← Chapters

ပါရမီရှင်များ ဆုံစည်းခြင်း

Vol. 44 Ch. 603

ပါရမီရှင်များ ဆုံစည်းခြင်း

Vol. 44 Ch. 603

လောရုံက တာအိုသခင်ကြီးထျန်းလုံကိုကြည့်ကာ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။

" သခင်ကြီး ၊ အဲ့လောက်စိတ်မပူပါနဲ့ဗျာ ။ ဒီကြားထဲမှာ အကိုထျန်း ပြန်ရောက်မလာသေးရင်တောင် ကျုပ်တို့အစွမ်းနဲ့ တိုက်ခိုက်လို့ ရနိုင်ပါတယ် "

တာအိုသခင်ကြီးထျန်းလုံက လောရုံအား လှည့်ကြည့်ကာ ခြောက်ကပ်ကပ် ပြုံးလိုက်သည်။

" မင်းသာ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာရင်တော့ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ်နဲ့ဆို ငါတို့ဘက်က ခုခံနိုင်မယ့် အခြေအနေ ရှိသေးတယ်ကွ။ ဒါပေမယ့် အဲ့ဒါတောင် နည်းနည်းလေးပဲ ခုခံလို့ရမှာ ။ မင်းရဲ့ ကျင့်ကြံခြင်းက ကြီးမားတဲ့ အောင်မြင်မှုမျိုး မရလာသေးခင်မှာတော့ ဘာမှ တတ်နိုင်မှာမဟုတ်ဘူး "

သူ့စကားကြောင့် လောရုံ မျက်မှောင်ပိုကြုံ့သွားသည်။

တာအိုသခင်ကြီးထျန်းလုံကလည်း သူ စိတ်ပျက်သွားသည်ကို ခံစားမိသည့်အလား သက်ပြင်းချ၍ ပြော၏။

" လောရုံလေး.. ငါက တဖက်လူတွေကို ချီးမွမ်းပြီး ကိုယ့်လူတွေရဲ့ စိတ်ဓာတ်ကို ပျက်ပြားအောင်လုပ်ချင်လို့ မဟုတ်ပါဘူးကွာ။ အဲ့ဒီ ကောင်းကင်ဘုံပျက်စီးခြင်း အပေါ်သုံးခုက ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ.. မင်း မသိလို့ကွ "

သူ စကားခဏရပ်၍ သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။

" မင်းတို့နှစ်ယောက်က ခရီးကြောင့်လဲ ပင်ပန်းလာကြမှာ ၊ မနက်ဖြန် ထျန်းယွမ်စမ်းသပ်ပွဲမှာလဲ ဝင်ပြိုင်ရဦးမှာဆိုတော့ စောစော သွားနားလိုက်ကြဦး "

လောရုံတို့နှစ်ယောက်ကလည်း ထိုစကားကိုကြားပြီးနောက် ဦးညွှတ်နှုတ်ဆက်၍ ထွက်ခွာသွားကြ၏။

ထိုင်ခုံပေါ်တွင် ထိုင်ကာ ကျန်နေခဲ့သော သခင်ကြီးထျန်းလုံက သူ့လက်ကို အနည်းငယ် မြှောက်လိုက်သည်။

ဝီ...

သူ့ရှေ့တွင် ဟင်းလင်းပြင်ပုံရိပ်တစ်ခု ပေါ်လာ၏။

" နတ်ဆိုးရှေးဟောင်းကမ္ဘာ ရောက်လာတာ မြန်လွန်းတယ် ။ နောက်သုံးရက်.. မဟုတ်သေးဘူး.. နောက်နှစ်ရက်လောက် ဆိုရင်ကို ရောက်လာတော့မှာ ။ ပြီးတော့ ကမ္ဘာပတ်လမ်းကြောင်းကို ကြည့်ရတာလဲ.. ဒီတစ်ခေါက် ကမ္ဘာနှစ်ခု ဆုံမယ့်အချိန်က ရက်တွေအများကြီး ကြာမယ့်ပုံပဲ... "

သူ ထိုသို့ပြောပြီး ဟင်းလင်းပြင်ပုံရိပ်အား ပြန်သိမ်းလိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေပါ၏။

