← Chapters

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အခန်း (၁၅၁၆-၁၅၁၈)

Vol. 102 Ch. 1516-1518

အဆတစ်ရာစနစ် စာစဥ်(၁၀၂)

အခန်း(၁၅၁၆)

"မင်းမှာ ဒီထက်ပိုပြီး အစွမ်းထက်တဲ့ တိုက်ကွက်ရှိသေးတယ်လား"

နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်လူ၏ မျက်ဝန်းများက ရုတ်တရက် တောက်ပသွားခဲ့သည်။

"လာခဲ့.. မင်းရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်.. ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ငါကြည့်ပါရစေ"

"အကြီးအကဲရဲ့ဆန္ဒ အတိုင်းပါ"

ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ မတူညီသော ဥပဒေသစွမ်းအားများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

"ကောင်းတယ် သိပ်ကောင်းတယ်.. မင်းက ကိုယ်ခံပညာဥပဒေသမှာ ဒီအဆင့်အထိ အောင်မြင်မှုတွေ ရထားလိမ့်မယ်လို့ မထင်ထားမိဘူး"

နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသူက ကျန်းချန်ထံမှ ဥပဒေသ စွမ်းအားကို ခံစားရပြီးနောက်တွင် ရယ်မော၍ ပြောလိုက်သည်။

ဒုတိယအဆင့်ကို ရောက်ရှိနေသည့် ဓားဥပဒေသ၊ မိုးကြိုးဥပဒေသ၊နေရာလွတ်ဥပဒေသတို့ အပြင် လေဥပဒေသ၊ မီးဥပဒေသ၊ အချိန်ဥပဒေသနှင့် အသက်ဥပဒေသဟူသည့် ဥပဒေသ၄မျိုးလည်း ရှိနေသေး၏။

အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်သည့် နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ဤကဲ့သို့ ဥပဒေသ၇မျိုးစွမ်းအားကို မမျှော်လင့်ဘဲ ပိုင်ဆိုင်ထားခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀)နီးပါးအတွင်း ဤမျှ ထူးချွန်သော ကောင်လေးမျိုး မရှိခဲ့ပေ။

"ဟန်ယွမ်ဓား စုစည်းစမ်း"

ကျန်းချန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဥပဒေသစွမ်းအားများကို လက်နက်အဖြစ် ပေါင်းစပ် အသုံးပြုလိုက်သည်။

ဥပ‌ဒေသ၇မျိုးသည် အလျင်အမြန်ပင် ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်တွင် သက်တန့်ရောင် တောက်ပနေသောရှေးဟောင်းဓားရှည်တစ်လက် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ လက်ထဲသို့ ရောက်လာခဲ့သည်။

ကျန်းချန်က ဟန်ယွမ်ဓားကို လက်ထဲတွင် ကိုင်ထားရင်း ခန္ဓာကိုယ်တစ်ခုလုံး၏ ခွန်အားများကို တိုက်ရိုက် စုစည်းလိုက်ကာ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်၏။

ယခုအခါတွင် ကျန်းချန်က ဥပဒေသ စွမ်းအား၇မျိုးတွင် ၃မျိုးကို ဒုတိယအဆင့်အထိ နားလည်နေပြီ ဖြစ်ရာ သူဖွဲ့စည်းထားသော ဟန်ယွမ်ဓားသည် ရွှယ်ကျုံးထန်း၏ ကိုယ်ပွားပုံရိပ်ကို တိုက်ခိုက်စဥ်ကထက်ပင် အဆပေါင်းများစွာ အစွမ်းထက်နေခဲ့သည်။

ဆိုရလျှင် ဤဓားချက်သည် ကောင်းကင်ယံကိုပင် ထိုးခွဲပစ်နိုင်၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားချက်သည် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူဆီသို့ သက်ရောက်လာခဲ့သည်။

"ဟားဟား ဘယ်ဆိုးလို့လဲ"

နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက အားပါးတရ ရယ်မောလိုက်ပြီးနောက်တွင် ထူးခြားသောစွမ်းအားများဖြင့် ပြည့်နှက်နေသော ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။

ချက်ချင်းဆိုသလိုပင် သူ၏ ဓားချက်ကနေ ထွက်ပေါ်လာသော ဓားအလင်းသည် နှစ်ပိုင်းကွဲသွားခဲ့ပြီး ထိုနှစ်ပိုင်းကနေ လေးပိုင်း အဖြစ်သို့ ပြောင်းလဲသွားကာ အဆုံးသတ်တွင် ဓားအလင်း ၁၀၀၀၀ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ထုတ်ဖော်လိုက်သော ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ကောင်းကင်ယံကိုပင် ထိုးခွင်းနိုင်လောက်သည့် ကျန်းချန်၏ ဓားအလင်းသည် ပေါက်ကွဲထွက်သွားခဲ့ပြီး မတူညီသောအရောင်အ‌သွေးများ ရှိသည့် ဓားစွမ်းအင် အမြောက်အများသည်လည်း လွင့်စင်သွားခဲ့သည်။

ကျန်းချန် ကိုယ်တိုင်ပင် မြေပြင်ကို ခြေတစ်ချက် ဆောင့်နင်းကာ ပေ၁၀၀ခန့် နောက်ဆုတ်လိုက်ရ၏။

သူက သူ၏ ခန္ဓာကိုယ်အတွင်း မတည်မငြိမ် ဖြစ်နေသော စွမ်းအင်များကို ထိန်းချုပ်လိုက်ပြီးနောက်တွင် တည်ငြိမ်စွာရပ်နေဆဲ ဖြစ်သည့် နက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ကာ စိတ်ထဲကနေ ခါးသီးစွာ ပြုံးလိုက်သည်။

နတ်တစ်ပိုင်းအဆင့်နှင့် ပကတိနတ်ဘုရား အဆင့် ကွာဟချက်သည် ကောင်းကင်နှင့်မြေကြီး ကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သူ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းဖြင့် ဤအဆင့်ကို ဖြတ်ကျော်ရန်မှာ အလွန်ပင် ခက်ခဲနေခဲ့၏။

"ကောင်လေး မင်းက အရမ်းတော်တာပဲ.. အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်လောက်နဲ့ ငါ့ကို ဓားထုတ်ဖို့အထိ ဖိအားပေးနိုင်တာ မြေကမ္ဘာနဂါးမြို့တော်ရဲ့ နှစ်ပေါင်း(၁၀၀၀၀)နီးပါး သမိုင်းတစ်လျှောက်မှာ မင်းက ပထမဆုံးအကြိမ်ပဲ.. အနာဂတ်မှာ မင်းနဲ့ဆုံတွေ့ခွင့်ရဖို့ ငါမျှော်လင့်ပါတယ်"

စကားဆုံးသည်နှင့် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်သူ၏ ပုံရိပ်သည် အလျင်အမြန်ပင် မှေးမှိန်သွားခဲ့ပြီး အဆုံးသတ်တွင် ကျန်းချန်၏ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

