ဒီကောင်ရဲ့လက်ချက်နဲ့ ဒဏ်ရာရနိုင်တယ်တဲ့လား
Vol. 44 Ch. 613
အားလုံး ဆွံ့အသွားပြန်တော့သည်။
ရှက်တတ်ခြင်းက သတ္တိကောင်းတာတဲ့လား..
ထိုစဥ်တွင် လောရှို့က ခေါင်းညိတ်၍ အလေးနက်ပြော၏။
" ဒါနဲ့အကို လောရုံ ၊ စမ်းသပ်ပွဲနဲ့ ပတ်သက်ပြီး ပြောပြဦးမယ်...... "
ထိုတခဏ၌ အားလုံးလည်း ဂရုတစိုက် နားစွင့်လိုက်ကြသည်။
ထိုလူက အဆင့် ၁၀၀ အထိ ရောက်ခဲ့သူတစ်ဦး မဟုတ်ပါလား...
သူ နောက်ဆုံး၌ အဆင့် ၁၀၀ ကို မကျော်နိုင်ခဲ့သည့်တိုင် သူ့အတွေ့အကြုံက အလွန်အဖိုးတန်လှပါသည်။
သို့သော် သူ ဘာမှမပြောရသေးခင်မှာပင် .
" အကိုလောရုံ ၊ ခဏနေဦး ... ကျွန်မထင်တာတော့ နားထောင်စရာ မလိုတော့ဘူးနဲ့တူတယ် "
လောရှောင်ရှောင်းက ပြောလာ၏။
" ဟင်.. "
လောရုံ အံ့အားသင့်သွားသည်။
လောရှောင်ရှောင်းက ဆက်ပြော၏။
" လောရှို့က အဆင့် ၁၀၀ ထိ ရောက်တာကို ကြည့်ရင်းနဲ့တောင် သိသာနေပြီလေ ။ သူက အဆင့် ၁၀၀ ကိုတောင် အောင်မြင်လုနီးနီး ဖြစ်ခဲ့တာမဟုတ်လား ။ သူ့ထက်ပိုဆိုးတဲ့သူတော့ မရှိနိုင်တော့ဘူးလေ "
လောရှောင်းရှောင်းက နောက်ဆုံးစကားကို ပြောစဥ်တွင် ပျောင်ပိုင်မြို့မှ လူများအားလုံးကို ဝေ့ကြည့်လိုက်ပါသည်။
ပျောင်ပိုင်မြို့မှ လူများမှာလည်း စစချင်းတွင် အံ့အားသင့်နေကြပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
" အမှန်ပဲ... အထဲက အခြေအနေဘယ်လောက်ဆိုးဆိုး လောရှို့ထက် ပိုဆိုးတဲ့ရလဒ်တော့ မရနိုင်ဘူးလေ "
" ဟုတ်တယ်... အစကတော့ ငါက ဟုန်မိသားစုက လူတွေကိုကြည့်ပြီး ထျန်းယွမ်စမ်းသပ်ပွဲကို ကြောက်စရာကောင်းမယ် ထင်နေခဲ့တာ ။ အခု ရှောင်ရှောင်းပြောလိုက်မှပဲ ရှင်းသွားတော့တယ် "
ပျောင်ပိုင်မြို့မှ လူများ၏ စကားကို နားထောင်နေကြသော အားလုံးမှာ ဆွံ့အသွားရပြန်တော့၏။
ခပ်လှမ်းလှမ်းရှိ ဟုန်မိသားစုမှ လူများသည်ပင် မျက်နှာများ ဖြူရော်နေကြတော့သည်။
ထိုလူစုက ဒေါသထွက်စရာ ကောင်းလှပါတကား..
ထိုစဥ်တွင် လောရုံက ပြောလာ၏။
" ကဲ... ဒါဆို အားလုံး အတူတူသွားကြတာပေါ့ကွာ "
" သွားကြစို့ "
ဝုန်း...
