← Chapters

အစားထိုးမရသည့်ဆုံးရှုံးမှု

Vol. 3 Ch. 90

အစားထိုးမရသည့်ဆုံးရှုံးမှု

Vol. 3 Ch. 90

ပိုင်ဖုန်းမင်၏ပွင့်လင်းသည့်စကားကို စီးတုယွမ်ချင်းက အေးစက်စက်ပုံစံဖြင့်ခေါင်းညိမ့်ပြလိုက်သလို ရှောင်ယောင်လည်း ပြုံး၍ ပြောလိုက်သည်။

“ ကောင်းပါပြီ နောက်တစ်ဆင့်ကိုတက်နိုင်ရင် တွေ့ကြတာပေါ့....”

ထို့နောက် ပိုင်ဖုန်းမင်က ဤနေရာတွင်ဆက်မနေတော့ဘဲ အတွင်းအားပြန်ဖြည့်ရန် နားနေဆောင်သို့ထွက်ခွာသွားသလို စိတ်ဝင်တစား‌စောင့်ကြည့်နေကြသည့် အနီးရှိလူများလည်း မချင့်မရဲဖြစ်ကာစိတ်ပျက်သွားကြသည်။

မူလက နဂါးနက်နှင့်ရှောင်‌ယောင်တို့လူစုပြသနာတတ်မည်ဟုထင်ထားမိသော်လည်း မည်သည့်ပြဿနာမှမဖြစ်သည့်အပြင် သူတို့ချင်းပင်ရင်းနှီးသွားပုံရသည်။

ထိုအချိန်တွင် ပြိုင်ပွဲဝင်များအနက် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိမည့်လူရွယ်နှစ်ယောက်က ရှောင်ယောင်နှင့်အတူရှိနေသည့်လွီချင်းအာကိုကြည့်ကာ အချင်းချင်းငြင်းခုန်နေကြသည်။

“ အဲဒီမိန်းကလေးကိုငါစိန်ခေါ်လိုက်မယ် ဝူယောင်....”

ပိန်ပိန်ပါးပါးပုံစံရှိသည့်လူရွယ်၏စကားကို မျက်ခုံးထူထူဖြင့်လူရွယ်က တုန့်ပြန်လိုက်သည်။

“ အမယ် ဘာလို့ငါကအလျော့ပေးရမှာလဲ တခြားသူတွေနဲ့စာရင် သူ့ကိုတိုက်ရတာလွယ်တူပေါ့....”

သူ၏စကားကိုခေါင်းယမ်းပြရင်း ပထမလူရွယ်က တည်ကြည်စွာဖြင့်ပြောလိုက်သည်။

“ ဝူချင်း ငါပြောတာနားထောင် အရင်တစ်ခေါက် ရှန့်စီးယန်နဲ့ပြဿနာစတတ်တာမင်းမလား။ မင်းတောင် ဒီကောင့်ကိုပညာပေးဖို့ ငါ့ကို ဒေါသတကြီးလာရှာသေးတယ်လေ....”

ထိုလူရွယ်၏ဆိုလိုရင်းကိုနားမလည်သေးသော်လည်း ကျန်တစ်ယောက်ကခေါင်းညိမ့်ပြလိုက်သည်။

ပိန်ပိန်ပါးပါးလူငယ်၏နှုတ်ခမ်းထောင့်စွန်းများတွန့်ကွေးသွားပြီးဆက်ပြောလိုက်သည်။

“ ဒီတော့ အခုမင်းလက်စားချေဖိုဘအခွင့်အရေးရနေပြီမလား ဒီတိုက်ပွဲပြီးရင် စင်ပေါ်တက်ပြီး ရှန့်စီးယန်ကိုစိန်ခေါ် လိုက်တော့....”

သဘာဝကျဟန်တူသည့် သူ၏စကားကြောင့်မျက်ခုံးထူထူဖြင့်လူရွယ်ကခေါင်းညိမ့်လိုက်မိမလိုဖြစ်ပြီးမှ အလျှင်အမြန်ပြောလိုက်သည်။

“ ငါ့ကိုလာပြီးလှည့်စားမနေနဲ့ ထုံးစံအတိုင်း မင်းနဲ့ငါစုံစွမ်စိလုပ်မယ်.....”

