← Chapters

သူ၏သိုင်းပညာ

Vol. 3 Ch. 80

သူ၏သိုင်းပညာ

Vol. 3 Ch. 80

စင်မြင့်၏အလယ်တွင် နေရာယူထားသူက အနီရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက်ဖြစ်ပြီး သူ၏ခါးတွင်ဓားတစ်လက်ကိုချိတ်ဆွဲထားသည် ။

အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သည့်ထိုလူရွယ်၏အသက်ကနှစ်ဆယ့်ငါးနှစ်ဝန်းကျင်သာရှိမည်ဖြစ်ပြီး လူငယ်ထိပ်သီးစာရင်းမဝင်သည့်တိုင် သူ၏သိုင်းပညာကြောင့် လူငယ်မျိုးဆက်၏ထိပ်တန်းနေရာ၌ရှိနေဆဲပင်။

သူ၏မျက်နှာက ချောမောသည်ဟုဆိုနိုင်သော်လည်း ယခုအခါအနည်းငယ်မည်းမှောင်နေပြီး ကျောက်နက်ဓားဆိုသည့်နာမည်ဖြင့်လိုက်ဖက်သည်ဟုရှောင်ယောင်ပင်တွေးလိုက်မိ၏။

တစ်ဖက်လူငယ်၏ပုံစံက ဒေါသထွက်နေဟန်တူခြင်းမှာလည်းများစွာထူးဆန်းခြင်းမရှိပေ။

လီယွမ်ခိုင်ဆိုသည့်လူငယ်က ကျော်ကြားမှုကအ‌တော်အသင့်ရှိပြီး ရုပ်ရည်လည်း‌ချောမောရာ မိန်းကလေးများကြားတွင်ရေပန်းစားသည်ဟုဆိုနိုင်သည်။

ယခု သူနှင့်ယှဉ်ပြိုင်ရမည့်သကောင့်သားက လူအများ၏အာရုံစိုက်မှုများကိုခိုးယူသွားပြီး သူ့ကိုမထင်မရှားဖြစ်စေရာ လီယွမ်ခိုင်၏စိတ်ထဲတွင်မကျေမနပ်ဖြစ်နေသည်ကအထူးအဆန်းတော့မဟုတ်ပေ ။

အရေးအကြီးဆုံးအချက်က ထိုအကောင်မှာ လူငယ်များစွာ၏အိပ်မက်နတ်သမီးဖြစ်သည့်စီးတုယွမ်ချင်းကိုခိုးယူသွားသေးသည်။

လီယွမ်ခိုင်မှာ လူငယ်တို့၏သဘာဝအတိုင်း စီးတုယွမ်ချင်းကိုတစ်ကြိမ်မြင်ရုံနှင့်စွဲလမ်းမိသူများထဲတွင်တစ်ဦးအပါအဝင်ဖြစ်သည် ။

သို့သော် စီးတုယွမ်ချင်း၏မြင့်မားသည့်အဆင့်အတန်း၊ သိုင်းပညာတို့ကြောင့် သူ၏မေတ္တာကိုထုတ်ဖော်ပြောဆိုရန်ပင်မဝံ့ရဲဘဲ အခြားလူများလို စိတ်ထဲမှသာကြိတ်၍သဘောကျနေပေသည်။

ယခု မည်သည့်နေရာမှထွက်လာသည်မသိရသည့်လူငယ်တစ်ယောက်ကစီးတုယွမ်ချင်း၏မေတ္တာကိုပိုင်ဆိုင်ခွင့်ရသည့်အပြင် ထိုလူငယ်က သူနှင့်ယှဉ်ပြိုင်ရန်ကျရောက်လာရာ လီယွမ်ခိုင်လည်း မှတ်လောက်သားလောက်အောင်ဆုံးမပစ်မည်ဟုတေးထားသည်။

