← Chapters

ဟုန်မိသားစုမှ လူငါးယောက်က ကျုံ့ကျိုးဒေသ တစ်ခုလုံးကို ဖိနှိပ်ခြင်း

Vol. 44 Ch. 608

ဟုန်မိသားစုမှ လူငါးယောက်က ကျုံ့ကျိုးဒေသ တစ်ခုလုံးကို ဖိနှိပ်ခြင်း

Vol. 44 Ch. 608

" အကိုရှန့် ၊ ဘာဖြစ်လို့လဲဗျ "

သူ့ဘေးတွင် ရှိနေသော ဝူလျန်နန်းတော်၏ သခင်လေး ၊ ချင်းရှောင်ရှန်က သူ့အား နားမလည်နိုင်စွာကြည့်ကာ မေးလိုက်သည်။

ရှန့်မူချင်းမှာ ထျန်းယွမ်စမ်းသပ်ပွဲအား အဆုံးထိ ကျော်ဖြတ်နိုင်ခဲ့သည့် တစ်ဦးတည်းသော သူမှန်း သူသိထားပါ၏။

ထို့ကြောင့်လည်း အကြောင်းစုံကို သိရအောင် သူ မေးလိုက်ခြင်းပင် ။

ရှန့်မူချင်းက အေးဆေးပင် ရှင်းပြလာသည်။

" ငါ ခန့်မှန်းတာသာမှန်ရင်.. ဝမ်ရွှမ်ဖုန်းရဲ့ ပါရမီနဲ့ဆို.. အေးဆေးအချိန်ယူပြီး ဂရုတစိုက်သွားရင် အဆင့်လေးဆယ်လောက်ထိ ရောက်နိုင်တယ်။ ဒါပေမယ့် အခု သူက ဟုန်ရှီရန်စတာကို နားယောင်ပြီးတော့ အလောတကြီး ဖြစ်နေတာ ။ သူ ဒီတိုင်းဆက်သွား

ရင် အစွမ်းတွေ အများကြီးကုန်ပြီး အဆင့်သုံးဆယ်လောက်မှာတင် လက်ပန်းကျသွားလိမ့်မယ် "

ချင်းရှောင်ရှန် ချက်ချင်းသဘောပေါက်သွားကာ စိတ်ထဲမှလည်း တိတ်တဆိတ် မှတ်သားထားလိုက်သည်။

သူ နောက်ပိုင်း စမ်းသပ်ပွဲထဲ ဝင်သည့်အခါတွင်လည်း စိတ်ရှည်ရှည်ထားပြီး အလောတကြီးမလုပ်ရန် တွေးလိုက်၏။

ထိုစဥ် တဖက်မှ ဝမ်ရွှမ်ဖုန်း၏ နာမည်က အဆင့် ၂၄ သို့ ရောက်သွားသည့်အတွက် ကျုံ့ကျိုးနယ်သားများထံမှ အော်ဟစ်အားပေးသံများ ထွက်လာပြန်သည်။

ဟုန်ရှီကမူ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

ဝမ်ရွှမ်ဖုန်း၏ နာမည်မှာ အပေါ်သို့ ဆက်တက်နေဆဲ..

" ၂၆.... ၂၇....... ၃၀.. "

ထိုအသံနှင့်အတူ အားလုံး၏ အားပေးသံများလည်း

ညံညံစီစီ ထွက်လာသည်။

ဝမ်ရွှမ်ဖုန်းက အဆင့်သုံးဆယ်သို့ ရောက်သွားခဲ့လေပြီ ။

သို့သော် ရှန့်မူချင်း ခန့်မှန်းထားသည့်အတိုင်းပင်..

အဆင့် ၃၀ သို့ရောက်သည်နှင့် ဝမ်ရွှမ်ဖုန်း၏ အမြန်နှုန်းက သိသိသာသာပင် ကျသွားတော့သည်။

အဆင့်တစ်ခုတက်ရန်လည်း ပိုပို၍ ခက်ခဲလာဟန် တူပါ၏။

နောက်ဆုံး ..

ဝီ..

အဆင့် ၃၅ ရောက်ချိန်တွင်မူ ဝမ်ရွှမ်ဖုန်း၏ နာမည် ရပ်တန့်သွားကာ...

ဝှစ်...

