← Chapters

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း (၁၅၁၉-၁၅၂၁)

Vol. 102 Ch. 1519-1521

အခန်း(၁၅၁၉)

ရီချင်းယင်နှင့် ရီကျီယင်တို့က မှင်တက်နေခဲ့ပြီး ဘာပြောရမှန်းမသိပင် ဖြစ်နေခဲ့သည်။

ရုတ်တရက် အဆင့်တက်ခြင်းသည် ကျင့်ကြံသူများအတွက် ဘဝ တစ်သက်တာတွင် အကြိမ်အနည်းငယ်သာ ကြုံတွေ့ရတတ်သည်။

သို့သော်လည်း ဤကောင်လေးအတွက်မူ ထမင်းစား ရေသောက်သလောက်ပင် ရိုးရှင်းသည်ဟု ရွှယ်ချင်းရို့က ပြောနေခဲ့၏။

ဤကဲ့သို့သော ပါရမီရှင်နှင့် အတူ ရှိနေရခြင်းသည် သူမတို့ကို သိမ်ငယ်စိတ်ပင် ဝင်လာစေခဲ့သည်။

နှစ်ယောက်စလုံးက ကျန်းချန် အနှောင့်အယှက်ဖြစ်မည် စိုး၍ စကားမပြောကြဘဲ သူတို့ရှေ့မှ အဖျော်ယမကာကိုသာ ကိုယ်စီ သောက်သုံးလိုက်ကြသည်။

"လခွမ်း.. ဒီက အဖျော်ယမကာတွေက တကယ်ကို ထူးခြားတာပဲ"

ကျန်းချန်က အံ့အားသင့်နေခဲ့၏။

မီးတိမ်တိုက် အဖျော်ယမကာ တစ်ခွက်သည်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မီးဥပဒေကို တိုက်ရိုက် မြှင့်တင်ပေးခဲ့၏။

သူ့အနေဖြင့် ဤကဲ့သို့ အဖျော်ယမကာ အနည်းငယ်ကို ထပ်မံသောက်သုံးလိုက်လျှင် အင်ပါယာနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိသွားမည့်အပြင် ကိုယ်ခံပညာ ဥပဒေသအားလုံးကိုလည်း ဒုတိယအဆင့်သို့ မြှင့်တင်ရန် လွယ်ကူသွားလိမ့်မည်မဟုတ်ပါလော။

ဤအဖျော်ယမကာက အနည်းငယ် စျေးကြီးသော်လည်း ကျန်းချန်အတွက်မူ အတော်လေး တန်သွားခဲ့သည်။

သူက ဆိုင်မှ ပြန်လျှင် ပါဆယ်ယူသွားရန်ပင် ဆုံးဖြတ်ထားလိုက်သည်။

ကျန်းချန်နှင့် ရီချင်းယင်တို့က မြေကမ္ဘာနဂါးမြို့တော်အကြောင်းအချို့ကို ပြောဆိုကြပြီးနောက်တွင် ကျန်းချန်က ငွေရှင်းရန်အတွက် စားပွဲထိုးကို ခေါ်လိုက်သည်။

စားပွဲထိုးက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

"ဧည့်သည်တော်တို့က မြေကမ္ဘာနဂါးရမှတ် ၆၇၅၂မှတ် ကျသင့်ပါတယ်.. ဒါပေမဲ့ လျှော့စျေးရှိနေတော့ မြေကမ္ဘာနဂါးရမှတ် ၆၇၀၀ကိုပဲ ပေးချေရပါမယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"စားပွဲထိုး...ဒီက အဖျော်ယမကာတွေကို ပါဆယ်ယူသွားလို့ရောရလား"

"ရပါတယ် အကယ်၍ လိုအပ်မယ်ဆိုရင် ဧည့်သည်တော်တို့ဆီ အိမ်တိုင်ရာရောက်လည်း တိုက်ရိုက် ပို့ဆောင်ပေးပါတယ်"

စားပွဲထိုးက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။

ကျန်းချန်က အနည်းငယ် တွေးတောလိုက်ပြီးမှ စားပွဲထိုးကို ပြောလိုက်၏။

"ဒါဆို ငါနေထိုင်တဲ့ စီရင်စု ၁၆၆ကို မုန်တိုင်းကတိ ခွက်သေးတစ်ခွက်၊ ထာဝရအချိန် ခွက်သေးတစ်ခွက်နဲ့ အသက်အဆီအနှစ် ခွက်ကြီးနှစ်ခွက် ပို့ပေးပါ"

"ကောင်းပါပြီ.. မုန်တိုင်းကတိ ခွက်သေးတစ်ခွက်က ၁၆၈၈မှတ်၊ ထာဝရအချိန် ခွက်သေးတစ်ခွက်က ၂၁၈၈မှတ်၊အသက်အဆီအနှစ် ခွက်ကြီးနှစ်ခွက်က ၈၃၇၆မှတ် ဆိုတော့ စုစုပေါင်း ၁၂၂၅၂မှတ် ကျသင့်ပါတယ်.. လျှော့စျေးနဲ့ဆိုတော့ စုစုပေါင်းမြေကမ္ဘာနဂါးရမှတ် ၁၈၉၀၀ ပေးချေရပါမယ် ဧည့်သည်တော်"

ကျန်းချန်က တုံ့ဆိုင်းမနေဘဲ မြေကမ္ဘာနဂါး ရမှတ်များကို ပေးချေရန်အတွက် သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။

သူက မြေကမ္ဘာနဂါးရမှတ် ၁၀၀၀၀၀ကို ပိုင်ဆိုင်ထား၍ ချမ်းသာကြွယ်ဝသည်ဟု ဆို၍ရ၏။

ယခုအခါတွင် သူက မြေကမ္ဘာနဂါးရမှတ် ၂၀၀၀၀ခန့်သာ သုံးစွဲပြီး ဒုတိယအဆင့်ကို မရောက်ရှိသေးသည့် ကိုယ်ခံပညာဥပဒေသ ၃မျိုးကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်မည့်အပြင် ကျင့်ကြံခြင်းအဆင့်ကိုလည်း အင်ပါယာနယ်ပယ်အထွတ်အထိပ်အထိ မြှင့်တင်နိုင်မည် ဖြစ်ရာ မြေကမ္ဘာနဂါးရမှတ် ၂၀၀၀၀ခန့် ကုန်ကျခြင်းသည် အလွန်တရာ ထိုက်တန်မှု ရှိသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

ရီချင်းယင်နှင့် ရီကျီယွင်တို့သည် ကျန်းချန်က မတူညီသောဂုဏ်သတ္တိများ ရှိသည့် အဖျော်ယမကာ ၃မျိုးအား မှာယူနေသည်ကို မြင်လျှင် စိတ်နှလုံးထဲကနေ အံ့သြထိတ်လန့်သွားခဲ့သည်။

