စိန်ခေါ်ခြင်း
Vol. 3 Ch. 85
ပုံမှန်ဆိုလျှင် ပြိုင်ပွဲဝင်နှစ်ယောက်အကြား၌ အပြန်အလှန်လေးစားမှုပေးသည်က မိုင်ကုန်ဖြစ်ပြီး ယခုလိုဒဏ်ရာရရှိသူတစ်ယောက်ကို စိုးရိမ်တကြီးပူပန်နေရန်ကမဖြစ်နိုင်ပေ။
သို့သော် ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏ရင်းနှီးမှုကိုသူတို့သိရှိလျှင် ထိုလုပ်ရပ်ကိုထူးဆန်းသည်ဟုထင်ကြမည်မဟုတ်ပေ။
ကြွယ်စင်းက ယခုအချိန်ထိ တုတ်တုတ်မှမလှုပ်သေးဘဲ အသက်ရှူသံကလည်းပြတ်တောင်းပြတ်တောင်းဖြစ်နေရာ ကြွယ်ယန်တစ်ယောက်ပို၍ပင် ခြေမကိုင်မိလက်မကိုင်မိဖြစ်လာသည်။
သူ၏သံမဏိဦးခေါင်းက ထိုမျှပြင်းထန်သည်ကိုပင်မယုံကြည်နိုင်လောက်အောငိဖြစ်နေပြီး စင်အောက်ရှိရှောင်ယောင်တို့လည်း ထိုမြင်ကွင်းကြောင့်တည်တည်ငြိမ်ငြိမ်ရှိမနေနိုင်တော့ပေ။
ထိုစဉ် ဘေးတွင်ချထားသည့် ကြွယ်စင်း၏လက်တစ်ဖက်ကမသိမသာမြောက်တက်လာပြီး ကြွယ်ယန်၏ဦးခေါင်းကို ဒေါက်ခနဲမည်အောင်ခေါက်လိုက်သည်။
“ ဖယ်စမ်းပါ အသက်ရှူကြပ်လိုက်တာ....”
ပြုံးစိစိမျက်နှာဖြင့်မျက်လုံးပွင့်လာသည့်ကြွယ်စင်းကြောင့် ကြွယ်ယန်လည်း သူလှည့်စားခံလိုက်ရပြီဖြစ်မှန်းရိပ်စားမိကာ စိတ်ဆိုးမာန်ဆိုးဖြင့်ကြွယ်ယန်၏ခန္တာကိုယ်ကိုလွှတ်ချလိုက်သည်။
ပုံမှန်ဆိုလျှင် ယခုလိုနောင်ပြောင်မှုမျိုးတွင် မိမည်မဟုတ်သော်လည်းကြွယ်စင်းက ထင်မှတ်မထားဘဲလုပ်ဆောင်လိုက်၍ ကြွယ်ယန်တစ်ယောက်ပျာယာခတ်သွားခြင်းဖြစ်သည်။
ထိုအခါမှ ရှောင်ယောင်နှင့်စင်အောက်ရှိလူများလည်း အဖြစ်အပျက်ကိုနားလည်သွားကာ တိုက်ပွဲမပြီးခင် စနောက်နေသည့်လူငယ်နှစ်ယောက်ကို ကြောင်အမ်းအမ်းကြည့်နေမိကြသည်။
“ ဘုန်း....”
ကြွယ်ယန်၏ဦးခေါင်းတိုက်ခိုက်က ထိုမျှမဟုတ်သော်လည်း သတိလက်လွတ်ဖြစ်ကာ စင်မြင်နှင့်ရိုက်မိသွား၍ကြွယ်ယန်၏နောက်စေ့မှာ ဖူးယောင်တော့မည်ကဲ့သို့ဖြစ်သွားသည်။
သို့သော် စူပုတ်ပုတ်မျက်နှာဖြင့်မကျေမနပ်ဖြစ်နေသေးသည့်ကြွယ်ယန်၏ပုံစံကြောင့် ကြွယ်စင်းလည်း ခုန်ထ၍ ရယ်မောလိုက်သည်။
“ အဲဒီပုံစံကဘာဖြစ်နေတာလဲ....”
