← Chapters

အခန်း (၁၅၂၅-၁၅၂၇)

Vol. 102 Ch. 1525-1527

အခန်း (၁၅၂၅-၁၅၂၇)

Vol. 102 Ch. 1525-1527

အခန်း(၁၅၂၅)

သုံးရက်တာ ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

၁၀နှစ် ၁ကြိမ်ကျင်းပသော ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စစ်ဆေးမှုသည် လူအများ၏ မျှော်လင့်ချက်အောင်တွင် အဆုံးသတ်၌ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ယနေ့တွင် နတ်အလင်းရောင် တစ်ခုသည် မြေကမ္ဘာနဂါးမြို့တော်၏ အထက် ကောင်းကင်ယံသို့ ရုတ်တရက် ကျဆင်းလာခဲ့သည်။

မြေကမ္ဘာနဂါး မြို့တော်နှင့် ကောင်းကင်နဂါး မြို့တော်တို့အကြားရှိ ဟင်းလင်ပြင်တွင် မိုင်ထောင်ချီ ကျယ်ဝန်းပြီး အလွန်လှပသော လျှို့ဝှက်ဆန်းကြယ်သည့် အလင်းတန်းများစွာသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ ထွက်ပေါ်လာသည့် အချိန်မှာပင် ဟင်းလင်းပြင် နေရာလွတ်သည် အဆက်မပြတ် လှိုင်းထလာခဲ့ပြီး နတ်အလင်းများစွာဖြင့် တောက်ပနေခဲ့၏။

အဆုံးသတ်တွင် ဟင်းလင်းပြင်တစ်ခုလုံးသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများကို အခြေခံ၍ နေရာလွတ်နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သြဇာလွှမ်းမိုးသော အသံတစ်သံသည် မြေကမ္ဘာနဂါးမြို့တော်၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့၏။

"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုကို နာရီဝက်အတွင်း တရားဝင်စတင်မယ်.. စာရင်းသွင်းထားတဲ့ လူတွေအားလုံးက နေရာလွတ်နယ်မြေထဲကို ဝင်‌ရောက်ပြီး အသင့်ပြင်ထားကြပါ"

ထိုစကားသံ ပျံနှံ့သွားသည်နှင့်အမျှ မြေကမ္ဘာနဂါး မြို့တော်တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

----------------

မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေဧရိယာရှိ စီရင်စုတစ်ခုတွင် ထူးဆန်းသော အသွင်အပြင်ရှိသည့် ဆံပင်အနီရောင်နှင့်လူငယ်တစ်ဦးသည် ကောင်းကင်ယံသို့ ရုတ်တရက် မော့ကြည့်လိုက်သည်။

သူက စွမ်းအားအပြည့်အဝရှိနေပြီး ခန္ဓာကိုယ်ကနေ မီးလျှံအရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

သူ၏ မျက်လုံးများသည်လည်း နတ်မီးလျှံများဖြင့် လင်းလက်နေခဲ့၏။

"မြေကမ္ဘာနဂါးမြို့တော်မှာ ၁၃နှစ်ကြာ ကြိုးစားခဲ့ရတာ ဒီနေ့အတွက်ပဲ.. ဒီတစ်ခေါက် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့် စစ်ဆေးမှုရဲ့ ပထမနေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်"

ဆံပင်အနီရောင်နှင့် လူငယ်က နေရာလွတ် နယ်မြေကို ခေါင်းမော့၍ ကြည့်ကာ ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် နတ်မီးလျှံ တစ်ခုကဲ့သို့ ပြောင်းလဲကာ ကောင်းကင်ယံထက်ကို ခုန်တက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမြုတေဧရိယာရှိ အခြားသော နေရာနှစ်ခုတွင် ကျောဘက်၌ အနက်ရောင် ဓားတစ်လက်ကို လွယ်ပိုးထားပြီး အေးစက်စက် မျက်နှာထားရှိသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးနှင့် နှင်းပွင့်ကဲ့သို့ ဖြူဆွတ်သော အဝတ်အစားကို ဝတ်ဆင်ထားပြီး နတ်ဘုရားမ တစ်ပါးကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် ဆံပင်အနီရောင်လူငယ်နှင့် တစ်ချိန်တည်းမှာပင် နေရာလွတ်နယ်မြေ ဆီသို့ အလျင်အမြန်ပင် သွားရောက်ခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်၏ အစွမ်းအထက်ဆုံး ပါရမီရှင်သုံးဦးဖြစ်သည့် မီးဘုရင်ယန်ယွိ၊ ဓားဘုရင် ပိုင်လီကျန့် နှင့် ရေခဲဘုရင်မ ယုချိုးရွှေ တို့သည် တစ်ချိန်တည်းမှာပင် ကောင်းကင်ယံသို့ တက်သွားခဲ့ကြသည်။

ကျင့်ကြံသူများသည် နေရာလွတ် နယ်မြေထဲသို့ တစ်ဦးပြီးတစ်ဦး ဝင်ရောက်သွားခဲ့ကြသည်။

"ချိုးဟဲ.. ငါသွားတော့မယ်"

မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သော ကုလင်သည် ရွှယ်ချိုးဟဲ၏ အကြည့်အောက်မှာပင် ခွန်အားအပြည့်ဖြင့် အထက်သို့ ပြန်တက်သွားခဲ့သည်။

သူ၏ ဘဝလမ်းကြောင်းကို အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အခိုက်အတန့်သည် အဆုံးသတ်တွင် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ဤတစ်ကြိမ်တွင် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို အောင်အောင်မြင်မြင် ကျော်ဖြတ်ကာ ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တရားဝင်တပည့် ဖြစ်လာရန် သူက ရည်ရွယ်ထားခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေဧရိယာစီရင်စု အမှတ် ၁၆၆။

"လခွမ်း.. တကယ်ကို ကြီးကျယ် ခမ်းနားလွန်းတာပဲ.. မြေကမ္ဘာနဂါးမြို့တော်ရဲ့ အထက်မှာ နေရာလွတ် နယ်မြေတစ်ခုကို တိုက်ရိုက် ဖန်တီးဖို့က ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတောင် မလုပ်ဆောင်နိုင်လောက်ဘူးလို့ ငါထင်တယ်"