မကြာမီအချိန်အတွင်းပြင်းထန်သည့်တိုက်ပွဲကိူယ်စီတိုက်ခိုက်ရတော့မည်ဖြစ်သည့်တိုင် ထိုလူရွယ်နှစ်ယောက်ကား အေးအေးလူလူရှိလှသည်။

စင်မြင့်ထက်ရှိ မိန်းမလှလေးနှစ်ယောက်ကား ဒဏ်ရာကိုယ်စီရရှိထားပြီဖြစ်သော်လည်း သူတိူ့၏တိုက်ခိုက်မှုများက ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလာသေးသည်။

ပင့်ကူကဝေပျို ရှောင်ရှာ၏ သွေးစုပ်လိပ်ပြာလက်ဝါးကြောင့် အဆိပ်ကဝေပျို၏မျက်နှာက ဖြူဖျော့နေသလို သူမ၏လေကွဲလက်သည်းချက်မိထား၍ ရှောင်ရှာ၏ပခုံးတွင် ဒဏ်ရာကြီးတစ်ခုရှိနေသည်။

သို့တိုင် မိန်းမလှလေးနှစ်ယောက်က ကမ္ဘာမကြေရန်သူများသဖွယ်ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်ပြီး ယခုပုံစံအတိုင်းသာဆက်သွားပါကအနိုင်အရှုံးမပေါ်မီ နှစ်ဦးစလုံးသေဆုံးမည့်ကိန်းဖြစ်သည်။

ထိုအဖြစ်ကြောင့် အောက်ရှိလူများ ရင်တမမဖြင့်အံ့သြတုန်လှုပ်စွာကြည့်ရှုနေကြစဉ် စွန်းအိမ်တော်သိုင်းသမားက သူတို့၏အလယ်သို့ရိပ်ခနဲတိုးဝင်ကာ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။

“ ဝုန်း....”

ကျယ်လောင်သည့်မည်သံကြီးနှင့်အတူ စွန်းအိမ်တော်သိုင်းသမား၏ပြင်းထန်လှသည့်လက်ဝါးချက်ကြောင့်တိုက်ခိုက်နေသူနှစ်ဦးလုံးနောက်ဆုတ်ပေးလိုက်ကြရသည်။

သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားတစ်ဦး၏လက်ဝါးရိုက်ချက်က လွန်စွာပြင်းထန်လှပြီး လူစုခွဲရန်ရည်ရွယ်၍ထုတ်ဖော်ခြင်းဖြစ်သည့်တိုင် မိန်းမလှလေးနှစ်ယောက်မှ နောက်သို့ခြေလှမ်းအနည်းငယ်စီဆုတ်ပေးလိုက်ရသည်။

ထိုအဖြစ်ကြောင့်စင်အောက်ရှိလူများနားမလည်နိုင်ကြသလို မိန်းကလေးနှစ်ယောက်ကလည်း ‌တင်းမာခတ်ထန်သည့်ပုံစံဖြင့်မေးလိုက်ကြသည်။

“ ဒါဘာသဘောလဲ ....”

“ ဘာလို့ဝင်တားတာလဲ....”

မိန်းမလှလေးနှစ်ယောက်က စွန်းအိမ်တော်သိုင်းသမားကိုမကျေမနပ်ပြောဆိုလိုက်ကြသလို အချင်းချင်းလည်း အငြိုးကြီးစွာစိုက်ကြည့်နေကြသည်။

ထိုစဉ် အပြာရောင်အရိပ်တစ်ခုက စင်မြင့်ပေါ်သို့လျှင်မြန်စွာရောက်ရှိလာပြီး တည်ငြိမ်အေးဆေးသည့်စကားသံကိုပါကြားလိုက်ရသည်။

“ ဒီတစ်ပွဲတော့ ကျုပ်မျက်နှာကိုထောက်ပြီး သရေအဖြစ်လက်ခံပေးလို့ရမလားမိန်းကလေးတို့....”

“ ခွန်လွန်ဂိုဏ်းချုပ်ကြီး....”

