← Chapters

မသေမျိုး နတ်နွားကြီး

Vol. 44 Ch. 616

မသေမျိုး နတ်နွားကြီး

Vol. 44 Ch. 616

" မသေမျိုး အလင်းတန်းလား.. "

လူကြီးလေးယောက်မှာ ထိုအဆင့်ကို ကျော်​ဖြတ်ပြီးထားသူများ ဖြစ်သဖြင့် .. မသေမျိုးအလင်းတန်းနှင့် မစိမ်းပါချေ။

ထို မသေမျိုးအလင်းတန်းက အပြင်ကမ္ဘာမှ လာခဲ့ခြင်း မဟုတ်သလို မသေမျိုးအစွမ်း ပါဝင်သော မသေမျိုးလက်နက်တစ်ခုခုမှ ထွက်လာခဲ့ခြင်းလည်း မဟုတ်ပါ ။

၎င်းက စိတ်စွမ်းအင်မှ အသွင်ပြောင်းပြီး မသေမျိုးအလင်းတန်းအဖြစ် အဆင့်တက်လာခြင်း ဖြစ်ပါသည်။

၎င်းမှာ... ယခုချိန်မှစပြီး သူမက မသေမျိုးတစ်ယောက်အဖြစ် အသွင်ပြောင်းနေပြီဆိုသည့် အဓိပ္ပါယ်ပင် ။

တနည်းဆိုရသော်...

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်လာလေပြီ ။

" သူက.... အဆင့်တက်ပြီး ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာတော့မှာလား.. "

သွမ့်ချန်ချိုးဆီမှ တအံ့တသြရေရွတ်သံ ဦးစွာထွက်လာသည်။

တစ်ချိန်တည်းမှာပင် သခင်ကြီးထျန်းလုံ နှင့် ချင်းဝူချုံ တို့လည်း အံ့သြတကြီး ဖြစ်ကုန်ကြသည်။

သူမ၏ ခန္ဓာကိုယ်မှာ ယခင်ကတည်းက သာမာန်လူများထက် ပိုအစွမ်းထက်ပြီး .. နဂါးအသွင်လည်း ပြောင်းနိုင်ပါသေး၏။

သူမသာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်သွားပါက....

မသေမျိုး နတ်နွားမှာ သူတို့ထင်ပင် ပိုအစွမ်းမည်လား မပြောနိုင်ပါ ။

သို့ဆိုလျှင် ဟုန်မိသားစု ဘိုးဘေးက ဘာဖြစ်သွားမည်နည်း ။

သို့သော်.. သူတို့လိုပင်.. ဟုန်မိသားစု ဘိုးဘေးကလည်း တွေးနေမည် မလွဲပေ ။

" သေစမ်းကွာ.. "

ထိုစဥ် ဘိုးဘေးဟုန်က ရုတ်တရက် အသံကျယ်ကြီးဖြင့်အော်ကာ နျိုထျဲ့ချူအား လက်ဝါးဖြင့် ရိုက်လိုက်တော့သည်။

နျိုထျဲ့ချူမှာ သူ့အတွက် မြန်နိုင်သမျှအမြန်ဆုံး ရှင်းပစ်ရမည့် ရန်သူတစ်ယောက် မဟုတ်ပါလား...

သခင်ကြီးထျန်းလုံနှင့် သူ့မိတ်ဆွေနှစ်ယောက်တို့လည်း တစ်ချိန်တည်းနီးပါးပင် လှုပ်ရှားသွားကြ၏။

" အဆုံးအစမဲ့ မသေမျိုးပင်လယ် "

" ထျန်းယွမ်လက်ချောင်း "

" ဓားကမ္ဘာကိုးသွယ် "

သူတို့သုံးယောက်လုံးပင် ထူးခြားသော သိုင်းကွက်များကို ကိုယ်စီအသုံးပြုကာ ဘိုးဘေးဟုန်အား တိုက်ခိုက်လိုက်ကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

အသံကျယ်သုံးခု ထွက်လာပြီးနောက် ဘိုးဘေးဟုန်မှာ နောက်သို့ ခြေသုံးလှမ်း ဆုတ်သွားတော့၏။

သို့သော်.. သူ ဒဏ်ရာ ရမသွားခဲ့ပါချေ။

" ကြွက်စုတ်သုံးကောင်... "

ဘိုးဘေးဟုန်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု လက်သွားပြီး အံအနည်းငယ် ကြိတ်လိုက်သည်။

ဝုန်း..