အစောပိုင်းက သောက်သုံးခဲ့သော မီးတိမ်တိုက် အဖျော်ယမကာကိုပါ ထည့်တွက်လျှင် ကျန်းချန်သည် မတူညီသော ကိုယ်ခံပညာ ဥပဒေသစွမ်းအားများ ပါဝင်သည့် အဖျော်ယမကာ ၄မျိုးကို ဝယ်ယူခဲ့သည် မဟုတ်ပါလော။

ယင်းကပင် ကျန်းချန်သည် ကိုယ်ခံပညာ ဥပဒေ၄ခုကို အနည်းဆုံး တတ်မြောက်ထားသည်ဟု ဆိုလိုနေခဲ့၏။

မြေကမ္ဘာနဂါး ရမှတ်များဖြင့် ကျသင့်ငွေကို ပေးချေပြီးနောက်တွင် သူတို့အဖွဲ့သည် အဖျော်ယမကာဆိုင်ကနေ ထွက်ခွာလာခဲ့သည်။

ရီချင်းယင်နှင့် ရီကျီယွင်တို့က ကျန်းချန်နှင့် ဆက်သွယ်ရန်အတွက် ကိုယ်ပိုင် တံဆိပ်ပြားများကို အသုံးပြုခဲ့ပြီးနောက်တွင် ကျန်းချန်နှင့် လမ်းခွဲခဲ့ကြသည်။

"သခင်လေး.. အခု ကျွန်မတို့ ဘယ်သွားကြမလဲ"

ရီချင်းယင်တို့ နှစ်ယောက် ထွက်သွားပြီးနောက်တွင် ရွှယ်ချင်းရို့သည် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲ.. မင်း သွားချင်တဲ့နေရာ ရှိလို့လား"

ကျန်းချန်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။

ထိုအခါ ရွှယ်ချင်းရို့က ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီနေရာမှာ ကျွန်မတို့ ရွှယ်မိသားစုက အစ်မတစ်ယောက်ရှိတယ်.. သူက မြေကမ္ဘာနဂါးမြို့တော်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ် ကတည်းက ရောက်နေခဲ့တဲ့သူပဲ.. အခု ကျွန်မက မြေကမ္ဘာနဂါးမြို့တော်ကို ရောက်လာတယ်ဆိုတာ သူကြားတော့ သူက ကျွန်မကို တွေ့ချင်တယ်လို့ တောင်းဆိုခဲ့တယ်.. သူက အခု မြေကမ္ဘာနဂါးမြို့တော်ရဲ့ အရင်းအမြစ် အရောင်းဌာနမှာ ရှိနေတယ်"

"ဒါဆိုလည်း သွားကြစို့လေ.. ငါလည်း ကျင့်ကြံခြင်းအရင်းအမြစ်အချို့ကို ဝယ်ယူလို့ရတာပေါ့"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

သူ့တွင် မြေကမ္ဘာနဂါးရမှတ် ၈၀၀၀၀ ရှိ၍ ကျင့်ကြံခြင်းအရင်းအမြစ် တချို့ကို ဝယ်ယူရန် စဥ်းစားထားခဲ့သည်။

ပြန်ရောက်သည်နှင့် သူက မည်သည့်နေရာကိုမှ သွားမလည်တော့ဘဲ ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ရန်အတွက် အစွမ်းကုန် ကြိုးစားမည်ဟု တွေးထားခဲ့၏။

သူက ဖန်းချင်းယွမ်၏ ထောက်ခံချက်ကို ရရှိထား၍ နောက်ထပ် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ ကျင်းပသည့်အချိန်အထိ မြေကမ္ဘာနဂါးမြို့တော်တွင် နေထိုင်နိုင်ခွင့်ရှိသည်။

သို့သော်လည်း ကျန်းချန်သည် မြေကမ္ဘာနဂါး မြို့တော်တွင် အချိန်များစွာ ဖြုန်းတီးရန် ရည်ရွယ်ထားခြင်း မရှိပေ။

သူက ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက် ဝင်ရောက်ရန်နှင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်သည်အထိ ကျင့်ကြံလိုခဲ့သည်။

အကြောင်းအရင်းမှာ ၁နှစ်ကျော် ကြာပြီးနောက်တွင် ကျင်းပမည့် ကောင်းကင်နဂါးမြို့‌တော်ဝင်ခွင့် စမ်းသပ်ပွဲတွင် ကောင်းကင်နဂါးမြို့တော်သို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရကာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တရားဝင်တပည့် ဖြစ်ချင်ခဲ့သောကြောင့်ပင်။

---------------

အလွန်တရာ ခမ်းနားသောခန်းမထဲတွင် ဝန်ထမ်း၁၀ဦးသည် ခန်းမထဲသို့ ဝင်ရောက်လာသူများအတွက် အမျိုးမျိုးသောအရင်းအမြစ်များကို ရောင်းချပေးနေခဲ့သည်။

ဤသည်က အရင်းအမြစ် ရောင်းချရေးဌာန ဖြစ်သည်။

ခန်းမ၏ ဝင်ပေါက်တွင် ဆောင့်ကြွားကြွား အမူအရာဖြင့် လူတစ်ယောက် မတ်တတ်ရပ်နေခဲ့၏။

ထိုလူ၏နံဘေးတွင် နီရဲသောဝတ်စုံကို ဝတ်ဆင်ထားသည့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးသည် ထိုလူ၏ ဘယ်ဘက်လက်မောင်းကို ကိုင်ဆွဲထားရင်း တီးတိုးပြောလိုက်သည်။

"ကုလင်.. သိပ်မကြာခင် ငါတို့မိသားစုက ညီမလေးတစ်ယောက် ရောက်လာလိမ့်မယ်.. ငါ သူ့ဆီကနေ နင့်အတွက် မြေကမ္ဘာနဂါး ရမှတ် ၅၀၀၀ ချေးပေးပါ့မယ်"

"မှော်နဂါးနန်းတော်ရဲ့ နဝမအဆင့်ကိုသာ မကျော်ဖြတ်ဘူးဆိုရင် ငါ ဒီရမှတ် ၅၀၀၀လောက်နဲ့ အကျပ်ရိုက်နေမှာ မဟုတ်ဘူး.. ချိုးဟဲ ဘာမှစိတ်မပူပါနဲ့.. ငါခရမ်းရောင် မိုးကြိုးနတ်ဆေးလုံးကို ဝယ်ယူနိုင်တာနဲ့ ၁နှစ်အတွင်းမှာ မှော်နဂါးနန်းတော်ရဲ့ နဝမအဆင့်ကို ဖြတ်ကျော်ပြီး အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ယောက် ဖြစ်လာစေရမယ်"

ကုလင်က စိတ်အားထက်သန်စွာ ပြောဆိုလိုက်ပြီးနောက်တွင် အနီရောင်ဝတ်စုံဝတ် အမျိုးသမီးကို နူးညံ့သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"အဲဒီအချိန်ကျရင် အစေခံတွေပါ ခေါ်လာနိုင်တယ် ဆိုတော့ မင်းက ငါနဲ့အတူ ကောင်းကင်နဂါးမြို့တော်ထဲကို လိုက်လာလို့ရပြီ"

