ချင်းရှောင်ရှန် ဝင်ပြိုင်ခြင်း
Vol. 44 Ch. 610
ချင်းရှောင်ရှန်၏ စကားကိုကြားမှသာ သခင်ကြီးထျန်းလုံ၏ မျက်နှာထား အနည်းငယ်ပြေလျော့သွားသည်။
ချင်းရှောင်ရှန် မည်သူမှန်း သိသူများကလည်း အော်ဟစ်အားပေးလိုက်ကြ၏။
" ဝူလျန်နန်းတော်ရဲ့ သခင်လေး ချင်းရှောင်ရှန်ပဲဟေ့.. "
" သူနဲ့သာဆို ကျုံ့ကျိုးရဲ့ အခြေအနေ အပေါ်ပြန်ရောက်သွားမှာပဲ "
ကျုံကျိုးမှလူများ စိတ်လှုပ်ရှားနေကြတော့သည်။
ဟုန်လိုင်က ချင်းရှောင်ရှန်အား မျက်မှောင်အနည်းငယ်ကြုံ့၍ ကြည့်လာ၏။
" သခင်လေး ချင်း ၊ ကျုပ်က သခင်လေးချင်း နောက်ဆုံးနေ့မှ စမ်းသပ်ပွဲကို ဝင်ပြိုင်မယ်ထင်ထားခဲ့
တာ ။ ခုလိုအစောကြီး စိတ်မထိန်းနိုင်ဘဲ ဝင်ပါမယ် ထင်မထားဘူး "
ဟုန်လိုင် အပြုံးဖြင့် ပြောလိုက်သည်။
" မင်းက ကျုပ်ကို သိတယ်ပေါ့ "
ချင်းရှောင်ရှန်က သူ့အား မျက်မှောင်ကြုံ့၍ ပြန်ကြည့်လိုက်၏။
ဟုန်လိုင်က အပြုံးဖြင့်ပင် ဆက်ပြောသည်။
" ကျုပ်တို့ ထျန်းကူဟုန်မိသားစုက ဒီခရီးကို မလာခင် လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်ဗျ ။ ကျုပ်တို့က တောင်ပိုင်းဒေသက လူတွေကလွဲပြီးတော့ ကျန်တဲ့ပါရမီရှင်တွေအားလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီးသား ။ သခင်လေးရဲ့ ပါရမီရယ် ၊ အစွမ်းရယ်နဲ့ဆို အဆင့်နှစ်လို့ သတ်မှတ်လို့ရတယ် "
" အဆင့်နှစ်... "
ချင်းရှောင်ရှန်မှာ သူ့စကားကြောင့် အံ့အားသင့်သွားသည်။
ဟုန်လိုင်က ခေါင်းညိတ်၍ ပြန်ပြော၏။
" အမှန်ပဲ ၊ သခင်လေးရဲ့ အဆုံးအစမဲ့ နတ်ဘုရား
ခန္ဓာကိုယ် နဲ့ အစွမ်းကို ကျုပ်တို့ သတိထားမိပါတယ်။ အဲ့လိုပါရမီမျိုးနဲ့ဆို သခင်လေးက သေချာပေါက် အဆင့်နှစ်ပဲ ။ ပထမရတဲ့သူကတော့ ရှန့်မူချင်း ပေါ့ဗျာ ။ ဒါပေမယ့် သူက ထျန်းယွမ်စမ်းသပ်ပွဲမှာ ဝင်ပြိုင်ပြီးသားမို့ ဒီတစ်ခေါက် ဝင်ပါလို့မရဘူးလေ ။ အဲ့တော့ ဒီခရီးမှာ သခင်လေးချင်းက ကျုပ်တို့လူစုအတွက် အကြီးဆုံးရန်သူပေါ့ဗျာ "
