ပြိုင်ဘက်ကင်း ပါရမီရှင်
Vol. 44 Ch. 611
" အင်း ... အဲ့လိုလား "
ချင်းရှောင်ရှန်က သူ့အား အာရုံစိုက်ရန်ပင် ပျင်းဟန်ဖြင့် မထူးခြားစွာ ပြန်ပြောလိုက်သည်။
ဟုန်လိုင်၏ အမြင်တွင်မူ.. ၎င်းက သူ့ကို ရန်စလိုက်ခြင်းပါပင်...
" ဟား ဟား.. ကျုပ်ပြောလိုက်မယ်.. ကျုပ်တို့အဖွဲ့ရဲ့ အစွမ်းနဲ့ ပါရမီကို သခင်လေး ဘာမှမသိသေးဘူး ။ ကျုပ်တို့နှစ်ယောက်ကို သာသွားရုံလေးနဲ့ သခင်လေး အနိုင်ရပြီလို့ ထင်မနေနဲ့နော်။ ကျုပ်တို့ ဟုန်မိသားစုရဲ့ အစွမ်းအစစ်ကို သခင်လေး မတွေ့ရသေးပါဘူး ။ ပြောလိုက်မယ်.. ကျုပ်တို့က .... "
ဟုန်လီ ဒေါသတကြီး ပြောနေစဥ်မှာပင်.. အေးစက်စက်အသံတစ်သံက သူ့အား ဖြတ်ပြောလာ၏။
" ဟုန်လီ.. မင်း သေချင်နေပြီလား "
ထိုအသံကို ကြားသည်နှင့် ဟုန်လီတစ်ယောက် တစ်
ကိုယ်လုံးတုန်သွားကာ နောက်သို့ တုန်တုန်ယင်ယင် လှည့်ကြည့်လိုက်သည်။
" အကိုကြီး ဟုန်ဟွမ်.... ကျုပ်... "
ဟုန်ဟွမ်ဆိုသောလူက သူ့အား အေးစက်စက်ပြန်ကြည့်၍ ပြော၏။
" လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင်လုပ်ရင်.. ရလာမယ့်အကျိုးဆက်ကို မင်းသိတယ် မဟုတ်လား "
ဟုန်လီ၏မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူရော်ကာ ခေါင်းငုံ့သွားသည်။
" ကျုပ် သိပါတယ် "
ထို့နောက်တွင်မူ သူ ခေါင်းကြီးသာ ဆက်ငုံ့နေပြီး တစ်ခွန်းမှ မဟရဲတော့ပေ။
ထိုစဥ် ဟုန်ဟွမ်က မျက်မှောင်ကြုံ့၍ သူ့ဘေးမှ နှစ်ယောက်ကိုလှည့်ကြည့်၏။
" မင်းတို့နှစ်ယောက်.. ထျန်းယွမ်စမ်းသပ်ပွဲကို အတူတူ ဝင်လိုက်ကြ "
ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဟုန်ဟွမ်အား ဦးညွှတ်အရိုအသေ ပေးလိုက်ကြသည်။
" ဟုတ်ကဲ့ပါ "
စကားဆုံးသည်နှင့် နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ရှေ့ထွက်လာကာ ထျန်းယွမ်စမ်းသပ်ပွဲဆီသို့ ပြေးသွားကြ၏။
" ဒီလူက.. "
ထိုစဥ် ချင်းရှောင်ရှန်မှာ သူ့ရှေ့မှလူကို ကြည့်ရင်း ကျောရိုးထဲမှ ချမ်းစိမ့်သွားသလိုပင် ခံစားလိုက်ရသည်။
အဘယ့်ကြောင့်ဆိုသော် ဟုန်ဟွမ်၏ အရောင်အဝါ က ကျန်လေးယောက်နှင့် လုံးဝမတူသည်ကို သူ သတိထားမိလိုက်သောကြောင့်ပင် ။
ထိုသူက သူတို့ငါးယောက်အုပ်စုထဲ၌ အစွမ်းအထက်ဆုံး ဖြစ်သည်မှာ သံသယဝင်စရာ မလိုပါချေ။
သူ့အသွင်မှာလည်း ကျန်လူများထက် များစွာပို
အစွမ်းထက်ဟန် ရှိပါ၏။
ထိုစဥ် တဖက်ရှိ အလင်းတန်းလိုက်ကာပေါ်တွင် ဟုန်လင်း နှင့် ဟုန်ဟိုင် ဆိုသည့် အမည်နှစ်ခုပေါ်လာသည်။
ထိုနာမည်နှစ်ခုမှာ အလင်းတန်းလိုက်ကာပေါ် ပေါ်လာသည်နှင့် တစ်ဆင့်ပြီးတစ်ဆင့် လျင်မြန်စွာ တက်သွားကြပြီး..
