← Chapters

ရေပန်းစားမှု

Vol. 3 Ch. 87

ရေပန်းစားမှု

Vol. 3 Ch. 87

ဟဲလောင်ချန်း၏တုန့်ပြန်မှုကို ဟူအိုက မဲ့ပြုံးပြုံးကာပြန်ဖြေလိုက်သည်။

“ တခြားလူတွေကိုအသာထားဦး မင်းတို့မိသားစုကကောင်လေးက လူငယ်ထိပ်သီးဆယ်ယောက်က နံပါတ်နှစ်နေရာမှာရှိတဲ့ နတ်နဂါးရှန့်စီးယန်နဲ့ နံပါတ်သုံးတစ်ကိုယ်တော်ဝံပုလွေဆိုတဲ့ကောင်လေးကိုအနိုင်ယူနိုင်မှာမဟုတ်ဘူး။

သူတို့နှစ်ယောက်က လူငယ်မျိုးဆက်တွေဆိုပေမယ့် ငါတို့ကိုတောင်သိပ်မကြာခင်လိုက်မီတော့မယ် ...”

ဟူအို၏စကားမှာမှန်ကန်နေ၍ ဟဲလောင်ချန်းလည်းမည်သို့မှပြန်လည်ချေပနိုင်စွမ်းမရှိတော့ပေ။

အကြောင်းကား လူငယ်ထိပ်သီးဆယ်ယောက်၏ထိပ်ဆုံးသုံးယောက်က သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်များကိုပင်တိုက်ခိုက်နိုင်သည်ဟုနာမည်ကျော်၍ဖြစ်သည်။

“ အင်း အဲဒီနတ်နဂါးရှန့်စီးယန်ဆိုတဲ့လူငယ်‌ကတော့ တကယ့်ကိုထူးချွန်လွန်းပါတယ်။

ရှောင်လင်မှရှိနေတုန်းကလည်း မျိုးဆက်သစ်ပါရမီရှင်ဖြစ်ပြီး အသက်နှစ်‌ဆယ်မပြည့်ခင် တံခါးနီဆောင်ကိုကျော်ဖြတ်လာနိုင်တာ။

ပြီးတော့ သိုင်းလောကထဲကိုရောက်တော့လည်း အများအကျိုးသယ်ပိုးနေတာ ကျုပ်စိတ်ထင် လူငယ်ထိပ်သီးဆယ်ယောက်မှာ အထူးချွန်ဆုံးက သူပဲလို့တောင်တွေး‌မိတယ်....”

ထိုစကားကိုပြောလိုက်သူက ဝါဆန်းဂိုဏ်းမှ သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည်။

သူ၏စကားကို အနီးတွင်ရှိသည့်စွန်းချန့်အိုက ပခေါင်းယမ်းကာ ပြောလိုက်သည်။

“ ဒီလိုတော့လည်းမဟုတ်သေးဘူးဆရာကြီးဖန်းရဲ့ ....ကျုပ်တို့စွန်းအိမ်တော်က ပြုစုထားတဲ့လူငယ်ထိပ်သီးစာရင်းက အနီးစပ်ဆုံးကိုခန့်မှန်းထားတယ်ဆိုပေမယ့် လွဲချော်မှုမရှိသ‌လောက်ပဲ....”

စွန်းချန့်အိုက အိမ်ရှင်ပီပီအကဲဖြတ်လူကြီးများနှင့်တစ်တန်းထဲခိုင်ခွင့်ရှိပြီး သူ၏ဂုဏ်ပုဒ်အရလည်း ထိုသို့ပြုမူရန်သင့်လျော်ပေသည်။

စွန်းချန့်အို၏ငြင်းဆန်မှုကို ဝူတန်းဂိုဏ်းမှအကြီးအကဲချန်းရှောက်က ဖြတ်ပြောလိုက်သည်။

“ ဒါတော့ ခင်ဗျားထင်လို့နေမှာကိုး ကျုပ်စိတ်ထင် အခုပြိုင်ပွဲမှာ ဒီကောင်လေးဗိုလ်စွဲမယ်လို့ပဲတွေးမိနေတယ်....”

စွန်းချန်းအိုက အကြီးအကဲချန်းရှောက်၏စကားကိုမငြင်းဆန်ဘဲပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

ထိုစဉ် အော့မေ့ဂိုဏ်းမှ အကြီးအကဲလီက ဝင်ပြောလိုပ်သည်။

“ အခုလက်ကျန်ပြိုင်ပွဲဝင်တွေထဲမှာ သူက ဗိုလ်စွဲဖို့ရာခိုင်နှုန်းအများဆုံးပဲ ။

ဒါပေမယ့် လူငယ်ထိပ်သီးစာရင်းရဲ့နံပါတ်တစ်နေရာက နေမိုးကြိုးဓားဝိဇ္ဇာကိုမေ့ထားလို့မရဘူးလေ....”

