အခန်း (၁၅၂၂-၁၅၂၄)
Vol. 102 Ch. 1522-1524
အခန်း(၁၅၂၂)
နတ်ခန္ဓာပုံရိပ်သည် တစ်စိတ်တစ်ပိုင်းအားဖြင့် ပါရမီနှင့်အလားအလာကို ကိုယ်စားပြုသော်လည်း မည်သည့်အရာမှ အကြွင်းမဲ့ မဟုတ်ပေ။
အကြောင်းအရင်းမှာ သာမန် နတ်ခန္ဓာပုံရိပ်ကို စုစည်းထားနိုင်သော်လည်း ကြီးမားသော အခွင့်အလမ်းများကို ရရှိပြီး အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရားများနှင့် နယ်မြေနတ်ဘုရားများပင် ဖြစ်လာသူများ ရှိသောကြောင့်ပင်။
မှန်ပါသည်။ ထိုကဲ့သို့သော ဖြစ်တည်မှုသည် လူနည်းစုမျှသာဖြစ်၏။
နတ်ခန္ဓာ ပုံရိပ် ပိုမိုမြင့်မားလေ၊ ကျင့်ကြံသူက အနာဂတ်တွင် ပိုမို မြင့်မားသော နယ်ပယ်အဆင့်သို့ တက်လှမ်းနိုင်ခြေသည် သံသယဖြစ်ဖွယ်ရာ မရှိ ပိုမို ကြီးမား၏။
ထိုမျှသာမက အဆင့်မြင့်သော နတ်ခန္ဓာပုံရိပ်သည် ကျင့်ကြံသူကို ပိုမိုအားကောင်းသော တိုက်ခိုက်နိုင်စွမ်းကိုပါ ထုတ်ဖော်နိုင်စေသည်။
ဘုရင်အဆင့် နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်သော ကျင့်ကြံသူသည် သာမန်နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်သော အဆင့်တူကျင့်ကြံသူကို အလွယ်တကူပင် ချေမှုန်းနိုင်စွမ်းရှိ၏။
ကျန်းချန်က သူ၏ ကျောဘက်ရှိ ရွှေရောင်ဓားရိပ်က မည်သည့်အဆင့် နတ်ခန္ဓာပုံရိပ် ဖြစ်သည်ကို မသိသော်လည်း အလွန် အစွမ်းထက်သည်ဟု ခံစားခဲ့ရပြီး အနည်းဆုံးတော့ သာမန် နတ်ခန္ဓာပုံရိပ်အဆင့်ကို ကျော်လွန်မည်မှာ သေချာသလောက်ပင်။
"အခု ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးပြီ ဆိုတော့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံဖို့ပဲ လိုတော့တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို နတ်ခရစ္စတယ် အများအပြားကို ထုတ်ယူကာ ဆက်လက် လေ့ကျင့်ခဲ့သည်။
သူက ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ချိန်တွင် စီရင်စုအထက်၌ ရုတ်တရက် မိုးကြိုးမုန်တိုင်းများသည် စုဝေးလာခဲ့သည်။
ထိုမြင်ကွင်းသည် မုန့်ဖျင်နှင့် ရွှယ်ချင်းရို့တို့၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။
သူတို့နှစ်ဦးစလုံးက လေ့ကျင့်မှုကို ရပ်တန့်လိုက်ကြပြီး စီရင်စုအလယ်စု ကျွန်းငယ်လေး ဆီသို့ သွားရောက်ခဲ့ကြသည်။
ရွှယ်ချင်းရို့က ကောင်းကင်ယံတွင် လှိုင်းထနေသော မိုးကြိုးတိမ်တိုက်များကို ငေးကြည့်ရင်း မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"အိမ်တော်ထိန်း မုန့်.. ဒါက ပကတိနတ်ဘုရားကပ်ဘေး ရောက်လာတာ ဖြစ်မယ်ထင်တယ် ကြည့်ရတာ.. သခင်လေးက ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်တော့မဲ့ပုံပဲ"
"အမှန်ပဲ.. ဒါက တကယ်ကို အံ့သြစရာကောင်းတယ်.. သခင်ကြီးကျန်းချန်က ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပကတိ နတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
မုန့်ဖျင်သည်လည်း ရွှယ်ချင်းရို့ ကဲ့သို့ပင် ထပ်တူကျစွာ စိတ်လှုပ်ရှားနေခဲ့သည်။
ကျန်းချန်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်ဖြင့် နတ်တစ်ပိုင်းအဆင့် စွမ်းအားကို မွေးမြူထားနိုင်သော်လည်း ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် အနည်းဆုံး ၂နှစ်ခန့် ကြာမြင့်မည်ဟု သူ မူလက တွေးထားခဲ့သည်။
အထူးသဖြင့် ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နည်းစနစ်ကဲ့သို့ မပြည့်စုံသော ကျင့်ကြံခြင်း နည်းစနစ်ကို ကျင့်ကြံနေခဲ့၏။
ကျန်းချန်သာ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို နားလည်သဘောပေါက်ရန် အချိန်များစွာ သုံးစွဲခဲ့လျှင် ပကတိနတ်ဘုရားအဆင့်သို့ ထိုးဖောက်ရန်အတွက် ၁နှစ်သို့မဟုတ်၂နှစ်ခန့် နောက်ကျနေမည်ကို သူ စိုးရိမ်နေမိခဲ့သည်။
သို့သော်လည်း ကျန်းချန်က ၁နှစ်တည်းဖြင့်ပင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့ရာတွင် မုန့်ဖျင်သည် ကျန်းချန်က ပကတိနတ်ဘုရား အဆင့်အောက်ဖြင့် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်ကာ စံချိန်ချိုးဖျက်ခဲ့သော ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ဖြစ်သည်ဟု တွေးမိသောအခါတွင် စိတ်သက်သာရာ ရသွားခဲ့သည်။
ထိုသို့သော မွန်းစတားများသည် သာမန် အတိုင်းအတာဖြင့် တိုင်းတာနိုင်သောသူများ မဟုတ်ပေ။
"သခင်ကြီးကျန်းချန်က မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တယ်.. အခု ပကတိနတ်ဘုရားအဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့မယ် ဆိုရင် သခင်ကြီးကျန်းချန် အတွက် အဋ္ဌမအဆင့်ကို ဖြတ်ကျော်ဖို့အတွက် ဆိုတာ အလွယ်လေးပဲ.. နဝမအဆင့်ကို ဖြတ်ကျော်ပြီး အစစ်အမှန် နဂါးပါရမီရှင် တစ်ဦးတောင် ဖြစ်လာနိုင်တယ်"
