← Chapters

သေရေးရှင်ရေး

Vol. 7 Ch. 665

သေရေးရှင်ရေး

Vol. 7 Ch. 665

သရဲကြီးဘုရင်၏ စကားလုံးများသည် ကောင်းကင်ဘုံမှလာသော မိုးခြိမ်သံအလား ထစ်ခြုန်းမြည်ဟည်းသွားရာ ပိုင်ရှောင်ချန်းနှင့်အတူ ကမ္ဘာပေါ်ရှိ အရာအားလုံး တုန်ခါသွားကြတော့သည်။

သရဲကြီးဘုရင်ထံမှ ထွက်လာနေသည့် ဖိအားများက လှိုင်းလုံးများ ဒေါသတကြီးရိုက်ခတ်နေသည့် ပင်လယ်ထဲရှိ လှေငယ်လေးသဖွယ် ပိုင်ရှောင်ချန်း၏တစ်ကိုယ်လုံးတုန်ရီသွားစေတော့သည်။ အမှန်တွင် သူသာ အမှားသေးသေးလေး တစ်ခုလုပ်လိုက်ပါက ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဖျက်စီးခံရမည်ဖြစ်ကြောင်း ကြိုသိနေသည်။

စောစောက သရဲကြီးဘုရင်ပြောလိုက်သည့် စကားလုံးများကြောင့် ယခုအခါ ပိုင်ရှောင်ချန်းမှာ ရူးမတတ် ကြောက်လန့်နေချေပြီ။ သူက ခက်ခက်ခဲခဲစဥ်းစားစရာမလိုဘဲ ပြန်ဖြေရန် စကားလုံးမျိုးစုံ ခေါင်းထဲပေါ်လာ၏။ သူတို့နှစ်ဦး၏ သဘောတူညီချက်သော်လည်းကောင်း၊ သူမည်မျှအသည်းအသန်ဆောင်ရွက်ခဲ့သည်ကိုသော်လည်းကောင်း သို့မဟုတ် သရဲကြီးဘုရင်၏ အသက်ကို သူ ကယ်ခဲ့သည့်အကြောင်းကိုသော်လည်းကောင်း စသည့် ရွေးချယ်စရာတစ်ခုခုကို သူ ပေးနိုင်သည်။

သို့သော် ထိုသုံးမျိုးထဲမှ မည်သည့်အရာဖြစ်ပါစေ သူ၏အဖြေအဖြစ် အသုံးပြု၍ မရနိုင်ကြောင်း ပိုင်ရှောင်ချန်းက ပြင်းထန်သောခံစားချက်ကြီး ရနေသည်။

ထိုအရာအားလုံးအား ဖြေစရာမလိုတော့မှန်း သရဲကြီးဘုရင်မှ မေးခွန်းမေးလိုက်ခြင်းက အလွန်သိသာနေသည်။ ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီနေရင်း သူပြောရမည့်စကားက သူ၏ကံကြမ္မာကို အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း စဥ်းစားလိုက်မိသည်။

ဤမျှ ရင်တုန်ပန်းတုန်ဖြစ်ရသော အခြေအနေများကို သူ့ဘဝမှာ များစွာ မကြုံတွေ့ခဲ့ဖူးပေ။ သရဲကြီးဘုရင်၏ အကြင်နာမဲ့ရက်စက်သော မျက်လုံးများအား မော့ကြည့်လိုက်ချိန်တွင် ပို၍ဆိုးတော့သည်။ ထိုမျက်လုံးများအား ကြည့်ခြင်းသည် သူ၏အကြောက်တရားများအား ပို၍သာ နက်ရှိုင်းသွားစေသည်။

" သူ့လက်ထဲမှာ သတ္တုဓာတ်နတ်ဝိညာဥ် ကိုင်ထားတယ်။ အဲဒါနဲ့ သူက အရိပ်အမြွက် ပြဖို့ ကြိုးစားနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါ့ကိုလဲ သတ်ချင်နေသေးတယ်။ အထိန်းအချုပ်မန္တန်ကိုလဲ ငါယုံလို့မှမရတာ"

