စိန်ခေါ်နိုင်သူ
Vol. 3 Ch. 86
ဟဲလောင်ထျန်းဇီ၏မျက်လုံးများကလည်းတလက်လက်တောက်ပနေပြီး စင်မြင့်ထက်သို့တက်ရောက်သွားတော့သည် ။
မျှော်လင့်မထားသည့်အတွဲအဖက်ကြောင့်အံ့အားသင့်သွားကြသော်လည်း လက်ရည်ညီမျှမည့်ပြိုင်ဘက်နှစ်ဦးဖြစ်၍စင်အောက်ရှိလူများမှာ ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။
ဒုတိယပြိုင်ပွဲက ကြွယ်ယန်တို့၏တိုက်ပွဲထက်ပို၍ကြည့်ကောင်းမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ထိုအချိန်တွင်ရှောင်ယောင်တို့လူစုကတော့ကြွယ်ယန့်ကိုမမြင်ဖူးသူတစ်ယောက်လိုဝိုင်းကြည့်နေကြသည်။
“ ဘာလဲ....”
ကြွယ်ယန်လည်းဘေးပတ်လည်မှအကြည့်များကြောင့်ကြက်သီးထဟန်ဖြင့်မေးလိုက်သည်။
သူ၏ပုံစံကြောင့် ရှောင်ယောင်နှင့်ကြွယ်စင်းက ကြွယ်ယန်၏ဘေးတစ်ဖက်တစ်ချက်စီသို့ရောက်ရှိလာပြီး ရှောင်ယောင်ကမေးလိုက်သည်။
“ မင်းကဘယ်လိုလုပ်ပြီး ဟဲလောင်ထျန်းဇီစိန်ခေါ်ခံရမှာကိုသိနေတာလဲ....”
ကြွယ်ယန်တစ်ယောက် ဟဲလောင်ထျန်းဇီကိုနိမိတ်ဖတ်ပြီးနောက် တန်း၍စိန်ခေါ်ခံရခြင်းကသွေးရိုးသားရိုးဟုတ်မည်မထင်ပေ။
ထို့အပြင် နဂါးနက်ဆိုသည့်လူရွယ်က ယခင်ရက်များကလည်း သူတို့ဆီသို့တစ်ချက်တစ်ချက်အကဲခပ်နေတတ်သည်ကို ရှောင်ယောင်ရိပ်စားမိပေသည်။
ရှောင်ယောင်တို့၏ပုံစံက သူ့ကိုနှစ်ယောက်ပေါင်း၍အနိုင်ကျင့်တော့မည်ဖြစ်မှန်းရိပ်စားမိ၍ ကြွယ်ယန့်ကိုယ့်ကိုယ်ကိုကာကွယ်ရန်အဆင်သငိ့ပြင်ထားရင်း မထူးခြားသည့်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ အသိသာကြီးပဲကို ဒီကောင်က ဒီလောက်မျက်စိစပါးမွှေးစူးစရာကောင်းတာ.....”
ကြွယ်ယန်၏အဖြေကိုယုံကြည်ခြင်းမရှိသော်လည်း လူအုပ်ထဲတွင်ဖြစ်၍ ရုတ်ရုတ်သဲသဲမလုပ်တော့ဘဲ ရှောင်ယောင်က ပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။
“ အေးပါ....အမှန်အတိုင်းမပြောချင်လည်းရတယ် အိမ်ပြန်ရောက်ရင်တွေ့ကြတာပေါ့...”
ကြွယ်ယန်၏စကားကိုကြွယ်စင်းကလည်း ပြုံး၍ထောက်ခံလိုက်သည်။
“ ဟုတ်တယ်အစ်ကိုကြီး အစ်ကိုကြီးကျောင်းကထွက်သွားပြီးထဲက သူက ကျုပ်ကိုခဏခဏအနိုင်ကျင့်နေတာ....”