မျက်နှာတစ်ပြင်လုံး ဖြူရော်ပြီး နှုတ်ခမ်းထောင့်တွင် သွေးစွန်းနေသော ဝမ်ရွှမ်ဖုန်းတစ်ယောက် အပြင်သို့ ပြန်ရောက်လာသည်။

သူ ဒဏ်ရာရခဲ့သည်မှာ အသိသာပင် ။

သို့သော် ဝမ်ရွှမ်ဖုန်းက နှုတ်ခမ်းမှသွေးများကို သုတ်လိုက်ပြီးနောက် ဟုန်ရှီအား အပြုံးဖြင့်ကြည့်၍ ပြောလာ၏။

" အကိုဟုန်ရှီ ၊ အခုရော.. ဘယ်လိုလဲ "

သူ ထိုသို့ ပြောသည်နှင့် ဘေးမှလူများလည်း အော်ဟစ်အားပေးလိုက်ကြသည်။

" ကောင်လေး... မင်း သိပ်ကို မောက်မာနေခဲ့တာ ။ အခု သူက မင်းထက်ပိုသာတယ်.. တွေ့လား "

" ဟား ဟား.. တောင်ပိုင်းဒေသက မြင့်မြတ်နယ်မြေကလဲ.. ဘာမှမဟုတ်ပါလားကွာ "

" ကျွတ်စ်... ငါက မင်းကို အရမ်းအစွမ်းထက်တယ် ထင်နေခဲ့တာ "

အားလုံး၏ လှောင်ပြောင်စကားများကို နားထောင်နေသော ဟုန်ရှီက အံကြိတ်လိုက်ပြီး ဝမ်ရွှမ်ဖုန်းကို ခေါင်းညိတ်ပြ၍ ပြန်ပြောလိုက်၏။

" ဒီပွဲကိုတော့ ငါ ရှုံးပါတယ် "

ဝမ်ရွှမ်ဖုန်းက ထိုစကားကိုကြားပြီး ကျေနပ်သွားဟန်တူကာ ပြောသည်။

" ဒါပေမယ့်.. အကိုဟုန်ရှီက ဟုန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ ဘယ်အဆင့်ရှိလဲဆိုတာတော့ ကျုပ် သိချင်တယ် "

ထျန်းကူဟုန်မိသားစုကဲ့သို့ မြင့်မြတ်နယ်မြေတစ်ခုတွင် ဟုန်ရှီ၏အဆင့်က မည်သို့ရှိမည်ကို သူ အမှန်တကယ်ပင် သိချင်လှပါသည်။

သို့သော် ထိုစဥ်မှာပင်..

ဝုန်း..

လေလှိုင်းလုံးတစ်ခုက ဟုန်ရှီထံသို့ ရုတ်တရက် ရောက်လာ၏။

အွတ်..

ဟုန်ရှီ ချက်ချင်းသွေးအန်ကာ ဒူးတစ်ဖက်ထောက်သွားရသည်။

" ဟင်.. ဘယ်သူ တိုက်ခိုက်လိုက်တာလဲ "

အားလုံး အံ့သြတကြီး လှည့်ကြည့်လိုက်ကြ၏။

ဤထျန်းယွမ်စမ်းသပ်ပွဲ၌.. ကမ္ဘာပေါ်မှ မသေမျိုးနှစ်ယောက်သည်ပင် တိုက်ရိုက် မတိုက်ခိုက်ခဲ့ချိန်တွင်..

မည်သူက ထိုသို့ အဆင်ခြင်မဲ့ ပြုမူရဲနေပါသနည်း ။

ထိုစဥ်မှာပင်..

" ဘာမှအသုံးမကျတဲ့ ခွေးကောင်... ၊ ဒီလောက် ကိစ္စသေးသေးလေးတောင် မလုပ်နိုင်ဘူး ။ မင်းက ငါ့အတွက် ဘာအသုံးကျသေးလဲ "

အသံတစ်သံ ထွက်လာသည်။

ရှေ့ဆင့်နောက်ဆင့်မှာပင်... ထျန်းကူဟုန်မိသားစုထဲ

မှ အမျိုးသားလေးယောက်နှင့် အမျိုးသမီး တစ်ယောက် ပါဝင်သော လူငါးယောက်အုပ်စု ထွက်လာကြ၏။

ဟုန်ရှီမှာ ထိုသူများကိုမြင်သည်နှင့် ကြောက်ရွံ့သွားဟန်တူကာ.. တစ်ကိုယ်လုံးတုန်ပြီး မြေပြင်သို့ လဲကျသွားသည်။

ဘုန်း..