"ဒါက ဘယ်လိုအခြေအနေလဲဟ"

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

သူက သတ္တမအဆင့် ဂိတ်စောင့်ဖြစ်သည့် လူလတ်ပိုင်းအရွယ်ကျင့်ကြံသူကို အနိုင်မယူဘဲ သတ္တမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါသလော။

"စမ်းသပ်သူ.. မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်တာ ဂုဏ်ယူပါတယ်.. အသက်ဆယ်ရှိုက်စာ အချိန်ပြီးရင် အဋ္ဌမအဆင့်ကို ဖွင့်လှစ်ပါလိမ့်မယ်"

ကျန်းချန် တွေဝေနေသောအချိန်မှာပင် မှော်နဂါးနန်းတော်မှ နက်ရှိုင်းသောအသံသည် ကျန်းချန်၏ နားထဲသို့ ထပ်မံပဲ့တင်ထပ်လာခဲ့သည်။

"ကျွန်တော် လက်လျှော့ပါတယ်"

ကျန်းချန်က အဋ္ဌမအဆင့်ကို မဖြတ်ကျော်တော့ဘဲ လက်လျှော့ရန်သာ ရွေးချယ်လိုက်သည်။

ဤသတ္တမအဆင့်ကိုပင် သူက ကံကောင်း၍သာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဋ္ဌမအဆင့်၏ အခက်အခဲသည် သတ္တမအဆင့်ထက် များစွာ သာလွန်နိုင်ဖွယ် ရှိရာ သူ၏လက်ရှိခွန်အားဖြင့် ဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"စမ်းသပ်သူကျန်းချန်.. မှော်နဂါးနန်းတော်ကို ပထမဆုံးအကြိမ်ထိုးဖောက်ဝင်ရောက်ပြီး သတ္တမအဆင့်အထိ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် မြေကမ္ဘာနဂါးရမှတ် ၇၀၀၀၀ကို ဆုလာဘ်အဖြစ် ရရှိပါတယ်"

"စမ်းသပ်သူကျန်းချန်.. တစ်ကြိမ်တည်းနဲ့ သတ္တမအဆင့်အထိ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် အပိုဆုကြေးအဖြစ် မြေကမ္ဘာနဂါးရမှတ် ၃၀၀၀၀ကို ထပ်မံ ရရှိပါတယ်"

"စမ်းသပ်သူကျန်းချန်.. မြေကမ္ဘာနဂါးရမှတ် ၁၀၀၀၀၀ကို သင့်ရဲ့ ကိုယ်ပိုင်တံဆိပ်ပြားထဲ ထည့်သွင်း ပေးထားပြီးပါပြီ.. စစ်ဆေးကြည့်ပါ"

ကျန်းချန်က အဋ္ဌမအဆင့်ကို စွန့်လွှတ်ရန် ကြေညာလိုက်သည်နှင့် မှော်နဂါးနန်းတော်သည် ကျန်းချန်အတွက် ဆုလာဘ်များကို အလျင်အမြန်ပင် ပေးအပ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်သည် ပတ်ဝန်းကျင်ကပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး ခန်းမ အလယ်ဗဟိုရှိ ကျောက်ပုလ္လင်သို့ ပြန်လည် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

သူက ကျောက်ပုလ္လင်ပေါ်မှ ဆင်းလာခဲ့ပြီး မှော်နဂါးနန်းတော်၏ တံခါးဝဆီသို့ ဦးတည်၍ ထွက်လာခဲ့၏။

တစ်ချိန်တည်းမှာပင် မှော်နဂါးနန်းတော်၏ အပြင်ဘက်မှ လူများသည် မှော်နဂါးနန်းတော် အထက်ရှိ တောက်ပသောရွှေရောင်စာလုံးကို ငေးကြည့်နေခဲ့ကြသည်။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သတ္တမအဆင့်။

အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သော လူငယ်လေးသည် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့သည်။

သိထားရမည့်အချက်မှာ မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ကျော်ဖြတ်ရန်သည် ပကတိနတ်ဘုရားနှင့်သာ သင့်တော်၏။

ထို့ကြောင့် အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော ထိုကောင်လေးသည် အလွန်ပင် ရှားပါးသော ပါရမီရှင် တစ်ဦးပင် ဖြစ်၏။

"သ.. သတ္တမအဆင့်"

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက တုန်ယင်သော အသံဖြင့် ရေရွတ်လိုက်သည်။

"အစ်မချင်းယင်.. သူက သတ္တမအဆင့်ကို တိုက်ရိုက်ဖြတ်ကျော်သွားတာလား.. ဒါ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ်"

သူမက သတ္တမအဆင့်ကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ဖူး၍ သတ္တမအဆင့်က မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ကောင်းစွာ သိထားခဲ့သည်။

သူမက ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ခဲ့ပြီးနောက်တွင် သတ္တမအဆင့်ကို ကျော်ဖြတ်ရန် ကြိုးစားခဲ့သည်။

ထိုအချိန်က သတ္တမအဆင့်၏ ဂိတ်စောင့်သည် သူမကို တိုက်ကွက်သုံးကွက် ယှဥ်ပြိုင်ရန်သာ တောင်းဆိုခဲ့၏။

ရလဒ်အနေဖြင့် သူမသည် တိုက်ကွက်သုံးကွက် အတွင်း အနိုင်ယူခံလိုက်ရ၏။

သို့သော်လည်း ဤကောင်လေးက အင်ပါယာနယ်ပယ် နှောင်းပိုင်း အဆင့်ဖြင့်ပင် သတ္တမအဆင့်ကို ဖြတ်ကျော်သွားခဲ့သည် မဟုတ်ပါလော။

ပကတိနတ်ဘုရားအဆင့်ကို မရောက်ခင်ကပင် ဤမျှလောက်အထိ အစွမ်းထက်နေလျှင် ပကတိနတ်ဘုရား နယ်ပယ်သို့သာ ထိုးဖောက်ပြီးပါက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။

ထိုအချိန်သို့ ရောက်လျှင် ထိုကောင်လေးအတွက် အဋ္ဌမအဆင့်နှင့် နဝမအဆင့်များသည် ထမင်းစားရေသောက်သကဲ့သို့ပင် လွယ်ကူနေလိမ့်မည် မဟုတ်ပါလား။

ပကတိနတ်ဘုရားအဆင့်ကို မထိုးဖောက်သေးဘဲ သတ္တမအဆင့်ကို ဖြတ်ကျော်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. မြေကမ္ဘာမြို့တော်ရဲ့သမိုင်းမှာ ပကတိနတ်ဘုရား အဆင့်အောက်နဲ့ စံချိန်ချိုးဖျက်ခဲ့ဖူးတဲ့ ထူးချွန်တဲ့ မွန်းစတား၅ယောက် ရှိခဲ့တယ်.. ဒါကြောင့် ကျန်းချန်က ဒီစံချိန်ကို ချိုးဖျက်ခဲ့တဲ့ မြေကမ္ဘာနဂါး မြို့တော်ရဲ့ ဆဋ္ဌမမြောက် ပါရမီရှင်ပဲ"

