သဏ္ဍာန်ငါးပါးသိုင်းပညာ
Vol. 3 Ch. 81
စီးမင်မြို့၏တစ်နေရာရှိခြံဝန်းငယ်လေးထဲတွင် ရှောင်ယောင်တို့လူစုရှိနေကြသည်။
ဤခြံဝန်းကလေးက စွန်းအိမ်တော်ခေါင်းဆောင်စီစဉ်ပေးထားခြင်းဖြစ်ကာ သေးငယ်သော်လည် သပ်သပ်ရပ်ရပ်ရှိလှပြီး ခြံဝန်းထဲရှိအိမ်ငယ်လေးကလည်း လူဆယ်ယောက်ခန့်အထိလွတ်လပ်စွာနေနိုင်ပေသည်။
မှန်ပေသည်။
ထိုခြံဝန်းကိုစီစဉ်ပေးထားခြင်းက စန်းဟုန်းလျန်ကြောင့်သာဖြစ်ပြီး စွန်းအိမ်တော်၏လက်ရှိခေါင်းဆောင်စွန်းချန့်အိုကပါးနပ်သည့်လူကြီးတစ်ယောက်သာဖြစ်သည်။
သူ၏စံအိမ်သို့ရောက်ရှိနေသည့်သိုင်းလောကသားများကို လိုလေသေးမရှိစီစဉ်ပေးထားသလို စန်းဟုန်းလျန်တို့လို သိုင်းလောက၏ထိပ်တန်းရှိပုဂ္ဂိုလ်များကို အလိုရှိသမျှရရှိနိုင်အောင်စီစဉ်ပေးထားသည် ။
စန်းဟုန်းလျန်သည်လည်း သူတစ်ဦးထဲဆိုလျှင် ယခုလိုမျိုးလုပ်ဆောင်ပေးခြင်းကိုလက်ခံမည်မဟုတ်သော်လည်း ရှောင်ယောင်နှင့်သူ့သူငယ်ချင်းများကြောင့်လက်ခံလိုက်ခြင်းဖြစ်သည်။
ဤခြံဝန်းလေးထဲတွင်သီးသန့်နေရခြင်းက စွန်းအိမ်တော်မှတည်းခိုစရာ၊ သို့မဟုတ် မြို့ထဲရှိစားသောက်ဆိုင်များတည်းခိုခန်းများတွင်နေရခြင်းထက်များစွာကောင်းမွန်သည်မဟုတ်လား။
ထို့ကြောင့် ခြံဝန်းလေးထဲတွင်စန်းဟုန်းလျန်နှင့် ရှောင်ယောင်တို့အပြင် ကြွယ်ယန်၊ ကြွယ်စင်းနှင့် ဟောင်ရန်တို့ပါရှိနေသည်။
စီးတုယွမ်ချင်းသူမ၏ဂိုဏ်းသူများနှင့်အတူ စွန်းအိမ်တော်မှစီစဉ်ပေးသည့်နေရာတွင်ရှိနေသလို လွီချင်းအာဆိုသည့်မိန်းကလေးက ရှောင်ယောင်နှင့်နီးနီးကပ်ကပ်နေလိုသော်လည်း မသင့်လျော်၍ သူမ၏ဂိုဏ်းမှလူများနှင့်မြို့ထဲရှိတည်းခိုခန်းတစ်ခုတွင်ရှိနေသည်။
ထို့ကြောင့် ခြံဝန်းထဲတွင် ရှောင်ယောင်တို့လို ယောင်္ကျားလေးများသာရှိနေခြင်းဖြစ်ပြီး နေ့လည်ခင်းအနားယူချိန်၌ စားသောက်ပြီးစီး၍ခြံဝန်းထဲတွင်အနားယူနေခြင်းဖြစ်သည်။
“ ကြွယ်ယန် ကြွယ်စင်းတစ်ယောက်ကော .....”
