ထျန်းကူဟုန်မိသားစု လာနေပြီ
Vol. 44 Ch. 605
သူ ဘာလုပ်ရပါမည်နည်း..
တဖက်လူ ရိုက်သည်ကို ဒီတိုင်းခံလိုက်၍ မဖြစ်ပါ..
သူ ထိုလူကို ရှုံး၍ မရပါချေ။
ယွမ်ကျုံးမှာ ထိုအချိန်တွင် အနည်းငယ် စိတ်ရှုပ်နေတော့သည်။
တခဏအကြာတွင်မူ သူ အသိပြန်ဝင်လာပါ၏။
" ဟုတ်သားပဲ.. ငါကလဲ တုံးလိုက်တာ ။ ဒီကောင်က အစွမ်းထက်တာမှန်ပေမယ့် ငါက ကိုးပေရွှေရောင်ခန္ဓာကိုယ်လေ ။ ငါ့ရဲ့ ရွှေရောင်ခန္ဓာကိုယ်အစွမ်းတွေ အားလုံးကို မျက်နှာမှာ စုစည်းပြီး သူရိုက်တာကို ခံလိုက်လို့ ရတာပဲ ။ လွယ်လွယ်လေး "
ယွမ်ကျုံး ထိုသို့တွေးကာ အပြုံးဖြင့် ပြောလိုက်သည်။
" ကောင်းပြီ ၊ မင်းအလှည့် "
သူ ထိုသို့ပြောပြီး ခေါင်းမော့ရင်ကော့၍ နေလိုက်သည်။
ဝီ..
သူ့ကိုယ်မှ ရွှေရောင်အလင်းတန်းများ မှေးမှိန်သွားကာ.. သူ့မျက်နှာတစ်ပြင်လုံး ရွှေရောင်လက်လာ၏။
လောရှို့မှာလည်း ၎င်းကိုကြည့်ပြီး မျက်နှာတည်သွားသည်။
" ကဲ.. ဒါဆို ရိုက်ပြီနော် "
သူ ပြောကာ အစွမ်းကုန်သုံး ရိုက်လိုက်သည်။
ဖြန်း...
သူ့လက်ဝါးချက်က ယွမ်ကျုံး၏ မျက်နှာပေါ် တန်းကျသွား၏။
ယွမ်ကျုံးမှာ တမဟုတ်ချင်း နောက်သို့ ခြေလှမ်းဆယ်လှမ်းကျော် ဆုတ်သွားပြီး.. သူ့မျက်နှာထက်မှ ရွှေရောင်အလင်းတန်းများလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ သို့သော် ထိုအလင်းတန်းများက တခဏအကြာမှာပင် ပြန်တည်ငြိမ်သွားပါသည်။
" ဒီကောင်လေးက ကြောက်စရာကောင်းလှပါလား ။ သူ့ရဲ့ ရိုက်ချက်က ငါ့ရဲ့ ကိုးပေရွှေရောင်ခန္ဓာကိုယ်ကိုတောင် ဖောက်ထွက်နိုင်တော့မလို့ .. "
ယွမ်ကျုံးစိတ်ထဲမှ ကြိတ်၍ တုန်လှုပ်သွားရသည်။
၎င်းသည်ပင် သူ့အစွမ်းများအားလုံးကို မျက်နှာတွင် စုစည်းထားပြီးမှ ရလာသည့်ရလဒ်ဖြစ်ပါ၏။
" သူ့ကို နောက်တစ်ချက် ရိုက်လိုက်ရင်တော့ ငါ နိုင်လောက်မှာပါ "
ယွမ်ကျုံးစိတ်ထဲမှ ဆုံးဖြတ်ချက်ကြိတ်ချလိုက်သည်။
" ကောင်လေး ၊ အခုက ငါ့အလှည့်နော်.. ဟုတ်လား
"
သူ မျက်မှောင်ကြုံ့ ပြောလိုက်၏။
" အင်း.. လုပ်လေ "
လောရှို့ကမူ မျက်နှာတည်ဖြင့် နေရာတွင်သာ ရပ်လျက်..