“ ငါက မင်းတစ်ခုခုဖြစ်နေပြီလားလို့ပေါ့....ဒီလိုမှန်းသာသိရင် အတွင်းဒဏ်ရာရတဲ့အထိဆော်ပစ်တယ်....”
ကြွယ်ယန်၏မကျေမနပ်စကားကြောင့် ကြွယ်စင်းလည်း သူ၏ရင်ဘက်ကိုပွတ်ကာပြောလိုက်သည်။
“ မဆိုးပါဘူး မင်းရဲ့ခေါင်းတိုက်ခိုက်က နည်းနည်းတော့ အောင့်သွားတာပေါ့ ...”
ထို့နောက် ကြွယ်စင်းက သိုင်းလောကထုံးစံအတိုင်းအရိုအသေပေး၍ပြောလိုက်သည်။
“ ကျုပ် ရှုံးနိမ့်တာကိုဝန်ခံပါတယ် ...”
ကြွယ်စင်း၏စကားကိုကြားမှ သူတို့နှစ်ယောက်တိုက်ပွဲထဲတွင်ရှိနေသေးသည်နှင့် သူအနိုင်ရသွားသည်ကိုပြန်သတိရသွားကာ ကြွယ်ယန်တစ်ယောက် ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။
“ ဟားဟား....ငါမေ့နေတာ ငါနိုင်ပြန်ပြီကွ....”
ကြွယ်ယန်က ကြွယ်စင်း၏ပခုံးကိုပတ်ရင်း ထခုန်လိုက်မိသည်။
ထို့နောက် သူတို့ကို ငေးကြည့်နေသည့်စွန်းအိမ်တော်သိုင်းသမားကိုအလျှင်အမြန်ပြောလိုက်သည်။
“ ဘာလုပ်နေတာလဲ ကျုပ်အနိုင်ရသွားပြီလေ....”
ကြွယ်ာန်၏စကားကိုကြားမှ စွန်းအိမ်တော်သိုင်းသမားလည်း ယောင်နနဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။
“ အခုတိုက်ပွဲမှာ ပိုင်...”
“ ပိုင်ဖုန်းယန်ပါ....”
ထိုလူကသူ၏အမည်ကိုမေ့နေ၍ ကြွယ်ယန်က သတိပေးလိုက်ရသေးသည်။
“ အဟမ်း ပိုင်ဖုန်းယန်အနိုင်ရသွားပါတယ်....”
ဤသို့ဖြင့် ကြွယ်ယန်နှင့်ကြွယ်စင်းတို့က စင်မြင့်ထက်မှ တစ်ယောက်ပခုံးတစ်ယောက်ဖတ်၍ဆင်းလာကြသလို စင်အောက်ရှိလူများမှာ အံ့ဩမှုကြောင့် လက်ခုပ်တီးရန်ကိုပင်မေ့လျော့နေမိကြသည်။
“ အင်း....ဒီကလေးတွေကတော့....”
သူတို့၏တိုက်ပွဲကြောင့် ခွန်လွန်ဂိုဏ်းချုပ်ကြီးမာရှောင်ကျင်းပင် ပြုံးယောက်သမ်းနေသည့်မျက်နှာဖြင့်ခေါင်းယမ်းမိလိုက်သည်။
ဤသို့ဖြင့်စွန်းအိမ်တော်သိုင်းပြိုင်ပွဲ၏အထူးခြားဆုံးပွဲစဉ်က ပြီးဆုံးသွားပြီဖြစ်ကာ ကြွယ်ယန်တစ်ယောက် နောက်ဆုံးဆယ်ယောက်စာရင်းသို့ ပထမဆုံးဝင်ရောက်သွားတော့သည်။
ထို့နောက် ဒုတိယပွဲစဉ်အတွက်စတင်တော့မည်ဖြစ်ကာ ပြိုင်ပွဲ၏စည်းမျဉ်းအတိုင်း ဒုတိယအဆင့်သို့တက်ရောက်သူများထဲမှမည်သူမဆို ကိုယ်အလိုရှိသူကိုစိန်ခေါ်ခွင့်ရှိလေသည်။
“ အစ်ကိုရှောင်ယောင် ကြွယ်ယန်တို့လိုပဲ ကျမအစ်ကိုရှောင်ယောင်ကိုစိန်ခေါ်မယ်လေ ။ ပြီးရင် နည်းနည်းပါးပါးတိုက်ပြီးအရှုံးပေးလိုက်မယ် ....”