ကျန်းချန်က ဟင်းလင်ပြင်ထဲရှိ နေရာလွတ်နယ်မြေကို မော့ကြည့်ရင်း ချီးကျူးလိုက်သည်။

"ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေက ဒီလိုမျိုးနယ်မြေကို ဖန်တီးနိုင်ပေမဲ့လည်း ထောင်နဲ့ချီတဲ့ ကျင့်ကြံသူတွေကိုတော့ လက်ခံထားဖို့ မဖြစ်နိုင်ဘူး"

မုန့်ဖျင်က ပြုံး၍ ပြောလိုက်သည်။

"ဒီနေရာလွတ်နယ်မြေကို အထူးမှော်ရတနာ တစ်မျိုးကနေ ဖန်တီးထားတာလို့ ပြောကြတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

သူက နေရာလွတ် နယ်မြေထဲကို ပျံသန်းသွားသော ကျင့်ကြံသူများကို ကြည့်ရှုပြီးနောက်တွင် မုန့်ဖျင်တို့ကို နှုတ်ဆက်လိုက်သည်။

"အချိန်ကပ်နေပြီ ငါသွားတော့မယ်.. မင်းတို့ ငါ့ရဲ့သတင်းကောင်းကို စောင့်နေကြပါ"

ထိုစကားကိုပြောပြီးနောက်တွင် ကျန်းချန်၏ တစ်ကိုယ်လုံးသည် ကောင်းကင်ယံပေါ်သို့ ပျံသန်းသွားခဲ့ပြီး ဟင်းလင်းပြင်ပေါ်ရှိ နေရာလွတ် နယ်မြေထဲကို ဝင်ရောက်သွားခဲ့သည်။

ရွှယ်ချင်းရို့က နေရာလွတ် နယ်မြေထဲသို့ ဝင်ရောက်သွားသည့် ကျန်းချန်ကို ကြည့်ရင်း တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။

"စိတ်မပူပါနဲ့.. သခင်ကြီးကျန်းချန်က မှော်နဂါးနန်းတော်ရဲ့နဝမအဆင့်ကို ဖြတ်ကျော်ထားတဲ့ အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦးပဲ.. မတော်တဆမှု မရှိသရွေ့ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်မှာ သေချာပါတယ်.. အကယ်၍ မအောင်မြင်ခဲ့ရင်တောင် နောက်ထပ် ၁၀နှစ်အကြာမှာ ကျင်းပမဲ့ ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုမှာ သခင်ကြီးကျန်းချန်က ပထမနေရာကို သေချာပေါက်ရလိမ့်မယ်.. သွားကြစို့ ငါတို့ ဗဟိုရင်ပြင်ကို သွားပြီး ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်တွေကို သွားကြည့်ကြစို့"

မုန့်ဖျင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရွှယ်ချင်းရို့နှင့် အတူ ရင်ပြင်ဆီသို့ ဦးတည်ကာ သွားရောက်ခဲ့သည်။

----------------

နေရာလွတ်နယ်မြေ၏ ကျယ်ပြန့်သော လွင်ပြင်တစ်ခု ပေါ်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့အားသင့်နေခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်အထက်တွင် ဖွဲ့စည်းထားသော နေရာလွတ်နယ်မြေသည် မိုင်ထောင်ချီအရွယ်အစား ရှိပုံမပေါ်သော်လည်း နေရာလွတ် နယ်မြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် နေရာလွတ်နယ်မြေက သူမြင်တွေ့ခဲ့ရသည့် အရွယ်အစားထက် အဆပေါင်းများစွာ ပိုမို ကြီးမားသည်ကို သိခဲ့ရသည်။

ဤကဲ့သို့သော နေရာလွတ်နယ်မြေကို သာမန် မှော်ရတနာဖြင့် မဖန်တီးနိုင်လောက်ပေ။

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်နေစဥ်မှာပင် ကြီးကျယ်ခမ်းနားသော နေရာလွတ်စွမ်းအားများ ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့ပြီး ငွေရောင်လက်ကောက် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ လက်ကောက်ဝတ်တွင် ပေါ်လာခဲ့သည်။

ထိုလက်ကောက်သည် နေရာလွတ်စွမ်းအင်ဖြင့် လုံးဝ ဖန်တီးထားပုံရ၏။

ကျန်းချန်ကို အံ့အားအသင့်စေဆုံးအရာမှာ ငွေရောင်လက်ကောက်ပေါ်ရှိ အလွန်တရာ တောက်ပနေသော လျှို့ဝှက်ဆန်းကြယ်သည့် အနီရောင် မျဥ်းနှစ်ကြောင်း ဖြစ်သည်။

"ဒီလက်ကောက်က ဘာအတွက် ပေးတာလဲမသိဘူး"

ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ရုတ်တရက် ပေါ်လာခဲ့သည်။

"စမ်းသပ်သူတွေ ရရှိတဲ့ရမှတ်တွေကို ကောင်းကင်နဂါးစာရင်းမှာ အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလိမ့်မယ်.. မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ပါရမီရှင် တစ်ဦးကို အနိုင်ရရင် ၁မှတ်ရရှိမယ်.. မှော်နဂါးနန်းတော်ရဲ့အဋ္ဌမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပါရမီရှင်တစ်ဦးကို အနိုင်ရရင်တော့ ၃မှတ်ရရှိမယ်.. မှော်နဂါးနန်းတော်ရဲ့ နဝမအဆင့်မှာရှိတဲ့ ပါရမီရှင်တစ်ဦးကို အနိုင်ရရင်တော့ ၁၀မှတ် ရရှိမယ်.. ဒီပြိုင်ပွဲကို လဝက်အထိ ကျင်းပမှာ ဖြစ်တယ် လဝက်ပြည့်တာနဲ့ ကောင်းကင်နဂါးစာရင်းရဲ့ ထိပ်ဆုံး ၁၀၈ယောက်က ကောင်းကင်နဂါး မြို့တော်ကို တက်လှမ်းပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ တရားဝင်တပည့်တွေ ဖြစ်လာလိမ့်မယ်.. ဒီစာရင်းရဲ့ ထိပ်ဆုံး ၁၀ယောက်ကတော့ ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်တဲ့အခါမှာ အထူးဆုတွေပါ ရရှိနိုင်မှာဖြစ်တယ်"

".........."