" ဒီတစ်ခေါက်.. ငါတို့ တားနိုင်ပါ့မလား "

တာအိုသခင်ကြီးထျန်းလုံမှာ အစွမ်းမဲ့သူတစ်ယောက်ပမာ ခံစားနေရတော့သည်။

ထိုသို့ ခံစားရသည်ကိုလည်း သူ့ကို အပြစ်ဆို၍ မရပါ ။ ယခင်တစ်ကြိမ် ထိုကမ္ဘာနှစ်ခု ဆုံခဲ့စဥ်က အချိန်တိုလေး ဖြစ်သည့်တိုင် သူတို့ထျန်းယွမ်ကျောင်းတော်

ဘက်မှ ဆုံးရှုံးမှုကြီးစွာ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား ။

ယခုတစ်ကြိမ်လို ကမ္ဘာချင်းဆုံမည့်အချိန်က ရက်နှင့်ချီ ကြာမည်ဆိုလျှင်မူ... သူ ဆက်ပင် မတွေးနိုင်တော့ပါချေ။

" ဘယ်တတ်နိုင်မလဲလေ .. ကံတရားကိုပဲ ယုံကြည်ရတော့မှာပေါ့ "

သခင်ကြီးထျန်းလုံ သက်ပြင်းချလိုက်ပြီးနောက်... တင်ပျင်ခွေထိုင်၍ မျက်လုံးများမှိတ်ကာ အနားယူလိုက်သည်။

နောက်တနေ့ မနက်တွင်...

" သခင်ကြီး ၊ ထျန်းယွမ်စမ်းသပ်ပွဲ စတော့မယ်ဗျ ။ အကြီးအကဲတို့.. ကျေးဇူးပြုပြီး ဝင်ခဲ့ကြပါ "

ရှန့်မူချင်းက တံခါးအပြင်ဘက်တွင် ရပ်ရင်း သခင်ကြီးထျန်းလုံအား ပြောလိုက်သည်။

" ကောင်းပါပြီ ၊ သွားကြတာပေါ့ "

သခင်ကြီးထျန်းလုံမှာလည်း အားတင်း၍ ပြန်ပြော

လိုက်၏။

ထို့နောက်တွင်မူ သူတို့လူစု ဟိုချိုး ၊ ဒီကွေ့ ထွက်သွားကြပြီးနောက် .. ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ရှေ့သို့ ရောက်သွားကြသည်။

ထိုစဥ်တွင် ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ရှေ့၌ ပျားပန်းခပ်မျှ စည်ကားနေပါသည်။

ထျန်းယွမ်စမ်းသပ်ပွဲကို ထျန်းယွမ်ကျောင်းတော်က ထိန်းချုပ်လာခဲ့သည့် နှစ်များအတွင်း အပြင်လူများအား ဝင်ခွင့်ပေးသည်မှာ အလွန်ရှားလှပါ၏။

ဤတစ်ကြိမ်တွင်မူ ထျန်းယွမ်ကျောင်းတော်က အားလုံးကို ဝင်ခွင့်ပေးခဲ့သည့်အပြင် ကန့်သတ်ချက်များလည်း မထားခဲ့ပါချေ။

မြင့်မြတ်နယ်မြေများမှ လူများ ဝင်နိုင်ရုံမက ၊ တစ်ကိုယ်တော် ကျင့်ကြံသူများပင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ပါသည်။

ထို့ကြောင့်လည်း ထျန်းယွမ်ကမ္ဘာမှ လူအများစုက

ကံစမ်းရန် ရောက်နေကြခြင်း ဖြစ်ပါ၏။

" ဟင်... မိုလောစန် ၊ မင်းရော ဒီရောက်နေတာလား ။ မင်းကရော ဒီ ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပြိုင််မှာတော့ မပြောနဲ့နော် "

လူအုပ်ထဲမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က သူနှင့် မလှမ်းမကမ်းရှိ ခဲရောင်ဝတ်စုံနှင့် လူကိုကြည့်ရင်း တအံ့တသြ ပြောလိုက်သည်။

မိုလောစန်က ထိုသူကို ပြန်ကြည့်ကာ ပြော၏။

" ငါက ဘာကိစ္စ ဝင်ပြိုင်လို့မရမှာလဲ "