သည့်မတိုင်မီက ပြိုင်ဘက်၏ကျော်ကြားမှုကြောင့် အနည်းငယ်ထိတ်လန့်မိသော်လည်း ရှောင်ယောင်၏သိုင်းအဆင့်က သူနှင့်အတူတူပင်ဖြစ်ရာ ‌သိုင်းလောကထဲမှသတင်းများကချဲ့ကားပြောဆိုခြင်းဖြစ်မည်ဟုသာတွေးမိပြီး ရှောင်ယောင့်ကိုအနိူင်ယူရန်စိတ်အားထက်သန်နေပေသည် ။

“ ကျုပ်က ရှောင်ယောင်ပါ....”

ရှောင်ယောင်က သိုင်းလောကထုံးစံအတိုင်းအရိုအသေပေးလိုက်သည်။

လီယွမ်ခိုင်လည်းမကောင်းတတ်၍ပြန်အရိုအသေပေးလိုက်သော်လည်း သူ၏စိတ်ထဲတွင်ရှောင်ယောင့်ကိုအနိုင်ယူရန်မစောင့်နိုင်တော့ဘဲဖြစ်နေသည်။

ထိုအချက်ကိုရိပ်စားမိ၍ ရှောင်ယောင်လည်း ပြုံး၍ပြောလိုက်သည်။

“ မိတ်ဆွေ တိုက်ခိုက်လို့ရပါပြီ ....”

ရှောင်ယောင်၏စကားအဆုံး၌ လီယွမ်ခိုင်က သူ၏ခါးမှဓားကိုရွှမ်းခနဲဆွဲထုတ်လိုက်သည်။

လီယွမ်ခိုင်၏ဘွဲ့အမည်မှာ ကျောက်နက်ဓားဖြစ်နေခြင်းကမထူးဆန်းဘဲ သူအသုံးပြုသည့်ဓားက နက်မှောင်သည့်ကျောက်သားတစ်မျိုးဖြစ်၍ပင်။

ကျောက်သားကိုထွင်းထုထားသော်လည်း သံမဏိလိုပင်မာကျောသည့်ထိုဓားရှည်က လီယွမ်ခိုင်၏လက်စွဲတော်လည်းဖြစ်ကာ ထိုဓားဖြင့်ဆိုလျှင် အ‌ဆင့်တူများကိုမရှုံးနိမ့်ဟုယုံကြည်ချက်လည်းရှိပေသည်။

“ ကျား....”

လီယွမ်ခိုင်က အော်ဟစ်မာန်သွင်းကာ ရှောင်ယောင့်ဆီသို့ရိပ်ခနဲခုန်ဝင်တိုက်ခိုက်လိုက်သည်။

သူ၏ကိုယ်ဖော့ပညာက ကောင်းမွန်ပြီး ဓားကွက်များကလည်း အစွမ်းထက်လှသည်။

ရှောင်ယောင့်ဆီသို့ခုန်ဝင်ကာ တစ်ဆက်ထဲတိုက်ခိုက်လိုက်သည့်ဓားသုံးချက်က သာမန်အဆင့်လွန်ထိပ်သီးများကိုပင်အကြပ်ရိုက်သွားစေနိုင်သည့်တိုက်ခိုက်မှုမျိုးဖြစ်ကာ ပြိုင်ဘက်ကိုအနိုင်ပိုင်းရန်ဆုံးဖြတ်ထားပြီးဖြစ်၍ ပထမဆုံးတိုက်ကွက်တွင်ပင် အစွမ်းကုန်တိုက်ခိုက်လိုက်ခြငိးဖြစ်၏။

သို့သော် ရှောင်ယောင်၏ပုံစံကတည်ငြိမ်နေပြီး လီယွမ်ခိုင်၏ဓားက သူနှင့်နီးကပ်လာချိန်မှ ရှောင်ယောင်က သူ၏လက်ကိုရိပ်ခနဲလှုပ်ရှားလိုက်သည် ။

“ ထန်း....”