လွီချင်းအာက ရှောက်ယောင်၏လက်ကိုဆွဲရင်း အရောင်လက်နေသည့်မျက်ဝန်းများဖြင့်ပြောလိုက်သည်။
စိတ်အားထက်သန်လှသည့်ထိုမိန်းကလေး၏အကြံအစည်ကြောင့် ရှောင်ယောင်ပင် ရယ်ရမလိုငိုမရလိုဖြစ်သွားမိကာ ခေါင်းယမ်း၍ညင်သာစွာပြောလိုက်သည်။
“ ဒီလိုလုပ်တာက ပြိုင်ပွဲစည်းမျဉ်းကို လက်တစ်လုံးခြားလှည့်စားတာပဲလေ ...ကြွယ်ယန်တို့ပထမဆုံးဆိုတော့ ဘယ်သူမှမပြောကြပေမယ့် ဒုတိယတစ်ကြိမ်ထပ်လုပ်ရင် အကဲဖြတ်လူကြီးတွေက ပြောမှာပေါ့....”
ရှောင်ယောင်၏စကားကြောင့် လွီချင်းအာ၏နှုတ်ခမ်းကလေးက စုချွန်သွားလေသည်။
ထိုအချိန်တွင်သူတို့နှင့်မလှမ်းမကမ်းရှိ ဟဲလောင်မိသားစုသခင်လေးဟဲလောင်ထျန်းဇီက ကြွယ်ယန့်ကိုစိုက်ကြည့်ကောပြောလိုက်သည်။
“ အရှက်မရှိတဲ့နည်းလမ်းနဲ့နောက်တစ်ဆင့်တက်သွားတဲ့ကောင် နောက်တစ်ဆင့်ကျရင် ငါမင်းကိုအရင်ဆုံးစိန်ခေါ်မယ်....”
အေးစက်သည့်သူ၏လေသံနှင့် တမင်လှောင်ပြောင်သည့်စကားများကြောင့် ရှောင်ယောင်တို့ပင်မျက်မှောင်ကြုတ်လိုက်မိကြသည်။
သို့သော် ကြွယ်ယန်က ဟဲလောင်ထျန်းဇီကိုလုံးဝဂရုစိုက်ဟန်မတူဘဲ ပြုံးစိစိမျက်နှာဖြင့်ပြောလိုက်သည်။
“ အင်း....မင်းသာနောက်တစ်ဆင့်တက်နိုင်အောင်အရင်ကြိုးစားသင့်တယ်....”
ကြွယ်ယန်၏စကားကို ဟဲလောင်ထျန်းဇီမတုန့်ပြန်နိုင်ခင်မှာပင်ကြွယ်ယန်က သူ၏မေးစေ့ကိုပွတ်ကာဆက်ပြောလိုက်သည်။
“ ငါမင်းကိုကြိုပြီးခန့်မှန်းပေးရရင် မင်းဒီတစ်ဆင့်မှာတင်ပြုတ်ကျလိမ့်မယ်ဘာလို့လဲဆိုတော့ ဟိုလူက မင်းကိုအနိုင်ယူမှာမလို့ပဲ....”
