ပြိုင်ပွဲပုံစံ
Vol. 3 Ch. 82
“ တံခါးနီဆောင်ကိုဖြတ်ပြီးတော့ သိုင်းလောကထဲမဆင်းသေးဘဲ ကျုပ်တို့နှစ်ယောက် ရှောင်လင်မှာ လေ့ကျင့်ခဲ့ကြသေးတယ်။
ဒါပေမယ့် တစ်လလောက်ကျင့်တာတောင် ဘာမှမတိုးတက်လို့ သိုင်းလောကထဲကိုဆင်းလာခဲ့ကြတာပဲ....”
ကြွယ်ယန်၏အဖြေကြောင့် စန်းဟုန်းလျန်က ခေါင်းတဆက်ဆက်ညိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ သဏ္ဍာန်ငါးပါးသိုင်းရဲ့ကိုယ်ဟန်တွေမှာ သူ့ပုံစံနဲ့သူအစွမ်းထက်ကြတယ် ။ ကိုယ်ဟန်တစ်ခုက ထိပ်တန်းအဆင့်သိုင်းပညာတစ်ခုနဲ့ညီမျှတယ်လို့တောင် ငါ့ရဲ့ဆရာပြောဖူးတယ်။
မြွေကိုယ်ဟန်က လွတ်မြောက်တာ ၊ ကြိုးကြာကိုယ်ဟန်က ရွေ့လျားတာ၊ ကျားကိုယ်ဟန်က တိုက်ခိုက်တာနဲ့ နဂါးကိုယ်ဟန်က အင်အားကြီးမားတာကိုကိုယ်စားပြုတယ် ....”
စန်းဟုန်းလျန်၏စကားများကြောင့် ရှောင်ယောင်ပင်စိတ်ဝင်စားသွားမိပြီး ပြန်မေးလိုကိသည်။
“ ဒါဆိုရင် ကျားသစ်ကိုယ်ဟန်ကရောဦးလေးစန်း.....”
စန်းဟုန်းလျန်က တည်ကြည်လေးနက်သည့်ဟန်ဖြင့်ပြန်ဖြေလိုက်သည်။
“ ကျားသစ်ကိုယ်ဟန်က ရက်စက်ကြမ်းကြုတ်တယ်လို့ပြောတယ်။ ကိုယ်ဟန်ငါးခုပေါင်းစပ်လိုက်ရင် တားဆီးနိုင်တဲ့လူမရှိဘူးလို့ ဆရာကပြောခဲ့တာပဲ ....”
စန်းဟုန်းလျန်၏စကားအဆုံးတွင် ရှောင်ယောင်လည်းငြိမ်သက်သွားပြီး ထိုအကြောင်းကိုတွေးတောနေလိုက်သည်။
ထိုအခိုက် ကြွယ်ယန်က တက်ကြွသည့်ပုံစံဖြင့်ဝင်ပြောလိုက်သည်။
“ ကျုပ်က ကြိုးကြာကိုယ်ဟန်နဲ့ နဂါးကိုယ်ဟန်ကိုလေ့ကျင့်တယ်အစ်ကိုကြီး....နဂါးကိုယ်ဟန်က လေ့ကျင့်ရခက်ပေမယ့် တကယ်မိုက်တယ် ကျုပ်စမ်းပြီးလုပ်ပြရမလား ...”
“ မလိုပါဘူး ....”
ရှောင်ယောင်နှင့် စန်းဟုန်းလျန်တို့ပြိုင်တူပြောလိုက်မိကြပြီးမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ရယ်မောလိုက်မိကြသည်။
ထို့နောက် ရှောင်ယောင်ကအိမ်ငယ်လေးဆီသို့ပြန်ကြည့်ကာစန်းဟုန်းလျန်ကိုမေးလိုက်သည်။
“ ဦးလေးစန်း ဟိုငတုံးအခန်းထဲကထွက်လာပြီလား....သူနေ့လည်စာလည်းမစားဘူး.....”
ရှောင်ယောင်၏မေးခွန်းကြောင့်စန်းဟုန်းလျန်က အဓိပ္ပာယ်ပါပါပြုံး၍ပြန်မေးလိုက်သည်။
“ မင်းကသူ့ကိုဂရုမစိုက်တော့ဘူးလို့ထင်နေတာ....”