ထိုစကားကိုကြားလျှင် ရွှယ်ချိုးဟဲက ညင်သာစွာ ပြုံး၍ ပြန်ပြောလိုက်သည်။

"ကုလင် ရှင်ဆိုလိုချင်တာကို ကျွန်မ နားလည်ပါတယ်"

ကောင်းကင်နဂါးမြို့ကို ဝင်ရောက်နိုင်သည့် ရှေးဟောင်းနဂါးမျိုးနွယ်စုမှ တရားဝင်တပည့် တစ်ဦး၏ အစေခံ သို့မဟုတ် အပျော်မယား တစ်ဦး ဖြစ်လာနိုင်ခြင်းသည်ပင် ကြီးမားသောဂုဏ်ကျက်သရေ ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် ရွှယ်မိသားစုဝင်များ ပင်လျှင် သူမကို အနည်းငယ်မျှ အထင်သေးဝံ့တော့မည် မဟုတ်ချေ။

သူမက ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ဖွယ်ရှိသော ပါရမီရှင်ထံတွင် ခစားခွင့်ရရှိ၍ စိတ်နှလုံးထဲကနေ သူမ၏ ကံတရားကို အလွန်တရာ ကျေးဇူးတင်နေမိသည်။

ကုလင်သည် သာမန်ဒေသတစ်ခုမှ ပါရမီရှင်တစ်ဦးသာ ဖြစ်သည်။

မြေကမ္ဘာနဂါးမြို့တော်သို့ ကုလင် ရောက်ရှိလာပြီး အဆိုးဆုံးအခြေအနေတွင် ရှိနေစဥ် ရွှယ်ချိုးဟဲသည် ကုလင်ကို သူမ တတ်နိုင်သမျှ အကူအညီတချို့ ပေးခဲ့သည်။

နောက်ပိုင်းတွင် ရွှယ်ချိုးဟဲ၏ ကူညီအားပေးမှုအောက်တွင် ကုလင်သည် ပါရမီများ နိုးထလာသကဲ့သို့ လျင်မြန်စွာပင် တိုးတက်လာခဲ့သည်။

ခြောက်နှစ်အတွင်း ကုလင်သည် မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် နတ်ဆိုးဆန်သော ပါရမီရှင်အဖြစ် နာမည်ကျော်ကြားလာခဲ့သည်။

"အစ်မ ချိုးဟဲ"

ထိုအချိန်မှာပင် ကြည်လင်ချိုမြသော အသံတစ်သံသည် ရွှယ်ချိုးဟဲ၏ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ရွှယ်ချိုးဟဲသည် အသံလာရာဆီသို့ ကြည့်လိုက်သောအခါ ညီမဖြစ်သူ ရွှယ်ချင်းဟဲက သူမတို့ ဆီသို့ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။

သူမတို့က ညီအစ်မအရင်းများ မဟုတ်သော်လည်း ငယ်စဥ်ကတည်းကပင် ဆက်ဆံရေး အတော်လေး ကောင်းမွန်ခဲ့၏။

"ချင်းရို့ နင်ရောက်လာပြီလား.. နင့်ကို မိတ်ဆက်ပေးပါရစေ ဒါက မှော်နဂါးနန်းတော်ရဲ့ အဋ္ဌမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ကုလင်ပဲ"

ရွှယ်ချိုးဟဲက ကုလင်ကို ချင်းရို့နှင့် မိတ်ဆက်ပေးလိုက်သည်။

"သခင်လေးကုလင် မင်္ဂလာပါ"

ကျန်းချန်၏ နတ်ဆိုးဆန်သော ပါရမီကို မြင်တွေ့ပြီးနောက်တွင် ရွှယ်ချင်းရို့သည် သူမ ရှေ့ရှိ ကုလင်ကို အလွန်တရာ အံ့သြခြင်း မရှိတော့သော်လည်း ယဥ်ကျေးစွာပင် နှုတ်ဆက်လိုက်သည်။

မည်သို့ပင်ဖြစ်စေကာမူ တစ်ဖက်လူသည် ရွှယ်ချိုးဟဲနှင့် ဆက်ဆံရေး ရှိရုံသာမက ရီချင်းယင်နှင့် အဆင့်တူနီးပါး ပါရမီရှင်တစ်ဦး ဖြစ်ပြီး ကောင်းကင်နဂါးမြို့တော် စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ဖွယ် ရှိ၏။

ရွှယ်ချင်းရို့က ကုလုံကို နှုတ်ဆက်လိုက်ပြီးနောက်တွင် ကျန်းချန်ကို နှစ်ယောက်စလုံးနှင့်မိတ်ဆက်ပေးလိုက်ကာ ကျန်းချန်၏ နံဘေးတွင် ရပ်နေခဲ့သည်။

ကုလင်က ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်ပြီး စကားများများစားစား မပြောဆိုခဲ့ပေ။

ရွှယ်ချိုးဟဲ၏ မျက်နှာသာ မရှိခဲ့လျှင် ပကတိနတ်ဘုရားအဆင့်ကိုပင် မထိုးဖောက်ရသေးသည့် ပုရွက်ဆိတ် နှစ်ကောင်ကို သူက အဘယ်ကြောင့် သောက်ဂရုစိုက်ရပါမည်နည်း။

အခန်း(၁၅၁၉)ပြီး၏။

အခန်း(၁၅၂၀)

"ချင်းရို့ ကုလင်က အမြဲဒီလိုပဲ.. စိတ်ထဲမထားပါနဲ့"

ကုလင်က ကျန်းချန်နှင့် ရွှယ်ချင်းရို့တို့ နှစ်ယောက်ကို အထင်သေးနေမှန်း သိသောကြောင့် ရွှယ်ချိုးဟဲသည် ဖာထေး၍ ပြောလိုက်သည်။

"ရပါတယ် အမချိုးဟယ်"

ရွှယ်ချင်းရို့က ခေါင်းခါရမ်းလိုက်၏။

ကုလင်ကဲ့သို့ ပါရမီရှင်သည် မာနကြီးသည်မှာ ပုံမှန်သာ ဖြစ်‌၏။

ရွှယ်ချိုးဟဲ၏ မျက်နှာသာ မရှိခဲ့လျှင် ထိုကဲ့သို့သော ပါရမီရှင်သည် သူမတို့ကို ကြည့်ရန်အတွက် မျက်စိကိုပင် ဖွင့်မည်မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ ဤကမ္ဘာတွင် ကျန်းချန်သည်သာလျှင် သူမအတွက် အားကိုးရာဖြစ်ရာ ကုလင်က သူမကို ဂရုမစိုက်လျှင်ပင် စိတ်ထဲထားနေမည် မဟုတ်ပေ။