ရှောင်ယောင်က ဧည့်ခန်းထဲတွင် စန်းဟုန်းလျန်နှင့်စကားပြောဆိုနေရာမှ ကြွယ်စင်းကိုသတိရ၍မေးလိုက်သည်။
ကြွယ်ာန်ဆိုသည့်ကောင်က သူတို့၏နားတွင်တစ်ချိန်လုံးပေါက်ပေါက်ဖောက်နေသော်လည်း နေ့လည်စာစားပြီးချိန်မှစ၍ ကြွယ်စင်းကိုမမြင်ပေ။
ဟောင်ရန်ဆိုသည့်သကောင့်သားကား နံနက်ပိုင်းတွင်ရှောင်ယောင်နှင့်စကားများ၍ပြန်သွားချိန်မှစ၍ အခန်းတွင်းမှထွက်မလာသေးပေ။
“ သူအပြင်မှာလေ့ကျင့်နေတာနေမှာပေါ့...သူ့အကြောင်းကိုအစ်ကိုကြီးလည်းသိနေတာပဲ ...”
ကြွယ်ယန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပြောလိုက်သော်လည်း ရှောင်ယောင်၏လက်သီးက သူ၏နဖူးပေါ်သို့ရောက်ရှိလာပေသည်။
“ မင်းကရော ဘာလို့သူ့လိုမကြိုးစားတာလဲ ...”
ရှောင်ယောင်၏အပြစ်တင်စကားကြောင့် ကြွယ်ယန်၏မျက်နှာကရှုံ့မဲသွားပြီးအနီးရှိစန်းဟုန်းလျန်ကိုပြောလိုက်သည်။
“ ဦးလေးစန်း ဒီမှာဗျို့ အစ်ကိုကြီးကအနိုင်ကျင့်နေတယ်....”
စန်းဟုန်းလျန်က လူငယ်နှစ်ယောက်၏ရင်းနှီးမှုကိုကြည့်၍ မည်သို့မှမဆိုဘဲ ပြုံး၍သာနေပေသည်။
ငယ်စဉ်ထဲကရင်းနှီးခဲ့သည့်သူတို့၏သံယောဇဉ်ကို ကောင်းစွာသိရှိထားသည့်စန်းဟုန်းလျန်အတွက်မူထိုသို့သောစစ်မှန်သည့်သူငယ်ချင်းများရှိနေသည့်ရှောင်ယောင့်အတွက်ပီတိဖြစ်မိပေသည်။
စန်းဟုန်းလျန်ကိုသိုင်းလောကထဲတွင်သိကြသည်က နှောင်ကြိုးမဲ့ဓားကျိုးဟူ၍ဖြစ်ပြီး အမြဲလိုလိုတည်ကြည်ပြီးအရယ်အပြုံးကင်းမဲ့သည့်သူ၏အမူအယာဖြစ်သည်။
သို့သော် ရှောင်ယောင်နှင့်အတူရှိနေလျှင် စန်းဟုန်းလျန်၏ပုံစံက ကြင်နာတတ်သည့်ဦးလေးတစ်ယောက်သဖွယ်ဖြစ်နေပြီး သူ၏မျက်နှာထက်တွင်အပြုံးများကိုလည်း မကြာခဏတွေ့ရတတ်ပေသည်။
“ လာ....ကြွယ်စင်းကိုသွားကြည့်ရအောင် ။ ဦးလေးစန်း ကျနော်တို့ ကြွယ်စင်းဆီသွားဦးမယ် ...”
ရှောင်ယောင်က ပြောပြောဆိုဆိုဖြင့်ထရပ်၍ ကြွယ်ယန့်ကိုဆွဲကာအိမ်အပြင်သို့ထွက်ခွာသွားလိုက်သည်။
စန်းဟုန်းလျန်လည်း တစ်ဝက်ခန့်ကျန်ရှိနေသေးသည့် ရေနွေးကြမ်းကိုလက်စသက်ကာ ရှောင်ယောင်တို့နောက်သို့လိုက်ပါရန်ပြင်ဆင်လိုက်သော်လည်းအခန်းတွင်းမှထွက်လာသည့်လူရိပ်တစ်ရိပ်ကြောင့် သူ၏ခြေလှမ်းများရပ်သွားတော့သည်။
“ ဆရာကြီးစန်း....”