" သခင်လေးချင်းကိုသာ အနိုင်ယူလိုက်နိုင်တာနဲ့ ကျုပ်တို့ ထျန်းကူဟုန်မိသားစုက တစ်ကမ္ဘာလုံးကို အောင်နိုင်တော့မှာ "
သူ ထိုသို့ပြောပြီး အရောင်လက်နေသော မျက်လုံးများဖြင့် ချင်းရှောင်ရှန်အား လှမ်းကြည့်လိုက်သည်။
သို့သော် ချင်းရှောင်ရှန်ကမူ သူ့စကားကိုကြားပြီး မျက်မှောင်သာ ပိုကြုံ့သွား၏ ။
" ကျုပ်ကို အနိုင်ယူမယ်... တစ်ကမ္ဘာလုံးကိုပါ အောင်နိုင်မယ်.. ဟုတ်လား ၊ ခင်ဗျားတို့ မှားနေပြီနော် ။ ဒီမှာ ကျုပ်ထက် ပါရမီပိုထူးတဲ့သူတွေ အများကြီး ရှိတယ် "
ချင်းရှောင်ရှန်မှာ ထိုသို့ပြောရင်း စိတ်ပျက်လက်ပျက် ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူ့ခေါင်းထဲတွင်လည်း ဘီလူးကြီးနှစ်ယောက်ဖြစ်သော လောရုံ နှင့် လောရှောင်ရှောင်းတို့အား တွေးမိသွား၏။
ဟုန်လိုင်က သူ့စကားကို ကြားကြားချင်း နှုတ်ခမ်းတွန့်ရုံပြုံး၍ ပြောလာသည်။
" သခင်လေး ၊ ကိုယ့်ကိုကိုယ် အဲ့လောက်ကြီး မနှိမ့်ချပါနဲ့ ။ ပြီးတော့ ကျုပ်တို့ကိုလဲ အဲ့စကားတွေနဲ့ လှည့်စားဖို့ မကြိုးစားနဲ့နော် ။ ဒီမှာ ကျုပ်တို့ ထျန်းကူဟုန်မိသားစုကလွဲပြီး သခင်လေးထက် ပါရမီပိုသာတဲ့သူ ဘယ်သူရှိလို့လဲ ။ ဟို ပျောင်ပိုင်မြို့က ဝက်တွေလား... "
ထိုစကားကို ကြားသောအခါ ချင်းရှောင်ရှန် နှုတ်ခမ်းမဲ့သွားသည်။
သူ တဖက်လူငယ်အုပ်ကိုလည်း သံသယအကြည့်ဖြင့် ကြည့်လိုက်၏။ ထိုသူများက ယောင်ချီတွင် ဖြစ်သွားခဲ့သည့် တိုက်ပွဲအကြောင်း မသိကြသည်မှာ အသေချာပါပင် ။
သို့သော် သေချာပြန်စဥ်းစားကြည့်လျှင်လည်း ၎င်းက ဖြစ်နိုင်ပါသည်။
သွမ့်ချန်ချိုးက တောင်ပိုင်းဒေသ တစ်ခုလုံးအား ဓားတစ်လက်ဖြင့် ဖိနှိပ်ထားခဲ့ပေရာ.. တောင်ပိုင်းဒေသရှိ အဓိက မြင့်မြတ်နယ်မြေကြီးသုံးခုမှာ ကျုံ့ကျိုးသို့ ခြေမချရဲကြပါချေ။
ယောင်ချီတွင် ဖြစ်သွားခဲ့သည့် ကိစ္စမှာလည်း ကိုယ်တိုင်မျက်စိဖြင့် မြင်ရခြင်း မဟုတ်ပါက.. ယုံနိုင်စရာ မရှိလေရာ..
သူတို့ မယုံကြသည်က မဆန်းပေ။
သို့ဆိုလျှင် .. သူ ထိုသူများကို သတိပေးလိုက်သင့်ပါသလား..