သူတို့၏အတိုင်အဖောက်ညီသည့်စကားများကြောင့်ကြွယ်ယန်၏မျက်နှာကရှုံ့မဲ့သွားပြီး မတရားခံရဟန်ဖြင့်အော်ဟစ်လိုက်သည်။
“ ကျုပ်ကိုအနိုင်ကျင့်ဖို့မကြိုးစားနဲ့နော်။ မတော်လို့ ဒဏ်ရာတစ်ခုခုရသွားရင် နောက်ရက်မပြိုင်နိုင်ဘဲနေမယ်။
ကျုပ်က နောက်ဆုံးဆယ်ယောက်ထဲကိုတက်သသွားပြီ ....”
သူ့ကိုယ်သူကြွားဝါးရင်ပြောလိုက်သည့် ကြွယ်ယန်၏အကြောင်းပြချက်ကြောင့် ရှောင်ယောင်တို့လည်း ရယ်မောလိုက်မိကြသည် ။
သူတို့ရင်းနှီးလှသည့်ဆက်ဆံရေးကို အနည်းငယ်အားကျသည့်မျက်ဝန်းများဖြင့်ကြည့်ရှုနေသူက စီးတုယွမ်ချင်းသာဖြစ်သည်။
သူမ၏မျက်ဝန်းများက အနည်းငယ်မှိန်ဖျော့နေပြီး ငယ်စဉ်ကပင် သူမ၏အနားသို့ချဉ်းကပ်လာသူမှန်သမျှတွင် အကြံအစည်တစ်ခုမဟုတ်တစ်ခုရှိနေပြီး အစစ်အမှန်သူငယ်ချင်းဟူ၍လက်သူံးချောင်းပင်မပြည့်ခဲ့ပေ။
သူမ၏ထူးခြားသည့်အမူအယာကို ကိုရိပ်စားမိသည့် လွီချင်းအာက သူမ၏ဘေးသို့အသာကပ်ကာမေးလိုက်သည် ။
“ အစ်မယွမ်ချင်း....”
လွီချင်းအာ၏ခေါ်သံကြောင့်စီးတုယွမ်ချင်း၏ခန္တာကိုယ်လေးဆက်ခနဲဖြစ်သွားပြီး သူမ၏မျက်နှာက အေးစက်စက်ပြန်ဖြစ်သွားသည်။
“ ဘာလဲ ချင်းအာ....”
ရှောင်ယောင်နှင့်ပတ်သတ်၍သိကျွမ်းခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်ရက်သုံးရက်ထဲတွင်သူတို့နှစ်ယောက်၏ဆက်ဆံရေးက အတော်ပင်တိုးတက်လာပြီး ယခုအခါ ရင်းနှီးသည်ါမိတ်ဆွေများဟုဆိုနိုင်ပေသည်။
“ အစ်မရင်ဖွင့်ချင်တာရှိရင် ကျမကိုပြောလို့ရတယ်နော်။ ကျမက အစ်မကို အစ်မတစ်ယောက်လိုသဘောထားတာ....”
သူမကိုပြန်၍နှစ်သိမ့်ပေးနေသည့်မိန်းမငယ်လေးကြောင့်စီးတုယွမ်ချင်းလည်း ရယ်ရမလိုငိုရမလိုဖြစ်သွားပြီးမှခေါင်းညိမ့်ပြလိုက်သည်။
“ ဟုတ်ပါပြီ....”
သူမ၏စရိုက်က အေးစက်ပြီးချဉ်းကပ်ရခက်သော်လည်း ထိုမိန်းကလေးကိုမည်သည့်အတွက် ရင်းနှီးမိမှန်းမသိပေ။
လွီချင်းအယ၏ကလေးဆန်သည့်ပုံစံနှင့် ရိုးသာပွင့်လင်းသည့်စိတ်ထားကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်ပေသည်။
စီးတုယွမ်ချင်း၏စကားကြောင့် လွီချင်းအာက လှပစွာပြုံးလိုက်သည်။
သို့သော် တစ်စုံတစ်ခုကိုသတိရသွားဟန်တူပြီး သူမ၏လက်သီးသေးသေးကလေးများကိုအသာဆုတ်ရင်း တည်ကြည်စွာပြောလိုက်သည်။
“ ဒါပေမယ့် အစ်ကိုရှောင်ယောင့်ကိုတော့ကျမလက်လျော့မှာမဟုတ်ဘူးနော်....”
ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သည့်သူမ၏ပုံစံကြောင့် စီးတုယွမ်ချင်း၏အေးစက်စက်မျက်နှာကလေးက ပြုံးယောင်သမ်းသွားကာ ခေါင်းယမ်းပြလိုက်ပြီးညင်သာစွာပြောလိုက်သည်။
“ အဲဒီကောင်ကို ညီမဘာသာယူပါ ။ အစ်မက စိတ်မဝင်စားဘူး....”
စီးတုယွမ်ချင်း၏အဖြေကို လွီချင်းအာက ယုံကြည်ဟန်မတူပေ။
ထို့နောက် စီးတုယွမ်ချင်း၏မျက်နှာထက်၌ မရိုးမသားအမူအယာတစ်ခုပေါ်လာပြီး ကြွယ်ယန်တို့နှင့်အလုပ်ရှုပ်နေသည့် ရှောင်ယောင့်ကိုတစ်ချက်ကြည့်ကာ လွီချင်းအာကိုပြောလိုက်သည်။
“ သူ့ရဲ့နာမည်ပြောင်တစ်ခုကို အစ်မပြောပြမယ် သူ့ကိုကျောက်တုံးခေါင်းလို့လည်းခေါ်သေးတယ် ။ ဘာကြောင့်လဲဆိုတော့.....”
မိန်းကလေးနှစ်ယောက်က အချင်းချင်းကြိတ်၍တွတ်ထိုးနေစဉ်မှာပင် စင်မြင့်ထက်ရှိတိုက်ပွဲက လွန်စွာပြင်းထန်လျက်ရှိသည်။
နဂါးနက်ရော ဟဲလောင်ထျန်းဇီရောက ကြောက်စရာကောင်းသည့်အဆင့်လွန်ထိပ်သီးများဖြစ်ကြကာ အတွင်းအား၊ သိုင်းပညာနှင့် တိုက်ပွဲအတွေ့အကြုံတို့တွင်အပြစ်ပြောစရာမလိုသည့်အဆင့်ထိရောက်ရှိနေပြီဖြစ်သည်။
ယခုပုံစံအတိုင်းသာဆက်လက်တိုးတက်သွားပါက နောက်ဆယ်နှစ် ၊ ဆယ့်ငါးနှစ်အတွင်း သိုင်းဝိဇ္ဇာအဆင့်သို့သေချာပေါက်ရောက်ရှိမည်ဖြစ်ပြီး သူတို့၏ပါရမီနှင့်အရည်အချင်းကလည်း ကြောက်မက်ဖွယ်ဖြစ်သည်။
နဂါးနက်ကမှ ယခုပြိုင်ပွဲမတိုင်မီကျော်ကြားခဲ့သေးသော်လည်း ဟဲလောက်ထျန်းဇီက ပြိုင်ပွဲတွင်မှလူလုံးထွက်ပြခြင်းဖြစ်သည်။
သို့သော် သူ၏သိုင်းပညာကလည်းကြောက်မက်ဖွယ်ကောင်းလှပြီး မိုးကြိုးပစ်သလိုပြင်းထန်သည့်လက်သီးချက်များနှင့်တစ်ချက်ထိမှန်ပါက သာမန်အဆင့်လွန်ထိပ်သီးတစ်ဦးပင်သွေးပွတ်ပွတ်အန်သွားစေမည်ဖြစ်သည်။
သူတို့၏တိုက်ပွဲကအနည်းငယ်ကြာမြင့်နေပြီဖြစ်သော်လည်း သိုင်းကွက်သူံးရာကျော်အထိမည်သူမှအသာစီးမရသေးဘဲ ပြင်းထန်လျက်ရှိဆဲပင်။
“ ဝုန်း.....”