ကြီးကျယ်ခမ်းနားသော အသံတစ်သံသည် ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးမှုနှင့် ပတ်သက်၍ အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့သည်။

ရိုးရှင်းစွာ ပြောရလျှင် သူက ဤနေရာလွတ် နယ်မြေတွင် အခြားသော ပြိုင်ပွဲဝင်များကို အနိုင်ယူရမည် ဖြစ်၏။

လူတစ်ယောက်ကို အနိုင်ယူလိုက်တိုင်းတွင် သက်ဆိုင်ရာ ရမှတ်များကို ရရှိမည် ဖြစ်သည်။

ကောင်းကင်နဂါးစာရင်းသည် ပြိုင်ပွဲဝင်များ ရရှိထားသည့် ရမှတ်များကို စုပေါင်းကာ အဆင့်သတ်မှတ်မည် ဖြစ်၏။

လဝက်ကြာမြင့်ပြီးသည်နှင့် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး ၁၀၈ယောက်သည် ကောင်းကင်နဂါးမြို့တော်ကို ဝင်ခွင့်ရမည် ဖြစ်ပြီး ရှေးဟောင်းနဂါးမျိုးနွယ်စု၏ တရားဝင်တပည့်များ ဖြစ်လာပေလိမ့်မည်။

သူတို့၏ လက်ကောက်ဝတ်ပေါ်မှ ငွေရောင်လက်ကောက်များသည် ရမှတ်များကို မှတ်တမ်းတင်ရန် အတွက် အသုံးပြုသောအရာ ဖြစ်သည်။

ထို့အပြင် ငွေရောင်လက်ကောက်ပေါ်မှ အနီရောင်မျဥ်း သည် နေရာလွတ် နယ်မြေထဲတွင် အသက်ကယ်နိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်သည်။

အကယ်၍ ပြိုင်ပွဲဝင်က အသက်အန္တရာယ်ရှိ၍ အနီရောင်မျဥ်းကို အသုံးပြုလိုက်လျှင် တိုက်ရိုက်ဖယ်ရှားခြင်း မခံရဘဲ ပြိုင်ပွဲတွင် ဆက်လက် ပါဝင်နိုင်မည် ဖြစ်၏။

မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သောအစစ်အမှန် နဂါးအဆင့်ပါရမီရှင်များသည် ထိုအသက်ကယ်အနီရောင်မျဥ်းကို ၂ခုစီ ရရှိမည်ဖြစ်ပြီး အခြားသော စမ်းသပ်သူများကမူ ၁ခုစီသာ ရရှိကြသည်။

ကောင်းကင်နဂါးမြို့တော်၏ ဝင်ခွင့် စစ်ဆေးမှု စည်းမျဥ်းများကို နားလည်ပြီးနောက်တွင် ကျန်းချန်သည် မုန့်ဖျင်က အဘယ်ကြောင့် နဝမအဆင့်ကို ဖြတ်ကျော်ခိုင်းမှန်း အဆုံးသတ်တွင် နားလည် သဘောပေါက်သွားခဲ့၏။

ဆိုရလျှင် နဝမအဆင့်ကို ဖြတ်ကျော်ခဲ့သည့် အစစ်အမှန်နဂါးအဆင့် ပါရမီရှင်တစ်ဦးသည် ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စစ်ဆေးမှုတွင် အခွင့်အရေးတစ်ခု ပိုရနိုင်သည် မဟုတ်ပါလား။

စည်းမျဥ်းများကို မိတ်ဆက် ပြောဆိုပြီးနောက်တွင် ဟင်းလင်းပြင်ထဲမှ အသံသည် တစ်ခဏမျှ ရပ်တန့်သွားခဲ့သည်။

ထို့နောက်တွင် ဟင်းလင်းပြင်ထဲမှ အသံသည် နေရာလွတ်နယ်မြေတစ်ခုလုံးကို တစ်ဖန် ပြန်လည် ပဲ့တင်ထပ်သွားခဲ့၏။

"ကဲ အခုကနေစပြီး ကောင်းကင်နဂါး မြို့တော် ဝင်ခွင့်စစ်ဆေးမှုကို တရားဝင် စတင်ပြီလို့ ကြေညာလိုက်ပါတယ်"

အခန်း(၁၅၂၅)ပြီး၏။

အခန်း(၁၅၂၆)

"ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို တရားဝင်စတင်လိုက်ပါပြီ"

ကြီးကျယ်ခမ်းနားပြီး အင်အားပါသော အသံတစ်သံသည် နေရာလွတ်နယ်မြေထဲကနေ ထွက်ပေါ်လာခဲ့ပြီး မြေကမ္ဘာနဂါးမြို့တော်၏ အထက် ကောင်းကင်ယံတွင် ဖြည်းဖြည်းချင်းပဲ့တင်ထပ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဟင်းလင်းပြင်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရ၏။

ကြီးကျယ်ခမ်းနားသော ရွှေရောင်စာလိပ်တစ်လိပ်သည် စကြာဝဠာစာလိပ် တစ်ခုကဲ့သို့ မြေကမ္ဘာနဂါး မြို့တော်၏ ဗဟို ရင်ပြင်အထက်တွင် ထွက်ပေါ်လာခဲ့သည်။

ထိုစာလိပ်မှာ ကောင်းကင်နဂါးစာရင်းကို မှတ်တမ်းတင်မည့်စာလိပ် ဖြစ်သည်။

ဤအချိန်တွင် ရင်ပြင်၏ ပတ်ပတ်လည်၌ ‌ရေတွက်၍ မရနိုင်သော ပုံရိပ်များသည် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

မုန့်ဖျင်၊ရွှယ်ချင်းရို့နှင့်ရွှယ်ချိုးဟဲတို့ အပါအဝင် လူအားလုံးသည် ရင်ပြင်အလယ်တွင် စုရုံးနေခဲ့ကြသည်။

ကောင်းကင်နဂါးစာရင်းတွင် မည်သည့်နာမည်မှ မရှိသေးသော်လည်း လူတိုင်းသည် စာရင်းပေါ်တွင် နာမည်ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

အမြုတေဧရိယာတွင် နေထိုင်သော ပါရမီရှင်များ၏ အစေခံတချို့သည် ၎င်းတို့၏ သခင်များက ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး ၁၀၈ယောက်ထဲတွင် ပါဝင်နိုင်ရန် မျှော်လင့်နေခဲ့ကြသည်။