ထိုစဥ်မှာပင် ငါးယောက်ထဲက လူငယ်တစ်ယောက်က ဟုန်ရှီ၏ ခေါင်းကို ခြေတစ်ဖက်ဖြင့် နင်းကာ သူ့မျက်နှာကို မြေကြီးထဲရောက်အောင်ထိ ဖိထားလိုက်သည်။

" အမှိုက်ကောင်... ငါတို့ ဟုန်မိသားစု အရှက်တကွဲ မဖြစ်ရအောင်လို့ မင်းကို အစောတည်းက သတ်ခဲ့ရမှာ "

လူငယ်က အေးစက်စက်ပြော၏။

အားလုံးမှာလည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားကုန်ကြသည်။

ဝမ်ရွှမ်ဖုန်းက မျက်မှောင်ကြုံ့၍ ပြောလိုက်၏။

" သခင်လေး.. ဒါကြီးက လွန်တယ်လို့ မထင်ဘူးလားဗျာ ။ သူက ခင်ဗျားတို့ ဟုန်မိသားစုဝင်တစ်ယောက်ပဲလေ ။ သူ့အဆင့်က သခင်လေးတို့ထက် နိမ့်တယ်ဆိုရင်တောင် အဲ့လိုကြီး မလုပ်သင့်..... "

သို့သော်.. စကားမဆုံးခင်မှာပင် ဟုန်မိသားစုမှ လူငယ်က သူ့အား အေးစက်စက်ကြည့်လာသည်။

" ဟုန်မိသားစုဝင်.. ဟုတ်လား ၊ ဘာ ဟုန်မိသားစုဝင်လဲ ။ ဒီကောင်က ဒီတိုင်း ငါမွေးထားတဲ့ ခွေးတစ်ကောင်ပဲ။ ငါက ဒီကောင့်ကို အခိုင်းအစေအဖြစ် ခေါ်လာပြီးမှ အသုံးဝင်မယ်ထင်လို့ ဟုန်မိသားစုနာမည် ပေးခဲ့တာ ။ ငါတို့ ဟုန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ အဲ့လိုအသုံးမကျတဲ့ကောင် ရှိမယ်ထင်တာလား "

လူငယ်က ထိုသို့ပြောကာ ဒေါသ မထိန်းနိုင်ဟန်ဖြင့် ဟုန်ရှီ၏ ခေါင်းကို အကြိမ်အနည်းငယ် ထပ်ပြီး ဆောင့်နင်းလိုက်သေးသည်။

ဟုန်ရှီမှာ အစမှအဆုံးတိုင် တစက်ကလေးပင် မလှုပ်ရဲပါချေ။

အားလုံးမှာလည်း ၎င်းကိုကြည့်ကာ ပို၍ တုန်လှုပ်သွားရသည်။

ဟုန်ရှီက ဟုန်မိသားစု၏ အခိုင်းအစေတစ်ယောက်တဲ့လား...

အခိုင်းအစေကပင် ဤမျှ အစွမ်းထက်သတဲ့လား..

ထို့ထက်ပို အရေးကြီးသည်မှာ တဖက်လူ ငါးယောက်က ဟုန်ရှီအား အမှိုက်ဟု ပြောသွားခြင်းပင် ။

သူသည်ပင် အမှိုက်ဆိုပါက ဤနေရာတွင် ရှိနေကြသည့် အခြားသူများမှာ ဘာဖြစ်သွားမည်နည်း ။

" ဘယ်လို..... "

ဝမ်ရွှမ်ဖုန်းမှာလည်း ထိုစကားကြောင့် အံ့သြတုန်လှုပ်သွားရတော့သည်။

သူ ယှဥ်ပြိုင်ခဲ့သည့် တဖက်လူက ဟုန်မိသားစု၏ အခိုင်းအစေဆိုသည်ကို သူ မည်သို့ လက်ခံရပါမည်နည်း ။

ထိုစဥ်တွင် ဟုန်ရှီ၏ခေါင်းကို နင်းနေခဲ့သော လူငယ်က လှောင်ပြုံးဖြင့် ပြောလာ၏။

" ငါတို့ငါးယောက်က ဟုန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲက ထိပ်ဆုံးငါးယောက်ပဲ "