တခဏလေးအတွင်းမှာပင် အဆင့် ၈၀ သို့ ရောက်သွားကြ၏။
ကျုံ့ကျိုး မှ လူများမှာကား ထိုမြင်ကွင်းကိုကြည့်ရင်း စိတ်ဓာတ်အနည်းငယ် ကျသွားတော့သည်။
ထိုနှစ်ယောက်က ချင်းရှောင်ရှန်အား သာသည်ဖြစ်စေ ၊ မသာဘူးဖြစ်စေ.. ထျန်းဟူကုန်မိသားစုတွင် တစ်ခေတ်တည်း၌ ဤမျှကြောက်စရာကောင်းသည့် ပါရမီရှင်လေးယောက် ပေါ်လာခြင်းကပင် လွန်နေလေပြီ ။
ထိုသူများသာ အရွယ်ရောက်ကြီးပြင်းလာပါက... သူတို့အားလုံးပေါင်းအစွမ်းဖြင့် ကျုံ့ကျိုး တစ်နယ်လုံးအား ဖိနှိပ်နိုင်မည်မှာ သေချာပါသည်။
ထိုမျှမက.. သူတို့တောင်ပိုင်းဒေသတွင် ဟွမ်ဖုယွီ လည်း ရှိနေပါသေး၏။
ဟွမ်ဖုယွီကိုပါ ထည့်ပေါင်းလိုက်လျှင်မူ.. သူတို့ ကျုံ့ကျိုး၏ အနာဂါတ်မှာ ထိုသူများ၏ ခြေထောက်အောက်၌ ပြားပြားဝပ်သွားရပေလိမ့်မည်။
၎င်းကို မည်သို့ လက်ခံရပါမည်နည်း ။
ထိုစဥ်မှာပင် တအံ့တသြ အော်သံတစ်ခု ရုတ်တရက် ထွက်လာသဖြင့် အားလုံး၏အာရုံက အလင်းတန်းလိုက်ကာဆီ ပြန်ရောက်သွားကြသည်။
လိုက်ကာပေါ်မှ ဟုန်လင်းနှင့် ဟုန်ဟိုင်တို့၏ အမည်များက အဆင့် ၉၀ တွင် တစ်ပြိုင်နက်တည်းနီးပါး ရပ်သွားကြ၏။
" ဒါ... "
အားလုံးမှာလည်း ၎င်းကိုကြည့်ကာ တုန်လှုပ်သွားကြသည်။
ထျန်းကူဟုန်မိသားစုမှာ ကြောက်စရာကောင်းလှပါတကား..
အကယ်၍ ထိုနှစ်ယောက်သာ ချင်းရှောင်ရှန်အား အမှန်တကယ် သာသွားခဲ့ပါက..
အားလုံးမှာ ထိုအတွေးကို ဆက်ပင်မတွေးရဲကြတော့ပါ ။
ထိုစဥ်မှာပင် နာမည်နှစ်ခုက နေရာထပ်ပြောင်းသွားပြန်သည်။
ဝီ...