ရွှယ်ချိုးဟဲက ကုလင်၏ လက်မောင်းကို ကိုင်ထား၍ ခပ်တိုးတိုး ပြောလိုက်သည်။

"ချင်းရို့.. ငါဒီတစ်ခါ နင့်ကို ခေါ်လိုက်တာက အကူအညီတောင်းစရာရှိလို့ပဲ.. နင်ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ဘာအကူအညီတောင်းမလို့လဲ"

ရွှယ်ချင်းရို့က အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ရွှယ်ချိုးဟဲသည် မြေကမ္ဘာနဂါးမြို့သို့ ရောက်ရှိခဲ့သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည့်အပြင် ကုလင်ကဲ့သို့ ပါရမီရှင်နှင့်လည်း တွေ့ဆုံခဲ့သည်။

ကုလင်က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို ဖြတ်ကျော်နိုင်ခြင်း မရှိလျှင်ပင် ကုလင်ကို ရွှယ်မိသားစု ထဲသို့ ခေါ်ဆောင်လာသရွေ့ ရွှယ်ချိုးဟဲသည် ရွှယ်မိသားစုမှ အကြီးအကဲများကို ကျေနပ်စေလိမ့်မည် ဖြစ်၏။

သူမကမူ မြေကမ္ဘာနဂါး မြို့တော်ကို ယခုမှသာ ရောက်ရှိလာသည့် ပုရွက်ဆိတ်လေး တစ်ကောင်သာ ဖြစ်ရာ ရွှယ်ချိုးဟဲကို မည်ကဲ့သို့ ကူညီနိုင်ပါအံ့နည်း။

"ချင်းရို့.. ငါတို့က ခရမ်းရောင်မိုးကြိုးနတ်ဆေးလုံးကို ဝယ်ယူဖို့အတွက် မြေကမ္ဘာနဂါးရမှတ် ၅၀၀၀ လိုအပ်နေတယ်.. နင်ငါ့ကို မြေကမ္ဘာနဂါးရမှတ် ၅၀၀၀ ချေးပေးလို့ရမလား"

ရွှယ်ချိုးဟဲ၏ မျက်နှာက အနည်းငယ် နီရဲလာခဲ့သည်။

သူမက အနည်းငယ် ရှက်ရွံ့နေပုံရ၏။

မြေကမ္ဘာနဂါးရမှတ်သည် မြေကမ္ဘာနဂါးမြို့တော်တွင် အလွန်တန်ဖိုးရှိသည်။

သူမက မြေကမ္ဘာနဂါးမြို့တော်တွင် ၇နှစ်၊၈နှစ်ခန့် နေထိုင်ခဲ့သည့်သူ ဖြစ်သော်လည်း ယခုမှသာ မြေကမ္ဘာနဂါးမြို့တော်သို့ ရောက်ရှိလာသော ရွှယ်ချင်းရို့ထံကနေ ချေးငှားနေရ၍ အနည်းငယ် ဝန်လေးနေခဲ့၏။

"အစ်မချင်းရို့ ‌တောင်းပန်ပါတယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး အစ်မကို ကူညီနိုင်မယ်လို့ ကျွန်မ မထင်ဘူး.. ကျွန်မက အခုထိ မှော်နဂါးနန်းတော်ရဲ့ အဆင့်တွေကို မထိုးဖောက်ရသေးဘူး.. ဒါကြောင့် အခုကျွန်မမှာ လစဥ်ရရှိတဲ့ မြေကမ္ဘာနဂါးရမှတ် ၁၀၀ပဲရှိတယ်"

ရွှယ်ချင်းရို့က ရွှယ်ချိုးဟဲကို ‌တောင်းပန်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ထို့နောက် သူမက ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ရွှယ်ချိုးဟဲကို ပြောလိုက်၏။

"အစ်မချိုးဟဲ.. အစ်မ ဒီမြေကမ္ဘာနဂါးရမှတ် ၅၀၀၀ကို အရမ်း လိုအပ်နေလို့လား"

"ဟုတ်တယ် ညီမလေး"

ရွှယ်ချိုးဟဲက ခေါင်းညိတ်လိုက်သည်။

ကောင်းကင်နဂါးမြို့တော်၏ ဝင်ခွင့်စမ်းသပ်မှု ကျင်းပတိုင်းတွင် လူ ၁၀၀ ကျော်သာလျှင် ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ခွင့် ရနိုင်သည်။

မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်သော ပါရမီရှင်သာလျှင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို အကြွင်းမဲ့ ဖြတ်ကျော်နိုင်မည်ဟု အာမခံချက် ရှိ၏။

ကုလင်အနေဖြင့် ခရမ်းရောင်မိုးကြိုး နတ်ဆေးလုံးကို ဝယ်ယူနိုင်သောအခါမှသာ ၁နှစ်ကျော်အတွင်း သူ၏ခွန်အားကို တိုးတက်နိုင်ရန် မျှော်လင့်နိုင်မည် ဖြစ်ပြီး နဝမအဆင့်ကို ဖြတ်ကျော်ကာ အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ဖြစ်လာပေလိမ့်မည်။

နဝမအဆင့်ကို ထိုးဖောက်နိုင်မှသာလျှင် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စမ်းသပ်ပွဲကိုအောင်မြင်ရန် သေချာနိုင်သည်မဟုတ်ပါလော။

"အစ်မချိုးဟဲ.. ဒီလိုဆိုရင် ကျွန်မ မှော်နဂါးနန်းတော်ရဲ့ ပထမအဆင့်ကို ကျော်ဖြတ်တဲ့အထိ စောင့်ဆိုင်းပေးပါဦး"

ရွှယ်ချင်းရို့က အနည်းငယ်စဥ်းစားပြီးမှ ပြောလိုက်သည်။

သူမက ရွှယ်ချိုးဟဲနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိပြီး ငယ်စဥ်ကတည်းကပင် ရွှယ်ချိုးဟဲ၏ ပြုစုစောင့်ရှောက်မှုကို ခံခဲ့ရသူဖြစ်သည်။

ဖြစ်နိုင်လျှင် သူမသည် ရွှယ်ချိုးဟဲကို ကူညီရန် ဆန္ဒရှိနေခဲ့၏။

"မင်းအမှတ်တွေ ချေးယူချင်တယ်ဆိုရင် ချင်းရို့ကိုယ်စား ငါမင်းကို ချေးပေးနိုင်ပါတယ်.. ဒါပေမဲ့ မင်းသူ့ကို ဘယ်လိုမျိုး ပြန်ဆပ်မှာလဲ"

ထိုအချိန်တွင် ကျန်းချန်က ရုတ်တရက် ဝင်ရောက်ပြောဆိုလိုက်သည်။

"သူမက မြေကမ္ဘာနဂါးရမှတ် ၅၀၀၀ ချေးဖို့ဆန္ဒရှိသရွေ့ ငါသူမကို ကတိတစ်ခုပေးနိုင်တယ်"