သူ့အနောက်ဘက်တွင် နောက်ထပ် နတ်ဆိုးအရိပ်သုံးခု ထပ်ပေါ်လာပြန်၏။

" ဒီကောင်က... အစွမ်းထပ်တိုးနိုင်သေးတာလား "

တဖက်လူ သုံးယောက်လုံးပင် ၎င်းကိုကြည့်ကာ မှင်သက်သွားကြသည်။

ဘိုးဘေးဟုန်က ထင်မထားစွာပင် ဤမျှအစွမ်းထက်နေသတဲ့လား..

သုံးယောက်လုံး၏ ရင်ထဲတွင်လည်း ကြောက်စိတ်ကိုယ်စီ ဝင်လာကြတော့၏။

ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ သိုင်းကျင့်စဥ်အနည်းငယ်လေးကိုသာ လက်ခံရခဲ့သော ဘိုးဘေးဟုန်က.. ကြောက်စရာကောင်းအောင် အစွမ်းထက်လာခဲ့လေပြီ ။

သို့ဆိုလျှင် ... ရှေးဟောင်းနတ်ဆိုးကမ္ဘာက အားအပြည့်သုံး တိုက်ခိုက်လာပါက... သူတို့ ခုခံနိုင်ပါမည်လား ...

သို့သော်.. လက်ရှိမှာ ၎င်းကိုတွေးနေရန်

အချိန်ကောင်း မဟုတ်ပါချေ ။

လက်ရှိအရေးကြီးဆုံးမှာ အဘိုးကြီးဟုန်အား ဖိနှိပ်ထားရန်ပင်...

" အားလုံး တိုက်ခိုက်ကြဟေ့ "

သွမ့်ချန်ချိုးက ဦးဆောင်ကာ ဓားကို ဆွဲထုတ်လိုက်သည်။

ဝုန်း...

တမဟုတ်ချင်းမှာပင် ဓားကမ္ဘာ ပေါ်လာပြီး အဆက်မပြတ် တိုက်ခိုက်လာကြ၏။

သို့သော် ထိုစဥ်တွင် ဘိုးဘေးဟုန်မှာ သွမ့်ချန်ချိုးနှင့် တိုက်ခိုက်လိုဟန် မရှိဘဲ သူ့ထံ တိုးဝင်လာသည့် ဓားများကို အေးဆေးသာ ငြိမ်ခံနေလိုက်သည်။

ချွှင်... ချွှင်... ချွှင်..

ဓားကမ္ဘာက သူ့အား ဆက်တိုက် တိုက်ခိုက်လိုက်သည့်တိုင် သူ့ကိုယ်တွင် အပေါ်ယံဒဏ်ရာလေးသာ ရ

သွားခဲ့ပါသည်။

ထိုစဥ်မှာပင် ဘိုးဘေးဟုန်က သွမ့်ချန်ချိုး ရှေ့သို့ ရောက်သွား၏။

ဘုန်း..

ဘိုးဘေးဟုန်က လက်ဝါးဖြင့် ရိုက်လိုက်ရာ သွမ့်ချန်ချိုးတစ်ယောက် နောက်သို့ လွင့်ထွက်သွားတော့သည်။

အု...

