အခန်း (၃၉၅)
Vol. 40 Ch. 395
【အိုး ဆင်းကတ်နှစ်ကတ်ပဲ၊ နင် တကယ်ကောင်းသိတာပဲ။】
ချင်ကျင်းသည် ထပ်ခါတလဲလဲမြည်နေသော်လည်း ပြန်မဖြေသည့် ဖုန်အားကြည့်ကာ စိတ်ဓာတ်ကျသွားသည်။ နောက်ဆုံး ဒါက ပုံမှန်ပင်။ ဆယ်ခါလောက်ခေါ်မှသာ ကံကောင်းမှသာ တစ်ခါ နှစ်ခါလောက်သာခေါ်ရခြင်းဖြစ်သည်။ ကံကောင်းသည့် အခါမျိုးမှ မက်ဆေချ်ပို့ရ၊ ဖုန်းခေါ်လို့ရသည်။
ချင်ရှန့် ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ဖုန်းနံပတ်ပေး၊ ငါ့တို့ နည်းပညာအဖွဲ့ကို ခြေရာခံခိုင်းလိုက်မယ်။”
ချက်ချင်းဆိုသလို ဝမ်ပိုင်ထိတ်လန့်သွားပြီး သူ့ ဝိုင်ခွက်သည် လှုပ်ရမ်းသွားကာ ဝိုင်များ ချင်ရှောင်ယွီထံဖိတ်ကျသွားသည်။
ချင်ကျင်း အေးခဲသွားသည်။ "ဟင် ?"
ချင်ရှန့် လေးနက်နေပြီး အေးစက်စက်ဖြင့် "မင်းအလှည့်စားခံနေရတယ်လို့ ငါ သံသယရှိနေတာကြာပြီ။ အဲ့ဒီလူက ဘယ်သူလဲဆိုတာ သေချာသိအောင် ငါ ကူညီပေးချင်လို့။”
ချင်ကျင်း၏မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားသည်။ မည်သူမဆို အွန်လိုင်းချစ်သူနှင့် ပတ်သတ်ပြီး သံသယအဖြစ်ခံရလျှင် မကျေမနပ်ဖြစ်ကြမည်သာ။
သေချာပေါက် ပို၍ပင် မျက်နှာမည်းမှောင်နေသည့်သူလည်းရှိသေးသည်။ ဝမ်ပိုင် သေချာပေါက်ပင် ချင်မိသားစု၏စွမ်အားကိုသံသယမရှိပါချေ။ သူ့အား ခြေရာခံလိုလျှင် အလွန်လွယ်လှသည်။ ယခင်က ချင်ကျင်း၏အကျင့်စရိုက်အားသိသော ကြောင့် ဟန်ဆောင်လှည့်စားနိုင်ခဲ့သည်။ သို့သော် ယခုချိန်တွင် အမှန်ပင် အန္တရာယ်ရှိနေပြီ။
“အာ ? အဲ့လိုလုပ်လို့ ကောင်းပါ့မလား။” ချင်ကျင်း ပြောလိုက်သည်။
သို့သော်လည်း ချင်ရှန့် ခွဲခြမ်း စိတ်ဖြာပြလိုက်သည်။
“သူလည်း မင်းနဲ့တွေ့ချင်နေမှာပဲ။ မဟုတ်ရင်တော့ မင်းကို ပြောမပြနိုင်တဲ့အရာတစ်ခုခုရှိလို့ ဒါမှမဟုတ် သူ မင်းကိုလိမ်နေလို့ပဲ။ ပြောရမယ်ဆို ကိုယ့်ဘက်က အရင်စတာလည်း အဲ့လောက်မဆိုးပါဘူး။ ယောကျ်ားလေးတစ်ယောက်က မိန်းက လေးတစ်ယောက်ကိုလိုက်ရင် တက်တက်ကြွကြွရှိသင့်တယ်။“
ချင်ကျောက်လည်း ချက်ချင်းဝင်ပြောလိုက်သည်။
"ဟုတ်တယ်၊ သူ့မှာ အခက်အခဲတစ်ခုရှိနေတာဆိုရင် မင်းက မင်းသားလေးတစ်ပါးလို သွားကယ်လို့ရတယ်။ ပြီးရင် Happy endingပဲ ။ ဒါပေမယ့် သူ မင်းကိုလိမ်နေတာမျိုး ဥပမာ ရုပ်ဆိုးတာမျိုးဆို……”
“ငါ ဂရုမစိုက်ဘူး!” ချင်ကျင်း မြန်မြန်ပြောလိုက်သည်။
ချင်ကျောက် ပြုံးလိုက်ပြီး "သူက အိမ်ထောင်သည်ဆို ဘယ်လိုလုပ်မလဲ ? တကယ်လို့….အား…သူက တကယ်တော့ယောကျ်ားလေးတစ်ယောက်ဆိုရင်ရော ?”
ဝမ်ပိုင်မျက်နှာပေါ်ရှိထိတ်လန့်နေမှုမှာ မထိန်းနိုင်အောင်ပင် ပေါ်နေသော်လည်း အလင်းရောင်မှာမှိန်နေသောကြောင့် သတိထားမိရန်ခက်သည်။
ချင်ကျင်းလည်း အပြေးအလွှားပင်ခုခံလာသည်။
“မဖြစ်နိုင်ဘူး!”