သို့သော်.. ပျောင်ပိုင်မြို့မှ ဘီလူးကြီးနှစ်ယောက်ကိုယ်တိုင် သူတို့ကို သင်ခန်းစာပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ချင်းရှောင်ရှန် ထိုသို့တွေးကာ မည်သို့မှ ရှင်းပြမနေဘဲ အပြုံးဖြင့်သာ ပြောလိုက်၏။
" ခင်ဗျားက ကျုပ်ကို ထွင်းဖောက်ပြီး မြင်နိုင်တာပဲ ။ ထားပါလေ.. စမ်းသပ်ပွဲကို ခုတည်းက ဝင်ပြိုင်လိုက်တာ ပိုကောင်းပါတယ် "
သူ ထိုသို့ပြောပြီးသည်နှင့် ထျန်းယွမ်စမ်းသပ်ပွဲဆီသို့ လျှောက်သွားလိုက်သည်။
ဟုန်လိုင်က လှောင်ပြုံးဖြင့် ပြန်ပြော၏။
" သခင်လေးက ကျုပ်ကို လှည့်စားချင်သေးတယ်ပေါ့... ကျုပ်ကို ငတုံးများ ထင်တာလား "
ထိုစဥ် တဖက်မှ ချင်းရှောင်ရှန်မှာ ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ထဲသို့ ဝင်သွားပြီဖြစ်ကာ.. တစ်ချိန်တည်းမှာပင် အနီးနားမှ လူအုပ်လည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ကျုံ့ကျိုးမှ လူများမှာလည်း ချင်းရှောင်ရှန်အား အော်ဟစ်အားပေးနေကြပြီး.. သူတို့ကိုယ်တိုင် စမ်းသပ်ပွဲထဲ ဝင်ပြိုင်ရသည်ထက်ပင် ပိုစိတ်လှုပ်ရှားနေတော့၏။
ထိုစဥ် ဟုန်ယွိက ဟုန်လိုင်ဆီသို့ လျှောက်သွားကာ တီးတိုးပြောလိုက်သည်။
" ချင်းရှောင်ရှန်က ကျွန်မတို့ကို သာနိုင်မယ်လို့ အကိုထင်လား "
ဟုန်လိုင်က မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။
" လုံးဝ မဖြစ်နိုင်ဘူး "
" ဟင်.. ဘာဖြစ်လို့လဲ "
ဟုန်ယွိ တအံ့တသြ ပြန်မေးလိုက်သည်။
ဟိုင်လိုင်က သူမကိုကြည့်ကာ ပြန်ပြော၏။
" ခုနက သူစကားပြောနေတာကို ကြည့်တာနဲ့တောင် သူ့ဆီမှာ ပါရမီရှင်တစ်ယောက်ရဲ့ မာနနဲ့ ယုံကြည်ချက်မျိုး လုံးဝ ရှိမနေဘူး ။ ဒီကောင်က စိတ်ဓာတ်ပျော့ညံ့တဲ့သူပဲ ။ သူ့မှာ အဆုံးအစမဲ့ နတ်ဘုရားခန္ဓာကိုယ် ရှိနေရင်တောင် မင်းနဲ့ငါနဲ့ကို လုံးဝ မယှဥ်နိုင်တာ သေချာတယ် "
ထိုစကားကြောင့် ဟုန်ယွိ၏ မျက်လုံးများ အရောင်လက်သွားကာ ပြောသည်။
" အဲ့လိုကိုး.. အကိုမပြောခင်အထိ ကျွန်မ သတိ
တောင် မထားမိဘူး ။ ဒီ ချင်းရှောင်ရှန်ဆိုတဲ့လူက ကိုယ့်ကိုကိုယ် ယုံကြည်ချက် တကယ်မရှိဘူးပဲ "
အကယ်၍ ချင်းရှောင်ရှန်သာ ထိုစကားများကို ကြားသွားပါက သူတို့အား တံတွေးဖြင့် လှည့်ထွေးမည် မလွဲပေ ။
လောထျန်းကဲ့သို့ လူတစ်ယောက်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံရပြီးနောက်တွင်.. သူ အကန်းတစ်ယောက်လို ယုံကြည်ချက်မျိုး မည်သို့ ရှိနိုင်ပါတော့မည်နည်း ။
ထျန်းဟူကုန်မိသားစုမှ လူနှစ်ယောက် ထိုသို့ ပြောဆိုနေစဥ်မှာပင် .. လူအုပ်ထံမှ တအံ့တသြရေရွတ်သံများ ဆူဆူညံညံထွက်လာသည်။
ချင်းရှောင်ရှန်၏ နာမည် ရွှေ့သွားသောကြောင့် ထိုသို့ဖြစ်နေရကြောင်း လှည့်ကြည့်စရာပင် မလိုပါချေ။
သို့သော်.. အနည်းငယ်မျှ အော်ဟစ်နေကြပြီး နောက်တွင်မူ ကျုံ့ကျိုးမှ လူများ၏ အသံက ရုတ်တရက် တိတ်သွားပါ၏။