ဘုန်းကြီးယွမ်ကျုံး အသက်ပြင်းပြင်း ရှိုက်ကာ သူ့လက်ထဲသို့ အစွမ်းများ တိတ်တဆိတ် ပို့လွှတ်လိုက်သည်။
" ရော့ကွာ.. "
ဖြန်း...
သူ ချက်ချင်း ရိုက်လိုက်၏။
ထိုလက်ဝါးချက်ကို မြင်သောအခါ အားလုံး လန့်ကုန်ကြသည်။
" ဘာလဲဟ.. ဒါ.. နတ်ဆိုးသိမ်းသွင်းအချုပ်အနှောင် မဟုတ်လား.. ။ ဒါကို လက်ဝါးရိုက်
ချက်လို့ ပြောလို့ရသေးလား ။ သူက သိုင်းကွက်တွေပါ ထည့်သုံးနေတာပဲ "
" ဒီကောင်.. ဒါကြီးတော့ လွန်သွားပြီကွာ "
အနားတွင် ရှိနေသူများက အထင်သေးရွံရှာဟန်ဖြင့် ပြောလိုက်ကြသည်။
ပျောင်ပိုင်မြို့မှ လူများသည်ပင် မျက်မှောင်ကြုံ့သွားကြပါ၏။
အစောပိုင်းတွင် သိုင်းကွက်များကို ထည့်သွင်းအသုံးမပြုရဟု မပြောထားသည့်တိုင်..
ထိုသို့လုပ်လိုက်ခြင်းက အထင်သေးစရာ အပြုအမူတစ်ခုပင် ။
ဝုန်း..
အသံကျယ် တစ်သံနှင့်အတူ မြေပြင်မှ ဖုန်မှုန့်လုံးကြီး လိမ့်တက်လာသည်။
" ဘုရားရေ.. ငါ အပြစ်ကျုးလွန်လိုက်မိပြီ "
ဘုန်းကြီး ယွမ်ကျုံးမှာလည်း သူ့ရိုက်ချက်၏ အကျိုးဆက်ကိုမြင်ကာ အပြစ်မကင်းသလို အနည်းငယ် ခံစားလိုက်ရ၏။
ဘေးနားတွင် ရှိနေကြသူများထံမှလည်း တအံ့တသြ ရေရွတ်သံများ ထွက်လာသည်။
" ဟိုကောင်လေး အဆင်ပြေရဲ့လား မသိဘူး "
" ဘယ်လိုလုပ် အဆင်ပြေမှာလဲကွ။ မျက်နှာကို အဲ့အစွမ်းနဲ့ အရိုက်ခံလိုက်ရတာလေ.. အဆင်ပြေမယ်လို့ ထင်ရင် မင်းကိုယ်တိုင် သွားခံကြည့်ပါလား "
ထိုတခဏ၌ လောရှို့တစ်ယောက် ရှုံးသွားပြီဟုလည်း အားလုံး တွေးလိုက်ကြပါသည်။
သို့သော် ထိုစဥ်မှာပင်..
" အခု ငါ့အလှည့် "
ဖုန်လုံးကြားမှ ဒေါသထွက်နေသည့် အသံတစ်သံ ထွက်လာသည်။
ထိုအသံကိုကြားသည်နှင့် လူအုပ်ကြီးလည်း ဆူညံပွက်လောရိုက်သွားကြပြန်၏။
" ဘုရားရေ.. သူက မေ့တောင်မလဲသွားဘူးလား "
" မဖြစ်နိုင်တာ.. ဒီကောင့်ခန္ဓာကိုယ်က ကိုးပေရွှေရောင်ခန္ဓာကိုယ်ထက် ပိုအစွမ်းထက်နေတာလား "
အထူးသဖြင့် ဘုန်းကြီး ယွမ်ကျုံးမှာ အားလုံးထဲ အတုန်လှုပ်ဆုံးပါပင်..
အစောက ရိုက်ချက်တွင် သူလုံးဝ ညှာတာမပေးခဲ့ပါ ။
သို့တိုင် တဖက်လူကို အနိုင်မယူနိုင်ဘူးဆိုပါက.. ဖြစ်နိုင်ချေတစ်ခုသာ ရှိပါတော့သည်။
တဖက်လူ၏ အစွမ်းက သူ့အထက်တွင် ရှိနေသည်ဆိုသည့် အဓိပ္ပါယ်ပင်...