သို့မှသာလျှင် သူတို့သည်လည်း ကောင်းကင်နဂါး မြို့တော်သို့ ဝင်ရောက်ခွင့် ရရှိလိမ့်မည် မဟုတ်ပါလော။

ထို့အပြင် ပါရမီရှင်များကို ဆွဲဆောင်ရန် မြေကမ္ဘာနဂါးမြို့တော်သို့ လာရောက်သူ အချို့သည်လည်း ၎င်းတို့ ဆွဲဆောင်သည့် ပါရမီရှင်များ အနေဖြင့် ပိုမို မြင့်မားသော အဆင့်ကို ရရှိနိုင်ရန် မျှော်လင့်နေခဲ့ကြသည်။

သို့မှသာလျှင် ၎င်းတို့ကို စည်းရုံးပြီး မိသားစုသို့ ခေါ်သွားသောအခါ၌ ပိုမို မြင့်မားသော အဆင့်အတန်းကို ရရှိနိုင်မည်ဖြစ်၏။

------------------

မြေကမ္ဘာနဂါးမြို့တော်၏ အထက်ရှိ အဆုံးမဲ့ ကြယ်တာရာများ၏ နက်ရှိုင်းသော နေရာတွင် ရှေးဟောင်းမြို့တော် တစ်မြို့သည် ရှေးဟောင်းနဂါး တစ်ကောင်ကဲ့သို့ ဟင်းလင်းပြင်တွင် ပျံဝဲနေခဲ့သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အလယ်ဗဟိုချက်နှင့် အဆင့်အမြင့်ဆုံးနေရာ ဖြစ်သည့် ရှန်လုံမြို့တော်သည် နှစ်သန်းပေါင်း များစွာ အဆုံးမဲ့ ဟင်းလင်းပြင်တွင် တည်ရှိနေသော မြို့တစ်မြို့ ဖြစ်သည်။

မြို့တစ်မြို့လုံးသည် အလွန်တရာ ခမ်းနားပြီး တောက်ပသောအလင်းများ ထွက်ပေါ်နေခဲ့၏။

ရိုးရှင်းပြီး တိတ်ဆိတ်သော ခြံဝန်းလေးတစ်ခုတွင် သာမန်အဝတ်အစားကိုသာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ခြံဝန်းအတွင်းရှိ ပန်းပင်များကို ဂရုတစိုက် ရှိနေခဲ့သည်။

ထိုအဘိုးအိုသည် တခြားသူ မဟုတ်ပေ။

ကျန်းချန်ကို ရှေးဟောင်းနဂါးမျိုးနွယ်စုသို့ ခေါ်ဆောင်လာသော ဖန်းချင်းယွမ်ပင် ဖြစ်၏။

"အကြီးအကဲဖန်း ဘာတွေ အလုပ်ရှုပ်နေတာလဲ"

ထိုအချိန်မှာပင် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဝေး ကောင်းကင်ယံကနေ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး ခြံဝန်းတွင် ဆင်းသက်လိုက်သည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေလျှင် အံ့အားသင့်သွားပေလိမ့်မည်။

အကြောင်းအရင်းမှာ ထိုနက်ပြာရောင် ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မှော်နဂါးနန်းတော်တွင် သူတွေ့ခဲ့ရသည့် နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ ဖြစ်နေသောကြောင့်ပင်။

"လုံကျန့်ရှင်း.. မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုကို တာဝန်ယူထားတဲ့ နယ်မြေနတ်ဘုရား တစ်ပိုင်း ပုဂ္ဂိုလ်ဖြစ်ပြီး ငါ့ဆီကို လာဖို့ အချိန်ရနေသေးတယ်လား"

ဖန်းချင်းယွမ်က နက်ပြာရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို မော့ကြည့်ကာ ညင်သာစွာ ပြုံး၍ ပြောလိုက်သည်။

လုံကျန့်ရှင်းက ခြံဝန်းထဲရှိ ကျောက်ထိုင်ခုံ တစ်ခုတွင် ဝင်ထိုက်လိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဒီနေ့ နည်းနည်း အားလပ်နေတော့ အကြီးအကဲဖန်းဆီကို လာပြီး ဂုဏ်ယူကြောင်းပြောရင်း လက်ဖက်ရည် တစ်ခွက်လောက် တောင်းသောက်မလို့ပါ"

"ဟားဟား ကျန့်ရှင်း.. မင်းလိုလူမျိုးက တောင်းဆိုမှတော့ ငါက မတိုက်ဘဲ ဘယ်နေလို့ရပါ့မလဲကွ"

ဖန်းချင်းယွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။

လေထုထဲတွင် မီးလျှံများ ထွက်ပေါ်လာခဲ့ပြီး အနက်ရောင်လက်ဖက်ရည်အိုး ထဲသို့ စီးဝင်သွားခဲ့၏။

ထို့နောက်တွင် ဖန်းချင်းယွမ်သည် ခရစ္စတယ်ကဲ့သို့ ကြည်လင်သော ခွက်၂လုံးကို ထုတ်ယူလိုက်ပြီး လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်များကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လန်းဆန်းသော မွှေးရနံ့တစ်ခုသည် ခြံဝန်းအတွင်း ပျံ့နှံ့သွားခဲ့သည်။

လုံကျန့်ရှင်းက တစ်ကျိုက် အရသာခံ မော့သောက်လိုက်ကာ ချီးကျူးလိုက်၏။

"အကြီးအကဲဖန်းရဲ့ လက်ဖက်ရည်က တကယ်ကို မမေ့နိုင်တဲ့အမှတ်တရ တစ်ခုလိုပဲ"

"ကျန့်ရှင်း. ဒီလို အသုံးမဝင်တဲ့ စကားတွေကို ငါ့လာမပြောနဲ့.. မင်းလက်ဖက်ရည် သောက်ပြီးပြီဆိုတော့ ငါ့ကောင်လေးရဲ့အခြေအနေကို ပြောပြစမ်းပါဦး"