တခဏအတွင်းမှာပင် လောရှို့နှင့် နျိုထျဲ့ချူတို့ နှစ်ယောက်မှလွဲ၍ ပျောင်ပိုင်မြို့မှ လူများအားလုံး ထျန်းယွမ်စမ်းသပ်ပွဲဆီ လျှောက်သွားလိုက်ကြသည်။
" အားလုံး အတူတူ သွားကြမယ်ဟေ့ "
" သွားမယ်ဟေ့ ၊ စမ်းသပ်ပွဲကို ဘယ်သူအရင် အောင်မလဲ ကြည့်ရအောင် "
" ဟုတ်တယ်.. အနှေးဆုံးသူကို တစ်လစာ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဒဏ်ခတ်လိုက်.. "
" သွားကြဟေ့ "
လူစုက ပြောပြောဆိုဆိုပင် ထျန်းယွမ်စမ်းသပ်ပွဲအတွင်း ဝင်သွားကြသည်။
" မင်းတို့.... "
ဟုန်ဟွမ်မှာလည်း အားလုံးကိုကြည့်ကာ ဆွံ့အနေတော့၏။
ထိုသူများက အရူးများပင်...
ထိုစဥ်မှာပင် ဘက်ပေါင်းစုံမှ တအံ့တသြ ရေရွတ်သံများ ရုတ်တရက် ထွက်လာသည်။
အားလုံး အလင်းတန်းလိုက်ကာပေါ်သို့ ကြည့်လိုက်ကြရာ ပျောင်ပိုင်မြို့သားများ၏ နာမည်များက လိုက်ကာပေါ် ပေါ်လာပြီးသည်နှင့် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် အဆင့်တက်နေကြသည်ကို တွေ့လိုက်ရ၏။
အားလုံးမှာလည်း နောက်ကျ ကျန်မနေချင်ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ယှဥ်ပြိုင်နေကြပုံ ပေါ်ပါသည်။
ထိုမြင်ကွင်းက အားလုံးကို မှင်သက်အောင် လုပ်လိုက်နိုင်ပါ၏။
အချိန်အတန်ငယ် ကြာပြီးနောက်မှာပင် သူတို့ထဲမှ အစွမ်းအထက်ဆုံး သူများကို အားလုံး မြင်လိုက်ရပါသည်။
" လောရုံ နဲ့.. လောရှောင်ရှောင်း တဲ့... ဒီနှစ်ယောက်က ဘာလို့အဲ့လောက်မြန်နေရတာလဲ ။ ခုမှ ဆယ်စက္ကန့်ကျော်လောက်ပဲ ရှိသေးတာကို နှစ်ယောက်လုံး အဆင့် ၈၀ တောင် ရောက်သွားကြပြီ "
" မင်းစကားပြောတာတောင် ရှည်နေသေးတယ် ၊ အခု အဆင့် ၉၀ ရောက်သွားကြပြီ "
" နည်းနည်းလေးတောင် နှေးမသွားဘဲနဲ့ အဆင့် ၉၃ ကို ရောက်သွားပြီလား "
" အေး ၊ ခု မျက်တောင်တစ်ခတ် အတွင်းမှာကို အဆင့် ၉၈ ရောက်သွားပြီ "
အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
သူတို့နှစ်ဦး အဆင့်တက်နေသည့် နှုန်းမှာ အမှန်တကယ် ကြောက်စရာပါပင်..
ဤသို့ဖြင့် တခဏအတွင်းမှပင် သူတို့ အဆင့် ၁၀၀ ရောက်သွားကြ၏။
" အကိုကြီး ဟုန်ဟွမ် .... "
၎င်းကိုမြင်သောအခါ ဟုန်ယွိက စိုးရိမ်တကြီး လှမ်းပြောသည်။
ဟုန်ဟွမ်က အံကြိတ်၍ ပြန်ပြော၏။
" စိတ်မပူနဲ့.. အဆင့် ၁၀၀ က ခက်ခဲမှုက အရင်အဆင့်တွေနဲ့ လုံးဝ ယှဥ်လို့မရဘူး ။ သူတို့က အစောပိုင်းမှာ မြန်ဖို့ကိုပဲ အာရုံစိုက်နေကြတော့ အဆင့် ၁၀၀ မှာ လက်ပန်းကျသွားလောက် .... "
ဝီ.... ဝီ...
သို့သော်.. သူစကားဆုံးအောင် မပြောနိုင်ခင်မှာပင် အလင်းတန်းလိုက်ကာပေါ်မှ နာမည်နှစ်ခုက ရပ်သွားပြီး..
နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း စမ်းသပ်ပွဲကို အောင်သွားကြတော့သည်။
ထိုတခဏတွင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လွန်း၍ အပ်ကျသံပင် ကြားရမလို ဖြစ်နေပါ၏။
ဘာတွေ ဖြစ်သွားပါသနည်း..
သူ စကားပြော၍ မဆုံးခင်မှာပင် ထိုနှစ်ယောက်က စမ်းသပ်ပွဲကို အောင်သွားခဲ့ကြသတဲ့လား..
ဟုန်ဟွမ်မှာ အဆင့် ၁၀၀ သို့ ရောက်စဥ်က ထိုအဆင့်ကို ကျော်ဖြတ်ရန် အချိန်နာရီဝက်ခန့်ပင် ယူခဲ့ရပါသည်။
ထိုတခဏ၌ အားလုံးလည်း ဆွံ့အနေကြတော့၏။
ထို့နောက်တွင်မူ လောရုံနှင့် လောရှောင်ရှောင်းတို့က ထျန်းယွမ်စမ်းသပ်ပွဲ အပြင်ဘက်သို့ ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာကြသည်။
" အကိုလောရုံ ၊ ဘာရတနာတွေ ရခဲ့လဲ "
လောရှောင်ရှောင်း မေးလိုက်သည်။
" အင်း... မှော်လက်နက်တစ်ခု ရခဲ့တယ် "
လောရုံက ပြောပြီး လက်ဖြန့်လိုက်ရာ .. သူ့လက်ထဲတွင် ခြေသုံးချောင်းထောက် ပစ္စည်းလေးတစ်ခု
ပေါ်လာသည်။
" ကျွန်မရောပဲ "
လောရှောင်ရှောင်းကလည်း ပြောပြီး လက်ယမ်းလိုက်သည်။ သူမလက်ထဲတွင် မှော်အစွမ်းများဖြင့် ရစ်နွယ်နေသော လှံရှည်တစ်လက် ပေါ်လာ၏။
" ဒါ.... "
၎င်းကို တွေ့လိုက်ရသည့် လူများမှာ နှလုံးသွေးများ ရပ်တန့်သွားသလိုပင် ရုတ်တရက် ခံစားလိုက်ကြရသည်။
ထိုနှစ်ယောက်က ထျန်းယွမ်စမ်းသပ်ပွဲအား အောင်သွားခဲ့ကြသည်မှာ သံသယဝင်စရာပင် မလိုပါ ။
ထို့အပြင်... သူတို့က အလွန်လျင်မြန်သည့် အချိန်တိုလေးအတွင်း အောင်သွားခဲ့ခြင်းဖြစ်ပြီး တစ်စုံတရာ ထိခိုက်မှုလည်း မရှိခဲ့ပါချေ။
ယခင် ဟုန်ဟွမ်နှင့် ယှဥ်ကြည့်ပါက... အကွာကြီးပင်..
ဟုန်ဟွမ်က ကျုံ့ကျိုးတစ်နယ်လုံးကို အနိုင်ယူပြီး..
သူ့ရှေ့တွင် မည်သူကမှ ပါရမီရှင်ဟု အခေါ်မခံရဘူးတဲ့လား...
ယခုတွင်မူ ထိုစကားများအားလုံးက ဟာသကြီးတစ်ခု ဖြစ်သွားခဲ့လေပြီ ။
အားလုံး သက်ပြင်းကိုယ်စီ ချလိုက်စဥ်မှာပင်..
ဝီ...
အလင်းတန်းလိုက်ကာပေါ်၌.. နောက်တစ်ယောက်က စမ်းသပ်ပွဲအား အောင်သွားပြန်ပါ၏။
ခဏအကြာ.. ထိုသူ အပြင်ပြန်ရောက်လာပြီးနောက်တွင်.. စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်း၍ ရေရွတ်လိုက်သည်။
" ချီး... ဟို ဟုန်မျိုးရိုးသောက်ငတုံးကောင် ပြောတာတော့ အဆင့် ၁၀၀ က အရမ်းခက်တယ်တဲ့ ။ သူ့ကြောင့်မို့လို့ ငါ့မှာ သတိကြီးကြီးထားရင်းနဲ့ အချိန်တွေမကြာသင့်ပဲ ကြာသွား
ခဲ့ရတယ် ။ ဒါပေမယ့်လဲ နောက်ဆုံးတော့ သိုင်းကွက်သုံးကွက်တည်းနဲ့ နိုင်သွားခဲ့တာပဲ " .