ထိုကဲ့သို့ တွေးမိလျှင် မုန့်ဖျင်သည် အလွန်တရာပင် စိတ်လှုပ်ရှားလာခဲ့သည်။
ဖြစ်နိုင်သည်မှာ နောက်ထပ် ကျင်းပမည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲကို စောင့်ဆိုင်းနေရန် မလိုအပ်တော့ပေ။
၆လအကြာတွင် ကျင်းပမည့် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စစ်ဆေးပွဲတွင် ကျန်းချန်သည် ကောင်းကင်နဂါး မြို့တော်သို့ တက်လှမ်းရန် မျှော်လင့်ချက်ရှိနေပြီ မဟုတ်ပါလော။
"အိမ်တော်ထိန်းမုန့်.. ကြည့်စမ်းပါဦး.. ကောင်းကင်ယံက မိုးကြိုးတိမ်တိုက်တွေ ပျောက်ကွယ်သွားခဲ့ပြီ. ဒါဘယ်လိုဖြစ်ရတာလဲ"
ထိုအချိန်မှာပင် ရွှယ်ချင်းရို့၏ တအံ့တသြ ရေရွတ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မုန့်ဖျင်က ထိတ်လန့်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်ရာ ကောင်းကင်ယံရှိ မိုးကြိုးတိမ်တိုက်များသည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် ပျံ့လွင့်စ ပြုနေသည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မိုးကြိုးတိမ်တိုက်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်သည် တစ်ဖန်ကြည်လင်သွားခဲ့သည်။
မုန့်ဖျင်က ခပ်တိုးတိုး ညည်းညူလိုက်၏။
"ကြည့်ရတာ သခင်ကြီးကျန်းချန်က ကိုယ်ခံပညာ ဥပဒေသကို ပိုမိုနက်ရှိုင်းအောင် လုပ်ချင်တာကြောင့် နတ်စွမ်းအားကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ပကတိနတ်ဘုရား အဆင့်ကို မထိုးဖောက်သေးတာ ဖြစ်ရမယ်"
နတ်ဘုရားနယ်မြေမှ ပါရမီရှင် အများအပြားသည် သူတို့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများက နတ်စွမ်းအားအဖြစ်သို့ လုံးဝပြောင်းလဲပြီးနောက်တွင် ပကတိနတ်ဘုရား အဆင့်ကို မထိုးဖောက်သေးဘဲ နောက်ပိုင်းမှသာ ထိုးဖောက်ကြလေ့ ရှိသည်။
ဆိုရလျှင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ရာတွင် ကိုယ်ခံပညာ ဥပဒေသသည်လည်း အလွန်အရေးကြီးသော အရာ ဖြစ်၏။
ယေဘုယျအားဖြင့် ကိုယ်ခံပညာဥပဒေသ ပိုမိုအားကောင်းသော ကျင့်ကြံသူသည် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ပိုမို အဆင့်မြင့်သော နတ်ခန္ဓာပုံရိပ်ကိုစုစည်းနိုင်ဖွယ် ရှိ၏။
ဥပမာအားဖြင့် နတ်စွမ်းအားကို လုံးဝ ပြောင်းလဲထားသော ကျင့်ကြံသူသည် ကိုယ်ခံပညာဥပဒေသ ပထမအဆင့်ဖြင့် ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့လျှင် သာမန် နတ်ခန္ဓာပုံရိပ်ကိုသာ စုစည်းနိုင်ဖွယ် ရှိသည်။
သို့သော်လည်း ကိုယ်ခံပညာ ဥပဒေသကို ဒုတိယအဆင့် အထိ မြှင့်တင်ပြီးမှ ထိုးဖောက်လျှင်မူ ဘုရင်အဆင့် နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်ရန်ပင် အခွင့်အရေး ရှိလာနိုင်ပေသည်။
ထို့ကြောင့် ပါရမီရှင် အများအပြားသည် နတ်စွမ်းအား အဖြစ်သို့ လုံးဝ ပြောင်းလဲပြီးနောက်တွင် ပကတိနတ်ဘုရား ကပ်ဘေးကို တားဆီးကာ ၎င်းတို့၏ ကိုယ်ခံပညာ ဥပဒေသကို အဆင့်မြင့်သထက် မြင့်အောင် ကြိုးစားကြလေ့ ရှိ၏။
"သခင်ကြီး ကျန်းချန်မှာ သူ့အစီအစဥ်နဲ့သူ ရှိမှာပါ.. ငါတို့တွေဝင်မစွက်ဖက်သင့်ဘူး"
မုန့်ဖျင်က ပြုံး၍ ပြောလိုက်သည်။
မြေကမ္ဘာနဂါးမြို့တော်သို့ ကျန်းချန် ရောက်ရှိသည်မှာ ၁နှစ်သာ ရှိသေး၏။
အကယ်၍ လာမည့်နှစ်တွင် ကျင်းပမည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ပါဝင်ခဲ့လျှင်ပင် ၁၀နှစ်အပြည့် ကျန်ရှိနေသေးသည်။
သူ၏ သခင်ကြီးကျန်းချန်သည် အနာဂတ် ကျင့်ကြံခြင်း လမ်းစဥ်ကို ပိုမိုချောမွေ့စေရန် အတွက် ကိုယ်ခံပညာ ဥပဒေသကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ပြီးမှသာလျှင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ရန် ကြံရွယ်ထားပုံရ၏။
ကျွန်းငယ်လေးပေါ်မှ ကျန်းချန်သည် ပြင်ပတွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိခဲ့ပေ။
သူက နတ်ခရစ္စတယ်များကို ကျင့်ကြံရန်အတွက် စုပ်ယူနေခဲ့ပြီး သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်နေခဲ့သည်။
"ဒင်.. သင်က နတ်ခရစ္စတယ် တစ်ခုကို ကျင့်ကြံရန်အတွက် စုပ်ယူလိုက်ပါတယ်"
"သင့်ရဲ့ နတ်စွမ်းအား အတွေ့အကြုံရမှတ် ၁၀မှတ်က အဆ ၁၀၀ တိုးတက်သွားခဲ့ပါပြီ"
"ဒင်.. သင်က နတ်ခရစ္စတယ် တစ်ခုကို ကျင့်ကြံရန်အတွက် စုပ်ယူလိုက်ပါတယ်"
"သင့်ရဲ့ နတ်စွမ်းအား အတွေ့အကြုံရမှတ် ၁၀မှတ်က အဆ ၁၀၀ တိုးတက်သွားခဲ့ပါပြီ"
"............"
ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို စုပ်ယူရန်အတွက် ကျင့်ကြံခြင်းနည်းစနစ် တစ်ခုကို အဘယ်ကြောင့် အသုံးပြုရန် လိုအပ်သည်အား အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ကျင့်ကြံခြင်းနည်းစနစ် မရှိဘဲ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စုပ်ယူခြင်းသည် ထိခိုက်မှု တကယ်ကို နည်းပါး၏။
သူ့တွင်သာ အဆ၁၀၀စနစ် မရှိခဲ့လျှင် သူသည် နတ်ခရစ္စတယ်ကို စုပ်ယူ၍ လေ့ကျင့်နေခဲ့သည့်တိုင် ၁၀နှစ်မျှ ကြာမြင့်လျှင်ပင် တိုးတက်ရန် ခက်ခဲလိမ့်မည်မှာ သေချာသလောက်ပင်။
သူက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ကောင်းစွာစုပ်ယူနိုင်သော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ပိုင်ဆိုင်ထားသော်လည်း အဆ၁၀၀ စနစ်သည် ပြီးပြည့်စုံသော အဆင့်အထိ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို မဖြည့်စွက်ရသေး၍ သူ့အနေဖြင့် အောင်မြင်စွာ နားလည် သဘောပေါက်ခြင်း မရှိသေးပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံမှုသည် ထိရောက်မှု မမြင့်မားသေးခြင်း ဖြစ်သည်။
သို့သော်လည်း သိပ်မကြာခင်မှာပင် မူလက မပြည့်စုံသော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အဆုံးသတ်တွင် အဆ၁၀၀ စနစ်သည် လုံးဝကို ဖြည့်စွက်နိုင်ခဲ့သည်။
ဤသို့ဖြင့် မပြည့်စုံသော ကောင်းကင်နတ်ဘုရား အဆင့်နည်းစနစ်ကနေ နတ်ဘုရင်အဆင့် နည်းစနစ်တစ်ခု ဖြစ်လာခဲ့၏။
ပြီးပြည့်စုံသော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို လက်ခံရရှိပြီးနောက်တွင် ထိုကျင့်ကြံခြင်းနည်းစနစ်ကို နားလည်သဘောပေါက်မှုသည် သိသိသာသာပင် ပိုမို မြန်ဆန်လာခဲ့သည်။
၅လအောက် အချိန်အတွင်း ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ နောက်ဆုံးကျန်ရှိသည့် ၃ပုံ၁ပုံကို လုံးဝ နားလည်သွားခဲ့သည်။
"ဒင်.. သင်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်တဲ့ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို အောင်မြင်စွာ နားလည်သွားခဲ့ပါပြီ"
စနစ်၏ သာယာသော သတိပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ လုပ်ဆောင်ပုံ နည်းလမ်းများက သူ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။
သူက ချက်ချင်းဆိုသလိုပင် စိတ်ထဲတွင် ရှိနေသည့် နည်းလမ်းအတိုင်း လိုက်လံ လုပ်ဆောင်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်သောနည်းလမ်းဖြင့် ပတ်ဝန်းကျင်တွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေခဲ့သည်။
ထို့နောက်တွင်မူ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများသည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဟုန်ဖြင့် အရပ်မျက်နှာ အားလုံးကနေ စုစည်းလာခဲ့ပြီး ကျန်းချန်၏ ခေါင်းပေါ်တွင် ရုန့်ရင်းသော ဟင်းလင်းပြင်နဂါးတစ်ကောင်၏ ရုပ်ပုံကို စုစည်းလိုက်သည်။
"ဒင်.. သင်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လုပ်ဆောင်လိုက်ပါတယ်"
"သင်က နတ်စွမ်းအား အတွေ့အကြုံရမှတ် ၅၀၀ ကို အဆ၁၀၀ ရရှိပါတယ်"
ထိုအချိန်တွင် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။
"လခွမ်း.. ခုနက နတ်ခရစ္စတယ်နဲ့ ကျင့်ကြံတာထက် အဆပေါင်းများစွာ ပိုမြန်နေပါလား"
ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ဖြင့် စုပ်ယူရာတွင် နတ်စွမ်းအား ကြီးထွားမှုနှုန်းသည် တကယ်ကိုပင် ပိုမို မြန်ဆန်နေခဲ့သည်။
အထူးသဖြင့် သူ၏ ကျင့်ကြံခြင်းနည်းစနစ်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်ရာ သာမန် ကောင်းကင်နတ်ဘုရားအဆင့် နည်းစနစ်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်နေ၏။
လက်ရှိ ကျင့်ကြံခြင်း အရှိန်အဟုန်ဖြင့်သာဆိုလျှင် ကျန်းချန်သည် မည်သည့် ပြင်ပအင်အားကိုမှ အားမကိုးလျှင်ပင် ၁လ သို့မဟုတ်၂လအတွင်း အလယ်အလတ် ပကတိနတ်ဘုရား အဆင့်သို့ ထိုးဖောက်နိုင်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်ခဲ့သည်။
အခန်း(၁၅၂၂)ပြီး၏။
အခန်း(၁၅၂၃)
မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေဧရိယာ စီရင်စုအမှတ် ၁၆၆။
ကျန်းချန်က နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်ခဲ့ပြီးနောက်တွင် နေရာအနှံ့မှ စွမ်းအင်များကို ကျွန်းပေါ်သို့ စုစည်းစေခဲ့သည်။
အဆုံးသတ်တွင် ကျွန်းပေါ်၌ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေသော နဂါးပုံရိပ်တစ်ခု အဖြစ်သို့ စုစည်းသွားခဲ့သည်။