မာနတစ်ခွဲသားဖြင့် စကား လုံးဝမပြောသော ကုလင်သည် ဤအခိုက်အတန့်တွင် ဝင်ရောက်ပြောဆိုလိုက်သည်။

ကုလင်၏စကားကို ရွှယ်ချိုးဟဲကြားလျှင် သူမသည် ကုလင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရွှယ်ချင်းရို့ကို ပြန်ကြည့်လိုက်သည်။

သူမက နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ကုလင်ကဲ့သို့ ပါရမီရှင်သည် သူမ တစ်ဦးတည်း ပိုင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

"ဘယ်လိုဆပ်မှာလဲ ပြောကြည့်ပါဦး"

ကျန်းချန်က မဲ့ပြုံးပြုံးကာ မေးလိုက်သည်။

သူ့ရှေ့မှ ကုလင်သည် မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ရီချင်းယင်နှင့် အဆင့်တူများ ဖြစ်သော်လည်း ကိုယ့်ကိုယ်ကိုယ် အလွန် အထင်ကြီးနေပုံရ၏။

"ငါကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်တာနဲ့ သူ့ကို ငါ့ရဲ့အစေခံအဖြစ် လက်ခံပြီး ငါနဲ့အတူ ကောင်းကင်နဂါးမြို့တော်ကို ခေါ်သွားမယ်"

ကုလင်က ဝင့်ကြွားစွာ ပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က အေးစက်စက်လှောင်ပြောင်လိုက်၏။

"ဟားဟား ချင်းရို့က မြေကမ္ဘာနဂါးရမှတ်ကိုလည်း ချေးရဦးမယ်.. မင်းကိုလည်း အစေခံအဖြစ် ခစားရဦးမယ် ဟုတ်လား ရယ်စရာကောင်းလိုက်တာကွာ"

"ဒါက ရယ်စရာမဟုတ်ဘူးထင်တယ်.. သူမက ငါ့ရဲ့အစေခံဖြစ်တာနဲ့ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ခွင့်ရလိမ့်မယ်.. ဒါက တစ်သက်မှာတစ်ခါသာ ရနိုင်တဲ့အခွင့်အ‌ရေးပဲ"

ကုလင်က မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီလိုအခွင့်အရေးကို မြေကမ္ဘာနဂါးရမှတ် ၅၀၀၀လောက်နဲ့ ရရှိတာက သူ့အတွက် ကံကောင်းမှုကြီး တစ်ခုပဲ"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ကုလင်ကို တည်ငြိမ်စွာကြည့်၍ ပေါ့ပါးစွာ ပြောလိုက်သည်။

"သူက မင်းကို ခစားဖို့လောက်အထိ မင်းက ထိုက်တန်မှုမရှိဘူး"

စကားဆုံးသည်နှင့် ကျန်းချန်က ကုလင်၏ ဒေါသထွက်နေသော မျက်နှာကို လျစ်လျူရှုလိုက်ကာ သူ့နံဘေးရှိ ရွှယ်ချင်းရို့ကို ကြည့်၍ ပြောလိုက်သည်။

"ချင်းရို့ သူ့ကို မြေကမ္ဘာနဂါးရမှတ်ချေးပြီး သူနဲ့အတူ ကောင်းကင်နဂါးမြို့တော်ကို လိုက်သွားချင်တဲ့ ဆန္ဒရှိလား"

"သခင်လေး.. ကျွန်မ ကောင်းကင်နဂါးမြို့တော်ထဲကို ဝင်ခွင့်မရခဲ့ရတောင် သခင်လေးနောက်ကိုပဲ လိုက်မယ်.. တခြားသူရဲ့အစေခံ မလုပ်ချင်ဘူး"

ရွှယ်ချင်းရို့က ခေါင်းခါရမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"ကျွန်မက အစ်မချိုးဟဲကို ကူညီချင်ရုံသက်သက်ပါပဲ"

"ငါနားလည်ပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကို ထုတ်ယူကာ ချင်းရို့၏ တံဆိပ်ပြားထဲသို့ မြေကမ္ဘာနဂါးရမှတ် ၁၀၀၀၀ ကို လွှဲပြောင်းပေးလိုက်သည်။

"ငါမင်းကို မြေကမ္ဘာနဂါးရမှတ် ၁၀၀၀၀ လွှဲပေးလိုက်မယ်.. မင်းအစ်မကို ချေးပေးလိုက်ဦး.. ငါအထဲကိုဝင်ပြီး အရင်းအမြစ်တွေ သွားဝယ်လိုက်ဦးမယ်"

ကျန်းချန်က စကားဆုံးသည်နှင့် အရင်းအမြစ်များ ဝယ်ယူရန် ခန်းမထဲသို့ လှမ်းဝင်သွားခဲ့သည်။

ရွှယ်ချင်းရို့က ကျန်းချန်၏ နောက်ကျောကို ကျေးဇူးတင်သောအမူအရာဖြင့် ကြည့်လိုက်သည်။

သူမ၏သခင်လေးသည် သူမ အပေါ်တွင် အမှန်တကယ်ပင် ကြင်နာခဲ့၏။

ဤမြေကမ္ဘာနဂါးမြို့တော်တွင် သခင်လေးနှင့် တွေ့ဆုံခဲ့ရသည်မှာ သူမအတွက် ကံကောင်းခြင်းတစ်ခုပင်။

"မင်းရဲ့သခင်လေးက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အကြီးအကဲ ထောက်ခံချက်ပေးထားတဲ့ ပါရမီရှင်လား"

ခန်းမထဲကို လျှောက်ဝင်သွားသော ကျန်းချန်၏ နောက်ကျောကို စိုက်ကြည့်ရင်း ကုလင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤကောင်လေးသည် အင်ပါယာနယ်ပယ်နှောင်းပိုင်းအဆင့်သာ ရှိသော်လည်း ‌ရွှေရောင်တံဆိပ်ပြားကို ပိုင်ဆိုင်ထား၏။

ယင်းက ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲ ကိုယ်တိုင် ‌ထောက်ခံချက်ပေးထားသည့် အမှတ်အသားလည်း ဖြစ်သည်။

"ဟုတ်ပါတယ် သခင်လေးက ကျွန်မလိုပဲ မြေကမ္ဘာနဂါးမြို့တော်ကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ ရောက်ရှိလာတာပါ.. မကြာသေးခင်ကပဲ သခင်လေးက မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ပကတိနတ်ဘုရားအဆင့်အောက် နဲ့ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် မြေကမ္ဘာနဂါးမြို့တော်ရဲ့ သမိုင်းမှာ ဆဋ္ဌမမြောက် ပါရမီရှင် ဖြစ်လာခဲ့တယ်"

ရွှယ်ချင်းရို့က ဂုဏ်ယူသော အမူအရာဖြင့် ပြောလိုက်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲ ကိုယ်တိုင် ထောက်ခံပေးထားသည့်ပါရမီရှင်။