ကျောက်နက်ဓားနှင့် သံမဏိတုတ်ချောင်းတို့၏ထိတွေ့မှုက ပြင်းထန်စွာဖြစ်ပေါ်လာပြီး ကျယ်လောင်သည့်အသံတစ်ခုကိုလူတိုင်းကြားလိုက်ရသည်။

ရှောင်ယောင်၏ခါးတွင်ထိုးထားသည့် အဆစ်ကိုးဆစ်ပါသည့်သံမဏိတုတ်ချောင်းက သူ၏လက်တွင်းသို့ရောက်ရှိနေကာ လီယွမ်ခိုင်၏ဓားကိုဟန့်တားလိုက်ခြင်းဖြစ်၏။

ပုံစံခုနစ်မျိူးအထိပြောင်းလဲနိုင်သည့် ကိုးဆစ်သံမဏိတုတ်ချောင်းက အရှည်ဆုံးအနေဖြင့် ကိုးပေခန့်ရှိသည့်ကျာပွတ်ရှည်အဖြစ်ပြောင်းလဲနိုင်ပြီး ရှောင်ယောင်က ခွေခေါက်၍ ခါးတွင်ထိုးထားခြင်းဖြစ်သည် ။

ယခုအရေးကြုံလာသည်နှင့် သူံးပေခန့်ရှည်သည့်တုတ်ချောင်းအဖြစ်ပြောင်းလဲကာအသုံးပြုခြင်းဖြစ်ပြီး ထိုလက်နက်နှင့်အကျွမ်းတဝင်ရှိနေသည့်ရှောင်ယောင့်အတွက် ပုံစံပြောင်းလဲရာတွင် မူလပိုင်ရှင်အန်းဒူနီးပါးလျှင်မြန်နေသည်ဟုဆိုနိုင်သည်။

ရှောင်ယောင်က သူ၏နေရာမှတစ်လက်မမှရွေ့ချားခြင်းမရှိသော်လည်းလီယွမ်ကျိမှာ ပြင်းထန်သည့်အင်အားကြောင့်လက်တစ်ခုလုံးထုံကျင်သွားပြီး ခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ရသည်။

သူ၏မျက်နှာထက်တွင်အံ့ဩတုန်လှုပ်ဟန်ကအထင်းသားထွက်ပေါ်လာပြီးတူညီသည့်သိုင်းအဆင့်တွင်ရှိသည့်တိုင် ရှောင်ယောင်၏အတွင်းအားကသူ့ထက်များစွာသာလွန်နေ၍ တုန်လှုပ်မိခြင်းဖြစ်၏။

ဤသည်က သူအထင်မှားနေခြင်းသာဖြစ်ပြီး အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်စဖြစ်သည့်ရှောင်ယောင်၏အတွင်းအားမှာ သူ့ထက်ပင်လျော့နည်းနိုင်သည်။

ထိတ်တိုက်ဆုံတွေ့မှုတွင် ရှောင်ယောင်ကမည်သို့မှမဖြစ်ဘဲလီယွမ်ခိုင်သာနောက်ဆုတ်ပေးလိုက်ရခြင်းက သူ၏ပြိုင်ဘက်ဖြစ်သည့်ရှောင်ယောင်မှာ အပြင်အားလမ်းစဉ်ကိုပါလေ့ကျင့်ထားသူတစ်ဦးဖြစ်၍ပင်။

ထိုအကြောင်းကိုသိရှိမထားသည့်လီယွမ်ခိုင်က ရှောင်ယောင်၏အတွင်းအားကိုကြိတ်၍ဖြုံသွားစဉ် ရှောင်ယောင်က ရှေ့သို့တိုးဝင်ကာ လက်ထဲရှိသံမဏိတုတ်ချောင်းဖြင့်တိုက်ခိုက်လိုက်သည်။

“ ဝှီး....”