ကြွယ်ယန်ညွန်ပြရာသို့ကြည့်လိုက်သည့်အခါ စင်မြင့်ပေါ်တွင်တည်ငြိမ်သည့်ကိုယ်ဟန်ဖြင့်ရပ်နေသည့် အနက်ရောင်ဝတ်စုံဝတ်လူရွယ်ကိုမြင်လိုက်ရသည်။
ကြံ့ခိုင်သန်မာသည့်ခန္တာကိုယ်နှင့် ဓားပြားကြီးတစ်လက်ကိုကျောတွင်သိုင်းလွယ်ထားသည့်ထိုလူရွယ်က တောင်တန်းကြီးတစ်ခုလိုတည်ငြိမ်လှသည်။
သူ၏မျက်လုံးများက အတွင်းအားပြည့်ဝဟန်ဖြင့်လက်လက်တောက်ပနေကာ ဒုတိယအဆင့်ပြိုင်ပွဲဝင်များကို တိုက်ခိုက်လိုစိတ်ပြင်းပြသည့်ဟန်ဖြင့်လိုက်လံကြည့်ရှုနေပေသည်။
နဂါးနက်ဆိုသည့်ထိုလူရွယ်က လွန်ခဲ့သည့်လပိုင်းကမှာစတင်ကျော်ကြားလာခြင်းဖြစ်သော်လည်း တစ်လကျော်အချိန်အတွင်း နာမည်ကျော်ထိပ်သီးတစ်ရာကျော်နှင့် ထိပ်သီးဆယ်ယောက်စာရင်းဝင် လေပြင်းနဂါးကိုပင်အနိုင်ယူထားခဲ့သည်။
လေပြင်းနဂါးဆိုသည့် လူငယ်ကလည်း ဒုတိယအဆင့်ပြိုင်ပွဲဝင်များတွင်ရှိနေပြီး သူကိုယ်တိုင်က လူငယ်ထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်တစ်ဆယ်သာရှိသည့်တိုင် ကြောက်စရာကောင်းသည့်ထိပ်သီးတစ်ယောက်သာဖြစ်သည်။
ထိုသို့သောလူတစ်ယောက်ကိုပင်အနိုင်ယူခဲ့သည့် နဂါးနက်၏သိုင်းပညာက အမှန်ပင်မြင့်မားလှပြီး ပထမတစ်ဆင့်တွင်လည်း သူ၏ပြိုင်ဘက်ကို ဓားပင်မထုတ်ဘဲ တိုက်ကွက်အနည်းငယ်ဖြင့်အနိုင်ယူခဲ့သူဖြစ်သည်။
ယခု ဒုတိယမြောက်တိုက်ပွဲ၏စိန်ခေါ်သူက နဂါးဖြစ်မည်ဟုမည်သူမှမထင်ထားကြပေ။
နဂါးနက်၏စူးရှသည့်အကြည့်နှင့်ရင်ဆိုင်ရာတွင် ပြိုင်ပွဲဝင်အများစုက အကြည့်ချင်းမဆုံဝံ့ကြဘဲ လူအနည်းငယ်သာ တည်ငြိမ်စွာရှိနေခြင်းဖြစ်သည်။
ထိုအထဲတွင် ရှောင်ယောင်သတိထားမိသည်က အဖြူရောင်ဝတ်စုံဝတ်လွန်စွာခန့်ညားသည့်လူရွယ်တစ်ယောက် ၊ သံမဏိမျှော်စင်တစ်ခုလိုထွားကြိုင်းသန်မာသည့်လူငယ်လေး ၊ သံမဏိတံတိုင်းလုရှန်း၊ ဝူတန်းမှ စွမ်းဝူချန်းနှင့် စီးတုယွမ်ချင်းတို့သာဖြစ်သည်။
ကျန်လူများထဲတွင် ထိပ်သီးဆယ်ယောက်စာရင်းဝင်များပါဝင်သည့်တိုင် နဂါးနက်ကိုမည်သူမှအနိုင်ယူနိုင်မည်ဟုယုံကြည်ချက်ရှိဟန်မတူကြပေ။
နဂါးနက်၏အကြည့်က ထွားကြိုင်းသန်မာသည့်လူငယ့်ထံသို့အချိန်အနည်းငယ်ကြာအောင်ကျရောက်နေသည်။
ထိုလူငယ်က ဖျင်ကြမ်းလက်ပြတ်အင်္ကျီကိုဝတ်ဆင်ထားပြီး ကြံ့ခိုင်သန်မာလှသည့်ခန္တာကိုယ်ရှိသူလည်းဖြစ်သည်။