မည်သို့လုပ်ရမည်ကို မသိတော့သည့် ပိုင်ရှောင်ချန်းမှာ နောက်ဆုံးတွင် ဆိုရိုးဟောင်းတစ်ခုကို သတိရသွားမိသည်။ ၎င်းမှာ “ ဘုရင့်အပါးတော်မှာ ခစားနေရခြင်းက ကျားနှင့်အတူ နေထိုင်ရသည့်ပမာ ဖြစ်ပေသည် “ ဟူသော ဆိုရိုးစကားပင်။ သူရင်ဆိုင်နေရသည့်လူက သရဲကြီးဘုရင် ဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းမှာ သူ့ထံလျှောက်သွား၍ ပါးတွေချည့် လှိမ့်ရိုက်ပစ်ချင်နေမိသည်။ ထိုအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် သူက ချက်ချင်း ခေါင်းထဲမှ ထုတ်ပစ်လိုက်လေသည်။

" ဒီတော့ ငါ့ကို ပါးရိုက်ချင်နေတာလား "

သရင်ကြီးဘုရင်က ဆောင်းရာသီလေညင်းအလား အေးစက်ပြတ်သားသောလေသံြဖင့် မေးမြန်းလိုက်သည်။ ရုတ်တရက် သူ့ထံမှ ထွက်လာသည့် ဖိအားများသည် ပို၍ ပြင်းထန်လာပြီး ပတ်ဝန်းကျင်ရှိ အရားအားလုံးအပေါ် ဖိနှိပ်နေတော့သည်။

" သူက စိတ်ဆိုးနေတုန်းပဲကိုး "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။

" ငါသာ စကားပြောမတတ်ရင် ဒုက္ခရောက်တော့မှာပဲ"

သူသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေသော်လည်း “ စစ်မှန်သော ယောက်ျားတစ်ယောက်ဟူသည် လိုက်လျောညီထွေပြုမူတတ်ရမည် “ ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများ ရဲရဲနီလာတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများသည်... စိတ်အားထက်သန်မှုများဖြင့် စူးရှတောက်ပလာတော့သည်။

" အရှင်မင်းကြီး "

သူက အလွန်စိတ်လှုပ်ရှားနေသော အသံဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး၊ အရင်က ကျနော်မျိုး နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ကျနော်မျိုး နားလည်သွားပါပြီ။ အရှင်မင်းကြီးက ဘုရင်မင်းမြတ်ဖြစ်ဖို့ လုံးဝထိုက်တန်ပါတယ်။ အရှင်မင်းကြီးဟာ သိပ်ကို ထက်မြက်ပြီး ဉာဏ်အမျှော်အမြင်ကြီးမားတာကြောင့် ငါးရက်ထဲနဲ့ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်ခဲ့နိုင်တာပါ။ အရှင်မင်းကြီးက အမှောင်ကိုခွင်းပြီး အလင်းကိုဆောင်ကျဥ်းပေးခဲ့တယ်။ အရာအားလုံးမှာ မျှော်လင့်ချက်ဆိုတာ ရှိပါတယ်။ အရှင်မင်းကြီးက အဲဒီမျှော်လင့်ချက်တွေ ရှင်သန်ပေါက်ဖွားလာအောင် လုပ်ဆောင်ပေးနိုင်တဲ့လူပါ "

ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ တစ်ခါမှမမြင်ဖူးသောအလင်းရောင်များဖြင့် တလက်လက်တောက်ပနေပြီး ဝမ်းသာပီတိမျက်ရည်စများကိုပင် မြင်နိုင်သည်။

သရဲကြီးဘုရင်မှာ အလွန်အံ့သြသွားသဖြင့် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ သို့သော် အချိန်အနည်းငယ်ကြာသော် ယခင်အတိုင်း ခက်ထက်တင်းမာသော မျက်နှာထားနှင့် သူက အေးစက်စွာ ပြောသည်။

" မင်း စိတ်လှုပ်ရှားလွန်းလို့ ငိုနေတာလား "

" အရှင်မင်းကြီး "

ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီးဟာ အင်မတန် ခန့်ညားထည်ဝါပြီး အရှိန်အဝါ ကြီးမားလှပါပေတယ်။ အရှင့်ရဲ့ လက်ကလေးတစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ အဲဒီနတ်တွေအားလုံးကို အမြစ်ဖြုတ်ချေမှုန်းပစ်နိုင်ပါတယ်။ ကျနော်မျိုး ပိုင်ဟောက် ဘဝမှာ အဲဒီလို အထင်ကြီးစရာမြင်ကွင်းမျိုး တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ အရှင့်လို သူရဲကောင်းတစ်ယောက်ရဲ့ နောက်လိုက်ဖြစ်ရမှာကို တွေးလိုက်ရုံနဲ့ မြောက်မြားလှစွာသော မျိုးဆက်တွေမှာ ဘယ်တော့မှ မရနိုင်တဲ့ ချီးမြှင့်မြှောက်စားမှုမျိုးလို့ ရင်ထဲ လှိုက်လှိုက်လှဲလှဲ ခံစားမိနေပါတယ်။ အဲဒါကြောင့် ကျနော်မျိုး အင်မတန် ဝမ်းသာပီတီဖြစ်နေရတာပါ "

ပိုင်ရှောင်ချန်းမှာ သိသိသာသာပင် အလွန်တရာစိတ်လှုပ်ရှားလွန်း၍ တုန်ရီနေတော့သည်။ လုံးလုံးလျားလျား စိတ်အားထက်သန်နေသည့် အရိပ်အယောင်များ သူ့မျက်နှာတစ်ခုလုံးကို လွှမ်းခြုံထားပြီး သူ၏ ပီတိမျက်ရည်စများမှာ မည်သူ့ကိုမဆို တအံ့တသြစိုက်ကြည့်မိသွားစေရန် လုံလောက်သည်။

သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုကို မြင်နိုင်သည်။ ဤကိစ္စမျိုး၌ ပိုင်ဟောက်က ကျွမ်းကျင်ပိုင်နိုင်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့မိဖူးပေ.....

သရဲကြီးဘုရင်၏မျက်လုံးများထဲရှိ ထိုအကြည့်ကို ပိုင်ရှောင်ချန်း မြင်သောအခါ နောက်ဆုံးတွင် စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ဤနည်းလမ်းအလုပ်ဖြစ်မည်ဟု သူသေချာသိလိုက်ပြီး ဇာတ်သိမ်းအတွက် အကုန်လုံးပုံအောပစ်လိုက်ရန် သူတွေးလိုက်မိသည်။ သူက အလွန်ရိုသေးလေးစားသည့်အမူအရာဖမ်းလိုက်ပြီး လက်ယှက်၍ အချိန်အတော်ကြာ လေးနက်စွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အလွန်ဝမ်းမြောက်နေသည့်ဟန်ဖြင့် နောက်သို့ တဖြေးဖြေးဆုတ်သွား၏။

" အရှင်မင်းကြီး၊ အရှင်က ဉာဏ်အမြော်အမြင်ကြီးတယ်။ ထက်မြက်တယ်။ ရဲစွမ်းသတ္တိရှိတယ်။ အရှင်ဟာ စာဖွဲ့နေရလောက်အောင် တိုက်ပွဲပေါင်းများစွာ အောင်နိုင်တဲ့ သူရဲကောင်းတစ်ယောက် ၊ ထူးချွန်ထက်မြက်တဲ့ ပင်ကိုယ်စွမ်းရည်တွေနဲ့ မွေးဖွားလာတဲ့ ထူးခြားတဲ့လူ၊ ကိစ္စရပ်တိုင်းကို ကျွမ်းကျင်ပိုင်နိုင်နေတဲ့ စွယ်စုံရပညာရှင်၊ ကျယ်ပြောရှည်လျားလှတဲ့ ကုန်းမြေတစ်ဝှမ်း လူတကာထက် ထူးကဲသာလွန်နေတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ကျနော်မျိုး ပိုင်ဟောက်က အရှင့်နောက်ကို ရေမြေအဆုံးထိ လိုက်ပါလိုပါတယ်။ အရှင်မင်းကြီး၊ အရှင်မင်းကြီးပ ကျနော်မျိုးလို မနူးမနပ် ကလေးတစ်ယောက်ကို ဒုက္ခပေးမှာ မဟုတ်ဘူးဆိုတာ ကျနော်မျိုးရင်ထဲကနေ သိပါတယ်ဗျာ "