ထိုပုံရိပ်သည် မုန့်ဖျင်နှင့် ရွှယ်ချင်းရို့ တို့ကို အလွန်အမင်းတုန်လှုပ်စေခဲ့၏။
လွန်ခဲ့သော လအနည်းငယ်ခန့်ကလည်း မိုးကြိုးတိမ်တိုက်စုဝေးမှုကြောင့် သူတို့နှစ်ဦးသည် တုန်လှုပ်ခဲ့ကြသည်။
ယခု တစ်ခေါက်တွင်လည်း သူတို့နှစ်ဦးသည် ရုန့်ရင်းသောနဂါးပုံရိပ်ကြောင့် တစ်ဖန် တုန်လှုပ်သွားရပြန်၏။
နဂါးပုံရိပ်ထံမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလျှင် ရွှယ်ချင်းရို့သည် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
"အိမ်တော်ထိန်းမုန့်.. သခင်လေးက ဘာနည်းစနစ်ကို ကျင့်ကြံနေတာလဲ.. ဒီနည်းစနစ်က အရမ်းကို ကြောက်ဖို့ကောင်းတာပဲ"
"ဒါက နယ်မြေ နတ်ဘုရားအဆင့် ကျင့်ကြံခြင်းနည်းစနစ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ထူးခြားချက် တစ်ခုပဲ"
မုန့်ဖျင်က တွေဝေစွာ ငေးကြည့်နေခဲ့သည်။
သူက စိတ်လှုပ်ရှားမှုကြောင့်ပင် စကားမပြောနိုင်လု နီးပါး ဖြစ်နေခဲ့၏။
သူ့ရှေ့မှ ပုံရိပ်သည် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်မှသာ ထွက်ပေါ်လာနိုင်သည့် သိုင်းစွမ်းအားပုံရိပ် ဖြစ်သည်။
မုန့်ဖျင်က သူ့မျက်လုံးကိုပင် မယုံကြည်နိုင်၍ မျက်လုံးကို ပြင်းပြန်းထန်ထန် ပွတ်သပ်လိုက်သည်။
ဆိုရလျှင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် မပြည့်စုံသော နည်းစနစ် ဖြစ်၍ မြေကမ္ဘာနဂါးမြို့တော်တွင် မည်သူမှ အောင်မြင်စွာ မလေ့ကျင့်နိုင်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။
သို့ရာတွင် သခင်ကြီးကျန်းချန်သည် အောင်မြင်စွာ လေ့ကျင့်ရန် အတွက် ၁နှစ်ကျော်လောက်သာ ကြာမြင့်ခဲ့၏။
မုန့်ဖျင်၏စကားကိုကြားလျှင် ရွှယ်ချင်းရို့သည်လည်း အံ့သြတုန်လှုပ်နေခဲ့သည်။
ကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ရွေးချယ်စဥ်က ရွှယ်ချင်းရို့လည်း နံဘေးတွင် ရှိနေခဲ့၍ ဤနည်းစနစ်ကို လေ့ကျင့်ရန် မည်မျှခက်ခဲမှန်း သူမ ကောင်းစွာသိခဲ့သည်။
သို့သော်လည်း ခက်ခဲသော အရာမှန်သမျှသည် သခင်လေး ကျန်းချန်ဆီသို့ ရောက်လာလျှင် ထမင်းစားရေသောက်သလောက်ပင် လွယ်ကူသွားခဲ့၏။
သခင်လေး ကျန်းချန်သည် အမှန်တကယ်ပင် နတ်ဆိုးဆန်လွန်းလှသည်ဟု သူမ တွေးမိခဲ့သည်။
ရွှယ်ချင်းရို့နှင့် မုန့်ဖျင်တို့ နှစ်ဦးစလုံး တုန်လှုပ်နေစဥ်မှာပင် ဆန်းကြယ်သော အနက်ရောင်အရိပ် တစ်ခုသည် ကျွန်းငယ်လေးထံကနေ ရုတ်တရက် သူတို့ ရှိရာသို့ ပျံသန်းလာခဲ့သည်။
"သခင်ကြီးကျန်းချန်က ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ပြီပဲ"
ကောင်းကင်ကနေ ပျံသန်းလာသည့် ကျန်းချန်ကို ကြည့်ရင်း မုန့်ဖျင်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။
သူ၏မျက်နှာထက်တွင် အံ့အားသင့်ထိတ်လန့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
နတ်ဘုရားနယ်မြေတွင် ကောင်းကင်နှင့်မြေကြီး၏ နှောင်ကြိုးကနေ လွတ်မြောက်ပြီး လေထဲတွင် လမ်းလျှောက်နိင်ခြင်းသည် ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်သွားသည့် လက္ခဏာတစ်ရပ်ပင် မဟုတ်ပါလား။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
"ဟုတ်တယ်.. အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့ ၅လလောက်ကတည်းက ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့တာပါ"
ထိုစကားကိုကြားလျှင် မုန့်ဖျင်သည် ခဏမျှ မှင်တက်သွားခဲ့သည်။
လွန်ခဲ့သည့် ၅လက သခင်ကြီးကျန်းချန်သည် ပကတိနတ်ဘုရားကပ်ဘေးကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်ပါလော။
သို့သော်လည်း ထိုအချိန်က ကျန်းချန်သည် ပကတိနတ်ဘုရားကပ်ဘေးကို ဖြစ်ပေါ်စေပြီး နောက်တွင် မဖြတ်ကျော်ခဲ့သည်ကို မုန့်ဖျင်က ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
သူ၏သခင်ကြီးကျန်းချန်က ပကတိနတ်ဘုရား ကပ်ဘေးကို မဖြတ်ကျော်ဘဲ မည်ကဲ့သို့ ထိုးဖောက်ခဲ့သလဲ သူ မသိတော့ပေ။
ထိုသို့တွေးရင်းဖြင့် မုန့်ဖျင်သည် စိတ်နှလုံးထဲကနေ မချိပြုံးပြုံးလိုက်သည်။
သခင်ကြီးကျန်းချန်သည် သာမန် ပေတံဖြင့် တိုင်းတာ၍ မရနိုင်သည့် မွန်းစတားတစ်ကောင် ဖြစ်သည် မဟုတ်ပါလား။
"မြေကမ္ဘာနဂါးမြို့တော်က ကျင့်ကြံသူတွေကို အသိပေးချင်ပါတယ်.. ၁၀နှစ် ၁ကြိမ် ကျင်းပမဲ့ ကောင်းကင်နဂါး မြို့တော်ဝင်ခွင်စစ်ဆေးပွဲကို ၃ရက်အတွင်း စတင်ပါတော့မယ်.. ပါဝင်မဲ့လူတွေ အားလုံးက ၃ရက်အတွင်း အချက်အလက် ပေးပို့ပြီး စာရင်းသွင်းပေးကြပါ"