သွမ့်ချန်ချိုးမှာ လေထဲမှပင် သွေးအန်သွား၏။

သို့သော်.. သူ နောက်သို့ လွင့်မသွားခင်လေး၌ ဓားဖြင့် ခုတ်လိုက်နိုင်သဖြင့် ဘိုးဘေးဟုန်၏ ကိုယ်ပေါ်တွင် ဒဏ်ရာနောက်တစ်ခု ရသွားသည်။

သို့သော် ထိုဒဏ်ရာမှာလည်း တိမ်လွန်းလှသဖြင့် မည်သို့သော ကြီးကြီးမားမား သက်ရောက်မှုမျိုးမှ ဖြစ်မသွားခဲ့ပါ ။

ထိုစဥ်မှာပင် တဖက်မှ သခင်ကြီးထျန်းလုံကလည်း မြင်းမြီးကြာပွတ်ကို ယမ်းလိုက်၏။

" ဘဝဆိုတာ ကမ္ဘာတစ်ခုပဲ... ချုပ်နှောင်စေ... "

ဘိုးဘေးဟုန်အား မသေမျိုးအလင်းတန်းတစ်ခု လွှမ်းခြုံလာသည်။

ထို့နောက်တွင်.. အလင်းတန်း ဖျတ်ခနဲလက်ကာ ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။

" ဒါ... ဘိုးဘေးဟုန်က.. ချုပ်နှောင်ခံလိုက်ရပြီလား "

ခပ်လှမ်းလှမ်းတွင် ရှိနေကြသော ဟုန်မိသားစုဝင်များထံမှ တအံ့တသြရေရွတ်သံများ ထွက်လာ၏။

သို့သော်..

ဖြောင်း..

ကျွတ်ဆတ်ဆတ် အသံတစ်သံ ထွက်လာသည်။

သခင်ကြီးထျန်းလုံက သူ့လက်ထဲမှ ကြာပွတ်အား ငုံ့ကြည့်လိုက်၏။

သီအိုရီအရ ပြောရလျှင်.. သူ့ကြာပွတ်က ဘိုးဘေးဟုန်အား လုံးဝ မချုပ်နှောင်နိုင်သည့်တိုင် ယာယီလေး ချုပ်နှောင်နိုင်သင့်ပါသည်။

သို့သော်.. မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်းမှာပင် ၎င်းက တောင့်မခံနိုင်ခဲ့ချေ။

ထို့နောက်တွင်..

ဘုန်း..

မြင်းမြီးကြာပွတ် အပိုင်းပိုင်းဖြစ်သွားကာ ဘိုးဘေးဟုန် ပြန်လွတ်လပ်သွား၏။

အွတ်..

သခင်ကြီးထျန်းလုံမှာလည်း သူ့ကိုယ်ပိုင် မသေမျိုးလက်နက် ဖျက်ဆီးခံလိုက်ရသဖြင့် ဒဏ်ရာ

ပြင်းပြင်းထန်ထန် ရသွားပုံပေါ်ကာ သွေးအန်သွားသည်။

" ငါ့ကို ချုပ်နှောင်ချင်တယ်ပေါ့လေ ။ ဒါဆိုလဲ အနည်းဆုံး မူလမသေမျိုးလက်နက်လောက်တော့ ယူလာလေကွာ "

ဘိုးဘေးဟုန်က သူ့အား အထင်သေးစက်ဆုပ်သည့် မျက်နှာဖြင့်ကြည့်ကာ နျိုထျဲ့ချူအား ဆက်တိုက်ခိုက်လိုက်၏။

သို့သော်..

" အဆုံးအစမဲ့ ကောင်းကင်ဘုံအစွမ်း "

ထိုစဥ်မှာပင် ချင်းဝူချုံက ဘိုးဘေးဟုန်ရှေ့သို့ ပြေးသွားကာ လက်သီးဖြင့် ထိုးလိုက်သည်။

ဝုန်း .

ထိုလက်သီးမှ အဆုံးအစမဲ့ မသေမျိုးအစွမ်းများ ရုတ်ချည်းထွက်လာပြီး ရန်တန့်၍ မရနိုင်တော့မယောင်ပင်..