" ငါက ဒီတစ်ခေါက် ကျုံ့ကျိုးက ပါရမီရှင်တွေနဲ့ ယှဥ်ပြိုင်မယ်လို့တွေးပြီး ဒီကိုလာခဲ့တာ။ ဒါပေမယ့်ကွာ.. အခုတော့ မြင်သမျှက အမှိုက်တွေပဲ ဖြစ်နေတယ် "

သူ ထိုသို့ ပြောနေရင်းတွင်လည်း ဝမ်ရွှမ်ဖုန်းအား လှောင်ပြုံးဖြင့် ကြည့်လိုက်ပါသေးသည်။

" မင်း.. ဘာပြောလိုက်တယ် "

ဝမ်ရွှမ်ဖုန်းတစ်ယောက် ချက်ချင်း ဒေါသူပုန်ထသွားတော့သည်။

တဖက်လူငယ်က လှောင်ပြုံးဖြင့် ပြန်ပြော၏။

" မင်းက ထျန်းယွမ်စမ်းသပ်ပွဲရဲ့ အဆင့် ၃၅ ထိပဲရောက်ခဲ့တောင် ကိုယ့်ကိုကိုယ် သိပ်ကျေနပ်နေတာ ။ မင်းလိုကောင်က အမှိုက်မဟုတ်လို့ ဘာဖြစ်ရဦးမှာ

လဲ "

သူ ထိုသို့ပြောပြီးနောက် အားလုံးကို ဂရုမစိုက်ဟန်ဖြင့် ဘေးဘီသို့ တစ်ချက်ဝေ့ကြည့်ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

" ငါ့နာမည်က ဟုန်လိုင်လို့ ခေါ်တယ် ။ ငါက ဟုန်မိသားစုရဲ့ လူငယ်မျိုးဆက်ထဲမှာ အဆင့် ငါး ပဲ "

" ဟိုးအရင်တုန်းက ဟွမ်ဖုယွီက တစ်ယောက်တည်းအစွမ်းနဲ့ ကျုံ့ကျိုးက ပါရမီရှင်တွေအားလုံးကို အနိုင်ယူနိုင်ခဲ့တယ် ။ အခု ငါတို့ငါးယောက်ကလည်း သူ့​ခြေရာကို နင်းဖို့အတွက် လာခဲ့တာပဲ။ ငါ ဒီနေရာကနေ ကြေငြာလိုက်မယ်.... ငါတို့ငါးယောက်က ဒီထျန်းယွမ်စမ်းသပ်ပွဲကို သုံးပြီးတော့ ကျုံ့ကျိုးက ပါရမီရှင်တွေအားလုံးကို စိန်ခေါ်တယ် ။ အနောက်ပိုင်းဒေသက သူတွေကိုရောပဲ ။ တကယ်လို့ ငါတို့ ရှုံးသွားခဲ့ရင် ငါတို့ငါးယောက်လုံး နောက်နှစ်သုံးရာကြာတဲ့အထိ ကျုံ့ကျိုးကို လုံးဝခြေမချဘူးလို့ ကတိပေးတယ်ကွာ "

" ဒါပေမယ့် ... ငါတို့ နိုင်သွားခဲ့ရင်တော့ ကျုံ့ကျိုးရော ၊ အနောက်ပိုင်းဒေသရောက ဘယ်သူကမှ ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ ခေါ်ခွင့်မရှိဘူး "

သူ ထိုသို့ပြောကာ ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်ပြန်သည်။

ကျုံ့ကျိုးမှ လူများအားလုံး၏ မျက်နှာတွင် ဒေါသရိပ်များ ချက်ချင်း ပေါ်လာကြတော့သည်။

ယခင် ဟွမ်ဖုယွီက တစ်ယောက်တည်းအစွမ်းဖြင့် ကျုံ့ကျိုးတစ်နယ်လုံးကို အနိုင်ယူခဲ့သည့်ကိစ္စမှာ ကျုံ့ကျိုးနယ်အတွက် အလွန်အရှက်စရာ ကိစ္စကြီးတစ်ခု ဖြစ်ပါသည်။

သို့သော် ... ထိုသူက အစွမ်းထက်လွန်းလှသဖြင့် သူတို့ ဘာမှမတတ်နိုင်ခဲ့ပါချေ။

ယနေ့တွင်လည်း.. ထိုငါးယောက်က ထိုသို့ ထပ်လုပ်မယ်တဲ့လား..