“ ဒါပေမယ့် အခုပြိုင်ပွဲကိုသူရောက်လာဘူးမလား။ ပြီးတော့ အခုပြိုင်ပွဲကိုအခြေခံပြီး လူငယ်ထိပ်သီးစာရင်းကိုပြန်သက်မှတ်ဦးမှာဆို....”

စွန်းချန်းအိုကိုဝင်မေးလိုက်သူက တေလေဂိုဏ်း၏စည်းကမ်းထိမ်းသိမ်းရေးမှူး ကျောက်စိမ်းတုတ်ကျန်းဟူ လူသိများသည့်အဖိုးအိုကျန်းပင်ဖြစ်သည် ။

“ ဒါက မှန်ပါတယ် ....”

စွန်းချန့်အိုက အဖိုးအိုကျန်း၏စကားကို ခေါင်းညိမ့်ကာဝန်ခံလိုက်သည်။

သူတို့၏ဆွေးနွေးမှုကြောင့်ကျန်လူများပင် ထိုစကားဝိုင်းထဲသို့စိတ်ဝင်တစားပါဝင်လာကြသည်။

သိုင်းမဟာမိတ်နှင့်မိစ္ဆာဝိညာဉ်၏ခေါင်းဆောင်များသည်လည်း အကဲဖြတ်လူကြီးများထဲတွင်ပါဝင်သော်ငြား သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များ၏စကားဝိုင်းကိုဝင်ရောက်နှောက်ယှက်ဝံ့ခြင်းမရှိပေ။

သို့သော် မိစ္ဆာဝိညာဉ်၏ခေါငိးဆောင်နှစ်ယောက်ဖြစ်သည့် အရိုးနတ်ဆိုးဟူအိုနှင့် သွေးလွှမ်းနတ်‌ဆိုးစာပေသမားတို့၏အမူအယာများက သိပ်မကောင်းပေ။

အကြောင်းကား နတ်နဂါးရှန့်စီးယန်ဆိုသည့်လူရွယ်က အဖြူရောင်ဘက်တော်သားတစ်ဦးဖြစ်ပြီး သူတို့မိစ္ဆာဝိညာဉ်အဖွဲ့ကိုများစွာဆုံးရှုံးစေ၍ဖြစ်သည်။

ယခုသိုင်းဝိဇ္ဇာများ၏အကဲဖြတ်မှုကြောင့် သူတို့၏စိတ်ထဲတွင် ရှန့်စီးယန်ကိုပို၍ပင်သတ်ဖြတ်လိုစိတ်များတိုးပွားလာပြီး အခွင့်အရေးရပါက သူတို့ကိုယ်တိုင်လှုပ်ရှားရန်ပင် ဆုံးဖြတ်လိုက်ကြသည်။

ထောင့်တစ်နေရာရှိ ခုံတုံဂိုဏ်းချုပ်စီးတုမင်ကားတစ်ခွန်းမှဝင်ရောက်ဆွေးနွေးခြင်းမရှိဘဲ ပြုံး၍သာနေသည်။

နေမိုးကြိုးဓားဝိဇ္ဇာဆိုသည့်လူရွယ်က လူငယ်ထိပ်သီးစာရင်းနံပါတ်တစ်နေရာတွင်ရှိပြီး သူ၏နာမည်ကိုလူတိုင်းသိရှိသော်လည်း ကိုယ်တွေ့မြင်ဖူးသူနည်းပါးပေသည်။

ထို့ကြောင့် အများစုက ရှန့်စီးယန်နှင့်နေမိုးကြိုးဓားဝိဇ္ဇာတို့တွင် ပါရမီရှင်သိုင်းလုလင်ဟုလူသိများသည့််ရှန့်စီးယန်က ပို၍သာလွန်မည်ဟုပင်တွေးထင်နေကြသည်။

ထိုအခိုက် စွန်းချန့်အိုက သူတို့အားလုံးအံ့အားသင့်စေမည့်စကားတစ်ခွန်းကိုထပ်ပြောလိုက်သည်။

“ တကယ်တော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကန္တာရသေမင်းနှစ်ဖော်လို့လူသိများတဲ့ သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်နှစ်ယောက်ထဲက သေမင်းနက်ကို နေမိုးကြိုးဓားဝိဇ္ဇာကအနိုင်ယူခဲ့ပြီးပြီ။

ဒါကြောင့် ဒီပြိုင်ပွဲမှာ ဘယ်သူပဲဗိုလ်စွဲပါစေ လူငယ်ထိပ်သီးဆယ်ယောက်ရဲ့နံပါတ်နေရာကတော့ ပြောင်းလဲမှာမဟုတ်ဘူး....”

