပန်စကားဆိုလိုက်သည်။
“ ကိုင်း....အစ်ကိုတို့ကိုကျုပ်နေ့လည်နားရင်အေးအေးဆေးဆေးရှင်းပြမယ်ဟုတ်ပြီလား.. ဆိုင်တစ်ဆိုင်ဆိုင်မှာ ဆုံကြတာပေါ့ ...”
ရှောင်ယောင်၏စကားကြောင့် ဝမ်ဝူးတို့သုံးယောက်မှာ စိတ်ကျေနပ်သွားပြီး လွှတ်ပေးလိုက်ကြသည် ။
ထိုအခါမှ ရှောင်ယောင်လည်းဟောင်ရန့်၏ဒဏ်ရာကိုကောင်းစွာစစ်ဆေးနိုင်တော့သည်။