ထို့အပြင် ပကတိနတ်ဘုရား အဆင့်အောက်ဖြင့် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ထိုး‌ဖောက်နိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော မွန်းစတားတစ်ကောင်လည်း ဖြစ်သည်။

ကုလင်၏ ခက်ထန်သော မျက်နှာထက်တွင် ရှက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပါရမီဖြင့်သာဆိုလျှင် ဤမြေကမ္ဘာနဂါးမြို့တော်တွင် ၁၀နှစ်ကျော် နေထိုင်လိုက်သည်နှင့် ပကတိနတ်ဘုရားအဆင့် ပါရမီရှင်ဖြစ်လာရန်မှာ လွယ်ကူလိမ့်မည် ဖြစ်၏။

စဥ်းစားကြည့်လျှင် အစောပိုင်းက သူ၏ အပြုအမူသည် ကျန်းချန်၏ရှေ့တွင် အတော်လေး ရယ်စရာကောင်းနေခဲ့သည် မဟုတ်ပါလော။

"အစ်မချိုးဟဲ.. ကျွန်မ မြေကမ္ဘာနဂါးရမှတ် ၅၀၀၀ ကို အစ်မဆီ လွှဲပေးပါ့မယ်"

ရွှယ်ချင်းရို့က မြေကမ္ဘာနဂါးရမှတ် ၅၀၀၀ ကို ရွှယ်ချိုးဟဲထံသို့ လွှဲပြောင်းပေးလိုက်သည်။

"ကျွန်မ သခင်လေး နောက်ကိုလိုက်သွားဦးမယ်.. နောက်မှပဲ အချိန်ရရင် စကားအေးဆေး ပြောကြတာပေါ့"

ထို့နောက်တွင် ရွှယ်ချင်းရို့သည် အရင်းအမြစ်ရောင်းချသည့်ခန်းမသို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့သည်။

"ညီမချင်းရို့.. ကျေးဇူးတင်ပါတယ်"

ရွှယ်ချင်းဟဲက ကျေးဇူးတင်စကားပြောလိုက်သည်။

သူမ၏ စိတ်နှလုံးထဲတွင် ခံစားချက် အများအပြား ရှိနေခဲ့သည်။

သူမ၏ ကံတရားက အတော်လေး ကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း ချင်းရို့၏ ကံတရားက ပိုမို၍ ကောင်းနေခဲ့၏။

ထိုကောင်မလေးသည် မြေကမ္ဘာနဂါးမြို့တော်ထဲသို့ ရောက်သည်နှင့် နှစ်တစ်သိန်းတွင် တစ်ခါသာ ထွက်ပေါ်ခဲ့သည့် ကျန်းချန်ကဲ့သို့ မွန်းစတား တစ်ကောင်ကို မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသည်။

ကျန်းချန် ကြီးပြင်းလာသည်နှင့်အမျှ ချင်းရို့ သည်လည်း ကောင်းကင်ပေါ်သို့ တက်လှမ်းသွားလိမ့်မည် မဟုတ်ပါလား။

အခန်း(၁၅၂၀)ပြီး၏။

အခန်း(၁၅၂၁)

မြေကမ္ဘာနဂါးမြို့တော်၏ အမြူတေဧရိယာ အမှတ်၁၆၆ စီရင်စု။

ကျန်းချန်က သူ၏လက်ထဲရှိ လက်ကျန် မြေကမ္ဘာနဂါးရမှတ် ၇၀၀၀၀လုံးကို ကျင့်ကြံခြင်း အရင်းအမြစ်များဖြင့် လဲလှယ်ပြီးနောက်တွင် စီရင်စုသို့ ပြန်လာခဲ့ပြီး မြူများ ဝိုင်းရံနေသော ရေအိုင်အလယ်ရှိ ကျွန်းငယ်လေး တစ်ခုပေါ်တွင် စတင် ကျင့်ကြနေခဲ့သည်။

သူက ပုဝေ့ အဖျော်ယာမကာဆိုင်ကနေ လာရောက်ပို့ဆောင်ပေးသည့် အဖျော်ယမကာကို ဦးစွာ သောက်သုံးလိုက်၏။

ကတိမုန်တိုင်း အဖျော်ယမကာတစ်ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ လေဥပဒေသသည် ဒုတိယအဆင့်သို့ရောက်ရှိသွားခဲ့ပြီး သူ၏ စွမ်းအားကို များစွာ တိုးမြှင့်ပေးခဲ့သည်။

ထာဝရအချိန် အဖျော်ယမကာ တစ်ခွက်သည်လည်း ကျန်းချန်၏ အချိန်ဥပဒေသကို ဒုတိယအဆင့်ထိ မြှင့်တင်ပေးခဲ့၏။

ထို့အတူ ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည်လည်း အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်သည် အသက်အဆီအနှစ် အဖျော်ယမကာကို ဆက်လက် သောက်သုံးလိုက်၏။

"ဒင်.. သင်က အသက် အဆီအနှစ် အဖျော်ယမကာကို တစ်ငုံသောက်သုံးပြီး မူလစွမ်းအား အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အသက်အဆီအနှစ် အဖျော်ယမကာကို သောက်သုံးပြီး အသက်ဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အသက် အဆီအနှစ် အဖျော်ယမကာကို တစ်ငုံသောက်သုံးပြီး မူလစွမ်းအား အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က အသက်အဆီအနှစ် အဖျော်ယမကာကို သောက်သုံးပြီး အသက်ဥပဒေသ အတွေ့အကြုံရမှတ် ၁၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"..........."

"ဒင်.. သင့်ရဲ့ အသက်ဥပဒေသက ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ"

အသက်အဆီအနှစ် အဖျော်ယမကာခွက်ကြီး၂ခွက်ကို သောက်သုံးပြီးနောက်တွင် ကျန်းချန်၏ ဥပဒေသများထဲတွင် အားအနည်းဆုံးဖြစ်သည့် အသက်ဥပဒေသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်သို့ ‌ရောက်ရှိနေပြီ ဖြစ်၍ ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်ကို ထပ်မံ မရရှိနိုင်တော့ပေ။

အင်ပါယာနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်နှင့်ဒုတိယအဆင့်ကို ရောက်ရှိနေသည့် ကိုယ်ခံပညာ ဥပဒေသ၇မျိုး။

ကျန်းချန်၏ မျက်လုံးများက တောက်ပသွားခဲ့သည်။

ပုဝေ့ အဖျော်ယမကာဆိုင်ကနေ ဝယ်ယူခဲ့သော အဖျော်ယမကာများကို သောက်သုံးပြီးနောက်တွင် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်စဥ်ကထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာခဲ့ချေပြီ။

သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ဥပဒေသ ၇မျိုးကို ပေါင်းစည်းကာ အသုံးပြုမည်ဆိုလျှင် သာမန် ပကတိနတ်ဘုရား များကို သတ်ပစ်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