ပိုင်ဟောက်က သူတွေးနိုင်သမျှ စကားလုံးများကို အသုံးပြုလိုက်ရင်း သရဲကြီးဘုရင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ အမှန်တွင် အရာအားလုံး၏ သော့ချက်သည် သူ့နှလုံးသားထဲမှ ခံစားချက်အစစ်အမှန်များဖြင့် ပြောထားသော သူ၏နောက်ဆုံးစာကြောင်းဖြစ်သည်။

ဤအချိန်တွင် ပိုင်ရှောင်ချန်းမှာ အသနားခံနေသည့် ပုံပေါက်နေပြီး ဤဗျူဟာအတိုင်းသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်မှာ မှန်၊ မမှန် သူ မသိတော့ပေ။

သရဲကြီးဘုရင်၏ မျက်နှာပေါ်တွင် လေးလေးနက်နက်စဥ်းစားနေသော အရိပ်အယောင်ကို မြင်ရသော်လည်း စိတ်ထဲတွင်မူ သူသည် ရယ်ရခက်၊ ငိုရခက်ဖြစ်နေတော့သည်။ ယခင်က သူကဲ့သို့ တင်းမာခက်ထန်သောလူမျိုးကို ထိုကဲ့သို့ စကားပြောရဲသည့် ပိုင်ရှောင်ချန်းလို လူတစ်ယောက်နှင့် တစ်ခါမှ မကြုံဖူးခဲ့ပေ။

သို့သော် သူက နားထောင်လေလေ ကြားနေရသည်ကို သဘောကျလာလေလေဖြစ်ပြီး ရုတ်တရက် သူ့မျက်လုံးထဲတွင် နူးညံသောအရိပ်အယောင်အနည်းငယ်ကို မြင်လိုက်ရလေသည်။

အမှန်မှာ လွန်ခဲ့သော အချိန်အနည်းငယ်က သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ရှိခဲ့သည်။ ပိုင်ရှောင်ချန်းကြောင့်သာမဟုတ်လျှင် သူဘယ်တော့မှ ဒုက္ခမရောက်မည် မဟုတ်ပါလော။ သို့သော် လွန်ခဲ့သော ငါးရက်က အဖြစ်အပျက်များသည် သူ၏သံမဏိနှလုံးသားကိုပင် အတန်ငယ် ပျော့ပျောင်းသွားစေရာ ထိုခံစားချက်ကို ဘယ်တော့မှ ဖယ်ရှား၍ရမည် မဟုတ်ပေ။

ကံဆိုးစွာပင် ပိုင်ရှောင်ချန်းသည် သူ အစီအစဥ်မချထားမိခဲ့သည့် အမှားတစ်ခုသာဖြစ်သည်။ ယခု သူ့အား သရဲကြီးမြို့တော်ကို ပြန်ခေါ်သွားခဲ့လျှင် ဖြစ်ပျက်ခဲ့သည့်အရာအားလုံးအပေါ် အခြေခံ၍ နောက်ပိုင်း ပိုင်ရှောင်ချန်း မည်မျှစွမ်းအားကြီးလာမည်ဖြစ်ကြောင်း အလွန်တကူမှန်းဆကြည့်နိုင်သည်။ သူသည် မြို့တော်ရှိ သြဇာအာဏာအရှိဆုံးလူများအနက် တစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင်။

ပိုင်ရှောင်ချန်းသာ ထိုသို့အာဏာအတွက် ပြင်ဆင်ထားခဲ့ပါက အရေးပါမည်မဟုတ်ပေ။ သို့သော် ဤကဲ့သို့ မထင်မှတ်ထားသည့်အပြောင်းအလဲများက သရဲကြီးဘုရင်ကို အဆင်မပြေဖြစ်သွားစေခဲ့သည်။

ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို နောက်ဆုံး ဆုံးဖြတ်ချက် ချခိုင်းလိုက်ခြင်းဖြစ်သည်။ သူသာ ယခင်သဘောတူညီချက်နှင့် အပေးအယူများကို ပြန်အစဖော်ရန် ကြိုးစားပါက သရဲကြီးဘုရင်သည် သူ့ကို နတ်ဝိညာဥ် ဘယ်တော့မှ ပေးမည်မဟုတ်ပေ။ ထိုအစား သူ့ကို အချုပ်အနှောင်မန္တန်အစီအရင်ပြေသွားသည့်အချိန်အထိ ချုပ်နှောင်ထားမည်ဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦး၏ အချုပ်အနှောင်များကို ဖြတ်၍ သရဲကြီးမြို့တော်တစ်နေရာတွင် သူ့ကို တိတ်ဆိတ်စွာ လွှတ်ပေးမည်။ ထို့နောက် သူ့ဘဝသည် သူ့လက်ထဲတွင်သာ ရှိတော့မည်ဖြစ်ပြီး အရာအားလုံးသည် ယခင်အတိုင်း ပြန်ဖြစ်သွားမည် ဖြစ်သည်။

ပိုင်ရှောင်ချန်းသာ လွန်ခဲ့သော ငါးရက်သည် မည်မျှခါးသီးခက်ခဲကြောင်း ပြောလျှင်တော့ သရဲကြီးဘုရင်သည် သူ့ကို နတ်ဝိညာဥ်ပေးပြီး သူ့လမ်းသူသွားစေမည်ဖြစ်သည်။ သူ့ဘဝနှင့်သူဖြစ်သွားပြီး သူတို့ကြား မည်သည့်ဆက်နွယ်မှုမှ ရှိတော့မည် မဟုတ်ပေ။

ထို ရွေးစရာနှစ်ခုအနက် မည်သည့်ရွေးချယ်မှုကမှ သူ့ကို သရဲကြီးမြို့တော်သို့ ချီးမြှင့်မြောက်စား၍ ပြန်လည်ခေါ်ဆောင်သွားမည်အထိ မဟုတ်ပေ။

ပိုင်ရှောင်ချန်းသာ ခေါင်းမာပြီး သူ့ကို ထပ်ပါးရိုက်မည်ဆိုပါက သို့မဟုတ် စောစောက ကြင်နာသနားမှုကို အခွင့်ကောင်းယူ၍ သနားညှာတာပေးရန် တောင်းပန်ပါက သရဲကြီးဘုရင်သည် ယခင်က ကိစ္စများကို မျက်ကွယ်ပြုပြီး သူ့ကို သတ်ပစ်မည်ဖြစ်သည်။

ပိုင်ရှောင်ချန်း ရွေးချယ်မည်ဟု သူခန့်မှန်းထားသည့် ရွေးစရာသုံးချက်ရှိလေသည်။ သို့သော်လည်း ထိုခန့်မှန်းချက်များအားလုံးနှင့် ဆန့်ကျင်၍ ပိုင်ရှောင်ချန်းက မရှိသည့်အရာတစ်ခုကို ဖန်တီးပြီး လေးချက်မြောက် ရွေးချယ်စရာတစ်ခုကို ပြောသွားခဲ့သည်။ ထို့ကြောင့် သရဲကြီးဘုရင်၏ မျက်လုံးများထဲတွင် ထူးဆန်းပြီး ကူရာမဲ့နေသည့် အမူအရာကို မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင် ဤဉာဏ်နီဉာဏ်နက်များသော ကလစ်ကကျစ်ကောင်နှင့် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကျိန်ဆဲနေမိသည်။ သို့သော် သူ၏ သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်သော အစီစဥ်များ အငွေ့ပျံသွားလေပြီ။ အမှန်တကယ်တော့ သူက ပိုင်ရှောင်ချန်းမည်မျှ ဆိုးဆိုးရွားရွားဒဏ်ရာရထားကြောင်း သတိမထားမိဘဲ မနေပေ။ သူတို့နှစ်ယောက် အတူထွက်ပြေးခဲ့စဥ်က ဖြစ်ပျက်ခဲ့သမျှအားလုံးကိုပင် သူ ပြန်လည်တွေးမိလာတော့သည်။

နောက်ဆုံး အရေးကြီးဆုံး အခိုက်အတန့်သည် စစ်မှန်သောရဲစွမ်းသတ္တိ၏ မြင်ကွင်းလည်းဖြစ်သည်။ သရဲကြီးဘုရင်သည် ကောက်ကျစ်စဥ်းလဲသော မြေခွေးအိုကြီးဖြစ်သည့်အတွက် ထိုသည်မှာ ဟန်ဆောင်နေခြင်းဖြစ်ကြောင်း သိသည်။ ယခုအချိန်တွင်မူ သူ၏ ရက်စက်သောနှလုံးသားသည် အမှန်တကယ် နူးညံ့သွားတော့သည်။