ရီချင်းယင်က လှပသော မျက်လုံးများဖြင့် မှော်နဂါးနန်းတော်၏ အထက်မှ စာလုံးကို စူးစိုက်ကြည့်နေခဲ့သည်။

သူမ၏မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူမက အစကတည်းကပင် ကျန်းချန်၏ ထူးခြားမှုကို ခံစားမိသော်လည်း ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာကောင်းသော မွန်းစတားတစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မြေကမ္ဘာနဂါးမြို့တော်တွင် ဤကဲ့သို့သော မွန်းစတားတစ်ကောင် ထွက်ပေါ်လာခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း (၁၂၀၀၀၀)ခန့်က ဖြစ်သည်။

ဆိုရလျှင် နှစ်ပေါင်း(၁၂၀၀၀၀)ကြာအောင် ချိုးဖျက်နိုင်ခဲ့သောစံချိန်သည် အဆုံးသတ်တွင် ကျန်းချန်ကြောင့် ကျိုးပဲ့သွားခဲ့၏။

ပကတိနတ်ဘုရား အဆင့်အောက်ဖြင့် သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သော မြေကမ္ဘာနဂါး မြို့တော်၏ ဆဋ္ဌမမြောက် အစွမ်းထက် ပါရမီရှင်။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးနှင့် ရွှယ်ချင်းရို့တို့သည် မှင်တက်နေခဲ့ကြပြီး ပြန်လည် သက်သာလာရန် အချိန်အတော်ယူခဲ့ရသည်။

"သခင်လေးက အရမ်းတော်တာပဲ"

ရွှယ်ချင်းရို့က ပြန်လည် အသိဝင်လာပြီးနောက်တွင် မျက်နှာတစ်ခုလုံး နီရဲနေခဲ့သည်။

သူမက သူမ ကိုယ်တိုင်ပင် သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်သကဲ့သို့ စိတ်လှုပ်ရှားနေခဲ့သည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုသည် ရှေးဟောင်းနဂါး ကုန်းမြေကို နှစ်ပေါင်း တစ်သန်းကျော် စိုးမိုးခဲ့ကြသည်။

ဤမြေကမ္ဘာနဂါး မြို့‌တော်သည် ရှေးဟောင်းနဂါး မျိုးနွယ်စု တည်ထောင်စဥ်ကတည်းကပင် ရှိခဲ့သောမြို့ ဖြစ်၏။

လူဦးရေ သန်းချီရှိသော သမိုင်းတစ်လျှောက်တွင် မြေကမ္ဘာနဂါးမြို့တော်၌ ပကတိနတ်ဘုရား အဆင့်အောက်ဖြင့် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်သူသည် ၅ဦးသာ ထွက်ပေါ်ခဲ့ဖူးသည်။

ဆိုရလျှင် ထိုကဲ့သို့သော ပါရမီရှင်သည် နှစ်(၁၀၀၀၀၀)တွင် တစ်ကြိမ် ထွက်ပေါ်ခဲ၏။

ယခုအခါတွင် ရွှယ်ချင်းရို့သည် အိပ်မက်မက်နေသကဲ့သို့ပင် ခံစားနေခဲ့ရသည်။

မြေကမ္ဘာနဂါးမြို့တော်သို့ ဝင်ရောက်လာစဥ်က အမှတ်မထင်ပြုမူခဲ့သော အပြုအမူလေးတစ်ခုသည် ကျန်းချန်ကဲ့သို့ ထူးခြားသောပါရမီရှင်နှင့် တွေ့ဆုံရလိမ့်မည်ဟု ရွှယ်ချင်းရို့ မမျှော်လင့်ထားခဲ့ပေ။

အခန်း(၁၅၁၆)ပြီး၏။

အခန်း(၁၅၁၇)

"အစ်ကိုထျန်းလင် ဒီမှော်နဂါးနန်းတော်က မှားယွင်းသွားတာလားမသိဘူး.. ဒီကောင်က ဘယ်လိုလုပ်ပြီး သတ္တမအဆင့်ကို‌ ကျော်ဖြတ်သွားနိုင်တာလဲ"

ကျီယွင်ဖေး၏ မျက်နှာက သုန်မှုန်နေခဲ့သည်။

သူက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။

ကျီယွင်ဖေးသည် မှော်နဂါးနန်းတော်၏ အခြေအနေကို ကောင်းစွာ နားလည်ထားခဲ့သည်။

သတ္တမအဆင့် ဆိုသည်မှာ ပကတိနတ်ဘုရားများနှင့်သာ သင့်တော်သော အဆင့် မဟုတ်ပါလော။

သို့ရာတွင် ယခုအခါ အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူက သတ္တမအဆင့်ကို အမှန်တကယ်ပင် ဖြတ်ကျော်သွားခဲ့သည်။

ယင်းမှာ မဖြစ်နိုင်လွန်းရာ ကျနေသည် မဟုတ်လော။

"မှော်နဂါးနန်းတော်က မှားဖို့ မဖြစ်နိုင်ဘူး"

ကျီထျန်းလင်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

ထို့နောက် သူက သူ၏နံဘေးမှ ကျီယွင်ဖေးကို လှမ်းကြည့်လိုက်ကာ အလေးအနက်ပင် သတိပေးလိုက်၏။

"ယွင်ဖေး.. အနာဂတ်မှာ မင်း အမြုတေ ဧရိယာမှာ နေထိုင်တဲ့ အဲဒီကောင်လေးနဲ့ တွေ့ရင် တတ်နိုင်သမျှ ဝေးဝေးရှောင်ပါ.. သူ့ကို ထိခိုက်အောင် မလုပ်မိပါစေနဲ့"

"ဘာဖြစ်လို့လဲ အစ်ကိုထျန်းလင်.. ကျန်းချန်က တကယ်ပဲ ထူးခြားတဲ့ ပါရမီရှိတယ် ဆိုရင်တောင် ကျွန်တော်တို့ ဒီလောက်အထိ ကြောက်ရွံ့နေဖို့ မလိုအပ်ဘူးမဟုတ်လား"

ကျီယွင်ဖေးက အနည်းငယ် မှင်တက်သွားပြီး ကျီထျန်းလင်ကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဒီမြေကမ္ဘာနဂါးမြို့တော်ရဲ့သမိုင်းမှာ ပကတိနတ်ဘုရားအဆင့်ကိုမ‌ရောက်သေးဘဲ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သူ ၅ယောက်ပဲ ရှိခဲ့ဖူးတယ်.. ကျန်းချန်က ဒီစံချိန်ကိုချိူးဖျက်ခဲ့တဲ့ ဆဋ္ဌမမြောက်လူပဲ.. တစ်နည်းပြောရရင်တော့ ကျန်းချန်ရဲ့ပါရမီက မြေကမ္ဘာနဂါးမြို့တော်ရဲ့ နှစ်သန်းချီသမိုင်းတစ်လျှောက်မှာ အကောင်းဆုံးတွေထဲက တစ်ယောက်ပဲ.. ဒီလိုလူမျိုးကို မင်းနဲ့ငါက စော်ကားလို့ မဖြစ်နိုင်သလို ကျီမိသားစုကလည်း သွားစော်ကားလို့ မရဘူး"