မိန်းမလှလေးနှစ်ဦးစလုံးလွန်စွာအံ့အားသင့်သွားကြသည်။

မှန်ပေသည်။

စင်မြင့်ထက်သို့နောက်ထပ်ရောက်လာသူက ခွန်လွန်ဂိုဏ်းချုပ်ကြီးသာဖြစ်ပြီး သူ၏မျက်နှာက အုံ့မှိူင်းလျက်ရှိသည်။

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏လုပ်ရပ်ကို သူမတို့အနေဖြင့်နားမလည်နိုင်ကြသော်လည်း ယခုပုံစံအတိုင်းဆက်သွားလျှင်လည်းအနိုင်အရှူံးမပေါ်နိုင်သည်ကိုရိပ်စားမိ၍ စိတ်ကိုပြန်ထိမ်းကာ ပြောလိုက်သည်။

“ ကျမလက်ခံပါတယ်ဂိုဏ်းချုပ်ကြီး....”

“ ကျမလည်း သဘောတူပါတယ်....”

မိန်းကလေးနှစ်ယောက်က ခွန်လွန်ဂိုဏ်းချုပ်ကြီးကိုအရိုအသေပေးလိုက်ကြရင်း တစ်ယောက်ကိုတစ်ယောက် မကျေမချမ်းပုံစံဖြင့်ကြည့်ကာ စင်မြင့်ထက်မှဆင်းသွားကြတော့သည်။

စင်မြင့်ပေါ်တွင် တည်ငြိမ်စွာရပ်နေသည့်ခွန်လွန်ဂိုဏ်းချုပ်ကြီး၏အမူအယာက လွန်စွာထူးဆန်းလျက်ရှိပြီး အမြဲလိုလိုတည်ငြိမ်အေးဆေးသည့်မျက်နှာက ပြိုတော့မည့်တိမ်မည်းများကဲ့သို့ အုံ့ဆိူင်းလျက်ရှိသည်။

သူ၏ပုံစံက မကောင်းသည့်ကိစ္စတစ်ခုခုဖြစ်ခဲ့ဟန်တူသည်ဟုသိရှိနိုင်သလို စံအိမ်ရှေ့ရှိအကဲဖြတ်လူကြီးများလည်း ညိုးငယ်သည့်မျက်နှာများဖြင့်ရှိနေကြသည်ကိုတွေ့လိုက်ကြသည်။

သူတို့၏အမူအယာကိုအကဲခပ်ရခြင်းဖြင့် ကြီးကျယ်သည့်ကိစ္စကြီးတစ်ခုခုဖြစ်ပျက်မည်ကိုရိပ်စားမိလိုက်ကာ ရှောင်ယောင်၏စိတ်ထဲတွင်လည်း ခံစားချက်များမကောင်းတော့ပေ။

ထို့နောကိ အချနိအနည်းငယ်ကြာအောင် ငြိမ်သက်စွာရပ်နေသည့်ခွန်လွန်ဂိုဏ်းချုပ်ကြီးက လူအုပ်ကြီးကိုဝေ့ကြည့်ရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ အရေးကြီးတဲ့ကိစ္စကြီးတစ်ခုဖြစ်လာတဲ့အတွက် ကျုပ်တို့ အကဲဖြတ်လူကြီးတွေတိုင်ပင်ပြီးပွဲကိုရပ်လိုက်ရတာပါ။ အဲဒါက ဘာလဲဆိုတော့....”

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားက ခေတ္တပြတ်တောက်သွားပြီးမှ ဆက်ပြောလိုက်သည်။

“ ဒီ‌နေ့မနက်မှာပဲ ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီ.....”