ရှောင်ယောင်၏လက်ထဲရှိသံမဏိတုတ်ချောင်းကအရှိန်ပြင်းစွာပြေးဝင်လာပြီး လီယွမ်ခိုင်မှာ ထိတ်တိုက်တိုက်ခိုက်ရန်မဝံ့ဘဲ အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။

သူ၏တိုက်ခိုက်မှုလွဲ‌ချော်သွားသောမလည်းရှောင်ယောင်က သံမဏိတုတ်၏အဆစ်အနည်းငယ်ကိုလှည့်ကာ ကျာပွတ်ရှည်အသွင်းပြောင်း၍ တန်ပြန်ရိုက်ထုတ်လိုပ်ပြန်သည်။

အားအင်ပြင်းထန်လှသည့်ရိုက်ချက်က သူ၏ဦးခေါင်းဘေးမှ ပွတ်ကာသီကာဖြတ်သွားပြီး လီယွမ်ခိုင်၏မျက်နှာကား သွေးမရှိသလို‌ဖြူလျော်နေသည်။

ရှောင်ယောင့်ကို အစွယ်မရှိသည့်စက္ကူကျားတစ်ကောင်ဟုထင်ခဲ့သော်လည်းပြိုင်ဘက်က ကိူးတောင်ကျားတစ်ကောင်ဖြစ်နေရာ လီယွမ်ကျိမှာ တိုက်ကွက်အနည်းငယ်အတွင်းမှာပင်ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။

ရှောင်ယောင်က ကိုးဆစ်သံမဏိတုတ်ချောင်းကို တုတ်ရှည်တစ်မျိုးတုတ်တိုတစ်သွယ်ပြောင်းလဲအသုံးပြုနေပြီး တစ်ခါတစ်ရံကျာပွတ်ရှည်အဖြစ်ပါ ပြောင်းလဲတိုက်ခိုက်တတ်သေးသည်။

သူ၏အဆက်မပြက်ပြောင်းလဲနေသည့်တိုက်ခိုက်ပုံနှင့် ထူးခြားသည့်တိုက်ခိုက်မှုများကြောင့် လီယွမ်ခိုင်မှာ တန်ပြန်တိုက်ခိုက်ရန်မ‌ဆိုထားနှင့် ရှောင်ယောင်၏လက်ချက်မမိရန်ပင်သတိထားရှောင်တိမ်းနေရသည်။

ရှောင်ယောင်က အန်းဒူ၏လက်နက်ဖြင့်အသုံးပြုနေခြင်းမှာ လက်ရည်တူမဟုတ်၍အလျော့ပေးတိုက်ခိုက်ခြင်းဟုသိပါက လန့်ဖျားပင်ဖျားသွားနိုင်သည်။

ထိုနည်းတူ စင်မြင့်အောက်ရှိသိုင်းလောကသားများသည်လည်း လက်နက်တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေသည့်ရှောင်ယောင်၏လက်နက်ကို စိတ်ဝင်စားနေကြပြီး စင်မြင့်အနီးရှိတစ်ယောက်က အံ့အားသင့်စွာအော်ဟစ်လိုက်သည်။

“ ဒါက လောဘနတ်ဆိုးအန်းဒူရဲ့ ကိုးဆစ်သံမဏိတုတ်ချောင်းပဲ.....”

“ ဘာလို့သူက ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုတတ်‌နေတာလဲ.....”

လူအုပ်ထဲတွင်တီးတိုး‌ပြောသံများဆူညံသွားသလို စင်မြင့်ထက်ရှိအရိုးနတ်ဆိုးဟူအိုနှင့် သွေးလွှမ်းနတ်ဆိုးစာပေသမားတို့၏မျက်နှာများက ကွက်ခနဲပျက်သွားကြသည်။

သူတို့ရှစ်ယောက်က ကိုယ်ကျိုးအတွက် မိစ္ဆာဝိညာဉ်အဖွဲ့တွင်းသို့ဝင်ကာ ခေါင်းဆောင်များဖြစ်လာခြင်းဖြစ်ပြီး အချင်းချင်းကူညီရိုင်းပင်းရန်ဝေးစွ ရန်ငြိုးရန်စများပင်ရှိကြသည်။