သူ၏အရပ်ကပင် သာမန်လူများထက်ခေါင်းတစ်လုံးခန့်မြင့်မားနေပြီး နောက်ကျောတွင်ကြီးမားသည့်တစ်ဖက်သွားဓားကြီးကိုလွယ်ပိုးထားသေးသည်။
နေလောင်ထား၍နီကြင်ကြင်ဖြစ်နေသည့်ဆံပင်များကိုစည်းနှောင်မထားဘဲ ပခုံးပေါ်တွင်အရိုင်းဆန်စွာကျဆင်းနေကာ ထိုလူငယ်၏ပုံစံက သိုင်းသမားတစ်ဦးထက် အလုပ်ကြမ်းသမားနှင့်ပင်ဆင်တူနေသေးသညိ။
သို့သော် ဤနေရာတွင်ရှိနေသူတိုင်း လူငယ့်ထံမှအန္တရာယ်အငွေ့အသက်ကိုခံစားမိနေပြီး လူကယ်၏မျက်နှာထက်ရှိနုံအသည့်အပြုံးက သူ၏ဂုဏ်သတင်းကိုဖူံးကွယ်နိုင်ခြင်းမရှိပေ။
ရိုးအအပုံစံရှိသော်လည်း တိုက်ခိုက်ရခြင်းကိုလွန်စွာစွဲလမ်းပြီး တစ်ကိုယ်တည်းကျင်လည်သည့်လူငယ်ကို သိုင်းလောကသားများက တစ်ကိုယ်တော်ဝံပုလွေဟုအမည်ပေးထားကြပေသည် ။
တစ်ကိုယ်တော်ဝံပုလွေဝူမင်း
ဤသည်က ရိုးအဟန်တူသည့်လူငယ်၏နာမည်ဖြစ်ပေသည် ။
လူငယ်ထိပ်သီးဆယ်ယောက်တွင်နံပါတ်သုံးနေရာ၌ရှိနေသည့်လူငယ်၏သိုင်းပညာကိုမည်သူမှမေးခွန်းထုတ်ဝံ့ကြမည်မဟုတ်ပေ။
ယခုအချိန်၌ ဝူမင်း၏မျက်နှာက ပြုံးယောင်သမ်းနေပြီး စူးရဲလှသည့်မျက်ဝန်းများက နဂါးနက်ကိုပြန်၍စိုက်ကြည့်နေသည်။
ထို့နောက် အချိန်အနည်းငယ်ကြာအောင်အကြည့်ချင်းဆုံနေပြီးမှ နဂါးနက်က ဝူမင်း၏ဘေးရှိလူကိုပြောလိုက်သည်။
“ ဟဲလောင်ထျန်းဇီ မင်းငါနဲ့တိုက်ဝံ့လား.....”
နဂါးနက်၏စကားက ပြိုင်ပွဲဝင်များကိုသာမက ကြည့်ရှုနေသူများကိုပင် အံ့သြတိတ်ဆိတ်သွားစေသည်။
နဂါးနက်ဆိုသည့်လူရွယ်၏နောက်ခံကိုမသိရသော်လည်း သူ၏မြင့်မားသည့်သိုင်းပညာက လူငယ်ထိပ်သီးဆယ်ယောက်၏ထိပ်ပိုင်းငါးဦးထဲသို့သေချာပေါက်ဝင်ရောက်နိုင်စွမ်းရှိပေမည်။
ထို့အပြင် သူနှင့်ဟဲလောင်ထျန်းဇီတို့ရန်ငြိုးရန်စမရှိဘဲ ရွေးချယ် စိန်ခေါ်ခြင်းကအနည်းငယ်အံ့ဩဖွယ်ကောင်းပေသည်။
နဂါးနက်၏စိန်ခေါ်မှုကြောင့် ဟဲလောင်ထျန်းဇီကိုယ်တိုင်အံ့ဩသွားသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိမ့်ပြလိုက်သည်။
“ တိုက်ကြတာပေါ့....”
နတ်မိုးကြိုးလက်သီးသိုင်းဆက်ဆံသူ ဟဲလောင်မိသားစု၏သခင်လေးတစ်ဦးအနေဖြင့်မည်သို့သောစိန်ခေါ်မှုမျိုးကိုမဆိုကြောက်ရွံ့နေမည်မဟုတ်ပေ။
ထို့အပြင် သူ့ကိုစိန်ခေါ်ဝံ့သည့်လူမှန်းသမျှကိုနင်းချေကာ သူ၏သိုင်းပညာကို သက်သေပြရပေမည်။