သူ၏လေသံထဲတွင် ဖူံးကွယ်ထားသည့်ဝမ်းနည်းကြေကွဲမှုတို့ပါဝင်လျက်ရှိသည်။။

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားက တိတ်ဆိတ်နေသည့်လူအုပ်အတွင်းသို့ ဗုံးတစ်လုံးလိုပစ်ဝင်သွားပြီး ဤနေရာရှိလူတိုင်း ငြိမ်သက်သွားကြပြီးမှ အံ့ဩတကြီးရေရွတ်သံများ ၊ မယုံကြည်နိုင်စွာပြောဆိုသံများ၊ ထိတ်လန့်တုန်လှုပ်သည့်ပုံစံများဖြင့် သိုင်းလောကသားများစွာမှာ တခဏအတွင်း ဆူညံပွတ်လောရိုက်သွားကြတော့၏။

&&&

စွန်းအိမ်တော်သိုင်းပြိုင်ပွဲစတင်ပြီးသုံးရက်မြောက်နေ့တွင် ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူခဲ့ပေသည်။

လွန်ခဲ့သည့်နှစ်ခုနှစ်ဆယ်ဝန်းကျင်က သိုင်းလောကတွင် ပြိုင်ဘက်မရှိသည့်သိုင်းရာဇာလေးဦးတွင်ပါဝင်သည့် ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးမှာ မီးစာကုန်ဆီခမ်းအရွယ်သို့ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ယခုလိုပျံလွန်တော်မူသွားခြင်းကများစွာထူးဆန်းသည်တော့မဟုတ်ပေ။

သို့သော် သက်ရှိထင်ရှားရှိနေသည့် ဂန္တဝင်ပုဂ္ဂိုလ်ကြီးတစ်ယောက် ယခုလိုသေဆုံးသွားသည့်သတင်းကိုကြားလိုက်ရ၍ သိုင်းလောကသားတိုင်း အံ့သြတုန်လှုပ်ကာမယုံကြည်နိုင်ဖြစ်နေကြသည်။

ရှောင်လင်ကျောင်းထိုင်‌ဆရာတော်ကြီးမှာ မည်သူနည်း ။

သိုင်းလောကထဲသို့မဆင်းတော့သည်က နှစ်များစွာကြာမြင့်နေပြီဖြစ်သော်လည်းလက်ရှိသိုင်းလောက၏ပြိုင်ဘက်ကင်းသိုင်းသမားဟုလူတိုင်းလက်ခံထားကြသူဖြစ်သည်။

ယနေ့ခေတ်၏ပြိုင်ဘက်မရှိသိုင်းဧကရာဇ်များဟုညွှန်းဆိုအပ်သည့် နှင်းငွေ့မိစ္ဆာသခင်နှင့်ပထမဓားသခင်ပင် ရှောင်လင်ကျောင်းထိုင်ဆရာတော်နှင့်ယှဉ်လျှင်အနည်းငယ်နိမ့်ကျနေဦးမည်။

သိုင်းလောကထဲတွင် သတင်းထွက်ပေါ်ခြင်းမရှိသော်လည်း လွန်ခဲ့သည့်အနှစ်နှစ်ဆယ်က ကျုံဟွာတောင်တိုက်ပွဲကိုအဆုံးသတ်ပေးခဲ့သူမှာလည်း ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးသာဖြစ်သည်။

သိုင်းလောက၏ဒဏ္ဍာရီများထဲမှတစ်ခုဖြစ်သည့် အမှောင်ကျေးရွာမှသခင်မကို သိုင်းသုံးကွက်ထဲဖြင့်အနိုင်ယူကာ သိုင်းလောကတစ်ခုလုံးကိုကယ်တင်လိုက်ခြင်းကိုထိုနေ့ကရှိခဲ့သူတိုင်း၏စိတ်ထဲတွင် စွဲမြဲလျက်ရှိဆဲပင်။

သူ‌နှင့်ခေတ်ပြိုင်သိုင်းသမားများထဲတွင် နေလသိုင်းရာဇာမှာ အစအနရှာမရအောင်ပျောက်ကွယ်သွားပြီးဖြစ်သလို သွေးသိုင်းရာဇာသည်လည်းသေဆုံးသွားသည်မှာ အရိုးပင်ဆွေးနေလောက်ချေပြီ။

ထိုနည်းတူ အလယ်ပိုင်းဓားဘုရင်ဟုနာမည်ကျော်သည့် ဝူတန်းဂိုဏ်းချုပ်ဟောင်းပင် ယခင်နှစ်များကပင်သေဆုံးပြီဟုသတင်းထွက်ခဲ့ကာ ရှောင်လင်ကျောင်းထိုင်ဆရာတော်တစ်ဦးသာ သက်ရှိထင်ရှားကျန်တော့ခြင်းဖြစ်သည်။