စန်းဟုန်းလျန်၏စကားကြောင့် ရှောင်ယောင်လည်းသက်ပြင်းတစ်ချက်ချ၍ပြန်ဖြေလိုက်သည်။
“ ဝဍ်ကြွေးပဲထင်ပါတယ်ဦးလေးစန်းရာ ကျုပ်လည်းသူနဲ့ရင်းနှီးပြီးမှ ကလေးထိန်းတစ်ယောက်လိုဖြစ်နေတော့တာ။ အခုလည်း သူကမှားသေးတယ် သူကပြန်ပြီးမတောင်းပန်သေးဘူး....”
ထိုသို့ပြောလိုက်သော်လည်းရှောင်ယောင်၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်များရှိမနေပေ။
သူ၏အကြောင်းကိုအစအဆုံးသိရှိနေသည်ကစန်းဟုန်းလျန်က ခေါင်းယမ်းပြောလိုက်သည်။
“ သွားပါ သူကစ မခေါ်လည်း မင်းကပဲစိတ်လျော့ပေးလိုက်။ ဟိုကောင်လေးက မင်းရဲ့ဒေါသကိုကြောက်နေလောက်တယ် သူဧည့်ခန်းထဲမှာ .....”
စန်းဟုန်းလျန်၏စကားအဆုံးတွင် ရှောင်ယောင်က သူတို့ကိုထားခဲ့ပြီးအိမ်ထဲသို့ထွက်ခွာသွားလေသည်။
ကြွယ်ယန်လည်း ထွက်ခွာသွားသည့်ရှောင်ယောင်၏နောက်ကျောကိုကြည့်ရင်းအနည်းငယ်ရှုပ်ထွေးသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။
“ အစ်ကိုရှောင်ယောင်နဲ့ဟောင်ရန်ရဲ့ဆက်ဆံရေးက တကယ့်ကိုထူးဆန်းတယ်။
သူတို့က သာမန်မိတ်ဆွေတွေထက်အများကြီးရင်းနှီးသလို သိကျွမ်းတာမကြာသေးတာတောင်တစ်ယောက်ကိုတစ်ယောက်အများကြီးဂရုစိုက်ကြသေးတာ။
ဒါပေမယ့် အချိန်အတော်များများမှာလည်းစကားများငြင်းခုန်နေပြန်ရော....”
ကြွယ်ယန်တစ်ယောက်တစ်ကိုယ်တည်းရေရွတ်လိုက်မိစဉ် စန်းဟုန်းလျန်က သူ၏ဦးခေါင်းကိုတစ်ချက်ခေါက်၍ပြောလိုက်သည်။
“ သွားစမ်း....ကြွယ်စင်းတောင်လေ့ကျင့်နေတာကို မင်းက အပျင်းတစ်နေတယ်။
ဒီနှစိတွေထဲမှာ မင်းဘာတွေလေ့ကျင့်ထားလဲငါ့ကိုပြစမ်း ငါလိုအပ်တယ်ထင်တာကိုထောက်ပြပေးမယ် ... ခ
စန်းဟုန်းလျန်၏စကားကြောင့် ကြွယ်ယန်၏အမူအယာက ပျော်ရွှင်ဝမ်းမြောက်သွားဟန်တူသည်။
စန်းဟုန်းလျန်က ရှောင်လင်ကျောင်းတော်မှမဟုတ်သည့်တိုင် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ဖြစ်၍ စူးရှသည့်အမြင်ရှိကာသူတို့၏သိုင်းပညာထဲမှလိုအပ်သည်များကိုညွန်ပြနိုင်စွမ်းရှိပေသည်။
သိုင်းပြိုင်ပွဲ၏ဒုတိယအဆင့်က မနက်ဖြန်နံနက်မှစတင်မည်ဖြစ်၍ နောက်တစ်ဆင့်တက်သွားသည့် ပြိုင်ပွဲဝင်တိုင်းအနားယူအပန်းဖြေနေကြချိန်တွင် ကြွယ်စင်းကားတစ်ယောက်ထဲကျားကုတ်ကျားခဲကြိုးစားလျက်ရှိသည်။