"နောက်ထပ် လုပ်ရမှာက ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအားကို နတ်စွမ်းအားအဖြစ် ပြောင်းလဲဖို့နဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို နားလည်သဘောပေါက်ဖို့ပဲ"

ကျန်းချန်က သူ့ဘာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ယခု သူ၏ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲထားသော နတ်စွမ်းအားသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသေး၏။

ကျန် ၉၀ ရာခိုင်နှုန်းကို နတ်စွမ်းအားအဖြစ် ပြောင်းလဲပြီးသည်နှင့် ပကတိနတ်ဘုရား အဆင့်ကို ချောမွေ့စွာ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

သို့သော်လည်း အဆ ၁၀၀ စနစ်ကြောင့် အခြားသူများ ကဲ့သို့ ပကတိနတ်ဘုရား ကပ်ဘေးကို သူက ဖြတ်ကျော်ရမည် မဟုတ်ပေ။

ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ၁မီတာခန့်အချင်းရှိသော အပြာရောင် ကျောက်စိမ်းတုံး တစ်တုံးသည် သူ၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

ထိုကျောက်စိမ်းတုံးသည် ကျန်းချန်က အရင်းအမြစ်ဌာနတွင် ဝယ်ယူခဲ့သော မှော်ရတနာ ဖြစ်၏။

ထိုကျောက်စိမ်းတုံးပေါ်တွင် ထိုင်၍ ကျင့်ကြံပါက နတ်စွမ်းအားကို ပြောင်းလဲသည့် အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သည့် အာနိသင်ရှိသည်ဟု ဆိုကြ၍ ကျန်းချန်သည် မြေကမ္ဘာနဂါးရမှတ် ၂၀၀၀၀ ကို သုံးစွဲ၍ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ကျော်စိမ်းတုံးကို ထုတ်ယူပြီးနောက်တွင် ကျန်းချန်သည် အချိန်ဖြုန်းမနေတော့ဘဲ ကျောက်စိမ်းတုံးပေါ်တွင် တင်ပျဥ်ခွေ၍ ထိုင်လိုက်ကာ စတင် ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က ၁မိနစ် လေ့ကျင့်ပြီး သင့်ရဲ့ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို နတ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်ပါပြီ"

"ဒင်..သင်က ၁မိနစ် လေ့ကျင့်ပြီး သင့်ရဲ့ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို နတ်စွမ်းအားအဖြစ် ပြောင်းလဲလိုက်ပါပြီ"

"............."

ကျောက်စိမ်းတုံး၏ အကူအညီနှင့်အတူ ကျန်းချန်၏ နတ်စွမ်းအားအဖြစ် ပြောင်းလဲမှု အရှိန်အဟုန်သည် ယခင်ကထက်များစွာ ပိုမိုမြန်ဆန်လာခဲ့သည်။

တစ်လခန့်ကြာပြီးနောက်တွင် ကျန်းချန်သည် ခန္ဓာကိုယ်ထဲမှစွမ်းအားများကို နတ်စွမ်းအား အဖြစ် ၃၀ရာခိုင်နှုန်းအထိ ပြောင်းလဲနိုင်ခဲ့သည်။

သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် နတ်စွမ်းအား ပိုမို များပြားလာသည်နှင့်အမျှ ကျောက်စိမ်းတုံး၏ အကူအညီဖြင့်ပင် ပြောင်းလဲမှု အရှိန်အဟုန်သည် ပို၍ နှေးကွေးလာခဲ့၏။

ကျန်းချန်သည် ၃၀ရာခိုင်နှုန်းကနေ ၆၀ရာခိုင်နှုန်း အထိ ရောက်ရှိရန် ၃လခန့် ကြာမြင့်ခဲ့သည်။

၆၀ရာခိုင်နှုန်းကနေ ၉၀ရာခိုင်နှုန်းသို့ ရောက်ရှိရန်အတွက် ၅လကျော်ခန့် ကြာမြင့်ခဲ့၏။

"၉လတောင် ကျော်သွားခဲ့ပြီ.. ၁နှစ်ပြည့်ဖို့ ၂လကျော်လောက်ပဲကျန်တော့တယ် နောက်ဆုံး ၁၀ရာခိုင်နှုန်းကို နတ်စွမ်းအားအဖြစ် ပြောင်းလဲပြီး ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့ ပြဿနာမရှိတော့ဘူး ထင်တယ်"

ကျန်းချန်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

မြေကမ္ဘာနဂါးမြို့တော်ရှိ သာမန်ပါရမီရှင် အများအပြားသည် ပကတိနတ်ဘုရားအဆင့်ကို ၁၀နှစ်ကျော် ကြာသည့်တိုင် မထိုးဖောက်နိုင်ဘဲ နတ်တစ်ပိုင်း အဆင့်တွင် ရပ်တန့်နေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

အကြောင်းအရင်းမှာ နတ်စွမ်းအားပြောင်းလဲမှု အရှိန်အဟုန်သည် အမှန်တကယ်ကို နှေးကွေးလွန်းသောကြောင့်ပင်။

သူ၏ အဆ၁၀၀စနစ်အကူအညီနှင့် ကျောက်စိမ်းတုံး၏ အကူအညီတို့ ပေါင်းစပ်လိုက်လျှင် ၆လအတွင်း နတ်စွမ်းအား ပြောင်းလဲမှုကို ပြီးမြောက်စေရန် လုံလောက်မည်ဟု မူလက ထင်မှတ်ခဲ့သော်လည်း ၁နှစ်မျှ ကြာမြင့်လိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

သို့သော်လည်း ကျန်းချန်သည် ဤအရှိန်အဟုန်ကို လက်ခံနိုင်ခဲ့သည်။

ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်သော အချိန်တွင် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို နားလည်သဘောပေါက်ခြင်းသည်လည်း ၃ပုံ၂ပုံ အထိ ရောက်ရှိလာမည်ဟု ခန့်မှန်းရ၏။

ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စမ်းသပ်ပွဲ မစတင်မီ လအနည်းငယ် ကျန်ရှိနေသေးသည်ဖြစ်ရာ သူ့အနေဖြင့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို မည်သည့် ပြဿနာမှမရှိဘဲ အောင်မြင်စွာ လေ့ကျင့်နိုင်မည် ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် အလယ်အလတ်အဆင့် ပကတိနတ်ဘုရား သို့မဟုတ် အဆင့်မြင့် ပကတိနတ်ဘုရားများထက်ပင် မနိမ့်ကျနိုင်တော့ပေ။

ကောင်းကင်နဂါးဝင်ခွင့် စမ်းသပ်မှုကို ကျော်ဖြတ်ကာ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ရန်မှာ လုံလောက်သည်ထက်ပင် ပိုနေဦးမည် မဟုတ်ပါလော။

ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် ဆက်လက်လေ့ကျင့်နေခဲ့သည်။

အလွန် လျင်မြန်စွာပင် ၂လ ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။

ကျန်းချန်သည်လည်း အဆုံးသတ်တွင် သူ၏ ခန္ဓာကိုယ်ရှိ နောက်ဆုံးစွမ်းအင်ကို နတ်စွမ်းအားအဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် စနစ်၏ သတိပေးချက်သည်လည်း ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

"ဒင်.. သင့်ရဲ့ စွမ်းအင်က နတ်စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွားတဲ့ အတွက် ပကတိနတ်ဘုရား ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ပါတယ်"

စနစ်၏ သတိပေးချက်အဆုံးသတ်သည်နှင့် ကျန်းချန်သည် ကောင်းကင်ယံထက်တွင် မိုးကြိုးတိမ်တိုက်များ စုဖွဲ့လာသည်ကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

ကျန်းချန်က ခဏမျှ မှင်တက်သွားခဲ့သည်။

အဆ ၁၀၀စနစ်သည် ပကတိနတ်ဘုရား ကပ်ဘေးကို လျစ်လျူရှုနိုင်ခြင်း မရှိပါသလော။

ဤအတိုင်းဆိုလျှင် သူ့အနေဖြင့် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် ကပ်ဘေးကို ကျော်ဖြတ်ရတော့မည်ဟု တွေးမိခဲ့သည်။

ကျန်းချန်က ခဏမျှ မှင်တက်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည် အသိဝင်လာခဲ့၏။

သူ၏ လက်ရှိအစွမ်းဖြင့်ဆိုလျှင် ပကတိနတ်ဘုရား ကပ်ဘေးသည် သူ့ကိုမည်ကဲ့သို့ ပြဿနာ ဖြစ်စေအံ့နည်း။

ကျန်းချန်က ခေါင်းကိုမော့လိုက်ကာ ကောင်းကင်ယံကို စူးစိုက်ကြည့်လိုက်သည်။

သူက ကပ်ဘေးကိုဖြတ်ကျော်ရန် အသင့်ပြင်လိုက်စဥ်မှာပင် စနစ်ထံမှ သတိပေးချက်သည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

"ဒင်.. အဆ၁၀၀စနစ်က သင့်အတွက် ပကတိနတ်ဘုရားကပ်ဘေးကို အလိုအလျောက် ပိတ်ဆို့ပေးထားလိုက်ပါပြီ"

"ဒင်.. သင်က ပကတိနတ်ဘုရားအဆင့်ကို အောင်မြင်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့ပါပြီ"

ချက်ချင်းဆိုသလိုပင် မှော်ဆန်သော စွမ်းအားများသည် အရပ်မျက်နှာအနှံ့ကနေ စုစည်းလာခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်နှင့်ဝိညာဥ်ကို ဆေးကြောပေးနေခဲ့သည်။

တဖြည်းဖြည်းနှင့် ကျန်းချန်၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းများ တောက်ပလာခဲ့ပြီး အင်မော်တယ်အရှိန်အဝါများကိုပင် ထုတ်လွှတ်လာခဲ့၏။

ထို့နောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် တောက်ပသော ရွှေရောင်အလင်းသည် ကျောဘက်တွင် ဧရာမရွှေရောင်ဓားရိပ် အဖြစ်သို့ တိုက်ရိုက်ပင် စုစည်းသွားခဲ့သည်။

ထိုရွှေရောင်ဓားရိပ်သည် ကောင်းကင်ထောက်တိုင် တစ်ခုကဲ့သို့ ကျန်းချန်၏ ကျောဘက်တွင် ရှိနေခဲ့ပြီး နေ၊လနှင့်ကြယ်များ ဝိုင်းရံနေကာ ကမ္ဘာကြီး၏ မူလအစနှင့် ရှေးဟောင်းစကြာဝဠာ၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေ၏။

"ဒီရွှေရောင်ဓားရိပ်က ငါ့ရဲ့နတ်ခန္ဓာပုံရိပ် ဖြစ်ပုံရတယ်"

သူ၏ကျောဘက်မှ ရွှေရောင်ဓားရိပ်ကို ခံစားမိလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျင့်ကြံသူများသည် ကပ်ဘေးကို ဖြတ်ကျော်၍ ပကတိနတ်ဘုရား အဆင့်ကို ထိုး‌ဖောက်ဝင်ရောက်ပြီးနောက်တွင် ခန္ဓာကိုယ်နှင့် ဝိညာဥ်သည် နတ်ဘုရားများ အဖြစ်သို့ ပြောင်းလဲသွားရုံသာမက နတ်ခန္ဓာပုံရိပ် ကိုပါ စုစည်းနိုင်ကြ၏။

ရှင်းလင်းစွာဆိုရလျှင် ကိုယ်ခံပညာရှင်များသည် ကွဲပြားသောသွေးစွမ်းအားနှင့် ကိုယ်ခံပညာ ဥပဒေသများကို ကိုယ်စီပိုင်ဆိုင်ကြ၍ ၎င်းတို့ စုစည်းလိုက်သော နတ်ခန္ဓာပုံရိပ်သည်လည်း တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။

ကျန်းချန် သိထားသလောက် ဆိုလျှင် နတ်ခန္ဓာပုံရိပ်များကိုလည်း သာမန်ပုံရိပ်၊ ဘုရင်အဆင့်ပုံရိပ်၊ အင်ပါယာအဆင့်ပုံရိပ်နှင့် သူတော်စင်အဆင့်ပုံရိပ် ဟူ၍ အဆင့်များဖြင့် ခွဲခြားထားသည်။

ပကတိနတ်ဘုရား နယ်ပယ်အဆင့် ကျင့်ကြံသူများ စုစည်းထားသော နတ်ခန္ဓာပုံရိပ်သည် ၎င်းတို့၏ အလားအလာနှင့်ပါရမီကို ပြသနေသော လက္ခဏာတစ်ရပ်လည်း ဖြစ်၏။

ယေဘုယျအားဖြင့် သာမန်ပုံရိပ်ကိုသာ စုစည်းနိုင်သောကျင့်ကြံသူတစ်ဦးသည် တစ်သက်တာလုံး ပကတိနတ်ဘုရားအဆင့်တွင် သောင်တင်သွားနိုင်ပေသည်။

ဘုရင်အဆင့်ပုံရိပ်ကမူ ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်လာနိုင်သည့် အလားအလာကို ကိုယ်စားပြု၏။

အင်ပါယာအဆင့် ပုံရိပ်ကမူ နယ်မြေနတ်ဘုရားအဆင့် ဖြစ်လာရန် မျှော်လင့်ချက် ရှိသည်။

သူတော်စင်ပုံရိပ် အတွက်ကမူ နတ်ဘုရင် အဆင့်ပင် ဖြစ်လာနိုင်မည့် အလားအလာရှိသည့် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုပင်။

အခန်း(၁၅၂၁)ပြီး၏။

All Chapters