ယခု ရှောင်လင်ကျောင်းထိုင်ဆရာတော် ကောက်ကာငင်ကာ သေဆုံးသွား၍သိုင်းလောကတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြရပြီး အဖြူရောင်သိုင်းလောကသားများသာမက အနက်ရောင်သိုင်းလောကသားများပင် ဝမ်းနည်းကြေကွဲမှုကိုခံစားမိကြသည်။

သို့သော် ထိုသတင်းကို ရှောင်လင်ကျောင်းတော်ကထုတ်ပြန်ကြေငြာခြင်းဖြစ်၍ မှားယွင်းမည်မဟုတ်ဘဲ ဝမ်းနည်းစရာထိုဖြစ်ရပ်ကြီးကြောင့် စွန်းအိမ်တော်သိုင်းပြိုင်ပွဲကိုပင် ခေတ္တရပ်နားထားခဲ့ပေသည်။

သိုင်းလောကတစ်ခုလုံးရှိအဖြူအနက်သိုင်းသမားမှန်သမျှ ရှောင်လင်ကျောင်းတော်သို့ဦးတည်သွားလာနေကြကာ သိုင်းလောကနေရာအနှံ့တွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်များကိုတွေ့ရပေလိမ့်မည်။

နှင်းငွေ့မိစ္ဆာသခင်လို တစ်ခေတ်တစ်ယောက်ပုဂ္ဂိုလ်မှလွဲ၍ ကျန်ရှိနေသည့်အနက်ရောင်သိုင်းပညာရှင်ကြီးများ ထင်ထင်ရှားရှားမရမ်းကားဝံ့ခြင်းကလည်း ရှောင်လင်ကျောင်းထိုင်ဆရာတော်၏အဟန့်ကြောင့်ပင်ဖြစ်သည် ။။

လက်ရှိသိုင်းလောက၏ထိပ်ဆုံးတွင်ရှိသည့်ပညာရှင်များဖြစ်သည့် အရှင်သခင်သုံးပါးစာရင်းဝင် နဂါးစိမ်းဂိုဏ်းချုပ်ဟောင်း၊ တေလေဂိုဏ်းချုပ်ကြီးနှင့် ဝူတန်းဂိုဏ်းချုပ်တို့မှာ သိုင်းပညာနက်ရှိုင်းလှသည့်ပုဂ္ဂိုလ်များဖြစ်သော်လည်း သိုင်းလောကအရေးများကို ဝင်မပါတော့ပေ။

ယခု ရှောင်လင်ကျောင်းထိုင်ဆရာတော်ကြီးပျံလွန်တော်မူခြင်းက ဇာတ်မြုပ်နေကြသည့် အနက်ရောင်သိုင်းလောကမှသိုင်းပညာရှင်များကိုသာမက အနက်ရောင်သိုင်းလောကကို အပြီးတိုင်ချေမှုန်းလိုသည့်အဖြူရောင်သိုင်းလောမှအင်အားစုများကိုပင် လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။

ထို့ကြောင့်ဘက်လိုက်ခြင်းကင်းမဲ့ကာ ဖြောင့်မက်မှန်ကန်လှပြီး သိုင်းလောက၏ တည်ငြိမ်ရေးကိုထိမ်းညှိပေးထားသည့်ထောက်တိုင်ကြီးတစ်ခုဖြစ်သည့် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးတစ်ယောက်ကိုဆုံးရှုံးလိုက်ရခြင်းကသိုင်းလောကတစ်ခုလုံးအတွက် အစားထိုးမရနိုင်သည့်ဆုံးရှုံးမှူကြီးပင်ဖြစ်သည် ။

&&&&

××××ရှောင်လင်ကျောင်းမှသိုင်းဗေဒါ တတိယတွဲ ပြီးပါပြီ ။

စတုတ္တတွဲကို ဆက်လက်စောင့်မျှော်ကြပါရန် ။ ×××

All Chapters