စွန်းချန့်အို၏စကားကြောင့် သိုင်းဝိဇ္ဇာအဆင့်ပုဂ္ဂိုလ်များပင် အံ့အားသင့်ကာ ငြိမ်သက်သွားကြသည်။

ထို့နောက်မှ ခွန်လွန်ဂိုဏ်းချုပ်ကြီးကသက်ပြင်းတစ်ချက်ချ၍ဝင်ပြောလိုက်သည်။

“ နောက်ကလှိူင်းလုံးတွေက ပိုပြီးအားပြင်းတယ်ဆိုတာအမှန်ပဲ။ အခု‌လည်း အသက်သုံးဆယ်လောက်ပဲရှိသေးတဲ့ လူငယ်မျိုးဆက်တစ်‌ယောက်က နာမည်ကျော်သိုင်းဝိဇ္ဇာတစ်ဝက်အဆင့်သိုင်းသမားကိုအနိုင်ယူနိုင်မယ်လို့ ကျုပ်ဖြင့်တစ်ခါမှမတွေးမိဘူး....”

ခွန်လွန်ဂိုဏ်းချုပ်ကြီး၏စကားသံထဲတွင်အံ့ဩမှု၊ အထင်ကြီးမှုစသည်တို့ပါဝင်နေပြီး ကျန်သိုင်းဝိဇ္ဇာများလည်း ခေါင်းညိမ့်လိုက်ကြသည်။

ထိုစဉ် တစ်ချိန်လုံးငြိမ်သက်နေသည့်စီးတုမင်းက သူ၏ဦးခေါင်းကိုခါယမ်းရင်း စိတ်မကောင်းဖြစ်ဟန်ဖြင့်ပြောလိုက်သည်။

“ တကယ်တော့ အဲဒီလူငယ်ထက်အများကြီးပိုပြီး ပါရမီရှိတဲ့လူငယ်မျိုးဆက်တစ်ယောက်ကို ကျုပ်သိတယ်။

အင်း....စိတ်မကောင်းစွာနဲ့ပဲ ကျုပ်တို့လုပ်ရပ်က လွန်ကဲခဲ့တာကိုး....”

စီးတုမင်စကားကို ကျန်လူများချက်ခြင်းနားမလည်ကြသော်လည်း ထန်ချင်းရှန်နှင့်ဟဲလောင်ချန်းတို့က မျက်နှာပျက်သွားကြသည်။

ပြိုင်ပွဲကွင်းပြင်၏ထောင့်တစ်နေရာတွင် မထင်မရှားလူတစ်ယောက်ရှိနေသည်။

အစိမ်းရောင်ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး ကြီးမားသည့်ခမောက်ကြီးတစ်လုံးကိုဆောင်းထားသည့်သူ၏ပုံစံကထူးခြားလှပြီး ခမောက်တွင်ထူထဲသည့်အနက်ရောင်ဇာပဝါဖြင့်ကာရံထားသေးရာ ထိုလူ၏ရုပ်ရည်သွင်ပြင်ကိုပင်မမြင်ရပေ။

သို့သော် အမို့အမောက် ၊အရှိုက်အဝှမ်းများနှင့်ပြည့်စုံလှသည့်ခန္တာကိုယ်က နာမည်ကျော်ပန်းပုဆရာတစ်ဦး၏ ပန်းပုရုပ်ထုကလေးထက်ပင် အချိုးအစားကျလျက်ရှိကာ ရုပ်ရည်ကိုမမြင်ရသည့်တိုင် များစွာသောလူများကိုဆွဲဆောင်ရန်လုံလောက်နေပေသည်။

ပြီးပြည့်စုံသည့်အချိုးအစားဖြင့်ခန္တာကိုယ်သာမက ကျောက်စိမ်းလိုဖြူဖွေးသန့်စင်သည့်အသားအရေနှင့် လည်တိုင်ကျော့ကလေးကိုမြင်ရုံဖြင့်ပင် လွန်စွာလှပသည့် မိန်းမလှလေးတစ်ဦးဖြစ်မှန်းခန့်မှန်းနိုင်ပေမည်။