ဘိုးဘေးဟုန်မှာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားပြီးမှ နောက်ဆုံး သူ့ကိုယ်သူတည်ငြိမ်အောင် ပြန်ထိန်းလိုက်နိုင်၏။

" အဆုံးအစမဲ့ ကောင်းကင်ဘုံအစွမ်းလား... ဒါ ဝူလျန်နန်းတော်ရဲ့ အစွမ်းအထက်ဆုံးသိုင်းကွက် မဟုတ်လား ။ မင်း ဒီသိုင်းကွက်ကို ကျွမ်းကျင်သွားတာ ယုံတောင်မယုံနိုင်ဘူး ။ တစ်ခု စိတ်မကောင်းစရာ ရှိတာကတော့ ဒီသိုင်းကွက်က အဆုံးအစမဲ့ နတ်ဘုရားခန္ဓာကိုယ်အတွက် ​ဖန်တီးထားတာမို့.. အဆုံးအစမဲ့ နတ်ဘုရားခန္ဓာကိုယ်ပိုင်ရှင်ကပဲ အစွမ်းအပြည့်ကို ထုတ်သုံးနိုင်တာ ။ တကယ်လို့ မင်းဆီမှာသာ ပြည့်စုံပြီးသား အဆုံးအစမဲ့ နတ်ဘုရားခန္ဓာကိုယ် ရှိနေရင်တော့ ငါ့ကို ဒဏ်ရာရအောင် လုပ်ရင်လုပ်နိုင်မှာ.. "

ဘိုးဘေးဟုန်၏ အေးစက်စက်စကားသံ ဆုံးသည်နှင့် သူ့နောက်မှ နတ်ဆိုးအရိပ်ကြီး ရှစ်ခုကလည်း အစွမ်းထက်သော နတ်ဆိုးအလင်းတန်းများ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လာကြသည်။

ဝုန်း...

ဝုန်း...

ဝုန်း...

ဘိုးဘေးဟုန်က ချင်းဝူချုံ၏ အဆုံးအစမဲ့ ကောင်းကင်ဘုံအစွမ်းကို စိုက်ကြည့်ကာ တစ်လှမ်းချင်း လျှောက်လာသည်။

၎င်းကိုမြင်သော တဖက်မှ အစွမ်းထက်ကျင့်ကြံသူများအားလုံး တုန်လှုပ်သွားရပြန်တော့သည်။

ဝူလျန်နန်းတော်သည် သူတို့ ကျုံ့ကျိုးဒေသတွင် အစွမ်းအထက်ဆုံးဂိုဏ်းတစ်ခုအဖြစ် အများသိထားကြသည်မှာ ကြာလှလေပြီ ။

သို့သော်.. ယခု ချင်းဝူချုံက ဟုန်မိသားစုဘိုးဘေးနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့် တိုက်ပွဲတွင် ရှုံးနိမ့်သွားသတဲ့လား..

ဟုန်မိသားစုဘိုးဘေး၏ အစွမ်းမှာ ကြောက်စရာပင်..

ယခုအတိုင်းဆိုပါက.. ဝူလျန်နန်းတော် ရှုံးနိမ့်သွားသည်နှင့်..

သူတို့ ကျုံ့ကျိုးဒေသလည်း ရှုံးနိမ့်သွားရပေတော့မည် ။

သို့ဆိုလျှင် ထျန်းယွမ်ကမ္ဘာလည်း ကျရှုံးသွားပေမည် ။

ထိုတခဏ၌ အားလုံးရင်ထဲ စိတ်ပျက်အားငယ်မှုတို့ ကြီးစိုးလာတော့၏။

ထိုစဥ်တွင် ဘိုးဘေးဟုန်က ချင်းဝူချုံရှေ့ ရောက်သွားကာ လက်သီးဖြင့် ထိုးလိုက်သည်။

ဘုန်း..

ချင်းဝူချုံတစ်ယောက် နောက်သို့ လွင့်ထွက်သွားပြီး လေထဲမှာပင် သွေးများ ပန်းထွက်လာ၏။

" အားလုံးကုန်သွားပြီမလား "

ထိုစဥ် ဘိုးဘေးဟုန်က ခေါင်းလှည့်ကာ နျိုထျဲ့ချူ

အား ထပ်ဖမ်းဆုပ်လိုက်ပြန်သည်။

သူသာ ဤငါးရောင်ခြယ်နတ်နွားကို သတ်လိုက်သည်နှင့် ထျန်းယွမ်ကမ္ဘာရှိ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့ အစီစဥ်ကို ဝင်နှောင့်ယှက်နိုင်တော့မည် မဟုတ်ချေ ။

သို့သော်... ဘိုးဘေးဟုန်၏ လက်က နျိုထျဲ့ချူ၏ ခန္ဓာကိုယ်အား ထိခါနီးဆဲဆဲမှာပင်..