ဟုန်လိုင် အံ့အားသင့်သွားပြီး အလင်းတန်းလိုက်ကာပေါ်သို့ မော့ကြည့်လိုက်သည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မနေနိုင်ဘဲ အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
" တွေ့လား.. ငါ ပြောသားပဲ ။ ဒီကောင်က ငါထင်ထားတာထက်တောင် ပိုဆိုးနေသေးတယ် ။ သူ အဆင့်တက်တဲ့နှုန်းကလဲ နှေးလိုက်တာကွာ ။ ငါထင်တာတော့ သူက ဟို ဝမ်ရွှမ်ဖုန်းဆိုတဲ့ ကောင်ထက်တောင် ဆိုးမယ်နဲ့တူတယ် "
ဟုန်ယွိကလည်း ထိုစကားကိုကြားပြီး လှည့်ကြည့်လိုက်ရာ ချင်းရှောင်ရှန်၏ အဆင့်တက်နေသည့် နှုန်းက အမှန်တကယ်လည်း သူမနှင့် ဟုန်လိုင်တို့ နှစ်ယောက်လုံးထက် များစွာပိုနှေးသည်ကို တွေ့လိုက်ရသည်။
" ဝူလျန်နန်းတော်ရဲ့ သခင်လေးက အဲ့လောက်ပဲ လုပ်နိုင်တာလား "
သူမစိတ်ထဲတွင်လည်း သံသယဝင်သွား၏။
ထိုစဥ်တွင် ကျုံ့ကျိုးမှ လူများမှာ ဝရုန်းသုန်းကား ဖြစ်နေကြလေပြီ ။
မျှော်လင့်မထားစွာပင် သူတို့ အားကိုးရသည့် ချင်းရှောင်ရှန်က အားပျော့သူတစ်ယောက် ဖြစ်နေသတဲ့လား ..
အချို့သူများဆိုလျှင် ချင်းရှောင်ရှန်ကို စော်ကားပုတ်ခတ်သည့် စကားများပင် ပြောလာကြသည်။
သို့သော်.. အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ ထိုသူများ ပါးစပ်ပိတ်သွားကြပါ၏။
အဘယ့်ကြောင့်ဆိုသော်..
ချင်းရှောင်ရှန်၏ အဆင့်တက်သည့်နှုန်းက နှေးသည့်တိုင် ပုံမှန်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်နေသောကြောင့် ဖြစ်ပါသည်။
ပထမအဆင့် မှ အဆင့် တစ်ဆယ်အထိ ပုံမှန်နှုန်းအတိုင်းသာ တက်နေသလို.. အဆင့်သုံးဆယ်သို့ ရောက်သည့်အချိန်တွင်လည်း ထိုနှုန်းအတိုင်း ဆက်
သွားနေဆဲပင်..
" ဒီလူက... "
ဟုန်လိုင်မှာလည်း ၎င်းကို သတိထားမိကာ ချက်ချင်း မျက်မှောင်ကြုံ့သွားသည်။
မကြာမီမှာပင် ချင်းရှောင်ရှန်က ပုံမှန်နှုန်းအတိုင်း အဆင့် ၇၀ သို့ ရောက်လာ၏။
ထိုအချိန်တွင်ကား ဟုန်လိုင်၏ မျက်နှာပေါ်တွင် ယခင်လို မောက်မာနေဟန် အလျဥ်းမရှိတော့ပါချေ။
ထိုအစား ဒေါသတို့ကသာ နေရာယူနေခဲ့လေပြီ ။
" ဒီကောင်က ငါ့ကို အရှက်ခွဲချင်လို့ တမင်လုပ်သွားတာပဲ ဖြစ်ရမယ် "
ဟုန်လိုင် ဒေါသတကြီး ပြောလိုက်သည်။
သို့သော်.. သူ့အား မည်သူကမှ မတုန့်ပြန်ကြပါ။
ဤသို့ဖြင့် ချင်းရှောင်ရှန်၏ နာမည်က ဟုန်လီအား ကျော်သွားခဲ့ပြီး ဟုန်ယွိကို အမှီလိုက်ကာ အဆင့် ၈၁
သို့ ရောက်လာသည်။
ကျုံ့ကျိုးနယ်သားများထံမှ အော်ဟစ်သံများ တခဲနက် ပြန်ထွက်လာ၏။
" ချင်းရှောင်ရှန်က တကယ်ကို အစွမ်းထက်တာပဲ "
" သခင်လေးချင်းက ကျုပ်တို့အတွက် နတ်ဘုရားပါဗျာ "
" ကျွန်မ.. သခင်လေးချင်းရဲ့ ကလေးကို မွေးပေးပါရစေ "
ထိုသူများမှာ အစောကလေးတင် ချင်းရှောင်ရှန်အား စော်ကားစကားများ ပြောခဲ့သေးသည်ကို မေ့သွားကြပြီး အသည်းအသန် အော်ဟစ်အားပေးနေတော့သည်။
ဤသို့ဖြင့် လူများ၏ အားပေးသံများကြားမှာပင် ချင်းရှောင်ရှန်၏ နာမည်က အဆင့် ၉၀ သို့ ရောက်လာခဲ့သည်။
အားလုံးမှာလည်း အသက်အောင့်၍ အလင်းတန်းလိုက်ကာကိုသာ မမှိတ်မသုန် စိုက်ကြည့်နေကြသည်။
အဆင့် ၉၀...