ထို့ကြောင့်လည်း အနီးရှိ ယောင်္ကျားသားများ၏အကြည့်က ပြိုင်ပွဲစင်မြင့်တွင်မရှိဘဲ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးထံတွင်သာရှိနေကာ အချို့ရဲတင်းသည့်လူများက မိန်းကလေးအနီးသို့မသိသာချဉ်းကပ်လျက်ရှိပေသည်။

သို့တိုင် သူမနှင့်ခြေသူံးလှမ်းအတွင်းမည်သူမှမဝင်ရောက်နိူင်ဘဲ မမြင်ရသည့်အားလှိုင်းတစ်ခုက အလိုလိုတွန်းထုတ်နေကာ အဆင့်လွန်ထိပ်သီးများပင် ‌ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေသည်။

ထိုမြင်ကွင်းကထူးဆန်းလှသော်လည်း လူပေါင်းခုနစ်ရာနီးပါးရှိသည့်ပြိုင်ပွဲကွင်းပြင်တွင် များစွာသိသာခြင်းမရှိပေ။

ထူးခြားသည့်မိန်းကလေး၏အကြည့်များက ပြိုင်ပွဲကွင်းပြင်တွင်ရှိနေရမည့်အစား စင်မြင့်အနီးရှိ အဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးထံတွင်သာ စူးနစ်စွာကျရောက်လျက်ရှိပေသည်။

ထူထဲသည့်အမည်းရောင်ပဝါအောက်ရှိ ကြယ်ပွင့်များလိုတောက်ပသည့်မျက်ဝန်းလှလှလေးများကရွှန်းစိုနေကာ ထိုမျက်ဝန်းကလေးဖြင့်တစ်ချက်အကြည့်ခံရလျှင်ပင် တစ်ဖက်လူ၏စိတ်ဝိညာဉ်ကိုနုတ်ယူနိုင်စွမ်းရှိပေမည်။

“ ဟမ်....”

ရှောင်ယောင်လည်း တစ်စုံတစ်ယောက်က သူ၏လှုပ်ရှားမှုမှန်သမျှကိုအသေးစိတ်‌စောင့်ကြည်ဘနေသည်ဆိုသည့်ခံစားချက်ကြောင့် ဘေးဘီကိုအကဲခပ်လိုက်သည်။

အနီးဝန်းကျင်ရှိလူအများက စင်မြင့်ထက်ရှိတိုက်ပွဲကိုသာအာရုံရောက်နေကြသည်ကိုမြင်၍ သူလည်း တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။

“ နည်းနည်း ထူးဆန်းနေတယ်....”

သို့သော် သူတို့လို ဒုတိယအဆင့်သို့ရောက်ရှိနိုင်သည့်ပြိုင်ပွဲဝင်များက လူငယ်မျိုးဆက်မှပါရမီရှင်များဖြစ်၍ ကွင်းပြင်ရှိလူများအာရုံစိုက်ကြသည်မှာပုံမှန်ဖြစ်၍ရှောင်ယောင်လည်း ထိုအကြောင်းကို ဆက်၍တွေးတောမနေတော့ပေ။

ထို့နောက် စင်မြင့်အနီးတွင်ရှိနေကြသည့်သူ့လိုပြိုင်ပွဲဝင်များကိုအကဲခပ်လိုက်ရင်း လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

“ မလွယ်ဘူးပဲ....”

ကြွယ်ယန်နှင့်ကြွယ်စင်းတို့၏တိုက်ပွဲပြီးနောက် စင်မြင့်ပေါ်တွင်တိုက်ခိုက်နေသူနှစ်ယောက်ကိုထည့်မတွက်လျှင် သူအပါအဝင် စုစုပေါင်းဆယ့်ခြောက်ယောက်ခန့်ရှိရှိနေသေးသည်။

ထိုအထဲတွင် စီးတုယွမ်ချင်းနှင့်လွီချင်းအာမှလွဲ၍ ကျန်ဆယ့်သုံးယောက်က သူ၏ပြိုင်ဘက်ဖြစ်လာနိုင်သူများဖြစ်သည်။

ထိုအထဲတွင် အနိမ့်ဆုံးလူကပင် အစွမ်းထက်ထိပ်သီးများဖြစ်ပြီး သူလုံးဝအနိုင်မယူနိုင်သူ သူံးလေးယောက်လည်းပါဝင်နေသေးသည်။