ကျီထျန်းလင်က မှော်နဂါးနန်းတော်၏ အထက်မှ စာလုံးကို ကြည့်ရင်း အလေးအနက်ပင် ပြောလိုက်သည်။

မှော်နဂါးနန်းတော်၏ သတ္တမအဆင့် ဂိတ်စောင့်မှာ ပကတိနတ်ဘုရားအဆင့် ဖြစ်သည်။

ကျန်းချန်က သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ပုံ ထောက်လျှင် ကျန်းချန်၏ ခွန်အားသည် ပကတိနတ်ဘုရားများနှင့် ယှဥ်ပြိုင်နိုင်သောခွန်အားရှိနေပြီ ဖြစ်ကြောင်း သက်သေပြနေသည်နှင့်အတူတူပင် ဖြစ်၏။

ထို့အပြင် နှစ်တစ်သိန်းတွင် တစ်ယောက်သာ ထွက်ပေါ်ခဲ့သော ဤကဲ့သို့ ထူးချွန်သည့် ပါရမီရှင်သည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အာရုံကို ဆွဲဆောင်မိမည်မှာ သေချာသလောက်ပင်။

ထို့ကြောင့် သူ့အနေဖြင့် ကျန်းချန်ကို နှိပ်ကွပ်ရန်မှာ မဖြစ်နိုင်တော့ပေ။

ဤကဲ့သို့သော မွန်းစတားများသည် အနာဂတ်တွင် ရှေးဟောင်းနဂါး မျိုးနွယ်စုထဲ၌ အဆင့်အတန်း နိမ့်ကျလိမ့်မည် မဟုတ်ချေ။

သူသာ ကျန်းချန်၏ ရန်ဘက် ဖြစ်လာခဲ့လျှင် ကျန်းချန်ကြီးပြင်းလာသည်နှင့်အမျှ ကျီမိသားစုပင် ကြောက်ရွံ့ရသည့် ရန်သူ တစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။

လူတိုင်း၏ အံ့အားသင့်သော အကြည့်များအောက်မှာပင် ကျန်းချန်၏ ပုံရိပ်သည် မှော်နဂါးနန်းတော်၏ ဝင်ပေါက်ကနေ ထွက်လာခဲ့ပြီး ရီချင်းယင်ထံသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာခဲ့သည်။

"ကျန်းချန်.. မြေကမ္ဘာနဂါး မြို့တော်ရဲ့ နှစ်သန်းချီ သမိုင်းအတွင်းမှာ ပကတိနတ်ဘုရား အဆင့်အောက်နဲ့ စံချိန်ချိုးဖျက်ပြီး သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ဆဋ္ဌမမြောက်လူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ရီချင်းယင်က တည်ငြိမ်သော အမူအရာဖြင့် ကျန်းချန်ကို ဂုဏ်ပြုစကား ပြောလိုက်သည်။

"နှစ်သန်းပေါင်းများစွာမှာ ၆ယောက်ပဲ ရှိတာလား.. ဒါ အရမ်းမနည်းလွန်းဘူးလား"

ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။

သတ္တမအဆင့်ကို ဖြတ်ကျော်ရန် ခက်ခဲမှန်း သူသိသော်လည်း မြေကမ္ဘာနဂါးမြို့တော်၏ နှစ်သန်းချီ သမိုင်းတွင် အနည်းငယ်မျှသာ ရှိမည်ဟု မထင်ထားခဲ့ပေ။

"ပကတိနတ်ဘုရား အဆင့်အောက်နဲ့ ပကတိနတ်ဘုရားတို့ရဲ့ ကွာခြားချက်က သေမျိုး နဲ့ နတ်ဘုရားတို့ရဲ့ ကွာခြားချက်လိုပဲ.. ဒီသတ္တမအဆင့်က အရမ်းကို ခက်ခဲလွန်းတယ် သာမန်လူတွေက ဘယ်လိုလုပ်ပြီး ဖြတ်ကျော်နိုင်မှာလဲ"

ရီချင်းယင်က ခေါင်းကို ခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

ကျန်းချန်ကဲ့သို့ ကောင်းကင်ဘုံ၏ ချစ်ခင်မှုကို ရရှိထားသူသာလျှင် ထိုအဆင့်ကို ဖြတ်ကျော်နိုင်လိမ့်မည် ဖြစ်၏။

သာမန်လူများအနေဖြင့် သေမျိုးခန္ဓာကိုယ်ကို အသုံးပြုပြီး ပကတိနတ်ဘုရားနှင့် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။

"ဟုတ်တယ် အဲဒါအမှန်ပဲ. ကွာဟချက်က အတော်လေးကို ကြီးမားတယ်.. ကျွန်တော် အစွမ်းကုန်ကြိုးစားခဲ့တာတောင် သတ္တမအဆင့် ဂိတ်စောင့်ရဲ့ တိုက်ကွက် သုံးကွက်ကိုပဲ ရင်ဆိုင်နိုင်ခဲ့တယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ကူကယ်ရာမဲ့သော လေသံဖြင့် ပြောလိုက်သည်။

"ပြောရရင် သတ္တမအဆင့်ကို ကျွန်တော် ဖြတ်ကျော်နိုင်ခဲ့တာက ကံကောင်းလို့ပါပဲ"

"ဒါကံကောင်းတာ မဟုတ်ဘူး.. သတ္တမအဆင့်ရဲ့ ဂိတ်စောင့်နဲ့ တိုက်ကွက် သုံးကွက်ပဲ ရင်ဆိုင်ရမယ်လို့ သတ်မှတ်ထားတယ်.. အဲဒီသုံးကွက်က သာမန် ပကတိနတ်ဘုရားတွေတောင် ရင်ဆိုင်ဖို့ မလွယ်ဘူး.. ကျီအာ ဆိုရင် ပကတိ နတ်ဘုရားအဆင့်နဲ့တောင် သတ္တမအဆင့် ဂိတ်စောင့်ရဲ့ တိုက်ကွက်နှစ်ကွက်ကို မယှဥ်နိုင်ခဲ့ဘူး"

ရီချင်းယင်က နံဘေးရှိ ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးကို တစ်ချက် ကြည့်ကာ ကျန်းချန်ကို ပြုံး၍ ရှင်းပြလိုက်သည်။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး၏ မျက်နှာက ရုတ်တရက် နီရဲလာခဲ့သည်။