ဟဲလောင်ထျန်းဇီ၏လက်သီးချက်က လေထုကိုပင်တုန်ခါသွားစေပြီး နဂါးနက်ဆီသို့ လျှင်မြန်စွာဝင်ရောက်သွားသည်။
ဟဲလောင်မိသားစု၏နတ်မိုးကြိုးလက်သီးသိုင်းက အားအင်ပြင်းထန်ခြင်းကိုအလေးထားသော်လည်း ဟဲလောင်ထျန်းဇီမှာ ကျွမ်းကျင်အဆင့်ထိရောက်ရှိပြီးဖြစ်၍ သူ၏တိုက်ကွက်များကအားအင်ပြင်းထန်ရုံသာမက မိုးသီးမိုးပေါက်များပမာ အဆက်ပြက်ဝင်ရောက်ဘာနေသေးသည် ။
သိူ့သော် ထိုအခြေအနေတွင် နဂါးနက်က တည်ငြိမ်နေဆဲဖြစ်ပြီး ခုခံရှောင်တိမ်းခြင်းမရှိရုံသာမက သူ၏ဓားပြားကြီးကိုဝေ့ယမ်းကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
“ ဝှီး...”
“ ဝှစ်...ဝှစ်....”
နဂါးနက်၏ နက်မှောင်နေသည့်ဓားပြားကြီးက သာမန်ဓားများထက်အဆများစွာလေးလံသော်လည်းသူ၏လက်ထဲတွင်လွန်စွာပေါ့ပါးနေဟန်တူသည်။
ထို့အပြင် ဓားရိပ်များစွာထွက်ပေါ်နေသည့်ကြားတွင် ပါဝင်သည့်အားအရှိန်က တစ်ဖက်လူ၏ခန္တာကိုယ်ကိုထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိပြီး ပြင်းထန်လေးလံသည့်ဓားကွက်များကဟာကွက်ကင်းမဲ့ချက်ရှိသည်။။
ဤသို့ဖြင့် ဘဝတစ်ပြန်ကျားတစ်ပြန်တိုက်ခိုက်နေသည့်တိုက်ပွဲကိုကျန်ပြိုင်ပွဲဝင်များပင် အံ့ဩတုန်လှုပ်စွာကြည့်ရှုနေကြပြီး သူတို့သာ ထိုနှစ်ယောက်ထဲမှတစ်ယောက်ယောက်နှင့်ရင်ဆိူင်ရပါက ကျိန်းသေပေါက်ရှူံးနိမ့်မည်ဖြစ်ကြောင်း ရိပ်စားမိကြသည်။
“ အစ်ကို ဟဲလောင် တူလေးထျန်းဇီရဲ့သိုင်းပညာက ပိုပြီးတိုးတက်လာတာပဲ....”
အကဲဖြတ်လူကြီးများ၏နေရာရှိ ထန်ချင်းရှန်က သူ၏ဘေးရှိ ဟဲလောင်ချန်းကိုချီးကျူးလိုက်သည်။
ထိုနည်းတူ ခွန်လွန်ဂိုဏ်းချူပ်ကြီးနှင့်ကျန်သိုင်းဝိဇ္ဇာများပင်လူငယ်နှစ်ယောက်၏သိုင်းပညာကို သဘောကျနေကြပြီး ထိုနှစ်ယောက်လုံးက လူငယ်ထိပ်သီးဆယ်ယောက်၏ထိပ်ဆုံးငါးနေရာတွင်းသို့ဝင်ရောက်နိုင်သူများဖြစ်ကြသည်။
“ ဒါတောင် ထျန်းအာက သိုင်းလောကထဲသိပ်ပြီးဝင်ချင်တာမဟုတ်ဘူး။ ဒီတစ်ကြိမ်မှာ ဖေဖေက သိုင်းလောကထဲကိူအတင်းစေလွှတ်လို့သာ လာပြိုင်ရတာ....”