ဖန်းချန်းယွမ်က လက်ကို ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။

"အဲဒီကောင်လေးက တကယ်ကို ထူးချွန်လွန်းတယ် အကြီးအကဲဖန်း.. သူက မြေကမ္ဘာနဂါးမြို့တော်ကို ဝင်ရောက်လာစဥ်က အင်ပါယာနယ်ပယ် နှောင်းပိုင်းအဆင့်နဲ့ နတ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေမဲ့ မှော်နဂါးနန်းတော်ရဲ့ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တယ်.. လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲဒီကောင်လေး မှော်နဂါးနန်းတော်ကို တစ်ခေါက် ပြန်လာပြီး ကျွန်တော့်ရဲ့ ကိုယ်ပွားပုံရိပ်ကို တိုက်ခိုက်ခဲ့သေးတယ်.. သူ့ရဲ့ပါရမီနဲ့ဆိုရင် ကောင်းကင်နဂါးမြို့တော်ကို တိုက်ရိုက် ဝင်ရောက်ခွင့် အပြည့်အဝရနိုင်တယ်.. ဒါပေမဲ့ အရင်တုန်းက တစ်ယောက် အကြောင်းကို တွေးမိပြီး နောက်ဆုံးတော့ သူ့ကို ကောင်းကင်နဂါး မြို့တော်ရဲ့ ဝင်ခွင့်စမ်းသပ်ပွဲမှာ ပါဝင်ခိုင်းဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်"

ဤအချိန်တွင် လုံကျန့်ရှင်း၏ မျက်လုံးများသည် ထူးဆန်းနေခဲ့သည်။

သူ၏ အကြည့်သည် ရှန်လုံမြို့တော်၏ မြေပြင်နှင့်မှော်စက်ဝန်းကို ဖြတ်ကျော်ကာ ကောင်းကင်နဂါး မြို့တော်တစ်ခုလုံးကို ထိုးဖောက်နိုင်ပုံရပြီး အောက်ဘက်ရှိ နေရာလွတ်နယ်မြေသို့ ကျရောက်နေခဲ့သည်။

"ဒီကောင်လေးက ငါ့ကို အနည်းငယ် အံ့အားသင့်စေခဲ့တယ်.. ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလိုအဆင့်ထိတိုးတက်လာတာ တကယ်ကို ကြောက်စရာပဲ"

ထိုစကားကိုကြားလျှင် ဖန်းချင်းယွမ်၏ မျက်လုံးထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အောက်နယ်မြေတွင် ကျန်းချန်နှင့် ပထမဆုံးအကြိမ် စတွေ့ခဲ့ကတည်းပင် ဖန်းချင်းယွမ်သည် ကျန်းချန်၏ ထူးခြားမှုကိုခံစားမိခဲ့သည်။

သို့သော်လည်း ၁နှစ် အတွင်းမှာပင် ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်၏ ထိပ်တန်း ပါရမီရှင်များကို လွှမ်းမိုးနိုင်သောအဆင့်အထိ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ဒီကောင်လေးက သာမန် အတိုင်းအတာနဲ့ တိုင်းတာလို့မရတဲ့ မွန်းစတားတစ်ကောင်ပဲ.. ဒါနဲ့ အကြီးအကဲဖန်း မသိသေးဘူးထင်တယ်.. ဒီကောင်လေးက ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီ"

လုံကျန့်ရှင်းက မချိပြုံးပြုံးကာ ပြောလိုက်သည်။

"ဘယ်လို.. သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လေ့ကျင့်အောင်မြင်သွားခဲ့ပြီ ဟုတ်လား"

လုံကျန့်ရှင်း၏ စကားကိုကြားလျှင် ဖန်းချင်းယွမ်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အရိပ်အယောင်တစ်ခုသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ဆိုရလျှင် ဤထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ ပြီးပြည့်စုံမှု မရှိခြင်းကြောင့် သူသည် နယ်မြေနတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူ အဖြစ်ကနေ ယခုအခြေအနေအထိ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် မြေကမ္ဘာနဂါးမြို့တော်သို့ သူ ခေါ်ဆောင်လာခဲ့သော ကျန်းချန်သည် ပြီးပြည့်စုံမှု မရှိသည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်၏။

"ငါ့ကို ဒီဘေးဆိုးကနေ အကူအညီပေးနိုင်မဲ့ တစ်စုံတစ်ယောက်ကို အောက်နယ်မြေမှာ ရှာတွေ့လိမ့်မယ်ဆိုတဲ့ ခေါင်းဆောင်ရဲ့ တွက်ချက်မှုက မှန်ကန်ခဲ့ပုံပဲ"

ဖန်းချင်းယွမ်က အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်ကာ ရေရွတ်လိုက်သည်။

ကျန်းချန်က သူ့ကို ထိပ်ဆုံးသို့ ပြန်ရောက်အောင် ကူညီပေးနိုင်မည့်သူ အမှန်တကယ် ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။

မြေကမ္ဘာနဂါးမြို့တော်၏ အထက်ရှိ နေရာလွတ်နယ်မြေအတွင်း၌ ကျန်းချန်သည် အဆုံးမဲ့ လွင်ပြင်ပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့သည်။

ဤနေရာလွတ် နယ်မြေသည် ကျန်းချန် ထင်ထားသည်ထက်ပင် များစွာပို၍ ကျယ်ပြန့်နေပုံရ၏။

ကျန်းချန်က မိုင်ရာပေါင်းများစွာ ခရီးဆက်ခဲ့သည့်တိုင် ပြိုင်ပွဲဝင် တစ်ဦးတစ်လေကိုမှ မတွေ့ရှိခဲ့ပေ။

ခဏအကြာတွင် ကျန်းချန်သည် ဘယ်ဘက်ရှိ ပေထောင်ချီအကွာအဝေးမှ ခြုံပုတ်တစ်ခုတွင် အရှိန်အဝါ သုံးခုကို အဆုံးသတ်တွင် ခံစားမိလိုက်ပြီး ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သူက ခြုံပုတ်ကို လှမ်းကြည့်လိုက်ရာ ဆံပင်ကောက်ကောက်နှင့် လူငယ်၃ဦးသည် တိုက်ရိုက်ပင် ခုန်ထွက်လာခဲ့ကြသည်။

"ဟားဟား နောက်ဆုံးတော့ နောက်တစ်ယောက် ထပ်တွေ့ပြီ.. အစ်ကိုကြီး.. အစ်ကိုကြီးက ၁မှတ်ရပြီးသား ဆိုတော့ အခုက ကျွန်တော့် အလှည့်ပဲ"