"ကျွန်မ သူ့ကို မယှဥ်နိုင်တဲ့ အဓိကအကြောင်းအရင်းက မှော်နဂါးနန်းတော်ရဲ့ စည်းကမ်းက အရမ်းကို လူလည်ကျလွန်းနေလို့ပဲ.. ကျွန်မက အဆင့်၁ကနေ ပြန်စရတယ်လေ.. အဆင့်၆ခုစလုံးမှာ စွမ်းအားအများကြီးသာ အသုံးမပြုထားဘူး ဆိုရင် ကျွန်မက သူ့ရဲ့တိုက်ကွက် သုံးကွက်ကို ဘာလို့ မတားဆီးနိုင်ရမှာလဲ"

"ရပြီ.. ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မနေနဲ့တော့.. ဒီတစ်ခေါက်သတ္တမအဆင့်ကို ဖြတ်ကျော်ဖို့သာ သေချာကြိုးစားပါ"

ရီချင်းယင်က ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးအား လေးနက်စွာ ပြောလိုက်သည်။

"နားလည်ပါပြီ အမချင်းယင်"

ထို့နောက်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မှော်နဂါးနန်းတော်၏ ဝင်ပေါက်ဆီသို့ အလျင်အမြန်ပင် လျှောက်သွားခဲ့သည်။

နာရီဝက်ခန့်ကြာပြီးနောက်တွင် မှော်နဂါးနန်းတော်၏ အထက်၌ ရွှေရောင်စာလုံးဖြင့် ရေးထားသည့် သတ္တမအဆင့်ဟူသော စာတမ်း ပေါ်လာခဲ့သည်။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးသည် ဝမ်းသာအားရဖြင့် မှော်နဂါးနန်းတော်ထဲကနေ ပြန်လည်ထွက်လာခဲ့သည်။

"အစ်မချင်းယင်.. ကျွန်မ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ"

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက ရီချင်းယင်ကို ပျော်ရွှင်စွာ ပြောလိုက်သည်။

ရီချင်းယင်က အလေးမထားဟန်ဖြင့် တုံ့ပြန် ပြောဆိုလိုက်သည်။

"နင်က ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီး ၁နှစ်အကြာမှ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာပါ.. ဘာမှ အားရစရာမရှိဘူး.. ကျန်းချန်နဲ့ယှဥ်ရင် နင်က အများကြီး နိမ့်ကျနေတယ်"

ထိုစကားကို ကြားလျှင် ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး၏ မျက်နှာထားသည် ရုတ်တရက် မကြည်မလင် ဖြစ်သွားခဲ့သည်။

သူမက လေသံတိုးတိုးဖြင့် မကျေမနပ် ရေရွတ်လိုက်၏။

"ငါ့အစ်မကလည်း အခုမှ သိတဲ့ကောင်နဲ့ ငါ့ကို ဘယ်လိုလုပ်ပြီး လိုက်ယှဥ်နေလဲ မသိဘူး"

ထိုအချိန်တွင် ကျန်းချန်က ပြုံးလိုက်ကာ သူ၏နံဘေးရှိ ရွှယ်ချင်းရို့ကို ကြည့်လိုက်သည်။

"ချင်းရို့.. မင်းရော မှော်နဂါးနန်းတော်ထဲကို ဝင်ဦးမှာလား"

"သခင်လေး.. ကျွန်မရဲ့ စွမ်းအားနဲ့သာဆိုရင် အဆင့်၁ခုလောက်ကိုပဲ ဖြတ်ကျော်နိုင်လိမ့်မယ်.. ဒါကြောင့် နောက်တစ်ခေါက်မှပဲ စမ်းသပ်တော့မယ်"

ရွှယ်ချင်းရို့က ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ရီချင်းယင် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ခုနက ကျွန်တော့်အတွက် ချင်းရို့ကို ဂရုစိုက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်.. မင်းနေရာတစ်ခု ရှာလိုက်ပါ ကျွန်တော် မင်းတို့ကို ညစာ ဖိတ်ကျွေးပါ့မယ်"

ရီချင်းယင်က ပြုံး၍ တုံ့ပြန် ပြောဆိုလိုက်သည်။

"ဒီလောက်ထိလည်း မလိုအပ်.."

သို့ရာတွင် ရီချင်းယင်၏ စကား မဆုံးသေးခင်မှာပင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးသည် ကြားဖြတ် ပြောဆိုလိုက်၏။

"ကျန်းချန်.. ကျွန်မတို့ကို ညစာလိုက်ကျွေးစရာ မလိုပါဘူး.. ဒီဗဟိုဧရိယာမှာ နာမည်ကြီးတဲ့ အဖျော်ယမကာ တစ်ဆိုင်ကို ကျွန်မ သိတယ်.. ကျွန်မတို့ကို အဖျော်ယမကာ တစ်ခွက်လောက်စီ ဝယ်မတိုက်ချင်ဘူးလား"

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက ရင်းရင်းနှီးနှီးပင် ပြောလိုက်သည်။

ကျန်းချန်ကဲ့သို့ ထူးခြားသော ပါရမီရှင်တစ်ဦးနှင့် ခင်မင်ရင်းနှီးခွင့်ရ၍ သူမသည်လည်း ပို၍ပင် ပျော်ရွှင်လာခဲ့သည်။

"အဖျော်ယမကာဆိုင် ဟုတ်လား"

ကျန်းချန်က ကြောင်တောင်တောင်ပင် ဖြစ်သွားခဲ့သည်။

"ဒီဘက်ခေတ်မှာလည်း ၂၁ရာစုကလို အဖျော်ယမကာဆိုင်တွေ ရှိနေတယ်လား"

"ဟုတ်တယ် အဖျော်ယမကာဆိုင်ပဲ.. အဲဒီမှာ အဓိကရောင်းတာက အဖျော်ယမကာနဲ့ အသားကင်ပဲ.. ဒါပေမဲ့ အဲဒီက အဖျော်ယမကာနဲ့ အသားကင်က သာမန်မဟုတ်ဘူး.. မီးတောင်ချော်ရည်ထဲက မီးအဆီအနှစ်နဲ့ ပြုလုပ်ထားတဲ့ အဖျော်ယမကာတွေနဲ့ အလွန် အေးတဲ့နေရာက ရေခဲအဆီအနှစ်ကနေ ပြုလုပ်ထားတဲ့ အဖျော်ယမကာတွေလည်း အဲဒီဆိုင်မှာရှိတယ်.. အဖျော်ယမကာ တစ်မျိုးစီမှာလည်း မတူညီတဲ့ အာနိသင်တွေ ရှိကြတယ်.. ဒါ့အပြင် သူတို့ရဲ့ အသားကင်တွေက ပကတိနတ်ဘုရားအဆင့် သားရဲတွေကို ကင်ထားတာပဲ"

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။

"အိုး.. ဒီလိုလား"

ကျန်းချန်က ချက်ချင်းဆိုသလိုပင် စိတ်ဝင်စားလာခဲ့သည်။

"ဒါဆိုလည်း ရှေ့ကနေ လမ်းပြပေးတော့.. ဒီလို အဖျော်ယမကာဆိုင် ရှိနေတယ် ဆိုမှတော့ သွားသောက်ရမှာပေါ့.. ဟုတ်တယ်မလား"