တဖက်လူ နှုတ်ခမ်းမဲ့လိုက်သည်။

" မင်းက ကောင်းကင်ဘုံတံခါးဝအဆင့်မှာ နှစ်တွေအကြာကြီး ပိတ်မိနေပြီးတော့ အဆင့်မတက်နိုင်ဖြစ်နေတာ ငါသိပါတယ်ကွာ ။ မင်း တော်တော်လဲ စိုးရိမ်နေမှာပဲ ။ ဒါပေမယ့် ထျန်းယွမ်စမ်းသပ်ပွဲက မင်းတို့လိုအရွယ်တွေအတွက် မဟုတ်ဘူးကွ "

မိုလောစန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

" ထျန်းယွမ်စမ်းသပ်ပွဲမှာ အသက်ကန့်သတ်ချက်တွေ ဘာမှ မရှိဘူးလေ "

တဖက်လူ မျက်မှောင်ကြုံ့၍ ထပ်ပြောသည်။

" အသက်ကန့်သတ်ချက် မရှိဘူးဆိုပေမယ့်.. ထျန်းယွမ်စမ်းသပ်ပွဲက ​အသက်ကြီးလေလေ ၊ ပိုခက်ခဲလေဆိုတာတော့ မင်း သိထားသင့်တာပေါ့ကွ။ ဒါကိုမှ အတင်းဝင်ရင် အသက်တောင် ဆုံးသွားနိုင်တယ်နော် "

မိုလောစန်တစ်ယောက် မျက်နှာကြီး အိုသွားသည်။

တဖက်လူပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း သူမသိဘဲ မနေပါချေ။

ထျန်းယွမ်စမ်းသပ်ပွဲမှာ ပါရမီရှင်များကို ရွေးချယ်ရန် စီစဥ်ထားခြင်းဖြစ်ပြီး..

စမ်းသပ်ပွဲကို အောင်မြင်ခဲ့ကြသည့် လူအများစုမှာလည်း ငယ်ရွယ်စဥ်တွင် အောင်မြင်ခဲ့ကြခြင်း ဖြစ်ပါသည်။

သူတို့ထဲမှ အသက်အကြီးဆုံးသည်ပင် အသက် သုံးရာသာ ရှိပါ၏။

ထိုသူသည်ပင် အထဲ၌ သေမလိုအခြေအနေနှင့် ကြုံခဲ့ရကာ ခက်ခက်ခဲခဲ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

ထိုသူမှလွဲ၍ ထျန်းယွမ်စမ်းသပ်ပွဲထဲ ဝင်ပါသည့် အသက်ကြီးကြီး လူများမှာ အထဲတွင် သေလျှင်သေ ၊ မသေလျှင်လည်း ဒဏ်ရာဆိုးရွားစွာ ရခဲ့ကြသည်ချည်းသာ ဖြစ်၏။

ထို့ကြောင့်လည်း ထျန်းယွမ်စမ်းသပ်ပွဲကို ဝင်ပါနိုင်သည့် အကြီးဆုံးအသက်မှာ အသက်သုံးရာဟု ထျန်းယွမ်ကမ္ဘာမှ လူများအားလုံးက သဘောတူထားကြခြင်းပါပင် ။

ယခု သူတို့ရှေ့မှ အဘိုးအို မိုလောစန်မှာကား.. အသက် ထောင်ချီပင် ရှိနေလေပြီ ။

သူသာ ထိုအတိုင်းဝင်သွားပါက မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် ခြားမည် မဟုတ်ပါချေ။

" ငါ့သက်တမ်းက ကုန်ခါနီးနေပြီလေ.. အဲ့တော့ လောင်းကစား လုပ်သင့်ရင် လုပ်ရမှာပဲ "

မိုလောစန် ပြောလိုက်သည်။

" အဲ့လိုလား.. "

တဖက်မှ လူကြီးမှာ ထိုစကားကိုကြားမှ စိတ်သက်သာရာ ရသွားပုံပင် ။

မိုလောစန်က ထျန်းယွမ်စမ်းသပ်ပွဲသို့ ဝင်ပြိုင်ရန် လာခဲ့သည်မှာ မဆန်းတော့ချေ။

ဝုန်း...