ထိုအချိန်မှာပင် သြဇာလွှမ်းမိုးသော အသံတစ်သံသည် မြေကမ္ဘာနဂါးမြို့တော်၏ နေရာ အနှံ့အပြားသို့ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် ခဏမျှ အံ့အားသင့်သွားခဲ့၏။
"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲက ဘာလို့ ခပ်မြန်မြန်စရတာလဲ"
"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ၁၀နှစ်၁ကြိမ်ကျင်းပတယ်ဆိုပေမဲ့ အချိန် အတိအကျ သတ်မှတ်ထားတာ မဟုတ်ဘူး.. ၁လ ၂လလောက် ကြိုပြီး ကျင်းပတတ်တယ် ဒါမှမဟုတ်ရင်လည်း အနည်းငယ် နောက်ကျပြီးမှ ကျင်းပတတ်တယ်"
ထို့နောက်တွင် မုန့်ဖျင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို မေးလိုက်သည်။
"သခင်ကြီးကျန်းချန်.. ဒီကောင်းကင်နဂါး မြို့တော်ဝင်ခွင့် စစ်ဆေးပွဲကို ပါဝင်မှာလား"
"ပါမှာပေါ့ အိမ်တော်ထိန်းမုန့်.. ငါ့မှာ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို အောင်မြင်ဖို့ ခွန်အားရှိနေမှတော့ ဘာလို့နောက်ထပ် ၁၀နှစ်လောက် စောင့်ဆိုင်းရဦးမှာလဲ.. ဒီကာလတစ်လျှောက်လုံး ငါကြိုးစား လေ့ကျင့်ခဲ့တာက ဒီအချိန်အတွက်ပဲလေ"
"ဒီလိုဆိုရင်တော့ သခင်ကြီးကျန်းချန် အနေနဲ့ မှော်နဂါးနန်းတော်ကို ထပ်မံ ဝင်ရောက်သင့်တယ်လို့ ကျွန်တော်အကြံပေးချင်တယ်.. အကယ်၍ သခင်ကြီးကျန်းချန်သာ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မယ် ဆိုရင် အစစ်အမှန်နဂါးအဆင့်ပါရမီရှင်တစ်ဦး ဖြစ်လာပြီး ကောင်းကင်နဂါးမြို့တော်ဝင်ခွင့်စစ်ဆေးပွဲမှာ အခက်အခဲများစွာ လျော့ကျသွားလိမ့်မယ်"
မုန့်ဖျင်၏ မျက်ဝန်းများတွင် အလွန်တရာ စိတ်လှုပ်ရှားသော အမူအရာများ တောက်ပနေခဲ့သည်။
အကယ်၍ သခင်ကြီးကျန်းချန်သာ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ကျော်ဖြတ်နိုင်ခဲ့လျှင် ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ သူ၏ ကံကြမ္မာသည်လည်း မြင့်တက်လာလိမ့်မည် မဟုတ်ပါလား။
"ကောင်းပြီ.. မင်း ငါ့ကိုယ်စား စာရင်းသွင်းပေးထားပါ.. ငါမှော်နဂါးနန်းတော်ကို သွားလိုက်ဦးမယ်"
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလို သူ၏ ပုံရိပ်သည် ဖျတ်ခနဲ လင်းလက်သွားပြီး စီရင်စု အပြင်ဘက်သို့ လျှပ်တစ်ပြက် ထွက်ခွာသွားခဲ့သည်။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ၃ရက်အကြာတွင် ကျင်းပမည် ဟူသောသတင်းသည် ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွားပြီး မြေကမ္ဘာနဂါးမြို့တော် တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
မြေကမ္ဘာနဂါးမြို့တော်ရှိ ပါရမီရှင် အများအပြားသည် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် ၎င်းတို့၏ အရည်အချင်းများကို ပြသရန် အဆင်သင့် ဖြစ်နေခဲ့ကြပြီး တိုက်ပွဲဝင်စိတ်ဓာတ်များ မြင့်တက်နေခဲ့ကြသည်။
သို့သော်လည်း အားနည်းသော ကျင့်ကြံသူတချို့ကမူ ငိုကြွေးနေခဲ့ကြ၏။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ကျင်းပလိုက်ခြင်းသည် မြေကမ္ဘာနဂါးမြို့တော်တွင် သူတို့ လေ့ကျင့်ရန် အချိန် ကုန်ဆုံးသွားပြီဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
စစ်ဆေးပွဲပြီးသည်နှင့် တစ်ပြိုင်နက် မြေကမ္ဘာနဂါးမြို့တော်သည် သူတို့ကို နှင်ထုတ်လိမ့်မည် ဖြစ်၏။
သို့ရာတွင် ပကတိနတ်ဘုရား နယ်ပယ်အဆင့်သို့ ထိုးဖောက်နိုင်ခဲ့သော ကျင့်ကြံသူတချို့ကမူ မြေကမ္ဘာနဂါး မြို့တော်တွင် အောက်ခြေအလုပ်များကို လုပ်ကိုင်ရန် အခွင့်အရေး ရှိနေပါသေး၏။
သို့သော်လည်း ပကတိနတ်ဘုရား နယ်ပယ်အဆင့်ကို မထိုးဖောက်ရသေးသူများကမူ ဆက်လက် နေထိုင်ရန် အရည်အချင်း မပြည့်မီတော့ပေ။
ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲ စတင်တော့မည်ဟူသော သတင်းပျံ့နှံ့ကတည်းကပင် ကျင့်ကြံသူ အများအပြားသည် ကောင်းကင်နဂါးမြို့တော်ဝင်ခွင့် စစ်ဆေးပွဲအတွက် ပြင်ဆင်နေခဲ့ကြသည်။
ထို့ကြောင့် မှော်နဂါးနန်းတော်မှ အဆင့်များကို ချိုးဖျက်ရန် လာရောက်သူ အနည်းငယ်မျှသာ ရှိ၏။
ကျန်းချန်သည် မှော်နဂါးနန်းတော် ရှိရာသို့ ရောက်ရှိလာသောအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်တရာပင် တိတ်ဆိတ်နေခဲ့သည်။
၁၀မိနစ်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် မှော်နဂါးနန်းတော် ဝင်ပေါက်ကနေ စမ်းသပ်သူတစ်ဦး ထွက်လာခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် မှော်နဂါးနန်းတော်၏ ဝင်ပေါက် ထဲသို့ ခုန်ဝင်သွားခဲ့ပြီး အတားအဆီးများကို အရူးအမူး စတင်ကျော်ဖြတ်ခဲ့သည်။
၁ဆင့်၊၂ဆင့်၊၃ဆင့်...