ထို့နောက်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် ရီချင်းယင်နှင့် အတူ ရှေ့ကနေ လမ်းပြအနေဖြင့် ဦး‌ဆောင်သွားခဲ့သည်။

မကြာမီမှာပင် မှော်နဂါးနန်းတော်ကနေ ထွက်ခွာလာသော သူတို့ အဖွဲ့သည် ပုဝေ့အဖျော်ယမကာဆိုင်ဟု ခေါ်သော ဆိုင်သို့ ရောက်ရှိလာခဲ့သည်။

ဆိုင်အတွင်းတွင် အလှဆင်ထားသော ကျောက်မျက်ရတနာများသည် မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေပြီး အဖျော်ယမကာဆိုင် တစ်ဆိုင်လုံးကို စိတ်ငြိမ်သော ခံစားချက်အား ပေးစွမ်းနေခဲ့သည်။

ထို့အပြင် သာယာသော စန္ဒယားသံသည်လည်း အဖျော်ယမကာဆိုင်တွင် ပျံ့လွင့်နေခဲ့၏။

မွှေးကြိုင်သော ပန်းများနှင့်အပင်များကို ဆိုင်၏ စားပွဲနှင့်ပြတင်းပေါက်များတွင် တင်ကာ အလှဆင်ထားသည်။

ထိုပန်းများနှင့်အပင်များမှ မွှေးပျံ့သော ရနံ့သည် အဖျော်ယမကာဆိုင်ကို ရောက်ရှိလာသော လူများအား လန်းဆန်းသော ခံစားမှုကို ပေးစွမ်းနေခဲ့၏။

အခန်း(၁၅၁၇)ပြီး၏။

အခန်း(၁၅၁၈)

ကျန်းချန်တို့လေးယောက် အဖျော်ယမကာဆိုင် ထဲသို့ လမ်းလျှောက်၍ ဝင်လာခဲ့၏။

ထို့နောက်တွင် သီးသန့်ခန်းတစ်ခုကို ရှာဖွေကာ ထိုင်ခုံတွင် ထိုင်ချလိုက်သည်။

"ဘာမှာမလဲ ဧည့်သည်တော်တို့"

ထိုအချိန်မှာပင် ပကတိနတ်ဘုရားအဆင့် စားပွဲထိုးတစ်ဦးသည် ကျန်းချန်တို့ အဖွဲ့ဆီသို့ လျှောက်လာ၍ မေးလိုက်သည်။

"ကျွန်မတို့ကို ဓားဆန္ဒ အဖျော်ယမကာ ခွက်သေးနှစ်ခွက် ပေးပါ"

ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသမီး ရီကျီယွင်သည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း မဟုတ်သည်မှာ သိသာနေ၏။

သူမက သူမနှင့် ရီချင်းယင်တို့ အတွက် အလျင်အမြန် မှာယူပြီးနောက်တွင် ကျန်းချန်ကို မေးလိုက်သည်။

"ကျန်းချန်.. နင်က ဘာသောက်မှာလဲ"

ကျန်းချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဒီဓားဆန္ဒအဖျော်ယမကာက ဓားဥပဒေသကို နားလည်အောင် ကူညီပေးနိုင်တဲ့ အဖျော်ယမကာလား"

"ဟုတ်ပါတယ် ဧည့်သည်တော်.. ဓားဆန္ဒ အဖျော်ယမကာက ဓားဥပဒေသကို နားလည်အောင် အကူအညီပေးနိုင်တဲ့ အဖျော်ယမကာပါ.. ကျွန်တော်တို့ ပုဝေ့ အဖျော်ယမကာဆိုင်မှာ အဖျော်ယမကာ အမျိုးအစား ရာပေါင်းများစွာ ရှိပါတယ်.. တစ်မျိုးစီတိုင်းက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်ပြီး မတူညီတဲ့ ကိုယ်ခံပညာ ဥပဒေသတွေကို နားလည်ဖို့အတွက် ကူညီပေးနိုင်ပါတယ်.. ဒါက ကျွန်တော်တို့ ဆိုင်ရဲ့ အဖျော်ယမကာ အမျိုးအစားစာရင်းပါ.. ဧည့်သည်တော် ကြည့်လို့ရပါတယ်"

နံဘေးမှ စားပွဲထိုးက ပြုံး၍ ရှင်းပြလိုက်ပြီးနောက်တွင် စာရင်းတစ်ခုကို ထုတ်ယူကာ ကျန်းချန်အား ပေးလိုက်သည်။

ကျန်းချန်က စာရင်းကို ယူ၍ ကြည့်လိုက်ရာ ထိုစာရင်းထဲတွင် အဖျော်ယမကာ အမျိုးအစား ရာပေါင်းများစွာ ရှိနေသည်ကို တွေ့လိုက်ရ၏။

သူက ရုတ်တရက် အဖျော်ယမကာ၏ စျေးနှုန်းကိုမြင်လျှင် အံ့အားသင့်သွားခဲ့၏။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး အစောပိုင်းက မှာယူထားသည့် ဓားဆန္ဒ အဖျော်ယမကာသည် ဤစာရင်းတွင် စျေးအသက်သာဆုံး ဖြစ်ပြီး မြေကမ္ဘာနဂါးရမှတ် (၁၆၈၈)မှတ်သာ လိုအပ်သည်။

ခွက်လတ်၏ တန်ဖိုးမှာ မြေကမ္ဘာနဂါး ရမှတ် ၂၆၈၈ ဖြစ်ပြီး ခွက်ကြီး၏ တန်ဖိုးမှာ ၃၆၈၈မှတ် ဖြစ်သည်။

ဓားဆန္ဒအဖျော်ယမကာ၊ ရေခဲဝိညာဥ်နှင်းစက်အဖျော်ယမကာ၊ မီးတိုက်တိမ်အဆီအနှစ် အဖျော်ယမကာနှင့် အခြားသော သာမန်ကိုယ်ခံပညာ ဥပဒေသများကို နားလည်အောင် ကူညီပေးနိုင်သည့် အဖျော်ယမကာများ အပြင် ကျန်းချန်သည် ထိုစာရင်းတွင် အိပ်မက်နေရာလွတ် အဖျော်ယမကာနှင့် ထာဝရအချိန် ဟူသော အဖျော်ယမကာများကိုလည်း တအံ့တသြ တွေ့ရှိခဲ့သည်။

ထိုအဖျော်ယမကာများသည် အချိန်ဥပဒေသနှင့် နေရာလွတ်ဥပဒေသများကို နားလည်အောင် ကူညီပေးနိုင်သည့် အဖျော်ယမကာများ ဖြစ်၏။

သို့သော်လည်း ထိုအဖျော်ယမကာများ၏ စျေးနှုန်းသည် သာမန် အဖျော်ယမကာများထက်ပင် သိသိသာသာ ပို၍ မြင့်မားနေသည်။