သူ၏ကြိုးစားမှုက ရှောင်လင်၏လူငယ်မျိုးဆက်တွင်ပင်နံပါတ်တစ်ဖြစ်ကာ အရည်အချင်းကသာမန်ဖြစ်သည့်တိုင် ကြိုးစားမှုတစ်ခုထဲဖြင့် ပါရမီရှင်များကိုလိုက်မီခဲ့သူဟုဆိုနိုင်သညိ။
ထို့ကြောင့် ကြွယ်စင်းကိုကြည့်ပြီ အပျင်းထူသည့်ကြွယ်ယန်ပင် ကြိုးစားအားထုတ်လိုစိတ်များဖြစ်ပေါ်လာလေသည်။
အထူးသဖြင့် ယခုလိုသိုင်းလောကထဲမှပါရမီရှင်များတွေ့ဆုံသည့်ယှဉ်ပြိုင်ပွဲတွင် သူတို့ထက်သာလွန်သူများကိုလည်းမြင်ရသည့်အတွက် သူတို့၏သိုင်းပညာမှာလိုအပ်နေသေးကြောင်းသိသာပေသည်။
ထိုအချက်ကိုသိရှိ၍ စန်းဟုန်းလျန်ကလည်း အားလပ်ချိန်တွင် ထိုလူငယ်နှစ်ဦးကိုလမ်းညွှန်ပြသရန်ပြောဆိုခြင်းဖြစ်သည်။
ထို့နောက် ကြွယ်စင်းကိုလှမ်းခေါ်လိုက်ပြီး သူတို့နှစ်ယောက်သား ယှဉ်ပြိုင်တိုက်ခိုက်လိုက်ကြပြီးစန်းဟုန်းလျန်က ဘေးဘက်မှကြည့်ရှုလျက်ရှိပေသည်။
&&&
သိုင်းပြိုင်ပွဲ၏တတိယနေ့
ပထမနှစ်ရက်က လူစစ်ပွဲဟုဆိုလျှင် တတိယရက်က အစစ်အမှန်တိုက်ပွဲများလာပေတော့မည်။
သိုင်းပြိုင်ပွဲ၏ပထမအဆင့်တွင်ယှဉ်ပြိုင်သူငါးဆယ်နီးပါးရှိခဲ့သော်လည်း ဒုတိယအဆင့်တွင် နှစ်ဆယ်ခန့်သာကျန်ရှိတော့ပေသည်။
မူလလူများထဲမှတစ်ဝက်ခန့်ကရှုံးနိမ့်ကာထွက်ခွာသွားရပြီဖြစ်သလို သုံးလေးယောက်ခန့်ကလည်း ဒဏ်ရာအပြင်းအထန်ရရှိ၍ ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုရန်ဆုံးဖြတ်ခြင်းဖြစ်သည်။
အဆုံး၌ သိုင်းပြိုင်ပွဲကအရေးပါသော်လည်းအနိုင်ရရှိရန်အခွင့်အရေးမရှိမှန်းရိပ်စားမိပြီးနောက်တွင်ကိုယ့်ကိုယ်ကိုအထိခိုက်ခံ၍မည်သူမှယှဉ်ပြိုင်မည်မဟုတ်ပေ။
ဟောင်ရန်သည်လည်း ထိုနည်းတူပင်ဖြစ်ပြီး အသက်ခြွေဓားပျံကြောင့် သူ၏ဘယ်ပခုံးတွင်ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့၍ ပြိုင်ပွဲ၏ဒုတိယအဆင့်တွင်ယှဉ်ပြိုင်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့သည်။
ဒုတိယအဆင့်သို့တတ်ရောက်နိုင်သည့်လူတိုင်းက အဆင့်လွန်သိုင်းသမားများဖြစ်ကြသညိ့အပြင် တမင်ရည်ရွယ်၍လားတိုက်ဆိုင်သညိလားမသိဘဲ ပထမအဆင့်၌ လူငယ်ထိပ်သီးစာရင်းဝင်လူငယ်များမှာအချင်းချင်းမယှဉ်ပြိုင်ခဲ့ရပေ။