ထိုအချိန်မှာပင် ဖုန်မှုန့်များ ပြန်ငြိမ်သွားပြီး လူအုပ်၏ မြင်ကွင်းထဲသို့ လောရှို့ ပြန်ပေါ်လာ၏။
ထိုစဥ်တွင် သူ့မျက်နှာမှာ ဖူးယောင်နေပြီး သူ့နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ရှိနေသည့်တိုင်.. သူ့မျက်လုံးများမှာ စူးရှနေဆဲ ဖြစ်ပါသည်။
ယွမ်ကျုံး ချောင်းဟန့်၍ လည်ချောင်းရှင်းကာ စိုးရိမ်မကင်းဟန်ဖြင့် မေးလိုက်သည်။
" သခင်လေး.. ခဏပြန်ပြီး အနားယူချင်လား.. ။ ပြီးရင် ဆေးလေးဘာလေးသောက်... "
လက်ရှိတွင် လောထျန်း၏ အစွမ်းကိုလည်း သူ ယုံနေလေပြီ ။
ဘယ်သူမှန်းမသိသည့် လောရှို့သည်ပင် ဤမျှ ကြောက်စရာကောင်းလျှင်
လောထျန်းက မည်သို့ အစွမ်းနိမ့်နိုင်ပါမည်နည်း ။
ထို့ကြောင့်လည်း သူ ယခင်လို မာန်မထောင်နိုင်တော့ပါချေ။
" မလိုဘူး "
သို့သော် လောရှို့က သူ့အား နည်းနည်းလေးပင် အခွင့်အရေး မပေးတော့ပါ ။
" အင်... ကောင်းပါပြီ "
ယွမ်ကျုံးမှာ မည်သို့မှ မတတ်နိုင်ဘဲ သဘောတူလိုက်ရတော့၏။
" သူက အခု ဒဏ်ရာရထားတာဆိုတော့... သူ့အစွမ်းက အရင်ထက် ပိုမဆိုးနိုင်ပါဘူးလေ။ ဒါကိုပဲ ကံကောင်းတယ်လို့ တွေးရမှာပေါ့ "
ယွမ်ကျုံး သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။
သို့သော် ထိုစဥ်မှာပင်..
" နဂါးအသွင်ပြောင်းခြင်း "
ဝုန်း...
လောရှို့၏ ကိုယ်ပေါ်၌ မရေမတွက်နိုင်သော နဂါး
ကြေးခွံများ တမဟုတ်ချင်း ပေါ်လာကြသည်။
ဝုန်း..
သူ့ကိုယ်မှ အရောင်အဝါလည်း များစွာပင် တိုးသွား၏။
" ဘယ်လို ... "
ယွမ်ကျုံးတစ်ယောက် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရတော့သည်။
တဖက်လူတွင်လည်း ထူးခြားခန္ဓာကိုယ် ရှိနေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိပါ ။
ထို့အပြင်... ထိုနဂါးအသွင်ပြောင်းခြင်းမှ တိုးလာသောအစွမ်းက သူ့ကိုးပေရွှေရောင်ခန္ဓာကိုယ်ထက်ပင် များစွာ သာနေပါသေးသည်။
ယွမ်ကျုံးမှာ ကျိန်ဆဲမိတော့မလိုပင် ဖြစ်သွား၏။
ထိုသို့သောအစွမ်းမျိုး ရှိနေပါရက်.. အဘယ့်ကြောင့် စောစောထုတ်မသုံးခဲ့ရပါသနည်း...
သို့သော် ဤမျှနှင့် မပြီးသေးပါချေ..
" အရှုပ်အထွေး နတ်ဘုရားအလင်းတန်း "
လောရှို့ ထပ်အော်လိုက်ပြန်သည်။
ဝီ...