အခန်းအောင်းနေရာမှ ယခုမှထွက်လာသည့်ဟောင်ရန်က စန်းဟုန်းလျန်နှင့်ပတ်ပင်းတွေ့၍အရိုအသေပေးလိုက်သည်။
သူ၏မျက်နှာကအနည်းငယ်မှိုင်တွေနေပြီး ရှောင်ယောင်နှင့်ပြန်မတည့်သေး၍ဖြစ်ဟန်တူသည်။
“ ငါ့ကို ရှောင်ယောင်တို့ခေါ်သလို ဦးလေးလို့ခေါ်လို့ရပါတယ် ....”
စန်းဟုန်းလျန်၏စကားကိုဟောင်ရန်က တိတ်ဆိတ်စွာခေါင်းညိမ့်ပြလိုက်သည်။
ဟောင်ရန့်ကိုမြင်သည့်အခါမှ စန်းဟုန်းလျန်က ကိစ္စတစ်ခုကိုသတိရသွားကာ တည်ကြည်လေးနက်သည့်ဟန်ဖြင့်ပြောလိုက်သည်။
“ ဒါနဲ့ မင်းရဲ့ဆရာသိုင်းလောကထဲကိုရောက်နေတယ် ဘယ်အချိန်မှာမင်းကိုလာတွေ့မလဲတော့မသိဘူး.....”
စန်းဟုန်းလျန်၏စကားကြောင့် ဟောင်ရန်၏မျက်လုံးများပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့်မေးလိုက်သည်။
“ ဆရာကြီး....ဦးလေးစန်းက ကျုပ်ရဲ့ဆရာကိုသိလို့လား.....”
သူ၏ဆရာမှာ သိုင်းလောကထဲတွင်ကျင်လည်ခြင်းမရှိဘဲ သိုင်းလောကသားများပင်သူ၏အကြောင်းကိုမသိကြသော်လည်း စန်းဟုန်းလျန်ကသိရှိနေဟန်တူ၍ ဟောင်ရန်၏စိတ်ထဲတွင်လွန်စွာအံ့သြနေခြင်းဖြစ်၏။
စန်းဟုန်းလျန်က သူ၏မေးခွန်းကိုအပြုံးမျက်နှာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
“ ငါဆရာကြီးချောင်နဲ့ဆုံဖူးပါတယ်။ ပြောရရင် သူ့ရဲ့လမ်းညွန်မှုတွေကိုတောင်ရဖူးသေးတယ် ။
ရှောင်အာနဲ့မင်းရဲ့ရင်းနှီးမှုကို သူကြားသိပြီးလို့ ငါ့ကိုမင်းနဲ့ဆုံရင် သူသိုင်းလောကထဲရောက်ပြီလို့ပြောခိုင်းခဲ့တယ်။
သူက အခုချောင်မျိုးနွယ်ကိုသွားနေတယ်။ ကိစ္စတွေပြီးရင် မင်းကိုလာရှာမယ်လို့ငါ့ကိုစကားပါးခိုင်းလိုက်တာပဲ.....”
စန်းဟုန်းလျန်၏စကားအဆုံး၌ ဟောင်ရန်၏မျက်နှာထက်၌ထူးခြားသည့်အမူအယာတစ်ခုထွက်ပေါ်လာပြီးအချိန်အနည်းငယ်ကြာအောင်ကငြိမ်သက်နေပြီးမှစန်းဟုန်းလျန်ကိုအရိုအသေပေးလိုက်သည်။
“ အခုလိုပြောပြပေးတ ကျေးဇူးပါဦးလေးစန်း....”
“ မလိုပါဘူး....”
စန်းဟုန်းလျန်က ဟောင်ရန်၏မျက်နှာကိုအကဲခပ်၍ဆက်ပြောလိုက်သည်။
“ မင်းနဲ့ရှောင်အာက အခုထိစိတ်ကောက်နေကြတုန်းပဲလား.....”
စန်းဟုန်းလျန်၏မေးခွန်းကြောင့် ဟောင်ရန်၏ပုံစံကအနည်းငယ်ရှက်ရွံ့သွားဟန်တူပြီးအလျှင်အမြန်ပြန်ဖြေလိုက်သည်။
“ မဟုတ်ပါဘူး ကျုပ်တို့အဆင်ပြေပါတယ်....”