ထိုစဥ်တွင် တိမ်တိုက်မျာကြားမှ ရထားလုံးတစ်ခု ရုတ်တရက် ပျံသန်းထွက်လာ၏။

" ဟင်.. ဟုန်ကျီဂိုဏ်းရဲ့ ရထားပျံပါလား "

တစ်ယောက်က တအံ့တသြ ရေရွတ်လိုက်သည်။

" ဟုန်ကျီဂိုဏ်း.. ဟုတ်လား.. ၊ ဟို လျှို့ဝှက်မြင့်မြတ်နယ်မြေလား.. ။ သူတို့ကရော လူတွေလွှတ်လိုက်တာလား.. ။ သူတို့ကို လူကြားထဲ မမြင်ရတာ အနည်းဆုံးတောင် နှစ်တစ်ထောင်လောက် ရှိနေပြီထင်တယ် "

တစ်ယောက်ကလည်း ပြော၏။

" ကြည့်ရတာ ထျန်းယွမ်စမ်းသပ်ပွဲက ဆွဲဆောင်မှုအားကောင်းလွန်းလို့နဲ့ တူပါတယ် "

အားလုံး ထင်ရာပြောနေကြစဥ်မှာပင် ရထားပျံထဲမှ လူငယ်တစ်ယောက် ပျံသန်းထွက်လာသည်။

" ဟုန်ကျီဂိုဏ်းက ဝမ်ရွှမ်ဖုန်း က... သခင်ကြီးတွေရဲ့ကိုယ်စား တာအိုသခင်ကြီးထျန်းလုံကို အရိုအသေပေးပါတယ် "

လူငယ်က ဖြည်းညင်းစွာ ပျံသန်းလာရင်း ဆိုသည်။

သူ ခပ်လှမ်းလှမ်းမှနေ၍ ဦးညွှတ်လိုက်စဥ်မှာပင် သူ့ကိုယ်မှ အရောင်အဝါလည်း ထွက်လာပြီး.. မှိန်ဖျော့ဖျော့ ထူးဆန်းသောသားရဲ အရိပ်တစ်ခုက သူ့ကိုယ်အား ရစ်နွယ်လာ၏။

" အဆုံးအစမဲ့အဆင့်လား.. ဒါမှမဟုတ်.. ထူးခြားတဲ့ခန္ဓာကိုယ်လား.. ။ လျှို့ဝှက်မြင့်မြတ်နယ်မြေတစ်ခုရဲ့ ဂိုဏ်းသား ပီသပါပေတယ်ကွာ "

" ဒီလူရဲ့အစွမ်းက ရှန့်မိုချင်းထက် အစွမ်းမနိမ့်တာ သေချာတယ် "

အားလုံး တစ်ယောက်တပေါက် ပြောလိုက်ကြပြန်သည်။

ထိုစဥ်မှာပင် သခင်ကြီးထျန်းလုံက ခေါင်းအသာညိတ်ပြီး ပြော၏။

" တူလေး ဝမ် ၊ အဲ့လောက်ကြီး ယဥ်ကျေးနေစရာ မလိုပါဘူးကွာ။ ခဏလေး ဘေးမှာ စောင့်နေဦးနော် "

" ကျေးဇူးတင်ပါတယ် "

ဝမ်ရွှမ်ဖုန်းက ပြောပြီး ဘေးတွင်ရပ်နေလိုက်သည်။

တစ်ချိန်တည်းနီးပါးမှာပင်..

ဝုန်း...

မြေပြင်က စည်းချက်ကျကျ တုန်ခါလာပါ၏။ ကျင့်ကြံခြင်းအဆင့် လုံလောက်အောင် မမြင့်ထားသည့် လူငယ်အချို့ဆိုလျှင် မတ်တပ်ပင် ကောင်းကောင်းမရပ်နိုင်ကြတော့ချေ။

" ဘာတွေ ဖြစ်နေတာလဲ "

အားလုံး အံ့အားသင့်ကုန်ကြ၏။

ထိုစဥ်မှာပင်..