မိနစ်၃၀အတွင်း ကျန်းချန်သည် မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီး အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦး ဖြစ်လာခဲ့၏။
"စမ်းသပ်သူ.. မှော်နဂါးနန်းတော်ရဲ့ နဝမအဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်.. အသက်၁၀ ရှိုက်စာ အချိန်ပြီးရင် နောက်ဆုံးအဆင့်ကို ဖွင့်လှစ်ပါမယ်"
မှော်နဂါးနန်းတော်၏ အထက်ကနေ နက်ရှိုင်းသော အသံတစ်သံသည် ပဲ့တင်ထပ်လာခဲ့သည်။
"ဒါက နောက်ဆုံးအဆင့်လား.. မှော်နဂါးနန်းတော်ရဲ့ ၁၀ခုမြောက်အဆင့်က ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ၁၀ဆင့်မြောက် ဖွင့်လှစ်မည့် အချိန်ကို တိတ်တဆိတ် စောင့်နေခဲ့သည်။
အသက်၁၀ရှိုက်စာ အချိန်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့၏။
ထို့နောက်တွင် ကျန်းချန် ရှိနေသော ပတ်ဝန်းကျင်သည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်နှင့် အနည်းငယ် ရင်းနှီးသော ပုံရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် တိုက်ရိုက် စုစည်းသွားခဲ့သည်။
"အကြီးအကဲက ဘယ်လိုလုပ်ပြီး ဒီအဆင့်မှာ ရှိနေရတာလဲ"
ကျန်းချန်က သူ၏ ရှေ့တွင် ရပ်နေသော နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ကာ တအံ့တသြရေရွတ်လိုက်သည်။
"ကောင်လေး.. ငါက မှော်နဂါးနန်းတော်ကို တာဝန်ယူထားတဲ့ အကြီးအကဲပဲ.. ဘာလို့ ငါက ၁၀ခုမြောက် အဆင့်မှာ မရှိနိုင်ရမှာလဲ.. ကောင်လေး မင်းက အဆင့်၉ဆင့်ကို တစ်ခါတည်းဖြတ်ကျော်နိုင်ခဲ့တယ် ဆိုတော့ ဘယ်ဆိုးလို့လဲ.. မင်းက ငါ့ကိုလုံးဝ စိတ်မပျက်စေခဲ့ဘူး.. နောက်ဆုံးအဆင့်ကို ရောက်ဖို့ အချိန်၁နှစ်ပဲ ကြာမြင့်ခဲ့တယ်"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို ကြည့်ကာ ချီးကျူးလိုက်သည်။
သူ၏ရှေ့မှ ကျင့်ကြံသူ၏ စကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤနက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် နဂါးမျိုးနွယ်စုမှ အကြီးအကဲတစ်ဦး၏ ကိုယ်ပွားဝိညာဥ်တစ်ခု ဖြစ်နိုင်ခြေများ၏။
သူက အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ခါးကိုင်း၍ ဦးညွှတ်လိုက်သည်။
"အကြီးအကဲ သင်ပြပေးပါဦး"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ပြုံးကာ ပြောလိုက်သည်။
"ကဲ စလို့ရပြီ.. ဒီ၁နှစ်အတွင်းမှာ မင်းဘယ်လောက်အထိ တိုးတက်လာသလဲ ဆိုတာ ကြည့်ရသေးတာပေါ့"
ကျန်းချန်က အပိုစကားများ ထပ်မပြောတော့ဘဲ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တိုက်ရိုက်ပင် အသုံးပြုလိုက်ပြီး သူ၏ရုန့်ရင်းသော နတ်စွမ်းအားများကို ကောင်းကင်လက်ဖဝါးအဖြစ် တိုက်ရိုက်ပြောင်းလဲကာ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ဖိနှိပ်လိုက်သည်။
"ဒါက.."
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် နက်ပြာရောင် ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အကြည့်သည် ရုတ်တရက် လေးနက်သွားခဲ့သည်။
အခန်း(၁၅၂၃)ပြီး၏။
အခန်း(၁၅၂၄)
ကျန်းချန်၏ ခွန်အားသည် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ စိတ်ကူးထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့သည်။
ယခု ထုတ်ဖော်ထားသော နတ်စွမ်းအားဖြင့် ဖန်တီးထားသော လက်ဖဝါးသည်ပင် သာမန် ပကတိနတ်ဘုရားများထက် အဆများစွာ သာလွန်၏။
ကျန်းချန်၏ ကျင့်ကြံခြင်း နည်းစနစ်သည် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံခြင်း နည်းစနစ်ကို ကျိန်းသေ ကျော်လွန်နေခဲ့သည်။
ထို့အပြင် မြေကမ္ဘာနဂါးမြို့တော်ရှိ ကျင့်ကြံသူများသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နယ်မြေ နတ်ဘုရား အဆင့် နည်းစနစ်များကို ကျင့်ကြံရန် အရည်အချင်း မပြည့်မီကြပေ။
ထို့ကြောင့် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသည့် တစ်ခုတည်းသော နည်းစနစ်မှာ မပြည့်စုံသော နည်းစနစ် ဖြစ်သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သာ ရှိ၏။
ထိုမပြည့်စုံသော နည်းစနစ်ကို ကောင်းကင်နတ်ဘုရားအဆင့် အဖြစ် သတ်မှတ်ကာ မှော်ရတနာ စာရင်းစာအုပ်တွင် ထည့်သွင်းထားခဲ့သည်။
"ဒီကောင်လေးက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို တကယ်ပဲ လေ့ကျင့်နိုင်ခဲ့တာလား"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက တုန်လှုပ်သွားခဲ့သည်။
ထို့နောက်တွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ကျန်းချန်၏ နတ်စွမ်းအားဖြင့် ဖန်တီးထားသော ဧရာမလက်ဖဝါးကို ရင်ဆိုင်လိုက်ရာ ဧရာမလက်ဝါးသည် ချက်ချင်းဆိုသလိုပင် ကြေမွ ပျက်စီးသွားခဲ့သည်။
"ကျန်းချန် မင်းဘာနည်းစနစ်ကို လေ့ကျင့်ခဲ့တာလဲ"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်၏တိုက်ကွက်ကို ချေဖျက်ပြီးနောက်တွင် ကျန်းချန်ကို မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော် ဘယ်လိုနည်းစနစ် လေ့ကျင့်ခဲ့တာလည်း ဆိုတာအကြီးအကဲ မကြာခင် သိလာပါလိမ့်မယ်"