ဟုန်လင်းက ဦးဆောင်ကာ အဆင့် ၉၁ သို့ အရင်ရောက်သွား၏။
တခဏအကြာတွင် ဟုန်ဟိုင်ကလည်း သူ့နောက်မှ အမှီလိုက်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ဟုန်ဟိုင်၏ အမည်က အဆင့် ၉၁တွင်သာ ရပ်သွားခဲ့ပါ၏။
ထို့နောက်တွင်မူ သူ ထျန်းယွမ်စမ်းသပ်ပွဲ အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းပြီး ပြန်ရောက်လာသည်။
အားလုံးမှာလည်း ၎င်းကိုမြင်မှသာ သက်ပြင်းကိုယ်စီ ချနိုင်သွားကြသည်။
အဆင့် ၉၁ က ချင်းရှောင်ရှန်ထက် အနည်းငယ် အဆင့်ပိုနိမ့်သည် မဟုတ်ပါလား ။
သို့သော် ထိုစဥ်တွင် အလင်းတန်းလိုက်ကာပေါ်၌ နောက်နာမည်တစ်ခု ထပ်ရှိနေပါသေးသည်။
ဝီ...
အားလုံးက တွန့်ဆုတ်စွာ ကြည့်နေကြစဥ်မှာပင် ဟုန်လင်း၏ နာမည်က နေရာထပ်ရွှေ့ကာ အဆင့် ၉၂ သို့ ရောက်သွား၏။
အားလုံးမှာ ရင်ထဲ တစ်ဆို့နေသလို ခံစားလိုက်ရတော့သည်။
ဝီ..
မကြာခင်မှာပင်.. ဟုန်လင်း၏ နာမည် နေရာထပ်ရွှေ့ကာ အဆင့် ၉၃ သို့ ရောက်သွားပြန်ပါ၏။
" ဟင်.... "
ထိုအချိန်တွင်ကား အားလုံး ဟန်ချက်ပျက်ကုန်ကြတော့သည်။
အဆင့် ၉၃ မှာ ချင်းရှောင်ရှန် ရောက်နိုင်ခဲ့သည့် အဆင့်ပင် ။
သို့သော်.. ထို့ထက်ပို တုန်လှုပ်စရာကောင်းသည့်အရာများ ထပ်ဖြစ်လာပါသည်။
ဟုန်လင်းက အဆင့် ၉၃ သို့ရောက်ပြီး ခဏအကြာမှာပင် ချင်းရှောင်ရှန်ကို ကျော်ကာ အဆင့် ၉၄ သို့
ရောက်သွား၏။
" ဒါ.... "
ထိုတခဏ၌ ကျုံ့ကျိုးမှ လူများအားလုံး ကူကယ်ရာမဲ့ ဖြစ်ကုန်ကြတော့သည်။
သူက ချင်းရှောင်ရှန်အား အလွယ်တကူပင် သာသွားခဲ့သတဲ့လား..
ထိုသူက ယခုချိန်ထိ အစွမ်းများ ကျန်နေသေးသတဲ့လား..
သူက ထျန်းယွမ်စမ်းသပ်ပွဲကို အဆုံးထိ အောင်မြင်တော့မည်လား...
အားလုံးရင်ထဲ ဗြောင်းဆန်ကုန်တော့၏။
သို့သော် ထိုစဥ်မှာပင် ဟုန်လင်း၏ နာမည်က ရပ်သွားခဲ့ပါသည်။
ဝီ...