ဝုန်း..

နျိုထျဲ့ချူထံမှ ​မသေမျိုး အလင်းတန်းကြီးတစ်ခု တိုးထွက်လာသည်။

ထို မသေမျိုးအလင်းတန်းဖြင့် လွှမ်းခြုံခံထားရသော နျိုထျဲ့ချူ၏ အသွင်မှာလည်း နတ်ဘုရားမတစ်ပါးနှင့် တူနေကာ.. ကြောက်မက်ဖွယ် ကောင်းနေတော့၏။

ဝှစ်..

ဘိုးဘေးဟုန်က လက်ကို ချက်ချင်းပြန်ရုတ်၍ ကြည့်လိုက်ရာ သူ့လက်မှာ မသေမျိုးအလင်းတန်းကြောင့် လောင်ကျွမ်းထားသည်ကို တွေ့လိုက်ရသည်။

" အယုတ်တမာကောင် .. မင်းကို ဒီနေ့ အသေသတ်မယ် "

ဘိုးဘေးဟုန်၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့ များ ဖျတ်ခနဲလက်သွား၏။

သူ့ရှေ့မှ နျိုထျဲ့ချူက အလွန်အန္တရာယ်များသူ တစ်ယောက်ဖြစ်ရာ ..

သူမကို ယနေ့ အပြီးသတ် ရှင်းရပေလိမ့်မည်။

သို့သော်.. သူ မည်သို့မှ မလှုပ်ရှားနိုင်ခင်မှာပင် ..

ဘုန်း..

မသေမျိုးအလင်းတန်းများ လွှမ်းခြုံထားသော နျိုထျဲ့ချူက သူမလက်ထဲမှ တင်းပုတ်ကြီးကိုလွှဲ၍ ဘိုးဘေးဟုန်အား တိုက်ခိုက်လိုက်တော့သည်။

အသံကျယ် တစ်သံနှင့်အတူ ဘိုးဘေးဟုန်တစ်ယောက် အနောက်ဘက် ပေရာပေါင်းများစွာ အကွာအဝေးထိ လွင့်ထွက်သွားပြီးမှ သူ့ကိုယ်သူ ပြန်ထိန်းလိုက်နိုင်ပါ၏။

တောက်...

သူ့ နဖူးမှလည်း သွေးအနည်းငယ် စီးကျလာသည်။

ဘိုးဘေးဟုန် အံ့အားသင့်သွားပြီးနောက် ခပ်လှမ်းလှမ်းရှိ နျိုထျဲ့ချူအား လှမ်းကြည့်လိုက်သည်။

" မင်း... မင်းက ငါ့ကို ဒဏ်ရာရသွားအောင် တကယ်ကြီးလုပ်နိုင်ခဲ့တာလား "

သူ တုန်လှုပ်စွာ ဆို၏။

ယခုလေးမှ မသေမျိုးအဆင့်ကို ရောက်သွားခဲ့သည့် နျိုထျဲ့ချူက နတ်ဆိုးအရိပ်ရှစ်ခုပိုင်ရှင် သူ့အား တစ်ချက်တည်းဖြင့် ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သဖြင့် ..

ဘိုးဘေးဟုန် အလွန်အံ့သြ​နေရတော့သည်။

" အဘိုးကြီး ၊ ဒီနေ့တော့ ငါတို့ရဲ့ ငါးရောင်ခြယ်နတ်နွား မျိုးနွယ်စုအတွက် မင်းကို လက်တုန့်ပြန်မယ် "

နျိုထျဲ့ချူက တစ်လုံးချင်း အေးစက်စက်ပြောလိုက်သည်။

ထို့နောက်တွင်..

ဝုန်း ..

သူမ ဘိုးဘေးဟုန်ရှေ့သို့ ပျံသန်းသွားကာ တောင်ကြီးတစ်လုံးသဖွယ် ဆင်းသက်လိုက်၏။

စာစဉ်ပြီး၏

All Chapters