ဟောင်ရန်က ဝန်မခံ၍ စန်းဟုန်းလျန်လည်းဆက်လက်တွန်းအားပေးခြင်းမရှိတော့ဘဲ ခေါင်းညိမ့်ကာပြောလိုက်သည်။
“ ကောင်းပြီ မင်းလည်း ဒဏ်ရာကြီးနဲ့ဆိုတော့ နားဦး နောက်အဆင့်ကိုဝင်မပြိုင်ရင်အကောင်းဆုံးပဲ။
ပြိုင်ပွဲက အရေးကြီးတယ်ဆိုပေမယ့် မင်းရဲ့ဒဏ်ရာကလည်း မသေးလှဘူး....”
စန်းဟုန်းလျန်၏ ဂရုတစိုက်ပုံစံကြောင့် ဟောင်ရန်လည်း ကျေးဇူးတင်စွာဖြင့်ခေါင်းညိမ့်ပြလိုက်သည်။
အိမ်အပြက်ဘက်တွင်
နွေဦး၏နေရောင်ခြည်က နွေးထွေးသည်ထက်ကျော်လွန်ကာ ပူပြင်းသည့်အဆင့်သို့ရောက်ရှိနေသော်လည်း အိမ်ရှေ့မြေကွက်လပ်ရှိသစ်ပင်ကလေးအောက်တွင်ကြွယ်စင်းတစ်ယောက် ချွေးဒီးဒီးကျအောင်သိုင်းပညာလေ့ကျင့်လျက်ရှိသည်။
အံ့သြဖွယ်ကောင်းစွာဖြင့် ကြွယ်စင်း၏ကြံ့ခိုင်သည့်ခန္တာကိုယ်က ထူးခြားသည့်ပုံစံဖြင့်ရွေ့လျားနေပြီး သူ၏လှုပ်ရှားမှုများက ပျော့ပြောင်းညင်သာလျက်ရှိသည်ကိုတွေ့ရပေသည်။
ကြွယ်စင်းက လက်သီး၊လက်ဝါး၊ ခြေထောက်စသည်တို့ကိုအသုံးပြု၍တိုက်ခိုက်ရသည့်သိုင်းပညာကိုလေ့ကျင့်နေခြင်းမဟုတ်သည့်အပြင် ရွေ့လျားမှုပညာရပ်တစ်မျိုးမျိုးကိုလေ့ကျင့်နေခြင်းလည်းမဟုတ်ပေ။
သူ၏လှုပ်ရှားမှုက ပျော့ပြောင်းသည့်ခန္တာကိုယ်သိုင်းပညာတစ်မျိုးမျိုးကိုလေ့ကျင့်နေဟန်တူသော်လည်း တောင့်တောင့်ကြီးဖြစ်နေသညိ။
ထိုမြင်ကွင်းကြောင့် ရှောင်ယောင်လည်းအံ့အားသင့်သွားပြီးအတူပါလာသည့်ကြွယ်ယန့်ကိုမေးလိုက်သည်။
“ ကြွယ်ယန် တတိယညီလေးကဘာသိုင်းပညာကိုလေ့ကျင့်နေတာလဲ ငါလဲတစ်ကြိမ်မှမမြင်ဖူးပါလား ...”
ရှောင်ယောင်၏မေးခွန်းကြောင့် ကြွယ်ယန်က စပ်ဖြီးဖြီးအမူအယာဖြင့်ပြန်ဖြေလိုက်သည်။
“ ဟီးဟီး....ကြည့်ရဆိုးတယ်မလားအစ်ကိုကြီး .. ကြွယ်စင်းလေ့ကျင့်နေတာ သဏ္ဍာန်ငါးပါးသိုင်းပညာထဲက မြွေကိုယ်ဟန်ပဲ။
ဆရာပြောတော့ အစွမ်းထပ်တဲ့လှုပ်ရှားမှုသိုင်းပညာဖြစ်ပြီး ကျွမ်းကျင်အဆင့်ထိလေ့ကျင့်နိုင်ရင် ဘယ်လိုထိပ်တန်းပညာရပ်မျိုးထက်မဆိုမနိမ့်ကျဘူးတဲ့။
ဒါပေမယ့် အခုကြွယ်စင်းကျင့်နေတာကတော့ ယောင်္ကျားရင့်မာကြီးတစ်ယောက်က နွဲ့နှောင်းတဲ့မိန်းကလေးအကကို ကပြနေသလိုပဲ....”