ကျန်းချန်က နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ်ကျင့်ကြံသူကို ပြုံးပြလိုက်ပြီး ချက်ချင်းဆိုသလိုပင် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို အစွမ်းကုန် ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းအထက်တွင် မီတာ၁၀၀ အရွယ်အစားရှိ ပုံရိပ် တစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ အဆုံးမဲ့ဟင်းလင်ပြင်ထဲတွင် အိပ်စက်နေသော ရှေးဟောင်းနဂါးတစ်ကောင်၏ ပုံရိပ်ဖြစ်၏။
ယင်းပုံရိပ်ကနေ ထွက်ပေါ်လာသော အရှိန်အဝါသည် လူတစ်ယောက်ကို စေ့စေ့မကြည့်ရဲအောင်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။
ကျန်းချန်က သူ၏ ဦးခေါင်းအထက်ရှိ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ထိန်းချုပ်လိုက်ပြီး နက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တစ်ဖန် ဖိနှိပ်လိုက်သည်။
ဤသည်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ ပထမတိုက်ကွက် ဖြစ်သည်။
ကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ကျွမ်းကျင်ပြီးနောက်တွင် ထိုနည်းစနစ်က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုပ်ယူနိုင်သည့်အပြင် တိုက်ကွက်လေးကွက် ပါရှိကြောင်း တွေ့ရှိခဲ့သည်။
ထိုတိုက်ကွက်များသည် အလွန်ပင် အစွမ်းထက်ပြီး ဥပမာအားဖြင့် ဤပထမဆုံး တိုက်ကွက်သည် လူသားဧကရာဇ် စည်းတံဆိပ်ထက်ပင် ပိုမို အားကောင်း၏။
"ငါထင်တဲ့အတိုင်း ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ် ဖြစ်နေတာပဲ"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်ဝန်းများက ကျဥ်းမြောင်းသွားခဲ့သည်။
သူက ညာလက်ဖြင့် ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်ပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။
သူ၏ ဓားချက်က ကောင်းကင်ယံကို နှစ်ပိုင်း ဖြတ်ပစ်လိုက်ပြီး ကြီးမားသော အက်ကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ အဆုံးမဲ့ ဟင်းလင်ပြင်တွင် အိပ်စက်နေသော ရှေးဟောင်းနဂါး ပုံရိပ်သည် အက်ကြောင်းထဲသို့ ကျရောက်သွားခဲ့ပြီး ပင်လယ်ထဲကို ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသကဲ့သို့ပင် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် ကောင်းကင်ယံရှိ အက်ကြောင်းသည် ပြန်လည်စေ့သွားခဲ့၏။
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး စိတ်ထဲကနေလည်း တုန်လှုပ်သွားခဲ့သည်။
သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ဓားချက်သည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေသည် မဟုတ်ပါလော။
"ကောင်လေး မင်းက တကယ်ပဲ ငါ့ကို အံ့အားသင့်အောင်လုပ်နိုင်ခဲ့တယ်...မင်းက ပြည့်စုံမှု မရှိတဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်အောင် လေ့ကျင့်နိုင်လိမ့်မယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
ဤမပြည့်စုံသော ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ရှေးဟောင်းနဂါး မျိုးနွယ်စုသည် မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။
မြေကမ္ဘာနဂါးမြို့တော်မှ ကျင့်ကြံသူများကို မပြောနှင့်၊ ကောင်းကင်နဂါးမြို့တော်မှ တရားဝင် တပည့်များနှင့် ရှန်လုံမြို့တော်မှ နဂါးမျိုးနွယ်စု အကြီးအကဲများပင် အလွယ်တကူ မကျင့်ရဲကြပေ။
အကြောင်းအရင်းမှာ ရှေးဟောင်းနဂါး မျိုးနွယ်စုထဲတွင် မည်သူကမှ ဤထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ခြင်း မရှိသောကြောင့်ပင်။
သူ့ရှေ့မှ ကောင်လေးကမူ ၁နှစ်ကျော် အတွင်းမှာပင် ဤနည်းစနစ်ကို ကျင့်ကြံနိုင်ခဲ့သည်။
ဤသည်က တကယ်ကို မွန်းစတားဆန်လွန်းသော ပါရမီရှင်ပင် ဖြစ်၏။
"ကံနည်းနည်း ကောင်းသွားလို့ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အကြီးအကဲ တိုက်ကွက်နှစ်ကွက် ရင်ဆိုင်ပြီးသွားပြီ ဆိုတော့ နောက်ထပ် တိုက်ကွက်တစ်ကွက် ရင်ဆိုင်ပြီးရင် ကျွန်တော်အောင်မြင်ပြီ မဟုတ်လား"
"ကောင်လေး ဒီအဆင့်ကို ဖြတ်ကျော်နိုင်တာနဲ့ မင်းက ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စမ်းသပ်မှုမှာ ပါဝင်စရာမလိုဘဲ ကောင်းကင်နဂါးမြို့တော်ကို တိုက်ရိုက် ဝင်ရောက်ခွင့် ရလိမ့်မယ်.. ဒါကြောင့် ဒီအဆင့်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ လွယ်ကူနိုင်မှာလဲ"
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။
"ဒီအဆင့်မှာ မင်းငါ့ကို အနိုင်ယူဖို့ လိုအပ်တယ်"
"အကြီးအကဲကို အနိုင်ရမှ ဖြစ်မယ် ဟုတ်လား"
ကျန်းချန်က ရုတ်တရက် မှင်တက်သွားခဲ့သည်။
သူ့ရှေ့မှ ကျင့်ကြံသူသည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အကြီးအကဲတစ်ဦး ချန်ထားရစ်ခဲ့သည့် ကိုယ်ပွားပုံရိပ် ဖြစ်နိုင်ခြေများ၏။
သို့သော် ဤသည်က ကိုယ်ပွားပုံရိပ် ဖြစ်နေလျှင်ပင် သူ့အနေဖြင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန် တွေးတောနေသည်ကို ရိပ်မိနေပုံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့ တန်းတူထားပေးပါ့မယ်"
ကျန်းချန်က အနည်းငယ် တွေးတောလိုက်သည်။