ဟဲလောင်ချန်း၏စကားက နှိမ့်ချဟန်တူသော်လည်း ဝမ်းမြောက်ဂုဏ်ယူနေသည်ကိုကောင်းစွာမြင်တွေ့နိုင်သည်။
အမှန်လည်း ဟဲလောင်ထျန်းဇီ၏သိုင်းပညာက အံ့ဩဖွယ်ကောင်းပြီး ထိုအဖြစ်ကြောင့် မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်နှစ်ယောက်မှာ မျက်နှာသိပ်မကောင်းပေ။
အကြောင်းကား ဒုတိယအဆင့်၏ပြိုင်ပွဲဝင်နှစ်ဆယ်ထဲတွင် အနက်ရောင်သိုင်းလောကသားများပါဝင်နေသေးသော်လည်း သူတို့၏သိုင်းပညာက ပြိုင်ပွဲတွင်ဗိုလ်စွဲရန်မျှော်လင့်ချက်မရှိ၍ဖြစ်သည်။
လူငယ်ထိပ်သီးစာရင်း၏နံပါတ်ခြောက်နေရာရှိ အရိုးဖြူသခင်လေးလီမန်ဟိုင်နှင့်နံပါတ်ကိုးမရဏလက်ဝါးလွေဝါးတို့မှာ အနက်ရောင်သိုင်းလောကသားများဖြစ်ကြသော်လည်း ဟဲလောင်ထျန်းဇီတို့နှင့်ယှဉ်လိုက်လျှင်အနည်းငယ်နိမ့်ကျနေ၍ဖြစ်သည် ။
တစ်ဖန် ပြိုင်ပွဲဝင်နှစ်ဆယ်တွင်းရှိ မိန်းမလှစာရင်းဝင်များဖြစ်သည့် ကဝေပျိုနှစ်ပါးသည်လည်း ရုပ်ရည်လွန်စွာလှပသော်ငြား သိုင်းပညာတွင် လူငယ်ထိပ်သီးများထက်နိမ့်ကျနေပြန်သည်။
ထို့ကြောင့်ယခုလူငယ်ထိပ်သီးပြိုင်ပွဲတွင် အနက်ရောင်သိုင်းလောကသားများဗိုလ်စွဲရန်မဖြစ်နိုင်သလောက်ဟုပြော၍ရပေသည်။
“ ဒါပေမယ့် နဂါးနက်ကိုအနိုင်ယူနိုင်ရင်တောင် မင်းတို့ဟဲလောင်မိသားစုက ကောင်လေးက ပြိုင်ပွဲမှာ ဗိုလ်စွဲဖိူ့မဖြစ်နိုင်ပါဘူး....”
ဟူအို၏စကားကို ဟဲလောင်ချန်းက တင်းမာသည့်လေသံဖြင့်ချက်ခြင်းတုံ့ပြန်လိုက်သည်။
“ ဘာလို့မဖြစ်နိုင်ရမှာလဲ ။ အခုပြိုင်ပွဲဝင်တွေထဲမှာ သူတို့ကိုယှဉ်နိုင်တာ လက်ငါးချောင်းမှမပြည့်တာ....”
အကဲဖြတ်လူကြီးများထဲတွင် အနိမ့်ဆုံးလူကပင် သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်ရှိ၍ ပြိုင်ပွဲ၏ပထမအကျော့ကိုကြည့်ရှုပြီးသည့်နောက်ပြိုင်ပွဲဝင်များ၏သိုင်းပညာကို အကြမ်းဖျင်းအကဲခပ်မိကြသည်။
ထို့ကြောင့် ဟဲလောင်ချန်းပြောသည်ကလည်းမမှားဘဲ လက်ရှိတိုက်ပွဲကိုမည်သူအနိုင်ရသည်ဖြစ်စေ သိုင်းပြိုင်ပွဲတွင်အနိုင်ယူရန်စိန်ခေါ်နိုင်စွမ်းရှိပေမည်။
&&&&