အငယ်ဆုံးဖြစ်သည့် လူငယ်က ပြုံးကာ ပြောလိုက်သည်။

"အဲဒါဆိုလည်း မြန်မြန်လုပ် ငါတို့ မင်းကိုကူညီပေးမယ်"

အခြားဆံပင်ကောက်ကောက်နှင့် လူငယ်၂ဦးက ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ နံဘေးတွင် ပေါ်လာခဲ့ပြီး ကျန်းချန်ကို ဝိုင်းရံထားလိုက်သည်။

ထို၃ဦးစလုံးသည် မြေကမ္ဘာနဂါး မြို့တော်၏ အဆင့်မြင့်ဧရိယာတွင် နေထိုင်သော ပါရမီရှင်များဖြစ်ကြပြီး နာမည်ကျော် ယောင်ညီနောင် သုံးဦး ဖြစ်သည်။

သူတို့ သုံးဦးစလုံးသည် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲ မစတင်မီ အချိန်ကတည်းကပင် အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြသည်။

သူတို့ညီအစ်ကို၃ဦး၏ ခွန်အားကို ပူးပေါင်းလိုက်လျှင် မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်ထားသော အစစ်အမှန် နဂါးအဆင့် ပါရမီရှင်များကို မတွေ့ရှိသရွေ့ သူတို့ကို အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။

ညီအစ်ကို၃ဦးက ပူးပေါင်းလုပ်ဆောင်ပြီး ပါရမီရှင်တစ်ဦးပြီးတစ်ဦးကို အနိုင်ယူကာ ရမှတ်များကို အလှည့်ကျစီခွဲဝေကြ၏။

ဤနည်းအားဖြင့် သူတို့၏ ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခြေသည် သံသယဖြစ်ဖွယ်ရာ မရှိ အလွန် တိုးမြင့် လာလိမ့်မည် မဟုတ်ပါလော။

"ကောင်လေး မင်းဘာသာနာခံမှုရှိရှိ လက်နက်ချမလား ဒါမှမဟုတ် ငါတို့ မင်းကို ရိုက်နှက်ရမလား"

အနက်ရောင် ဓားတစ်လက်ကို ကိုင်စွဲထားသော ဆံပင်ကောက်ကောက်နှင့် လူငယ်က ကျန်းချန်ကို အော်ငေါက်လိုက်သည်။

"မင်းတို့၃ယောက်က ခြုံပုတ်ထဲမှာပဲ ပုန်းအောင်းနေသင့်တယ် ငါနဲ့ လာတွေ့တာ တကယ်ကို ကံဆိုးတာပဲ.. ကောင်းပြီလေ မင်းတို့ကိုယ်တိုင် သေမင်းခံတွင်းဝကို ရောက်လာမှတော့လည်း ငါ့အနေနဲ့ ဆန္ဒ ဖြည့်ဆည်းပေးရသေးတာပေါ့"

ကျန်းချန်က ခေါင်းခါရမ်းကာပြောလိုက်သည်။

ထို့‌နောက်တွင် သူ၏ တစ်ကိုယ်လုံးသည် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၅၂၆)ပြီး၏။

အခန်း(၁၅၂၇)

"ညီလေး သတိထား"

ယောင်ညီနောင်၃ဦးမှ အကြီးဆုံး အစ်ကို၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အငယ်ဆုံးညီလေးကို လှမ်းအော်ကာ သတိပေးလိုက်သည်။

မှန်ပါသည်။ အကြီးဆုံးအစ်ကိုက သတိပေးစရာ မလိုလောက်အောင်ပင် ကျန်းချန် ရုတ်တရက် ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် အငယ်ဆုံးညီနောင်သည် စိတ်နှလုံးထဲကနေ ရှင်းပြ၍ မရနိုင်သည့် အေးစက်မှုကို ခံစားလိုက်ရသည်။

သူက သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများကို အပြည့်အဝလှုံ့ဆော်လိုက်ကာ ရှောင်တိမ်းရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင် သူ၏ ပတ်ဝန်းကျင်မှ နေရာလွတ်သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဖြင့် ကန့်သတ်ခံထားရသည်ကို တုန်လှုပ်စွာ တွေ့ရှိခဲ့သည်။

သူက စွမ်းအား အကုန်အစင်ကို ထုတ်သုံးခဲ့သည့်တိုင် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ နှောင်ကြိုးကနေ မလွတ်မြောက်နိုင်ခဲ့ဘဲ ၁လက်မမျှပင် လှုပ်ရှား၍ မရခဲ့ပေ။

ယောင်မိသားစု၏ တတိယညီလေးက တုန်လှုပ်သွားခဲ့သည်။

ထိုအချိန်မှာပင် နတ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ရွှေရောင်လက်ဖဝါး တစ်ခုသည် လေထဲကနေ ကျဆင်းလာခဲ့ပြီး တတိယညီလေး၏ မြင်ကွင်းထဲတွင် လျင်မြန်စွာ ချဲ့ထွင်လာခဲ့သည်။

တတိယညီလေးက စိတ်ပျက် အားငယ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများကို လှုံ့ဆော်ကာ အကာအကွယ်အလင်း တစ်ခုကို ဖန်တီးလိုက်၏။

"ဝုန်း.."

ရွှေရောင်လက်ဖဝါးက တတိယညီလေး၏ အကာအကွယ်အလင်းပေါ်သို့ ကျရောက်သွားပြီးနောက်တွင် အကာအကွယ်အလင်းသည် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားခဲ့သည်။

တတိယညီလေး၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများကိုပါ အန်ထုတ်လိုက်ရ၏။

ထိုသို့ ယောင်မိသားစု၏ တတိယညီလေး သေခြင်းရှင်ခြင်းအကျပ်အတည်းထဲတွင် ရှိနေစဥ်မှာပင် သူ၏ လက်ကောက်ဝတ်ရှိ ‌ငွေရောင်လက်ကောက်ကနေ တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်လက်ဖဝါး၏ စွမ်းအင်အားလုံးကို ခုခံလိုက်သည်။

ချက်ချင်းဆိုသလိုပင် နေရာလွတ် စွမ်းအားတစ်ခုသည် ယောင်မိသားစုမှ တတိယညီလေး၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ဝန်းရံသွားခဲ့ပြီး ကျန်းချန်၏ ရှေ့တွင် လျှပ်တစ်ပြက် ပျောက်ကွယ်သွားစေခဲ့သည်။