ဟုန်လင်းက အဆင့် ၉၄ မှာပင် လက်လျှော့ရန် ရွေးချယ်ခဲ့ပြီး တခဏအကြာ၌ ထျန်းယွမ်စမ်းသပ်ပွဲ အပြင်ဘက်သို့ ပြန်ရောက်လာ၏။
သို့သော်.. သူ ပြန်ရောက်လာသည်နှင့် ချက်ချင်းသွေးအန်ကာ မြေပြင်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။
အားလုံးမှာ စစချင်းတွင် ၎င်းကိုကြည့်ရင်း မှင်သက်နေမိကြသော်လည်း ချက်ချင်းဆိုသလိုပင် အသိပြန်ဝင်လာကြသည်။
" ဒီကောင်က သူ့ရဲ့ တိုက်ခိုက်စွမ်းရည် ပိုတိုးအောင်လို့ လျှို့ဝှက်နည်းတစ်ခု သုံးထားခဲ့တဲ့ပုံပဲ ။ အဲ့ဒါကြောင့်မို့လဲ သူ ဒဏ်ပြန်ခံနေရတာ "
" သူ ချင်းရှောင်ရှန်ကို သာသွားတာ မထူးဆန်းတော့ပါဘူးကွာ ။ အဲ့လို နည်းလမ်းမျိုး သုံးထားမှတော့.. "
" ဒါပေမယ့် အဲ့လိုလုပ်လိုက်တာက ကိုယ့်ဘက်က ဆုံးရှုံးမှု မများဘူးလားကွာ ။ အဲ့လိုနည်းက ရထားတဲ့
ဒဏ်ရာတွေကိုလဲ နှစ်ဆဖြစ်အောင် လုပ်လိုက်မှာဆိုတော့ သူ့အတွက် ပြဿနာတွေ များနိုင်တယ် "
အားလုံး ထင်ရာပြောလိုက်ကြသည်။
ထိုစဥ် တဖက်တွင်မူ ဟုန်ဟိုင်က ဟုန်လင်းကိုတွဲပြီး ဟုန်မိသားစုလူအုပ်ဘက်သို့ ခက်ခက်ခဲခဲ ပြန်ခေါ်သွား၏။
" အကိုကြီး.. ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ် မအောင်မြင်ခဲ့ဘူး "
ဟုန်ဟိုင်က တီးတိုးပြောလိုက်သည်။
ဟုန်ဟွမ်က အေးစက်စက်ပြန်ပြော၏။
" မင်းတို့ ဘယ်လိုရတနာတွေ ရခဲ့လဲ "
ဟုန်ဟိုင်ရော ဟုန်လင်းပါ မှော်လက်နက်တစ်ခုစီ ထုတ်လိုက်ကြသည်။
ချက်ချင်းမှာပင်.. လူအုပ်ကြီး ဆူညံပွက်လောရိုက်သွား၏။
၎င်းမှာ မသေမျိုး လက်နက်များပင်...
မြင့်မြတ်နယ်မြေတွင်ပင် ထိုသို့အဆင့်မျိုးနှင့် မှော်လက်နက်များ သိပ်မရှိလှပါချေ။
သို့သော်..
" အမှိုက်တွေ... သွာကြစမ်း.. ငါ့ကို အရှက်ရအောင် မလုပ်ကြနဲ့ "
ဟုန်ဟွမ်က ဒေါသတကြီး ပြန်အော်လိုက်သည်။
အားလုံး တုန်လှုပ်ကုန်ကြတော့၏။
မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကိုပင် အမှိုက်တဲ့လား...
သို့သော် တဖက်မှ ဟုန်လင်းတို့နှစ်ယောက်မှာမူ မည်သို့မှ ပြန်မပြောရဲကြဘဲ ခေါင်းများသာ ငုံ့သွားကြသည်။
ထိုစဥ်မှာပင် ဟုန်ဟွမ်က ထျန်းယွမ်စမ်းသပ်ပွဲ ဝင်ပေါက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွား၏။
သူ ချင်းရှောင်ရှန်ဘေးမှ ဖြတ်စဥ်တွင်လည်း အေးစက်စက်ကြည့်ကာ ပြောလိုက်သေးသည်။
" အဆုံးအစမဲ့ နတ်ဘုရားခန္ဓာကိုယ်.. ငါ့ကို မျက်လုံးဖွင့်ပြီး သေချာကြည့်ထားနော် ။ တကယ့် ပါရမီရှင်အစစ်က ဘယ်လိုလဲဆိုတာ မင်းသိအောင်ပြပေးမယ် "
သူ ထိုသို့ပြောပြီးသည်နှင့် ထျန်းယွမ်စမ်းသပ်ပွဲအတွင်းသို့ ဝင်သွားတော့သည်။
ထို့နောက်တွင်မူ... သူ့နာမည်က အလင်းတန်းလိုက်ကာ အပေါ်ဘက်သို့ လျင်မြန်စွာပင် ရောက်သွား၏။
အဆင့် ၁၀.... အဆင့် ၂၀ ..... အဆင့် ၃၀ ...