ယနေ့အတွက် အဆင့် ၉၀ သို့ ရောက်သူမှာ ချင်းရှောင်ရှန်က ပထမဆုံးပင်..
သူ နောက်ထပ် အဆင့် ၁၀ ခုကို ကျော်ဖြတ်နိုင်ရုံဖြင့် ထျန်းယွမ်စမ်းသပ်ပွဲကို အဆုံးထိ အောင်မြင်သွားပေတော့မည်။
အားလုံး၏ အကြည့်အောက်မှာပင် ချင်းရှောင်ရှန်၏ နာမည်က ရှေ့ဆက်တိုးသွား၏။
အဆင့် ၉၁..
အဆင့် ၉၂...
အဆင့် ၉၃...
ဟုန်မိသားစုမှ လူများမှာလည်း အလင်းတန်းလိုက်ကာအား စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
ထိုစဥ်မှာပင် အလင်းတန်းလိုက်ကာပေါ်မှ ချင်းရှောင်ရှန်၏ နာမည်က ရပ်တန့်သွားတော့၏။
ဟုန်မိသားစုမှ လူများမှာလည်း ထိုအချိန်မှသာ သက်ပြင်းများ ချနိုင်သွားကြသည်။
ကျုံ့ကျိုးမှလူများမှာမူ သက်ပြင်းဦးစွာ ချလိုက်ကြပြီးနောက်.. ဆူညံစွာ အော်ဟစ်အားပေးလာကြ၏။ ပြီးနောက် ဟုန်လိုင်နှင့် ဟုန်ယွိတို့ကို လှောင်ပြောင်သည့် စကားများလည်း ပြောလာကြသည်။
" ဟုန်မိသားစု ၊ စောနကပြောတော့ ကျုံ့ကျိုး တစ်နယ်လုံးကို အနိုင်ယူမှာဆို.. ။ အခု ဘာလို့ တိတ်နေကြတာလဲ "
" ငါတို့ကျုံ့ကျိုးက ပါရမီရှင်နဲ့များ လာယှဥ်ရတယ်လို့ကွာ "
ထိုစဥ်မှာပင် ချင်းရှောင်ရှန်က ထျန်းယွမ်စမ်းသပ်ပွဲ
ဝင်ပေါက်ရှေ့သို့ တည်နေရာရွှေ့ပြောင်းပြီး ပြန်ရောက်လာသည်။
" ဟူး.. ငါက အကိုရှန့်လောက် မကောင်းသေးဘူး "
ချင်းရှောင်ရှန် ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
တဖက်မှ ဟုန်လိုင်က သူ့ကိုကြည့်ကာ အေးစက်စက်ပြောလာ၏။
" သခင်လေးချင်းက တကယ်လဲ အံ့သြစရာကောင်းတာပဲ ။ ဒါပေမယ့်.. စိတ်မကောင်းစရာက သခင်လေးဆီမှာ ကျုပ်တို့ ဟုန်မိသားစုကို အနိုင်ယူဖို့ ကံပါမလာဘူး "