ချက်ချင်းမှာပင် သူ့ကိုယ်ပေါ်၌ အရှုပ်အထွေးနတ်ဘုရားအလင်းတန်း ပေါ်လာ၏။
" ဘာကြီးလဲဟ.... "
ဘုန်းကြီးယွမ်ကျုံးတစ်ယောက် မျက်လုံးပြူးသွားတော့သည်။
ထိုသူက နဂါးအသွင် ပြောင်းနိုင်ရုံအပြင်.. အရှုပ်အထွေး နတ်ဘုရားအလင်းတန်းလည်း ရှိနေသေးသတဲ့လား..
ခပ်လှမ်းလှမ်းတွင်ရှိနေသော လောရုံက ၎င်းကိုကြည့်ကာ ပြုံး၍ ခေါင်းအသာညိတ်လိုက်သည်။
" လောရှို့က တကယ်ကို ကြိုးစားတဲ့ကောင်လေးပဲ။ သူက အကိုထျန်း ပေးခဲ့တဲ့ ကောင်းကင်ဘုံခန္ဓာကိုယ်
သန့်စင်နည်းကို ကျင့်ကြံနိုင်တဲ့သူ နည်းနည်းလေးထဲက တစ်ယောက် ။ သူက အခုထိ အရှုပ်အထွေးခန္ဓာကိုယ်ကို မကျင့်ကြံနိုင်သေးပေမယ့် အရှုပ်အထွေး နတ်ဘုရားအလင်းတန်း တစွန်းတစလေးတော့ ထုတ်နိုင်ပြီ "
၎င်းမှာ တစွန်းတစလေးသာ ဖြစ်သည့်တိုင် အတော်အစွမ်းထက်သည်ဟု ပြော၍ရပါသည်။
" သခင်လေး... ဖြစ်ခဲ့တာတွေကို... ဒီတိုင်း မေ့လိုက်ကြတာ မကောင်းဘူးလားဗျာ "
ယွမ်ကျုံးက သူ့နဖူးမှ ချွေးများအား လက်ဖြင့်သုတ်ရင်း ပြောလာ၏။
" မမေ့ပါဘူး ၊ အခုက ငါ့အလှည့်လေ ။ ဒီတိုင်း မေ့ရအောင်လို့ပြောဖို့ မင်းမှာ ပြောခွင့်ရှိတယ် ထင်နေတာလား "
လောရှို့ ဒေါသတကြီး ပြန်အော်လိုက်သည်။
ယွမ်ကျုံး မှာ မည်သို့မှ မတတ်နိုင်ဘဲ အောင့်သက်သက်သာပြုံးလိုက်ရပြီး ပြန်ပြောရှာ၏။
" ဒါဆိုလဲ ကျေးဇူးပြုပြီးတော့ ငြင်ငြင်သာသာ လုပ်
ပါဗျာ ။ ခဏနေ ထျန်းယွမ်စမ်းသပ်ပွဲအတွက် သခင်လေးရဲ့အစွမ်းကို ချန်ထားရဦးမှာ မဟုတ်လား "
" မလိုဘူး ၊ ငါ့မှာ အစွမ်းတွေအများကြီး ရှိတယ် "
လောရှို့ ဒေါသတကြီး ပြန်ပြောလိုက်သည်။
ယွမ်ကျုံးမှာကား တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရတော့သည်။
သူ ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်၍သာ ပြောလိုက်ရ၏။
" ကောင်းပါပြီ... "
သူ ထိုသို့ပြောပြီးသည်နှင့် အစွမ်းများအားလုံးကို မျက်နှာပေါ် ပြန်စုစည်းလိုက်သည်။
" ငါ အကောင်းဆုံး ကြိုးစားရင်တော့ ခုခံနိုင်မှာပါ "
သူ တွေးလိုက်၏။
ထိုစဥ်မှာပင် လောရှို့က သူ့ထံသို့ ပြေးဝင်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
ဘုန်း...
ထို့နောက်တွင်ကား... ယွမ်ကျုံးတစ်ယောက်မှာ ဥက္ကာခဲကြီးတစ်ခုလို လေထဲ လွင့်သွားတော့သည်။
၎င်းကိုကြည့်နေသော တာအိုသခင်ကြီးထျန်းလုံ၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ချက်ချင်း လှုပ်ရှားလိုက်၏။
ဤနေရာ၌ တစ်ယောက်ယောက် သေသွားရလျှင် ဘာဖြစ်သွားမည်ကို မပြောနိုင်ဘူး မဟုတ်ပါလား..