သူ ထိုသို့ပြောပြီး ခေါင်းယမ်းလိုက်ပါသေးသည်။
အားလုံးမှာ ဆွံ့အသွားပြန်တော့၏။
ဟုန်ဟွမ်တစ်ယောက်မှာလည်း မျက်နှာကြီး သွေးဆုတ်ဖြူရော်နေတော့သည်။
သူသည် အကြီးဆုံး ဝှက်ဖဲများကို သုံးခဲ့သည့်တိုင် သိုင်းကွက်တစ်ထောင်ကျော်သုံးပြီးမှ အနိုင်ယူခဲ့ရချိန်၌... ထိုသူက သိုင်းကွက်သုံးကွက်တည်းဖြင့် နိုင်သွားခဲ့သတဲ့လား.. ။
သူ့ရင်ထဲတွင်လည်း အောင့်သွားသလိုပါပင်..
ဝီ ...
ထိုစဥ်မှာပင်.. လူနှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် အောင်သွားကြပြန်၏။
" ဟူး... အဆင့် ၁၀၀ က ပြောသလောက်လဲ မခက်
ပါဘူး ။ ကျွန်မဆို သိုင်းကွက် ၇ ကွက်တည်းနဲ့တောင် နိုင်သွားခဲ့တာ ။ ပြီးတော့.. ဆေးရည်တစ်ခု ရလိုက်တယ် "
မိန်းမငယ်လေးတစ်ယောက်က ဒေါသတကြီး ပြောလာသည်။
" အင်း.. ညီမလေး လောယွိက ငါ့ထက် ပိုအစွမ်းထက်တာပဲ ။ ငါက သိုင်းကွက်ရှစ်ကွက်နဲ့မှ နိုင်ခဲ့တာကွ ။ ငါရခဲ့တဲ့ဟာကလဲ.. ရွှယ်ဟွမ်အစွမ်းလေး နည်းနည်းပဲ ။ ဒါကြီးကို ဘယ်သူက လိုချင်မှာလဲကွာ "
လူငယ်တစ်ယောက်ကလည်း ခေါင်းယမ်း၍ သက်ပြင်းချ၏။
အားလုံးက ဟုန်ဟွမ်အား လှည့်ကြည့်လိုက်ကြသည်။
ဟုန်ဟွမ်မှာလည်း ထိုစကားကိုကြားပြီး တစ်ကိုယ်လုံးရှိ သွေးများ ဆူပွက်သွားပါ၏။
မြေနိုးတွေ မြေနိုးတွေ
ဝီ.... ဝီ... ဝီ...
ထိုစဥ်မှာပင် မြည်သံသုံးခုနှင့်အတူ လူသုံးယောက် စမ်းသပ်ပွဲအား ထပ်အောင်သွားကြပြန်သည်။
" ဝိုး.. အကိုလောရုံနဲ့ တခြားသူတွေက ကျုပ်ထက် ပိုမြန်နေကြတာပဲ "
" တောက်.. ဟိုလူကြီးပြောတဲ့ အဆင့် ၁၀၀ က ကြောက်စရာကောင်းလွန်းတယ် ဆိုတဲ့စကားကိုသာ နားမထောင်ခဲ့မိရင် ကျုပ် ခုလို နှေးမှာကို မဟုတ်ဘူး "
အခြား လူငယ်တစ်ယောက်ကလည်း ဒေါသတကြီး ဆိုသည်။
" ငါလဲ အဲ့ဒါကို ပြောချင်တာ ။ အထဲက ဟိုကောင်ကြီးကဖြင့် ငါ့ရဲ့ သိုင်းကွက်ဆယ်ကွက်ကိုတောင် ခံနိုင်ခဲ့တာ မဟုတ်ဘူး ။ ဒါနဲ့များ ကြောက်စရာကောင်းသလေး ၊ အစွမ်းထက်သလေးနဲ့ "
အားလုံးမှာ ထိုစကားများကို နားမလည်နိုင်ဟန်ဖြင့် လှည့်ကြည့်လိုက်ကြ၏။
ဟုန်ဟွမ်၏ လည်မျိုတွင်လည်း သွေးအရသာ ရလာ
သည်။
ဝီ... ဝီ... ဝီ....