ထို့ကြောင့် အန်းဒူ၏သေဆုံးခြင်းက သူတို့ကိုမည်သို့မှသက်ရောက်စေခြင်းမရှိဘဲ တစ်ယောက်လျော့လျှင်ကောင်းသည်ဟုပင်ခံယူထားကြသေးသည်။

သို့သော်လည်း လောဘနတ်ဆိုးအန်းဒူမှာ သူတို့ခေါင်း‌ဆောင်ရှစ်ယောက်ထဲမှတစ်ယောက်ဖြစ်ရာ အများအမြင်တွင် ကိုယ့်အပေါင်းအသင်းအတွက်လက်စားမချေခြင်းက ရိုင်းပြရာကျသလို မိစ္ဆာဝိညာဉ်အဖွဲ့ကြီးအတွက်လည်း ဂုဏ်သိက္ခာကျဆင်းပေသည် ။

အထူးသဖြင့် အန်းဒူကိုသတ်ဖြတ်သွားသည့်လူငယ်က လက်ရှစ်ဖက်လှနတ်ဆိုးချူးကုနန်ကိုပါသတ်ဖြတ်ထားသူဖြစ်ရာ သူတို့အတွက် နှစ်ထပ်ကွမ်းရှုံးနိမ့်ရပေသည်။

မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်များဖြစ်သည့် ဟူအိုနှင့်စာပေသမားတို့နှစိဦးလုံး ရှောင်ယောင့်ကိုအခွင့်အရေးရလျှင်သတ်ပစ်ကြမည်ဖြစ်သော်လည်း လူမြင်ကွင်းတွင်မူ ရှောင်ယောင်၏ဆံပင်ကလေးတစ်မျှင်ကိုပင်မထိဝံ့ပေ။

အကြောင်းကား ရှောင်ယောင့်ကိုအန္တရာယ်ပေးသည့်သတင်းသာ ဓားကျိုးဘုရင်၏နားထဲသို့ရောက်ရှိသွားပါကသူတို့နှစ်ယောက်သာမက မိစ္ဆာဝိညာဉ်တစ်ဖွဲ့လုံးပင်ပျက်စီးသွားနိုင်၍ဖြစ်သည်။

“ ထန်း....”

“ ချွမ်...ချွမ် ....”

လက်နက်ချင်းထိခတ်သံများကဆူညံနေပြီး ကျောက်နက်ဓားလီယွမ်ခိုင်တစ်ယောက် အောက်စည်းမှရုန်းထွက်နိုင်ခြင်းမရှိသေးပေ။

သူတို့နှစ်‌ယောက်လုံးကအဆင့်လွနိထိပ်သီးများဖြစ်သည့်တိုင် တိုက်ပွဲအစပိုင်းထဲက ရှောင်ယောင်က ဖိအားပေးတိုက်ခိုက်နေခြင်းဖြစ်ပြီးယခု သိုင်းကွက်သုံးရာနီးပါးရောက်ရှိလာသည့်တိုင် လီယွမ်ခိုင်မှာ ရှောင်ယောင်၏ဖိနှိပ်မှုအောက်တွင်ရှိနေဆဲပင်။

သူ၏ကျောက်နက်ဓားနှင့် ဓားသိုင်းက အစွမိးထက်သိုင်းပညာတစ်ခုဖြစ်သော်လည်း အဆက်ပြက်ပြောင်းလဲနေသည့်ရှောင်ယောင်၏လက်နက်ကိုထိတ်လန့်တုန်လှုပ်နေ၍ ကောင်းစွာတိုက်ကွက်ထုတ်ချိန်ပင်မရဘဲ အချိန်ပြည့်ရှောင်‌တိမ်းနေရခြင်းဖြစ်သည်။