ဝီ..
သူ ယွမ်ကျုံးအား လေထဲတွင်ပင် ဖမ်းလိုက်နိုင်ပါသည်။
ယွမ်ကျုံး၏ မျက်နှာကို မြင်သည့်အချိန်တွင်မူ သခင်ကြီးထျန်းလုံ တုန်လှုပ်သွားရတော့၏။
ယွမ်ကျုံးမှာ... သွားများအားလုံး မရှိတော့ဘဲ.. မျက်နှာတစ်ခုလုံးလည်း ဖူးယောင်နေကာ
အခြေအနေ အလွန်ဆိုးဟန် ပေါက်နေပါ၏။
သို့သော် ကံကောင်းစွာပင် အသက်အန္တရာယ် ရှိဟန်မတူပါ ။
ဟူး..
သခင်ကြီးထျန်းလုံ သက်ပြင်းချပြီး မြေပြင်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် ယွမ်ကျုံးအား သူ့လူများလက်ထဲသို့ ထည့်ပေးကာ သူ့လူများကို ပြန်ခေါ်သွားစေလိုက်၏။
ထိုအချိန်တွင် အားလုံးမှာ အံ့သြမှင်သက်လျက်...
ပျောင်ပိုင်မြို့မှ လူများက ဤမျှအစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့မိပါ..
အထူးသဖြင့် ယွမ်ကျူံးကဲ့သို့ ကြားထားသည့်သတင်းကို မယုံဘဲ ပျောင်ပိုင်မြို့မှ လူများနှင့် တိုက်ခိုက်ချင်နေခဲ့ကြသည့် မြင့်မြတ်နယ်မြေများမှ ပါရမီရှင်များမှာ...
သူတို့ရှေ့မှ တိုက်ပွဲကိုမြင်ပြီးနောက် ထိုအကြံကို စွန့်လွတ်လိုက်ကြတော့သည်။
မစွန့်လွတ်၍လည်း မဖြစ်ပါချေ ။
ထိုလူအုပ်ထဲမှ မည်သူမဆို သူတို့ပါရမီရှင်များအားလုံးကို ဖိခြေပစ်နိုင်ကြသည် မဟုတ်ပါလား .. ။
ထိုသို့သော သူများနှင့် မည်သို့ ယှဥ်ပြိုင်ရပါမည်နည်း ။
ထိုစဥ်တွင် တာအိုသခင်ကြီး ထျန်းလုံမှာလည်း ပျင်းလာ၍ ထျန်းယွမ်စမ်းသပ်ပွဲအား ချက်ချင်းစရန် ပြင်လိုက်တော့၏။
သို့သော်.. ထိုစဥ်မှာပင်..
" ဟား ဟား.. ကြည့်လို့ကောင်းလိုက်တာကွာ ။ ပျောင်ပိုင်မြို့က လူငယ်တွေက မဆိုးကြဘူးပဲ "
ခပ်အက်အက် အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
ထိုအသံကိုကြားသည်နှင့် သခင်ကြီးထျန်းလုံ ဆတ်ခနဲတုန်သွားပြီး အသံလာရာဘက် ချက်ချင်းမော့ကြည့်လိုက်၏။
ဝုန်း...
ထိုစဥ်မှာပင်.. သူတို့ခေါင်းထက်ရှိ လေထု ဟသွားကာ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပေါ်လာသည်။
ဟင်းလင်းပြင်လမ်းကြောင်းထဲတွင်ကား.. ရာပေါင်းများစွာသော လူများ ခြံရံထားသည့် အဘိုးအိုတစ်ယောက်...
တဖက်လူကို သေချာမြင်သည်နှင့် သခင်ကြီးထျန်းလုံ ချက်ချင်းမျက်မှောင်ကြုံ့သွားကာ အံကြိတ်၍ ပြောလိုက်သည်။
" ထျန်းကူဟုန် မိသားစု.... "