" အနောက်ပိုင်းဒေသက အညတရ ဘုန်းတော်ကြီးရဲ့ တပည့်က သခင်ကြီးထျန်းလုံကို အရိုအသေပေးပါတယ် "

ခပ်အုပ်အုပ် အသံတစ်သံ ထွက်လာသည်။

အသံပိုင်ရှင်ကို မြင်သည်နှင့် အားလုံး အံ့အားသင့်ကုန်ကြပြန်၏။

ထိုဘုန်းတော်ကြီးမှာ အသက်ငယ်သေးဟန် တူသည့်တိုင် အရပ်ကိုးပေကျော် မြင့်ပြီး သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေကြီးပင် တုန်ခါသွားရသည်။

သခင်ကြီးထျန်းလုံကလည်း ထိုသူကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်သည်။

" အင်း... အညတရဘုန်းတော်ကြီးမှာ မင်းလိုတပည့်မျိုး ရှိနေတာပဲကွ ။ မင်းက ငယ်ငယ်လေးနဲ့ အဆုံး

အစမဲ့အဆင့်ကို ရောက်ထားရုံတင်မကဘူး ၊ ကိုးပေ ရွှေရောင်ခန္ဓာကိုယ်ကိုတောင် ကျင့်ကြံထားပြီးပြီ... ကောင်းတယ်ကွာ ။ ကဲ... ခဏစောင့်နေဦးနော် "

ဘုန်းတော်ကြီး ၊ ယွမ်ကျုံးက ဦးညွှတ်အရိုအသေပေးကာ ဘေးဖယ်နေလိုက်၏။

အားလုံးမှာလည်း ထိုအချိန်မှသာ အသိပြန်ဝင်လာကြတော့သည်။

ထိုသူက ကိုးပေရွှေရောင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသတဲ့လား..

သူ့အရပ်မြင့်သလို သူ့ရုပ်သွင်ကလည်း ကြီးမြတ်ဟန်တူနေသည်မှာ မဆန်းတော့ပေ။

၎င်းမှာ အနောက်ပိုင်းဒေသ၏ ထူးခြားပြီး အစွမ်းထက်သော ထူးခြားခန္ဓာကိုယ်တစ်ခုပင် ။

" ကိုးပေရွှေရောင်ခန္ဓာကိုယ်က တကယ်လဲ အစွမ်းထက်ပါတယ် ။ ဒါပေမယ့် အဲ့ဒါကြီးကို အချိန်တိုင်း ထုတ်ပြထားဖို့တော့ မလိုဘူးမဟုတ်လား "

ထိုစဥ် တစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် မေးလာသည်။

" ထူးခြားတဲ့ ကျင့်ကြံနည်းတစ်ခု ဖြစ်ရင်ဖြစ်မှာပေါ့ကွ။ ကိုးပေရွှေရောင်ခန္ဓာကိုယ်ကို အမြဲတမ်းကြီး ထိန်းထားဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာ "

အခြားတစ်ယောက်က ဘုန်းတော်ကြီး ယွမ်ကျုံးအား လေးစားအားကျစွာ ကြည့်ရင်း ပြန်ပြော၏။

ထို့နောက်တွင်လည်း... မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များစွာ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသဖြင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေပါတော့သည်။

သို့သော်. ... အားလုံး၏ အသွင်မှာ တစ်စုံတစ်ခုကို စောင့်နေကြသယောင်..

နောက်ဆုံးတွင်မူ..

" ပျောင်ပိုင်မြို့ဟေ့... ပျောင်ပိုင်မြို့ကလူတွေ ရောက်လာပြီ "

တစ်ယောက်က အော်ပြောလိုက်သည်။

ထျန်းယွမ်စမ်းသပ်ပွဲ အပြင်ဘက်တွင် ရှိနေသော လူများအားလုံး ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

ခပ်လှမ်းလှမ်း ကောင်းကင်ယံတွင်ကား.. နျိုထျဲ့ချူ ၊ လောရုံ နှင့် လောရှောင်ရှောင်းတို့ ဦးဆောင်သော ပျောင်ပိုင်မြို့မှ ကျင့်ကြံသူ ဆယ်ယောက်ကျော်က လေထဲမှ ဖြည်းဖြည်းချင်း ဆင်းသက်လာကြသည်။

All Chapters