ဤသည်က အဆင့်တူချင်း တိုက်ခိုက်ရမည့်တိုက်ပွဲ ဖြစ်သော်လည်း နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ကိုယ်ခံပညာရပ်အပေါ် နားလည်မှုသည် ပကတိနတ်ဘုရားအဆင့်ထက် များစွာသာလွန်ပြီး တိုက်ခိုက်နိုင်စွမ်းသည်လည်း အလွန်တရာ အစွမ်းထက်၏။
သို့ရာတွင်လည်း ကျန်းချန်သည်လည်း သာမန် ပကတိနတ်ဘုရားတစ်ပါး မဟုတ်၍ နက်ပြာရောင်ဝတ်စုံဝတ်လူလတ်ပိုင်းအရွယ်ကျင့်ကြံသူနှင့် အဆင့်တူအတွင်း တိုက်ခိုက်၍ မရနိုင်သည်တော့ မဟုတ်ပေ။
"ဒါဆိုလည်း အကြီးအကဲ ထပ်မံ သင်ပြပေးပါဦး"
စကားဆုံးသည်နှင့် ကျန်းချန်က နတ်ခန္ဓာပုံရိပ် ဖြစ်သည့် ရွှေရောင်ဓားရိပ်ကို ချက်ချင်းဆိုသလို စုဖွဲ့လိုက်သည်။
ထို့နောက်တွင် ရွှေရောင်ဓားရိပ်သည် ကောင်းကင်ကိုပင် ထိုးဖောက်သွားသည့် ရွှေရောင်ဓားအလင်း အဖြစ် ပြောင်းလဲကာ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ခုတ်ချလိုက်၏။
"အားပါးပါး.. တကယ်ကို အားကောင်းတဲ့ နတ်ခန္ဓာပုံရိပ်ပါလားဟေ့.. အနည်းဆုံးတော့ အင်ပါယာအဆင့်ကို ရောက်ရှိနေမှာ ငါစိုးရိမ်မိတယ်"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ရယ်မော၍ ပြောလိုက်သည်။
ထို့နောက်တွင် သူက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ပြီး ကျန်းချန်၏ နတ်ခန္ဓာပုံရိပ်ဖြင့် တိုက်ခိုက်မှု အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
"ဒီလူရဲ့ဓားစွမ်းရည်က တကယ်ကို ကြောက်စရာကောင်းတာပဲ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဒုတိယအဆင့်ကို ရောက်ရှိနေသည့် ဥပဒေသ ၇မျိုးစွမ်းအားကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ ဟန်ယွမ်ဓားကို စုဖွဲ့လိုက်ပြီး နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တိုက်ခိုက်လိုက်သည်။
သို့ရာတွင် သူက အစွမ်းကုန် တိုက်ခိုက်သည့်တိုင် သူ့ရှေ့မှ နက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ကျင့်ကြံခြင်းခရီးလမ်း တစ်လျှောက်လုံးတွင် ကျန်းချန်သည် အဆင့်တူအတွင်းမှ ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် မရှုံးနိမ့်ဖူးခဲ့ပေ။
ယခုအခါတွင်မူ နှစ်ယောက်ကြားရှိ ကွာခြားချက်သည် အလွန်ပင်ကြီးမားလွန်း၍ လုံးဝ မတိုက်ခိုက်နိုင် ဖြစ်နေခဲ့၏။
"အကြီးအကဲရဲ့ ဓားစွမ်းရည်က အရမ်းကို မှော်ဆန်လွန်းတာပဲ.. အဆင့်တူအတွင်းမှာ ကျွန်တော်ဘယ်လိုမှ မယှဥ်နိုင်ဘူး ကျွန်တော် လက်လျှော့လိုက်ပါပြီ"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို သာမန် ပကတိနတ်ဘုရားအဆင့်လောက်သာ ဖိနှိပ်ထားသော်လည်း တိုက်ခိုက်နိုင်စွမ်းကမူ အဆင့်မြင့် ပကတိနတ်ဘုရားထက်ပင် မနိမ့်ကျပေ။
မြေကမ္ဘာနဂါးမြို့တော်၏ နှစ်ပေါင်းသန်းချီ သမိုင်းကြောင်းတွင် မှော်နဂါးနန်းတော်၏ ၁၀ခုမြောက် အဆင့်ကို လူတစ်ယောက်တည်းကသာ ဖြတ်ကျော်နိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။
ဤအဆင့်သည် အရမ်းကို ခက်ခဲလွန်းသည် မဟုတ်ပါလော။
နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ကောင်လေး မင်းရဲ့ပါရမီက မဆိုးပါဘူး.. ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ အနာဂတ်မှာ မင်းအတွက် နေရာ တစ်နေရာ ကျိန်းသေရှိပါတယ်.. ကြိုးကြိုးစားစား ဆက်လက်ကျင့်ကြံပါ"
"ကျေးဇူးတင်ပါတယ် အကြီးအကဲ"
ကျန်းချန်က လက်သီးဆုပ်၍ နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ဂါဝရပြုလိုက်ပြီးနောက်တွင် ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
"ဒီကောင်လေးက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို လေ့ကျင့်ပြီး အင်ပါယာအဆင့် နတ်ခန္ဓာပုံရိပ်ကို စုစည်းနိုင်ခဲ့တယ်.. ဒါ့အပြင် ဥပဒေသ ၇မျိုးကိုလည်း ဒုတိယအဆင့်အထိ နားလည်နေခဲ့ပြီ.. ဒီကောင်လေးရဲ့ ပါရမီက အရင်တစ်ယောက်ထက်တောင် ပိုပြီး ကောင်းနေသေးတယ်"
ကျန်းချန် ပျောက်ကွယ်သွားသည့် နေရာကိုကြည့်ရင်း နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ဤ၁၀ခုမြောက်အဆင့်သည် တကယ်တမ်းတွင် သူ့ကို အနိုင်ယူရန် မလိုအပ်ပေ။
ကျန်းချန်၏ ပါရမီနှင့် အလားအလာသည် သူအသိအမှတ်ပြုခဲ့သည့် အရင်လူထက်ပင် ပို၍ ကောင်းမွန်နေခဲ့ပြီး ဤအဆင့်ကို ဖြတ်ကျော်ရန်အတွက် အပြည့်အဝ အရည်အချင်း ပြည့်မီနေခဲ့၏။
သို့သော်လည်း ဤအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် အရင်တစ်ယောက်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုထဲတွင် အထူးခံစားခွင့် အများအပြားရရှိခဲ့ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ဖန်လုံအိမ်ထဲမှ ပန်းတစ်ပွင့်ကဲ့သို့ မွေးမြူခြင်းကို ခံခဲ့ရသည်။
ဤတစ်ကြိမ်တွင်မူ သူက ထိုကလေးကို အရင်တစ်ယောက်အတိုင်း မဖြစ်စေချင်ခဲ့ပေ။
"ဒီကောင်လေးကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်ခိုင်းမှပဲ ဒီကောင်လေးရဲ့ အလားအလာက ပိုပြီး တောက်ပလာလိမ့်မယ်"
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ပုံရိပ်သည် ထိုနေရာကနေ ဖြည်းဖြည်းချင်း ပျံ့လွင့်ကာ ပျောက်ကွယ်သွားခဲ့သည်။
အခန်း(၁၅၂၄)ပြီး၏။