ဤသို့ဖြင့် ခဏတာလေး အတွင်းမှာပင် သူ့နာမည်က အဆင့် ၉၀ သို့ ရောက်သွားတော့သည်။
" ဒီတစ်ယောက်လဲ .... "
ကျုံ့ကျိုးမှ လူများအားလုံး တုန်လှုပ်သွားရပြန်၏။
ထျန်းကူဟုန်မိသားစုက ဤမျှ ကြောက်စရာကောင်းသော ပါရမီရှင်များကို တစ်ပြိုင်တည်း မွေးထုတ်ထားနိုင်သတဲ့လား..
ထိုစဥ်တွင် ဟုန်ဟွမ်မှာကား တစ်ဆင့်ပြီးတစ်ဆင့် ဆက်တက်နေသည်။
" အဆင့် ၉၅ .. "
တစ်ယောက်က အလန့်တကြား အော်လိုက်သည်။
၎င်းမှာ ယနေ့အတွက် အမြင့်ဆုံး အဆင့်ပါပင်..
သို့သော် ဟုန်ဟွမ်က ဤမျှနှင့် လက်လျှော့လိုဟန်မတူပါချေ။
" အဆင့် ၉၆... "
အခြားတစ်ယောက် ထပ်အော်လာ၏။
" အဆင့် ၉၇.... "
" အဆင့် ၉၈... "
" အဆင့် ၉၉...... "
အားလုံး၏ တအံ့တသြ အော်သံများကြားမှာပင်.. ဟုန်ဟွမ်က အဆင့် ၉၉ ကို ကျော်ဖြတ်ကာ အဆင့် ၁၀၀ သို့ ရောက်သွားတော့သည်။
သူ ဤအဆင့်ကို ကျော်နိုင်ရုံဖြင့် ထျန်းယွမ်စမ်းသပ်ပွဲကို လုံးဝ အောင်မြင်သွားပေတော့မည်။
သို့သော်.. ထိုနောက်ဆုံးအဆင့်ဖြစ်သည့် အဆင့် ၁၀၀ က ယခင်အဆင့်များနှင့် လုံးဝကွဲပြားသည်မှာ အသိသာကြီးပင် ။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ...
ဝီ...
ထျန်းယွမ်စမ်းသပ်ပွဲ အတွင်းမှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု တောက်ပစွာ လင်းလာပြီး..
ဟုန်ဟွမ်တစ်ယောက် အပြင်ပြန်ရောက်လာ၏။
အလင်းတန်းလိုက်ကာ၏ အပေါ်ထိပ်ဆုံးတွင်လည်း ဟုန်ဟွမ်၏အမည် ပေါ်လာသည်။
" ထျန်းယွမ်စမ်းသပ်ပွဲ ကို အောင်သွားခဲ့တာလား... သူ တကယ်ကြီး အောင်သွားခဲ့တာလား.. "
" ဒါ.. ပြိုင်ဘက်ကင်း ပါရမီရှင်ပဲကွာ.. "
အားလုံး တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ကုန်ကြတော့သည်။
ဟုန်မိသားစု လူများထံမှ တခဲနက် အားပေးသံများလည်း ထွက်လာ၏။
ဟုန်ဟွမ်ကမူ လူအုပ်၏ အားပေးသံများကြားထဲ ချောင်းဆိုးရင်း မျက်နှာကြီး မော်ချီနေကာ ရက်စက်သည့်အပြုံးမျိုး ပြုံးနေသည်။
" ဒီနေ့... ဟုန်ဟွမ်ဆိုတဲ့ငါက ကျုံ့ကျိုး ဒေသကိုရော ၊ အနောက်ပိုင်းဒေသကိုရော ၊ မြောက်ပိုင်းဒေသကိုရော အောင်နိုင်သွားပြီ ။ ခုချိန်ကစပြီးတော့ ငါ့ရှေ့မှာ ဘယ်သူကမှ ကိုယ့်ကိုကိုယ် ပါရမီရှင်လို့ ခေါ်ခွင့်မ
ရှိတော့ဘူး "
ဟုန်ဟွမ်က ကျယ်လောင်စွာ အော်ရယ်ရင်း ပြောလိုက်၏။