ယောင်မိသားစု၏ တတိယညီလေးက အသက်အန္တရာယ် ရှိနေသောကြောင့် လက်ကောက်ပေါ်ရှိ အနီရောင်မျဥ်းသည် ထွက်ပေါ်လာခဲ့ပြီး အဝေးသို့ တိုက်ရိုက် ပို့ဆောင်လိုက်သည်မှာ ထင်ရှား၏။

ယောင်မိသားစု၏ တတိယညီလေးကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် သူ၏ လက်ကောက်ဝတ်၌ လှုပ်ရှားမှု တစ်ခုကို ခံစားလိုက်ရသည်။

သူက သူ၏ လက်ကို ကြည့်လိုက်ရာ ငွေရောင်လက်ကောက်တွင် နံပါတ်(၃)ဟူသော စာတမ်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သော ပါရမီရှင် တစ်ဦးကို အနိုင်ယူလိုက်ခြင်းဖြင့် ကျန်းချန်သည် ချက်ချင်းဆိုသလို ရမှတ် ၃မှတ်ကို ရရှိခဲ့၏။

"တတိယညီလေး"

သူ၏ တတိယညီလေးကို ကျန်းချန်က ဖြေရှင်းလိုက်သည်ကိုမြင်လျှင် ယောင်မိသားစု၏ အကြီးဆုံးအစ်ကိုနှင့် ဒုတိယအစ်ကိုတို့၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

မြေကမ္ဘာနဂါးမြို့တော်တွင် ၁၀နှစ်၁ကြိမ် ကျင်းပသည့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ကျင့်ကြံသူ ၁၀၀၀၀ခန့် ပါဝင်ခဲ့ကြသည်။

စည်းမျဥ်းအရ ပကတိနတ်ဘုရား အဆင့်အောက်မှ ကျင့်ကြံသူများ ပါဝင်၍မရဟု ရှင်းရှင်းလင်းလင်း မသတ်မှတ်ထားသော်လည်း ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲ၏ စည်းမျဥ်းတွင် ၁မှတ် ရရှိရန်အတွက် မှော်နဂါးနန်းတော်၏ သတ္တမအဆင့် ပါရမီရှင်ကို အနည်းဆုံး အနိုင်ယူရန် လိုအပ်၏။

ဆိုရလျှင် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်သူ အားလုံးသည် ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထို့ကြောင့် ပကတိနတ်ဘုရားအဆင့်အောက်ဖြင့် ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲကို ပါဝင်ခြင်းသည် အလဟဿ စတေးခံခြင်းသာဖြစ်ပြီး လုံးဝကို အဓိပ္ပာယ်မရှိပေ။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲတွင် ပါဝင်ကြသည့် ပြိုင်ပွဲဝင် ၁၀၀၀၀ထဲတွင် ၉၀ ရာခိုင်နှုန်းကျော်သည် မှော်နဂါးနန်းတော်၏ သတ္တမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သူများ ဖြစ်ကြသည်။

မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကိုမူ လူရာပေါင်းများစွာသာ ဖြတ်ကျော်နိုင်ခဲ့သည်။

သူတို့၏ တတိယညီလေးသည် ထိုလူရာပေါင်း များစွာထဲမှ တစ်ဦးဖြစ်ပြီး မြေကမ္ဘာနဂါးမြို့တော်၏ အစွမ်းထက် ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှ လူသည် သူတို့နှစ်ဦး တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူတို့၏ တတိယညီလေးကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။

"မင်း.. မင်းဘယ်သူလဲ"

အကြီးဆုံးအစ်ကိုက ကျန်းချန်ကို ကြည့်ကာ ထိတ်လန့်တကြား အမူအရာဖြင့် မေးလိုက်သည်။

သူတို့ရှေ့မှ လူသည် မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ထိုးဖောက်ခဲ့သည့် အစစ်အမှန် နဂါးအဆင့် ပါရမီရှင်တစ်ဦး ဖြစ်သည်မှာ ကျိန်းသေသလောက် ဖြစ်သည်။

သို့သော်လည်း ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စစ်ဆေးပွဲ မစတင်မီတွင် သူတို့သည် မြေကမ္ဘာနဂါးမြို့တော်ရှိ အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ဒါဇင်ပေါင်းများစွာကို အသေးစိတ် လေ့လာခဲ့ရာ ထိုအထဲတွင် သူတို့ရှေ့မှလူ မပါဝင်ခဲ့ပေ။

"ငါက မင်းတို့မယှဥ်နိုင်တဲ့သူပဲ"

စကားဆုံးသည်နှင့်ကျန်းချန်က ယောင်ညီအစ်ကိုနှစ်ဦး ဆီသို့ ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

"ဝုန်း.."

သူ၏ဓားချက်က အချိန်နှင့် နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုနှစ်ဦး၏ အကာအကွယ် အလင်းများကိုပင် ကြေမွသွားစေခဲ့သည်။

ထို့နောက်တွင် ယောင်ညီအစ်ကိုနှစ်ဦး၏ လက်ကောက်ပေါ်မှ အသက်ကယ် အနီရောင်မျဥ်းများသည် ချက်ချင်းထွက်ပေါ်လာခဲ့ပြီး နေရာလွတ် စွမ်းအားများဖြင့် ယောင်ညီအစ်ကိုနှစ်ဦးကို ဝန်းရံကာ ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ လက်ကောက်ပေါ်မှ နံပါတ်သည်လည်း ၂ကြိမ် ဆက်တိုက် ပြောင်းလဲသွားခဲ့ပြီး (၁၁)သို့ရောက်ရှိသွားခဲ့သည်။

"ဒီနှစ်ယောက်က တစ်ယောက်ကို ၄မှတ်စီ အလှူလုပ်သွားတာပဲ"

လက်ကောက်ဝတ်ပေါ်ရှိ အမှတ်များကိုကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒီနှစ်ယောက်က မှော်နဂါးနန်းတော်က သတ္တမအဆင့် ပါရမီရှင်ကို အနိုင်ရခဲ့ရင် ၃မှတ်ပဲ ရရှိမှာ မဟုတ်လား.. ၁မှတ်က ဘယ်လိုလုပ်ပြီး ရရှိခဲ့တာလဲ.. လုယက်ခဲ့တာများလား"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"ဒီအတိုင်းဆိုရင် ဒီကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲမှာ လျှို့ဝှက်စည်းမျဥ်းတွေ ရှိနေတဲ့ပုံပဲ"