ရှောင်ယောင်သည်လည်း မည်သည့်သိုင်းပညာမှမယ်မယ်ရရလေ့ကျင့်မထားသော်လည်း ကိုးဆစ်သံမဏိတုတ်ချောင်းလက်နက်ဖြင့် အဆင့်လွန်ထိပ်သီးတစ်ယောက်ကိုအနိုင်ယူနိုင်စွမ်းရှိခြင်းကိုအံ့ဩနေမိသည်။

အများအမြင်တွင် ရှောင်ယောင်ကကိုးဆစ်သံမဏိတုတ်ချောင်းကို ကျင်လည်စွာအသုံးပြုနေသော်လည်း စင်စစ် သူကလက်နက်ဖြင့်တိုက်ခိုက်ရသည့်သိုင်းပညာများကို ကောင်းစွာမလေ့ကျင့်ဖူးပေ။

ယခုလို ထိုလက်နက်အားကောင်းစွာအသုံးပြုနိုင်ခြင်းက ရှောင်လင်ကျောင်းတွင်သင်ခဲ့ရသည့်ပညာရပ်များကြောင့်ဖြစ်ပြီး ထိုလက်နက်ကိုကြွယ်ယန်နှင့်ကြွယ်စင်းတို့၏လက်ထဲထည့်ပေးလျှင်လည်း သူ့လိုပင်ကောင်းကောင်းကြီးအသုံးပြုနိုင်ပေမည်။

ထို့ကြောင့် လက်နက်ပေါင်းခုနစ်မျိုးအထိပြောင်းလဲနိုင်သည့်ကိုးဆစ်သံမဏိတုတ်ချောင်း၏အစွမ်းက အံ့ဩဖွယ်ဖြစ်ပြီး ထိုလက်နက်များကိုလျှင်လျှင်မြန်မြန်ကူးပြောင်းနိုင်ခြက်းက ပို၍ပင်အံ့ဩဖွယ်ကောင်းသေးသည်။

“ ငါအရှုံးပေးတယ် အရှုံးပေးတယ်....”

ရှောင်ယောင်၏လက်ထဲတွင်မရှုမလှခံနေရသည့်လီယွမ်ခိုင်က နောက်သို့ခုန်ဆုတ်ရင်း ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ပြိုင်ဘက်ကသူ့ကိုပေါ့ပေါ့ပါးပါးလေးသာတိုက်ခိုက်နေခြင်းဖြစ်သော်လည်း တစ်ချိန်လုံးအောက်စည်းသို့ရောက်ရှိကာအပြန်အလှန်တိုက်ခိုက်နိုင်ခြင်းမရှိသည်က လီယွမ်ခိုင့်ကိုဆက်လက်တိုက်ခိုက်လိုစိတ်ပင်ကင်းမဲ့နေသည်။

သူတို့နှစ်ယောက်ကအဆင့်တူပင်ဖြစ်သော်လည်းမည်သည့်အတွက်ယခုလိုကွာခြားနေရသည်မသိပေ။

ပြိုင်ဘက်၏အရှုံးပေးသည့်စကားကြောင့် အနည်းငယ်အံ့အားသင့်သွားသော်လည်း ရှောင်ယောင်က ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ သူ၏လက်နက်ကိုပြန်သိမ်းလိုက်သည်။

ထို့နောက် တစ်ယောက်ကိုတစ်ယောက် အရိုအသေပေးကာ စင်မြင့်ထက်မှနှစ်ဦးစလုံး ဆင်းသွားလိုက်ကြသည်။

ယနေ့ပြိုင်ပွဲတွင်ပြသခဲ့သည့်ရှောင်ယောင်၏သိုင်းပညာက အနည်းငယ်သာဖြစ်သော်လည်း သိုင်းလောကသားများမှာ အံ့ဩလေးစားစွာဖြင့်ပြောဆိုလျက်ကျန်ခဲ့ကြပေသည်။

All Chapters