ထို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့် ထိပ်သီးစာရင်းနံပါတ်တစ်နေရာမှ နေမိုးကြိုးဓားဝိဇ္ဇာမှလွဲ၍ကျန်ကိုးယောက်လုံးက ဒုတိယအဆင့်သို့တက်ရောက်နိုင်ကြပေသည်။
ထို့အပြင် လူငယ်ထိပ်သီးစာရင်းဝင်များထက်အားမနည်းသည့် မဟူရာနတ်သမီးစီးတုယွမ်ချင်း ၊ အဆိပ်ကဝေပျို ၊ ပင့်ကူကဝေပျို တို့သာမက ယခုလပိုင်းမှနာမည်ကြီးလာသည့် နဂါးနက်နှင့်မုန်တိုင်းသိုင်းသမားလို လူငယ်များလည်းဒုတိယအဆင့်သို့တက်ရောက်နိုင်ခဲ့သည်။
ထိုလူများမှလွဲ၍ ကျန်လူများက ကျော်ကြားမှုမရှိသော်လည်း ဒုတိယအဆင့်သို့တက်ရောက်နိုင်ခဲ့၍ အားနည်းသူမရှိဘဲမည်သူ့ကိုမှအထင်သေးရနိမသင့်လျော်ပေ။
ပြိုင်ပွဲ၏ ဒုတိယအဆင့်က ပို၍ပြိုင်ဆိုင်မှုပြင်းထန်ပြီး ကြိုက်နှစ်သက်ရာလူကိုရွေးချယ်စိန်ခေါ်နိုင်စွမ်းရှိ၍ ပို၍ကြည့်ကောင်းမည့်အဆင့်ဖြစ်သည်။
ထိုသို့စိန်ခေါ်ရာတွင် စိန်ခေါ်ခံရသူက ငြင်းဆန်ပိုင်ခွင့်ရှိသော်လည်း လူငယ်ပါရမီရှင်တိုင်းက မာနကိုယ်စီရှိ၍ မည်သူမှအလျော့ပေးမည်မဟုတ်ပေ။
ထိုအထဲတွင် အားအနည်းဆုံးက ရှောင်ယောင်တို့လူစုဟုဆိုရမည်ဖြစ်ပြီး ကြွယ်ယန်၊ ကြွယ်စင်းနှင့်လွီချင်းအာတို့မှာ နောက်တစ်ဆင့်တက်ရောက်ရန်အစွမ်းကုန်ကြိုးစားရမည်ဖြစ်သည်။
ဒုတိယအဆင့်သို့တက်ရောက်နိုင်သည့်လူတိုင်းက ပါရမီရှင်များဖြစ်သလို သူတို့အားလုံးက စင်မြင့်၏အနီးဆုံးတွင် နေရာယူထားကြရသည်။
ဤသည်က စွန်းအိမ်တော်၏အစီအစဉ်ဖြစ်ပြီး စင်မြင့်ထက်သို့တက်ရောက်စိန်ခေါ်ရန်လွယ်ကူသလို ထိုလူများကလည်း အချင်းချင်းအကဲခပ်လျက်ရှိပေသည်။
သူတို့ထဲမှအများစုက တစ်ယောက်ထဲသို့မဟုတ် နှစ်ယောက်တွဲသာနေကြပြီး အများနှင့်မရောနှောသော်လည်း လွန်စွာရင်းနှီးနေကြသည့်ရှောင်ယောင်တို့လေးယောက်က သူတို့၏အမြင်တွင်အနည်းငယ်ထူးခြားနေဟန်တူသည်။
“ ဟူး....ဒီတစ်ဆင့်ကတော့တကယ်ခက်မှာ.....”
ကြွယ်ယန်က ကျန်ရှိနေသည့်လူများအကြောင်းကြားပြီးသည်နှင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။
သူ၏စကားကိုဘေးတွင်ရှိနေသည့် ကြွယ်စင်းက တည်ငြိမ်စွာတုန့်ပြန်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ငါတို့က ဗိုလ်စွဲဖို့လာပြိုင်တာမှမဟုတ်တာ မနိုင်ရင်လည်းအရှူံးပေးလိုက်ရုံပေါ့။ ငါတို့တိုးတက်ဖို့အချိန်တွေအများကြီးရှိပါသေးတယ်......”