ကျန်းချန်က စိတ်ထဲတွင် တွေးတောနေစဥ်မှာပင် နေရာလွတ်နယ်မြေ၏အထက်တွင် ရွှေရောင်ရေတံခွန်ကဲ့သို့ ရွှေရောင်စာရင်း တစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ထိုရွှေရောင်စာရင်းသည် အဝေးတွင် ရှိနေသော်လည်း အနီးအနား၌ ရှိနေသကဲ့သို့ပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့၏။

ယင်းမှာမြေကမ္ဘာနဂါးမြို့တော်ရှိ ရင်ပြင်ထက်တွင် ဖော်ပြနေသော ကောင်းကင်နဂါးစာရင်းပင် ဖြစ်သည်။

ကောင်းကင်နဂါးစာရင်းရှိ အချက်အလက်များကို ၁နာရီခြားတစ်ခါ အသစ်ပြန်လုပ်သည်။

ရည်ရွယ်ချက်မှာ နေရာလွတ်နယ်မြေတွင် ပြိုင်ပွဲဝင်နေသူများကို ၎င်းတို့၏အဆင့်အား အကြမ်းဖျင်းအားဖြင့် နားလည်စေရန်ဖြစ်သည်။

ကျန်းချန်က မော့ကြည့်လိုက်ရာ ‌ရွှေရောင်စာရင်း၏ထိပ်ဆုံးတွင် ထင်ရှားသော နာမည်၃ခုကို တွေ့လိုက်ရသည်။

"ပထမနေရာ - ယန်ယွိ(၁၀၉)မှတ်"

"ဒုတိယနေရာ - ပိုင်လီကျန့်(၁၀၆)မှတ်"

"တတိယနေရာ - ယုချိုးရွှေ(၁၀၁)မှတ်"

".............."

ကျန်းချန်က ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး၃ယောက်ကို ကြည့်ရှုပြီးနောက်တွင် သူ၏နာမည်ကို လိုက်ရှာလိုက်ရာ စာကြောင်း ၁၀၀ ကျော်တွင် သူ၏ နာမည်ကို တွေ့လိုက်ရသည်။

"အဆင့်၁၇၇ - ကျန်းချန်(၁၁)မှတ်"

"ထိပ်ဆုံး၃ယောက်က အမှတ်၁၀၀ ကျော်တောင် ရနေပြီဆိုတော့ ကြမ်းလှချည်လား"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။

သူက ဤမြက်ခင်းလွင်ပြင်ပေါ်တွင် အချိန်အတော်အကြာလမ်းလျှောက်ခဲ့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရှိခဲ့ပေ။

ယခုအခါ သူက မှော်နဂါးနန်းတော်၏ အဋ္ဌမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် ပါရမီရှင် ၃ဦးကို အနိုင်ယူနိုင်ခဲ့၍ ကောင်းကင်နဂါး အဆင့်တွင် အဆင့်ကောင်းကောင်း နေရာတစ်ခုကို ရနိုင်မည်ဟု ထင်ခဲ့သည်။

သို့သော်လည်း သူ၏ အဆင့်က အဆင့်၁၀၀ အပြင်ဘက်ကို ရောက်ရှိနေမည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။

"ငါ့ကံတရားက သိပ်မကောင်းပုံပဲ.. နေရာလွတ်နယ်မြေထဲကို ဝင်လိုက်တာနဲ့ ပြိုင်ပွဲဝင် သိပ်မရှိတဲ့ နေရာတစ်ခုကို ကျပန်း အပို့ခံလိုက်ရတယ်"

ကျန်းချန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်သည်။

"မှော်နဂါးနန်းတော်၏ နဝမအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ အစစ်အမှန် နဂါးအဆင့် ပါရမီရှင် ဖြစ်ပေမဲ့ ငါ့ရဲ့အဆင့်က အတော်လေး နိမ့်ကျနေခဲ့တယ်"

ထို့နောက်တွင် ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

အမှတ်များကို အမြန်ဆုံးရရှိရန်အတွက် ပြိုင်ပွဲဝင်အများအပြား ရှိသည့်နေရာကို ရှာဖွေရမည်ဟု သူတွေးမိခဲ့၏။

သို့မဟုတ်လျှင် သူ၏ အစစ်အမှန်နဂါးအဆင့် ပါရမီရှင်ဟူသော ဂုဏ်ပုဒ်သည် ကောင်းကင်နဂါး ဝင်ခွင့်စစ်ဆေးမှုကို မအောင်မြင်လျှင် အဆုံးသတ်၌ လှောင်ရယ်ခံရလိမ့်မည်မဟုတ်ပါလော။

ကျန်းချန်က အမှတ်ရရန်အတွက် ပြိုင်ပွဲဝင်များကို ရှာဖွေနေစဥ်မှာပင် သူ၏ ကိုယ်ပိုင်တံဆိပ်ပြားကနေ သတင်းတစ်ခု ရောက်ရှိလာခဲ့သည်။

"ကျန်းချန်.. ကျွန်မတို့ နေရာလွတ်နယ်မြေရဲ့ အနောက်မြောက်ဘက်က ဓားပုံသဏ္ဌာန်တောင်အောက်မှာ ရှိနေတယ်.. အဲဒီမှာ ပါရမီရှင် ရာပေါင်းများစွာ စုဝေးနေကြတယ်.. ရှင်လာမှာလား"

ထိုသတင်းကို ရီချင်းယင်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကျန်းချန်က ခေါင်းမော့၍ အနည်းငယ် မျှော်ကြည့်လိုက်ရာ အနောက်မြောက်ဘက် အရပ်တွင် ကောင်းကင်ပေါ်သို့ ဦးတည်နေသော ဓားပုံသဏ္ဌာန် တောင်တစ်လုံးကို တွေ့လိုက်ရသည်။

ကျန်းချန်က ချက်ချင်းဆိုသလိုပင် တုံ့ဆိုင်းမနေတော့ဘဲ အလင်းစီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲကာ အနောက်မြောက်ဘက်အရပ် ဆီသို့ ဦးတည်လိုက်၏။

အခန်း(၁၅၂၇)ပြီး၏။

All Chapters