ဥပမာအားဖြင့် စင်မြင့်ပေါ်တွင်တိုက်ခိုက်နေသည့်နှစ်ယောက်ထဲမှတစ်ယောက်ယောက်နှင့်တိုက်ခိုက်ရပါက သူ့အနေဖြင့်သရေကျရန်မျှော်လင့်ချက်ရှိသေးသည်။

အကြောင်းကား အဆင့်လွန်ထိပ်သီးအဆင့်သို့ရောက်ရှိပြီးနောက် သူ၏တိုက်ပွဲစွမ်းအားကများစွာတိုးတက်ကာ ကြောက်စရာကောင်းသည့်ထိပ်သီးများကိူပင်ယှဉ်တိုက်နိုင်လာ၍ဖြစ်သည်။

အရေးအကြီးဆုံးအချက်က အတွင်းအားကိုသာမက အပြင်အားလမ်းစဉ်ကိုပါလျှောက်လှမ်းသူပီပီရေရှည်တိုက်ပွဲတွင်အတွင်းအားကုန်ခမ်းမည်ကိုလုံးဝစိတ်ပူစရာမလိုပေ။

သို့သော် သူ၏လက်ရှိအခြေအနေဖြင့်အစွမ်းကုန်သုံးလျှင်ပင် ရှုံးနိုင်ချေရှိသည့်လူများရှိနေသေးသည်။

ထိုလူများကိုဖော်ပြရပါက အဖြူရောင်ဝတ်စုံဝတ်လွန်စွာခန့်ညားသည့်လူရွယ် ၊ နဂါးနက်ပင်ဂရုတစိုက်ကြည့်ခဲ့သည့် ထွားကြိုင်းသန်မာလှသည့်လူငယ် ၊ မုန်တိုင်းသိုင်းသမားဆိုသည့် မှုန်ကုတ်ကုတ်အမူအယာရှိသူနှင့် ဖြူဖျော့သည့်မျက်နှာဖြင့်အရိုးဖြူသခင်လေးဆိုသူတို့ဖြစ်သည်။

အရိုးဖြူသခင်လေးက အနက်ရောင်သိုင်းလောက၏ဂိုဏ်းကြီးငါးဂိုဏ်းတွင်ပါဝင်သည့်အရိုးဖြူဂိုဏ်းချုပ်၏သားဖြစ်ကာ ထိပ်သီးဆယ်ယောက်တွင် နံပါတ်ခြောက်နေရာ၌ရှိသည် ။

သို့သော် ရှောင်ယောင်၏စိတ်ထဲတွင်အလိုလိုသိရှိနေသည်က ထိုလူရွယ်က ထိပ်သီးဆယ်ယောက်နံပါတ်လေးနေရာရှိသံမဏိတံတိုင်းရှန်းတုထက်ပင်များစွာကြောက်မက်ဖွယ်ကောင်းပြီး သူ၏အစွမ်းများကိုဖူံးကွယ်ထားသူတစ်ယောက်ဖြစ်သည်။

မုန်တိုင်းသိုင်းသမားဆိုသည့်မှုန်ကုတ်ကုတ်အမူအယာရှိသူက ရှောင်ယောင်တို့လို သိုင်းပြိုင်ပွဲနီးမှနာမည်ကြီးလာသူဖြစ်သည်။

သူ၏အသက်အရွယ်က သုံးဆယ်ဝန်းကျင်ရှိကာ ရုပ်ရည်ကလည်းသာမန်သာဖြစ်သည် ။

ထိုလူရွယ်ကို ယခုမှမြင်ဖူးခြင်းဖြစ်သည့်တိူင် ရှောင်ယောင်၏စိတ်ထဲတွင် တစ်နေရာရာ၌ ကောင်းစွာမြင်ဖူးနေသည်ဟုခံစားမိနေသည်။

သို့သော် ထိုအကြောင်းကိုကောင်းစွာမမှတ်မိပေ။

သူ့ကိုအနိုင်ယူနိုင်သည့်ကျန်နှစ်ယောက်၏အကြောင်းကိုကား ပြောစရာပင်လိုမည်မဟုတ်ပေ။

လူငယ်ထိပ်သီးဆယ်ယောက်၏နံပါတ်သုံးနှင့်နှစ်တွင်ရပ်တည်နေကြသည့်ထိုနှစ်ယောက်က လက်ရှိပြိုင်ပွဲတွင်အနိုင်ရရန် အများဆုံးရေပန်းစားနေသူများဖြစ်ကြပေသည်။

All Chapters