ကြွယ်စင်း၏စကားကတည်ကြည်ပြီးလူကြီးဆန်လှ၍ ကြွယ်ယန်၏မျက်နှာပင်အနည်းငယ်ရှုံ့မဲ့သွားလေသည်။
ထိုအချိန်တွင် စွန်းအိမ်တော်သိုင်းသမားက စင်မြင့်ထက်သို့တက်ရောက်လိုက်ပြီး အတွင်းအားသုံးကာ ကျယ်လောင်သည့်အသံဖြင့်ကြေငြာလိုက်သည်။
“ ပြိုင်ပွဲရဲ့ ဒုတိယအကျော့ကတော့ ကိုယ်ကြိုက်တဲ့လူကိုလွတ်လပ်စွာစိန်ခေါ်ပိုင်ခွင့်ရှိပါတယ်။
အနိုင်အရှူံးပေါ်တဲ့အထိ ဒါမှမဟုတ် တစ်ဖက်ကအရှုံးပေးတဲ့အထိတိုက်ခွင့်ရှိပေမယိ့ သေဆုံးတဲ့အထိတော့ တိုက်ခွင့်မပြုပါဘူး။
လူငယ်မျိုးဆက်သိုင်းပြိုင်ပွဲရဲ့ ဒုတိယအဆင့် စတင်ပြီဖြစ်ကြောင်း ကြေငြာအပ်ပါတယ်.....”
စွန်းအိမ်တော်သိုင်းသမား၏ကြေငြာစကားအဆုံးတွင် လူအုပ်ကြီးကသောင်းသောင်းဖျဖျလက်ခုပ်တီးကာ အားပေးလိုက်ကြပြီး ရောက်ရှိလာတော့မည့်တိုက်ပွဲများကိုစိတ်လှုပ်ရှားစွာစောင့်မျှော်လျက်ရှိပေသည်။
ဒုတိယအဆင့်မှတိုက်ပွဲများကပထမအဆင့်နှင့်ဆီနှင့်ရေလိုကွာခြားမည်ဖြစ်ပြီး အစွမ်းထပ်လူငယ်များ၏တိုက်ပွဲဖြစ်၍ အစွမ်ကုန်အနိုင်ရရှိရန်ကြိုးစားကြမည်က သံသယရှိစရာပင်မလိုပေ။
“ ဒီတစ်ဆင့်မှာ မင်းနဲ့ငါနဲ့တွေ့မယ်....”
အနက်ရောင်သိုင်းဝတ်စုံကိုဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်က ကြွယ်ယန့်ကိုတည့်တည့်ကြည့်ကာပြောလိုက်သည်။
ထိုလူငယ်ကဟဲလောင်မိသားစု၏ပါရမီရှင် ဟဲလောင်ထျန်းဇီဆိုသူဖြစ်ပြီး အသက်သူံးဆယ်ဝန်းကျင်ရှိပေသည်။
သူ၏သိုင်းပညာက အတော်လေးမြင့်မားပြီး လက်သီးချက်များက ကြောက်မက်ဖွယ်ကောင်းလှကာ ကြွယ်ယန်အနိုင်ယူခဲ့သည့်ဟဲလောင်ထန်းယန်ထက် များစွာပိုဥအစွမ်းထက်ပေသည်။
အရေးအကြီးဆုံးအချက်က ကြွယ်ယန်က ဟဲလောင်ထန်းယန်ကို အနိုင်ယူခဲ့၍ ထိုလူရွယ်က ကြွယ်ယန့်ကိုပစ်မှတ်ထားနေခြင်းဖြစ်သည် ။
သိသိသာသာပင် ကြွယ်ယန့်လိုလျှာစောင်းထက်သူတစ်ယောက်အတွက် ဟဲလောင်ထျန်းဇီ၏ချိန်းခြောက်မှုကို ဂရုမစိုက်ပေ ။
“ လာလေ သတ္တိရှိရင်လာတိုက်စမ်း....”
သူ၏လက်ဖျံနှစ်ဖက်မှ ကျားရုပ်နှင့်နဂါးရုပ်ကိုကြွားဝါရင်းစိန်ခေါ်လိုက်သည့်ကြွယ်ယန်၏စကားကြောင့် ဟဲလောင်ထျန်းဇီက မျက်နှာကြီးတင်းမာသွားသည်