ထိုစဥ်မှာပင် နောက်လူများက ထျန်းယွမ်စမ်းသပ်ပွဲကို ထပ်အောင်သွားကြပြီး တစ်စက္ကန့်မျှအချိန်အတွင်းမှာပင် လူ ၇ ယောက် ထွက်လာကြ၏။
" အများကြီး နောက်ရောက်နေပြီလား... "
လူငယ်တစ်ယောက်က အပြင်သို့ အရင်ရောက်နှင့်နေသူများကို ကြည့်ရင်း တအံ့တသြ ပြောလိုက်သည်။
" နင်ရော အဆင့် ၁၀၀ မှာ အချိန်ဖြုန်းသလို ဖြစ်သွားခဲ့ရတာလား "
အရင် ရောက်နှင့်နေသူ လောယွိက မေး၏။
တဖက်လူငယ်က သူ့ပေါင်သူ အားပါးတရ ပြန်ရိုက်ရင်း ပြောသည်။
" အမှန်ပဲ... ဟိုကောင်ကြီးပြောတော့ အဆင့် ၁၀၀ က အရမ်းကြောက်စရာ ကောင်းတယ်ဆို ။ ငါနဲ့ ယှဥ်ရတဲ့ ကောင်ကြီးဆိုရင် မတိုက်ခိုက်ပဲ ဟိုလှည့်ဒီလှည့်နဲ့ ပတ်ပြေးနေတာ ။ နောက်ဆုံး သူ့ကို ချောင်ပိတ်မိ
သွားတော့မှ ပြန်တိုက်ခိုက်တာ.. အဲ့ကျမှလဲ အဲ့ကောင်ကြီးက ဘာမှသုံးစားမရတဲ့ စက္ကူကျားတစ်ကောင် ဖြစ်နေမှန်း သိလိုက်ရတာကွာ ။ တော်တော်အသုံးမကျတဲ့သူမှပဲ အဲ့လိုကောင်မျိုးကို အရမ်းအစွမ်းထက််တယ်လို့ ထင်မှာ "
အားလုံးက ဟုန်ဟွမ်အား ထပ်ကြည့်လိုက်ကြ၏။
ထိုတခဏတွင် ဟုန်ဟွမ်မှာ ဆက်မခံနိုင်တော့ပါချေ...
အု...
သူ သွေးအန်လိုက်တော့သည်။
" အကိုကြီး ဟုန်ဟွမ်.. "
ဟုန်မိသားစုမှ လူများစွာပင် သူ့ဘေးသို့ စိုးရိမ်တကြီး ရောက်လာကြ၏။
ပျောင်ပိုင်မြို့မှ လူများမှာမူ မှင်သက်လျက်..
" ဟင်... ဟိုကောင်က ဘာဖြစ်နေတာလဲ "
" အရင် ဒဏ်ရာဟောင်းကြောင့် သွေးအန်တာနဲ့ တူပါတယ်ကွာ "
" ဒဏ်ရာဟောင်း... ဘယ်ကရခဲ့တဲ့ ဒဏ်ရာဟောင်းလဲ.. "
" သူ အဆင့် ၁၀၀ ကို ကျော်တုန်းက ရခဲ့တာနဲ့ တူတယ်ကွ "
" အင်.... အဲ့အဆင့် ၁၀၀ ကောင်ကြောင့် ဒဏ်ရာရသွားသေးတယ်တဲ့လား ။ တကယ့် ပါရမီရှင်ပဲကွာ.. ငါသာဆိုရင် ရှက်လွန်းလို့ အိမ်သာကျွင်းထဲခုန်ချသေလိုက်ပြီ "
ပျောင်ပိုင်မြို့မှ လူများ၏ ပြောစကားများမှာ အသည်းကွဲဖွယ် ကောင်းလှပါသည်။
ထိုတခဏတွင် ဒဏ်ရာများ ပြန်တည်ငြိမ်စဖြစ်သည့် ဟုန်ဟွမ်မှာ သွေးပြန်အန်ပြီး လုံးဝ မေ့လဲကျသွားတော့၏။