စျေးအသက်သာဆုံးဖြစ်သည့် ခွက်သေးပင်လျှင် ၂၁၈၈မှတ်လိုအပ်၏။

"ဒီအဖျော်ယမကာတွေကို သာမန်လူတွေ တတ်နိုင်မှာမဟုတ်လောက်ဘူး"

ကျန်းချန်က စိတ်နှလုံးထဲတွင် ခံစားမိလိုက်သည်။

မြေကမ္ဘာနဂါးမြို့တော်၏ သာမန်ဧရိယာတွင် နေထိုင်သောကျင့်ကြံသူ တစ်ဦးသည် တစ်လလျှင် မြေကမ္ဘာနဂါးရမှတ် ၁၀၀ ကိုသာ ရရှိသည်။

သို့ရာတွင် ဤနေရာရှိ အဖျော်ယမကာများအနက် စျေးအသက်သာဆုံးသည်ပင် မြေကမ္ဘာနဂါးရမှတ် ၁၆၆၈မှတ် လိုအပ်၏။

မှော်နဂါးနန်းတော်မှ ဆုလာဘ်များကိုသာ မရရှိလျှင် သာမန်ဧရိယာတွင် နေထိုင်သော သူများသည် ၁နှစ်နေလို့ပင် ဤနေရာမှာ အဖျော်ယမကာ တစ်ခွက်ကို သောက်သုံးနိုင်မည်မဟုတ်ပေ။

"ငါတို့အတွက် ရေခဲဝိညာဥ် အဖျော်ယမကာ ခွက်သေးတစ်ခွက်နဲ့ မီးတိမ်တိုက် အဆီအနှစ် အဖျော်ယမကာ ခွက်သေးတစ်ခွက် ပေးပါ"

ကျန်းချန်က စားပွဲထိုးကို မှာကြားလိုက်သည်။

သူ၏ ဓားဥပဒေသ၊ မိုးကြိုးဥပဒေနှင့် နေရာလွတ် ဥပဒေသတို့သည် ဒုတိယအဆင့်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

သူက မီးတိမ်တိုက် အဖျော်ယမကာကို မှာလိုက်ရသည့်အကြောင်းအရင်းမှာ သူ၏ မီးဥပဒေသကို ဒုတိယအဆင့်အထိ ထိုးဖောက်နိုင်ခြင်း ရှိမရှိ စမ်းသပ်လိုခြင်းကြောင့်ပင်။

ရွှယ်ချင်းရို့အတွက်မူ သူမက ရေခဲဥပဒေကို နားလည်ထားသူဖြစ်၍ ကျန်းချန်က သူမအတွက် ရေခဲဝိညာဥ်နှင်းစက် အဖျော်ယမကာ တစ်ခွက်ကို မှာပေးလိုက်သည်။

"ကောင်းပါပြီ လူကြီးမင်းတို့ ခဏလောက် စောင့်ဆိုင်းပေးပါ"

စားပွဲထိုးက တရိုတသေ ပြန်ပြောလိုက်ပြီးနောက်တွင် လျင်မြန်စွာပင် လှည့်ထွက်သွားခဲ့သည်။

"ရှေးဟောင်းနဂါး မျိုးနွယ်စုက တကယ်ကို ကြွယ်ဝချမ်းသာပြီး အစွမ်းထက်တာပဲ.. ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူတောင် မြေကမ္ဘာနဂါးမြို့ထဲမှာ စားပွဲထိုးအဆင့်လောက်ပဲ ရှိတယ်"

ကျန်းချန်က ထွက်ခွာသွားသော စားပွဲထိုးကို ငေးကြည့်ရင်းပြောလိုက်သည်။

"ပကတိနတ်ဘုရားအဆင့်က ရှေးဟောင်းနဂါးကုန်းမြေမှာ သာမန်လောက်ပါပဲ.. ရှေးဟောင်းနဂါးမျိုးနွယ်စုက နယ်မြေနတ်ဘုရားအဆင့် အင်အားစု ဆိုတာ ရှင် မေ့မနေနဲ့ဦး"

ရီချင်းယင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ကောင်းကင်နဂါးမြို့‌တော်ဝင်ခွင့် စမ်းသပ်မှုမှာ ကျရှုံးခဲ့တဲ့သူတွေက မြေကမ္ဘာနဂါးမြို့တော်မှာ နေထိုင်ခွင့် ရချင်တယ်ဆိုရင် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ရောက်ရှိနိုင်မှပဲ ဖြစ်နိုင်လိမ့်မယ်"

"အဲဒါကို သိပ်နားမလည်ဘူး.. မြေကမ္ဘာနဂါးမြို့တော်ကနေ ထွက်သွားပြီး တခြားအင်အားစုတွေနဲ့ ပူးပေါင်းလိုက်ရင် သူတို့ရဲ့ အဆင့်အတန်းက ဒီထက်တော့ မနိမ့်ကျလောက်ဘူး မဟုတ်လား"

ကျန်းချန်က ရီချင်းယင်ကို မေးလိုက်သည်။

ပကတိနတ်ဘုရားအဆင့်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် သာမန်လောက်သာဖြစ်သော်လည်း တခြားသောအင်အားစုများတွင်မူ အကြီးအကဲအဆင့်လောက် ရှိသည်။

၎င်းတို့က ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုများသို့ ဝင်ရောက်လျှင်ပင် ကောင်းမွန်သော အဆင့်အတန်းတစ်ခုကို ရရှိမည် ဖြစ်၏။

ယင်းမှာ ဤနေရာတွင် အောက်ခြေအလုပ်သမား အဖြစ် လုပ်ကိုင်နေရသည်ထက် များစွာ ပို၍ ကောင်းမွန်သည်မဟုတ်ပါလော။

"ရှေးဟောင်းနဂါး ကုန်းမြေမှာရှိတဲ့ တခြားအင်အားစုတွေရဲ့ ကျင့်ကြံသူတွေက ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်ပွဲကို ကျရှုံးခဲ့ရင် သူတို့ရဲ့ ကိုယ်ပိုင်မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းဆီကို ပြန်သွားကြလေ့ ရှိတယ် နောက်ခံမရှိတဲ့ ကျင့်ကြံသူတွေနဲ့ အဆင့်နိမ့်နယ်မြေက ရောက်လာတဲ့ ကျင့်ကြံသူတွေကိုတော့ တခြားသော အင်အားစုတွေက သူတို့ရဲ့အဖွဲ့ထဲကို ဝင်ဖို့ဖိတ်ကြားကြလေ့ရှိတယ်.. ဒါပေမဲ့လည်း မြေကမ္ဘာနဂါးမြို့တော်မှာပဲ ဆက်လက် နေထိုင်ချင်တဲ့သူတွေ အများအပြားရှိပါသေးတယ်.. ရှင်နားလည်အောင် ရှင်းပြရမယ်ဆိုရင် ‌ရှေးဟောင်းနဂါးကုန်းမြေမှာ ယှဥ်ပြိုင်မှုတွေက အရမ်းရက်စက်တယ် ရှေးဟောင်းနဂါးကုန်းမြေ တစ်ခုတည်းမှာတင် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူအရေအတွက် သန်းပေါင်းများစွာရှိတယ်.. ဒါကြောင့် အားနည်းတဲ့ ပကတိနတ်ဘုရားအချို့က အချိန်မရွေး အသတ်ခံရနိုင်ခြေ ရှိတယ်"