အကယ်၍ သူတို့သာ အမှန်တကယ် အနိုင်ရသွားခဲ့ပါက ကျုံ့ကျိုးမှလူများမှာ တောင်ပိုင်းဒေသမှ လူများရှေ့၌ ခေါင်းပင်ဖော်နိုင်ကြတော့မည် မဟုတ်ပါ ။

သို့သော် ထိုစဥ်တွင် လူတစ်ယောက်က ရုတ်တရက် ပြောလာသည်။

" ကျုံ့ကျိုးနဲ့ အနောက်ပိုင်း​ဒေသ.. ဟုတ်လား ။ အရှေ့ပိုင်းဒေသကတော့ ပျက်စီးနေပြီး လူလဲသိပ်မရှိတော့ဘူးမို့ ထည့်မပြောတာ ထားလိုက်ပါတော့ ။ မြောက်ပိုင်းဒေသကိုကျ ဘာလို့ထည့်မပြောတာလဲ "

ထိုစကားကို ကြားသောအခါ ဟုန်လိုင် မျက်မှောင်ကြုံ့သွား၏။

" မြောက်ပိုင်းဒေသ ဟုတ်လား.. ဘာမှ မရှိတဲ့အမှိုက်ဒေသကို ဘာလို့ထည့်ပြောရမှာလဲ "

ခေတ္တမျှ စကားရပ်လိုက်ပြီးနောက် သူ ဆက်ပြောသည်။

" အိုး.. သဘောပေါက်ပြီ ၊ မင်းက ပျောင်ပိုင်မြို့ကို ပြောချင်တာမလား ။ တကယ်တော့ ဒီကောင်တွေက ဘာမှသုံးစားမရတဲ့ ဝက်တွေပါကွာ ။ နဂါးအသွင်ပြောင်းနိုင်တဲ့ ငါးရောင်ခြယ်နတ်နွားကို အားကိုးပြီးတော့ပဲ နေနေကြတာ ။ ကျန်တဲ့ကောင်တွေကိုက စကားထဲ ထည့်ပြောဖို့တောင် မတန်ဘူး "

" ဥပမာ.. သူတို့ ဒီလောက်ချီးကျူးနေကြတဲ့ လော

ထျန်းဆိုရင်.. ငါထင်တာတော့ လူလိမ်အကြီးစားပဲနေမှာ ။ ငါတို့ ငါးယောက်ထဲက ဘယ်သူမဆို သူ့ကို သိုင်းကွက်သုံးကွက်တည်းနဲ့ မြေကြီးပေါ်ဒူးထောက်ပြီး အသနားခံနေရအောင် လုပ်နိုင်တယ် "

စကားဆုံးအောင် ပြောပြီးသွားသည့်တိုင် ဟုန်လိုင်၏ မျက်နှာပေါ်၌ အထင်သေးရွံရှာဟန် ရှိနေဆဲပါပင် ။

သို့သော်.. သူ့စကားဆုံးချိန်မှာပင်..

ဝုန်း...

ခပ်လှမ်းလှမ်းမှ လူသတ်အရိပ်အငွေ့တစ်ခု လွင့်ပျံလာသည်။

" ထျန်းကူဟုန်မိသားစု... မင်းတို့တွေ သေချင်နေပြီလား "

လူသတ်အရိပ်အငွေ့နှင့်အတူ လောရုံ၏ ဒေါသတကြီး အော်သံလည်း ထွက်လာ၏။

ဟုန်လိုင်မှာ လောရုံရှိရာဘက် လှည့်ကြည့်လိုက်ပြီး

နောက် ... လောရုံနှင့်တကွ သူ့နောက်မှလူများကိုမြင်ကာ အံ့အားသင့်သွားရသည်။

" ဒီလူတွေက ဘာဖြစ်နေကြတာလဲ ။ သူတို့ရဲ့ လူသတ်အရိပ်အငွေ့က ဘာလို့ အခဲအဖြစ် ပြောင်းတော့မလို ဖြစ်နေရတာလဲ "

သူ စိတ်ထဲမှ အံ့အားသင့်သွားသည့်တိုင်.. အထင်သေးသည့် မျက်နှာထားဖြင့်ပင် ပြောလိုက်ပါသည်။

" ငါ့ကို ပြန်ပြောချင်ရင် ထျန်းယွမ်စမ်းသပ်ပွဲမှာ ငါ့ထက်သာအောင် လုပ်လေ "

All Chapters