ထို့နောက် စောစောက ပြောလိုက်သည့် မြှောက်ပင့်သော စကားလုံးများအကြောင်း သူ ပြန်တွေးလိုက်သည်။ အထူးသဖြင့် နောက်ဆုံးအကြောင်းတွင် သူ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ ဤအချိန်တွင် သူ၏အမူအရာသည် နောက်တစ်ဖန် အေးစက်သွားပြီး သူက လက်ကို ဝှေ့ယမ်း၍ သတ္တုဓာတ်နတ်ဝိညာဥ်ကို ပိုင်ရှောင်ချန်းထံ ပျံသွားစေလိုက်သည်။

ပိုင်ရှောင်ချန်းက သရဲကြီးဘုရင်၏အရိပ်အခြည်ကို တချိန်လုံး ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။ အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ စိတ်လှုပ်ရှားမှုများ ပို၍ ကြီးထွားလာပြီး ယခုအခါ သူ၏ ခံစားချက်များသည် “ ရေတွင်းထဲဝယ် ရေပုံးဆယ့်ငါးပုံးရှိသည့်အနက် ရေတွင်းထဲသို့ ရေပုံးရှစ်ပုံး ကျသွားကာ ရေတွင်းပေါ်သို့ ရေပုံးခုနစ်ပုံး ခုန်တက်လာသည့်အလား သူ့နှလုံးခုန်နှုန်း စည်းချက်မညီအောင် ဖြစ်နေရသည် “ ဆိုသော ရှေးဆိုးရိုးတစ်ခုအလား ဖြစ်နေတော့သည်။ သူစိတ်အေးအေးထား၍ မရပေ။ ထိုအချိန်တွင် အံ့အားသင့်ဖွယ် နတ်ဝိညာဥ်တစ်ခုက သူ့ထံပျံသန်းလာပြီးနောက် သရဲကြီးဘုရင်က လှည့်၍ကောင်းကင်ကို မော့ကြည့်ကာ ထွက်ခွာရန် ပြင်လိုက်သည်။

သရဲကြီးဘုရင် မည်သို့တွေးနေသည်ကို သေချာမသိသောကြောင့် ပိုင်ရှောင်ချန်းမှာ နတ်ဝိညာဥ်ကို ဆုပ်ကိုင်၍ နောက်ထပ်မည်သို့ဆက်လုပ်ရမည်မသိဖြစ်ကာ တွေဝေနေတော့သည်။ ဤနေရာတွင် သူနှုတ်ဆက်စကားဆိုရတော့မည်လား။ ယခင်ကအဖြစ်အပျက်များကို သရဲကြီးဘုရင် မပြောတော့ဘူးလား။

ပိုင်ရှောင်ချန်းက မည်သို့ဆက်လုပ်မည်ကို တွေး၍ရပ်နေစဥ် သရဲကြီးဘုရင်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

" မင်းဘာရပ်လုပ်နေတာတုံး။ ငါ သရဲကြီးမြို့တော်ကို ပြန်တော့မှာလေ။ တစ်ယောက်ထဲ လမ်းလျှောက်သွားမှာလား "

ပိုင်ရှောင်ချန်းမှာ တဆတ်ဆတ်တုန်ခါသွားပြီး သူ၏မျက်နှာသည် ချက်ချင်း ဝင်းပသွား၏။ ဤအခိုက်အတန့်တွင် သူက စမ်းသပ်မှုများအားလုံးကို ကျော်ဖြတ်နိုင်သွား၍ သရဲကြီးဘုရင်သည် သူ့ကို အတူခေါ်သွားတော့မည်ဖြစ်ကြောင်း သိလိုက်လေသည်....

ပိုင်ရှောင်ချန်းမှာ မကြာမီ သူ ရရှိတော့မည် စည်းစိမ်ချမ်းသာမှုအပြည့် ဘဝကိုသာ စိတ်ကူးယဥ်လိုက်မိပြီး ချက်ချင်း ပျံတက်၍ လိုက်ပါသွားတော့သည်။

All Chapters