ထိုစကားကို ပြောပြီးနောက်တွင် ရီချင်းယင်က သက်ပြင်းချလိုက်သည်။

"မြေကမ္ဘာနဂါးမြို့တော်မှာတော့ သူတို့တွေက အေးအေးဆေး‌‌ဆေးနေထိုင်ရတယ်လေ.. ဘာအန္တရာယ်မှ မရှိတဲ့အပြင် ကျင့်ကြံဖို့အတွက် ပတ်ဝန်းကျင်ကလည်း ကောင်းမွန်တယ်.. ဒါကြောင့် စားပွဲထိုး ဖြစ်နေရင်တောင် တခြားသော အင်အားစုတွေနဲ့ ပူးပေါင်းတာထက်စာရင် အများကြီး ပိုအဆင်ပြေတယ်"

"............"

နှစ်ယောက်သား ရောက်တတ်ရာရာ စကားပြောဆိုပြီးနောက်တွင် စားပွဲထိုးသည် အဖျော်ယမကာ လေးခွက်နှင့် အတူ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

"မင်္ဂလာပါ ဧည့်သည်တော်တို့.. ဓားဆန္ဒအဖျော်ယမကာ နှစ်ခွက်၊ ရေခဲဝိညာဥ်နှင်းစက် အဖျော်ယမကာတစ်ခွက်၊ မီးတိမ်တိုက် အဖျော်ယမကာတစ်ခွက် ရရှိပါပြီ.. အေးအေးဆေးဆေး သုံးဆောင်လိုက်ပါဦး"

စားပွဲထိုးက အဖျော်ယမကာ လေးခွက်ကို စားပွဲပေါ် တင်လိုက်ပြီးနောက်တွင် တရိုတသေဖြင့် ထွက်သွားခဲ့သည်။

ကျန်းချန်က ၃လက်မခန့် မြင့်သော ခွက်ထဲကို ကြည့်လိုက်ပြီးနောက်တွင် အံ့အားသင့်သော အမူအရာများသည် သူ၏ မျက်ဝန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။

ခွက်ထဲတွင် မီးတောင်ချော်ရည် ကဲ့သို့ အနီရောင်အရည် တစ်မျိုး ရှိနေခဲ့၏။

ကျန်းချန်ကို ပို၍ အံ့အားသင့်သွားစေသည်မှာ မီးတောင်ချော်ရည်သည် ခွက်ထဲတွင် ဆူပွက်နေခဲ့ပြီး ပြင်းပြသော မီးအရှိန်အဝါကို ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ရွှယ်ချင်းရို့၏ ရေခဲဝိညာဥ်နှင်းစက် အဖျော်ယမကာသည်လည်း ကြည်လင်သော ဂျယ်လီနှင့် ဆင်တူပြီး လျှို့ဝှက်ဆန်းကြယ်သော ရေခဲစွမ်းအားများ စီးဆင်းနေ၏။

သူက ရီချင်းယင်တို့ နှစ်ယောက်ဆီသို့ လှမ်းကြည့်လိုက်ရာ သူမတို့၏ လက်ဖက်ရည်ခွက်ကနေ ဓားဆန္ဒနှင့် ရောနှောနေသောအငွေ့များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

"လခွမ်း. ဒီအဖျော်ယမကာကို ဖန်တီးသူက သာမန်မဟုတ်ဘူးပဲ"

ကျန်းချန်က စိတ်နှလုံးထဲတွင် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် တစ်ငုံ မော့သောက်လိုက်သည်။

မီးတိမ်တိုက် အဖျော်ယမကာသည် ခွက်ထဲတွင် ဆူပွက်နေပုံရသော်လည်း သောက်လိုက်သောအခါတွင် လုံးဝ ပူပြင်းသည်ဟု မခံစားရဘဲ အပူစီးကြောင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

"ဒင်.. သင်က အထူးဝိညာဥ်အရည်ဖြစ်တဲ့ မီးတိမ်တိုက်အဖျော်ယမကာကို တစ်ငုံသောက်သုံးပြီး မူလစွမ်းအား အတွေ့အကြုံရမှတ် ၁၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အထူးဝိညာဥ်အရည်ဖြစ်တဲ့ မီးတိမ်တိုက်အဖျော်ယမကာကို တစ်ငုံသောက်သုံးပြီး မီးဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင့်ရဲ့ မီးဥပဒေသက ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ"

အပူစီးကြောင်းက သူ၏ ဗိုက်ထဲသို့ စီးဆင်းသွားသောအခါတွင် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သော သူ၏ မီးဥပဒေသသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

"သူက မီးတိမ်တိုက် အဖျော်ယမကာကို တစ်ကြိမ် သောက်သုံးရုံနဲ့ မီးဥပဒေကို ဒုတိယအဆင့်အထိ ထိုးဖောက်နိုင်ခဲ့တယ်လား"

ကျန်းချန်၏ ခန္ဓာကိုယ်မှ အပြောင်းအလဲကို ခံစားမိလျှင် ရီချင်းယင်၏ လှပသော မျက်လုံးလေးတွင် မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

"တစ်ငုံလေး သောက်ရုံနဲ့ ဥပဒေသက အဆင့်တက်သွားတယ်.. ဒါက လွန်လွန်းမနေဘူးလား"

ရီကျီယင်က မှင်တက်နေပြီး စကားမပြောနိုင်အောင်ပင် ဖြစ်နေခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် မှော်နဂါးနန်းတော်၏ စံချိန်ကို ချိုးဖျက်ခဲ့သော ဆဋ္ဌမမြောက် ပုဂ္ဂိုလ်သည် မျှော်လင့်ထားသည့်အတိုင်းပင် သာမန်မဟုတ်ပေ။

"ဒါက ဘာများ အံ့သြစရာကောင်းလို့လဲ.. ကျွန်မရဲ့သခင်လေးက စီရင်စုထဲကို ခြေလှမ်းလိုက်တာနဲ့တင် ကောင်းကင်နတ်ဘုရားရဲ့ ကမ္ဘာ့စွမ်းအားကိုတောင် ချက်ချင်း နားလည်နိုင်ခဲ့တယ်"

ရွှယ်ချင်းရို့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"အဆင့်တက်တယ် ဆိုတာက ကျွန်မတို့ သခင်လေးအတွက် ထမင်းစားရေသောက် သလောက်ပါပဲ"

အခန်း(၁၅၁၈)ပြီး၏။

All Chapters