ကြွယ်ယန်၏ပီပြင်သည့်သရုပ်ဖော်ပုံကြောင့် ရှောင်ယောင်လည်းမနေနိုင်ဘဲရယ်မောလိုက်မိသည်။
သို့သော် မည်သည့်အချိန်ထဲကသူတို့နောက်သို့ရောက်နေမှန်းမသိသည့်စန်းဟုန်းလျန်က လေးနက်သည့်အမူအယာဖြင့်ပြောလိုက်သည်။
“ သဏ္ဍာန်ပါးပါးသိုင်းကျမ်းက ဝူတန်းရဲ့မူလပုံစံထိုက်ကျိသိုင်းနဲ့တောင်ယှဉ်နိုင်တဲ့ရှေးဟောင်းသိုင်းပညာတစ်ခုပဲ။
သဏ္ဍာန်ငါးမျိုးလုံးကိုအောင်မြင်အောင်လေ့ကျင့်နိုင်ရင်သိုင်းလောကမှာ ပြိုင်ဘက်မရှိဘူးလို့တောင်ပြောကြတယ် ပေါ့ပျက်ပျက်မလုပ်စမ်းပါနဲ့...”
စန်းဟုန်းလျန်၏အပြစ်တင်မှုကြောင့် ကြွယ်ယန်ကဇာတ်ကလေးပုသွားသည်။
သို့သော် သူ၏ ဝသီအတိုင်း ပွစိပွစိရေရွတ်နေသေးသည်။
“ ဒါကြီးကအောင်မြင်အောင်လေ့ကျင့်ဖို့ဖြစ်မှမဖြစ်နိုငတာ ။ အခုကြွယ်စင်းကျင့်နေတာကိုပဲကြည့်ပါလား။
ကျုပ်လေ့ကျင့်ရတဲ့ကြိုးကြာကိုယ်ဟန်ဆိုပိုတောင်ဆိုးသေးတယ် ဟိုခုန်သည်ခုန်နဲ့ တိုက်ပွဲထဲမှာသွားသုံးရင်ရန်သူလက်ချက်နဲ့ကားယားကြီးသေမှာ....”
ကြွယ်စင်း၏မကျေမနပ်ရေရွတ်သံကြောင့် စန်းဟုန်းလျန်က ခေါင်းယမ်း၍ရှင်းပြလိုက်သည်။
“ မဟုတ်သေးဘူးကြွယ်ယန်က လွယ်လွယ်ကူကူလေ့ကျင့်အောင်မြင်နိုင်တဲ့ပညာရပ်တစ်ခုဆိုရင်အလကား ပြိုင်ဘက်ကင်းသိုင်းပညာလို့တင်စားကြပါ့မလား။
မင်းတို့ကို ရွှမ်းနန်ကိုယ်တော်က ကိုယ်ဟန်ဘယ်နှစ်မျိုးစီသင်ပေးလိုက်လဲ ...”
စန်းဟုန်းလျန်၏မေးခွန်းကိုတော့ ကြွယ်ယန်က မပြောင်ဝံ့ပေ။
“ ကျုပ်တို့ကိုတစ်ယောက်နှစ်မျိုးစီသင်ပေးလိုက်တာပါ။ သင်ပေးတယ်ဆိုတာထက် အလွတ်ကျက်ခိုင်းပြီး နောက်မှလေ့ကျင့်ခိုင်းခဲ့တာဖို့။
တံခါးနီဆောင်ကိုဖြတ်ပြီးတော့ သိုင်းလောကထဲမဆင်းသေးဘဲ ကျုပ်တို့နှစ်ယောက် ရှောင်လင်မှာ လေ့ကျင့်ခဲ့ကြသေးတယ်။
ဒါပေမယ့် တစ်လလောက်ကျင့်တာတောင် ဘာမှမတိုးတက်လို့ သိုင်းလောကထဲကိုဆင်းလာခဲ့ကြတာပဲ....”