ရှင်းရှင်းကြီးကိုအိမ်ထောင်သည်ဖြစ်ခြင်းထက် အမျိုးသားဖြစ်နေသည်ဟူသော အချက်အား သူငြင်းဆိုနေခြင်ပင်။
“ဒါဆိုလည်း စမ်းကြည့်ရအောင်လေ၊ ငါတို့ လျို့ဝှက်ထားကြမယ်။ သူ ဒေါသထွက်ရင်တောင် ငါ့တို့ကို အပြစ်ပုံချလိုက်။ ငါမင်းကို ကူပြီး တောင်းပန်ပေးမယ်။“
ချင်ကျောက် သူ့ကို ဆက်ပြီးဆွဲဆောင်နေသည်။
ဝမ်ပိုင်ပင် လေသံပျော့လေးနှင့်ကန့်ကွက်လာသည်။
“အဲဒါက သူ့ကို မလေးစားသလိုဖြစ်နေဦးမယ်။”
ချင်ရှောင်ယွီလည်း စိတ်လှုပ်ရှားစွာ သူ့အစ်ကိုအားလုပ်ခိုင်း လိုက်သည်။ သူမသည် ဤဆန်းကြယ်လှသည့် အွန်လိုင်းချစ် သူအကြောင်း အလွန်ပင်သိချင်နေခဲ့ခြင်းဖြစ်သည်။ ထိုသူမှာ သူ့ဘေးရှိလူဖြစ်နေမည်ဟုတော့ စဥ်းပင် စဥ်စားမိမည်မဟုတ်ချေ။
ဝမ်ပိုင် မည်မျှ စိုးရမ်ပူပန်နေမည်ကို ကျီဖေးတွေးကြည့်နိုင် သည်။
သို့သော် အဆုံးတွင် နှလုံးသားနူးညံ့သည့် ချင်ကျင်းသည် ချင်ရှန့်၏အဖွဲ့အား ခြေရာခံရန် ဖုန်းနံပတ်အားမပေးခဲ့ပါချေ။
ထိုအစား သူက “ငါ သူ့ကို ထပ်ခေါ်ကြည့်ပါဦးမယ်၊ ခေါ်လို့မရမှ ထပ်ပြောကြတာပေါ့။”
ဒီလိုနှင့် သူထပ်ခေါ်ရန်ကြိုးစားသည်။
ထိတ်လန့်တကြားပင် ဝမ်ပိုင်သည် ခွင့်တောင်းကာ သန့်စင်ခန်းသို့အပြေးသွားတော့သည်။
သူပြာယာခတ်စွာ ပြေးသွားသည်အားကြည့်အာ ကျီဖေးနှင့်အခြားသူများမနေနိုင်ပဲ ရယ်လိုက်ကြသည်။
မကြာမီ၊ ချင်ကျင်း၏ခေါ်ဆိုမှုမှာ ချိတ်ဆက်မိသွားသည်။ သူစိတ်လှုပ်ရှားစွာပင် စပီကာအားဖွင့်လိုက်ရာ တစ်ဖက်မှ မိန်းက လေးဆန်သည့် အသံထွက်လာသည်။
【ဒါက တော်တော်အဆင့်မြင့်တဲ့ အသံပြောင်းစက်ပဲ၊ လုံးဝမသိရဘူး။ 】
ကျီဖေး အထင်ကြီးသွားကာ ချင်ကျောက်နှင့် ချင်ရုန်သည်ပင် အထင်ကြီးသွားရသည်။ ချင်ကျင်း တဖက်မှ ညင်ညင်သာသာ၊တီတီတာတာ အသံဆီမှ အညှိ့ခံနေရသလို ရုန်းမထွက်ဖြစ်နေသည်။
ဝမ်ပိုင်သည် အလွန်ပင် ပညာရည်ပြည့်ဝလှသည်။ စကားအနည်းငယ်နှင့်ပင် ချင်ကျင်းဖုန်းချတော့မလိုဖြစ်သွားသည်။
ချင်ရှန့် စားပွဲအားခေါက်ကာ အဓိကအချက်အားပြောရန် သတိပေးလိုက်သည်။
ထို့နောက် ချင်ကျင်း မွေးနေ့ပါတီအကြောင်းပြောလိုက်ချိန်တွင် တစ်ဖက်မှ လုံးဝတိတ်ဆိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ပိုင်သည် ငြင်းဆိုရန်အကြောင်းပြချက်အား အသည်းအသန် စဥ်းစားနေရသောကြောင့်ပင်။
နောက်ဆုံး သူပြောလာသည်မှာ “တကယ်တော့လေ … တို့အခုနောက်ပိုင်း စိတ်အခြေအနေမကောင်းတာက တို့မားကိုဆေး ရုံတင်ထားရလို့လေ။ အလုပ်ပြီးတာနဲ့ ဆေးရုံကိုသွားပြီး မားကို ပြုစုရတယ်။ ရှင်နဲ့တွေ့ဖို့ အချိန်ရော စိတ်ရောမရှိလို့ပါ၊ ပထမဆုံးအကြိမ်တွေ့ဆုံမှုကို အကောင်းဆုံးပဲဖြစ်ချင်တာ။ အချိန် ကိုက်မဖြစ်ဘူးဖြစ်နေတယ်။ မားဆေးရုံဆင်းမှ ပြန်ချိန်းကြရအောင်လေ နော် ? ရလားလို့ ?”
[ဝိုး နင် သူ့ကျန်းမာရေးကိုဆင်ခြေအဖြစ် သုံးနေတာ နင့်မားရောသိရဲ့လ ?]
ချင်ကျောက်နှင့် ချင်ရုန်တို့ ဘာပြောရမှန်ပင် မသိတော့ချေ။ ဘယ်လိုလူမျိုးက ဒီလိုလုပ်ရက်မှာလဲ ? ပြီးတာ့ စဥ်းစားကြည့်လေ။ သူ့မားကဖြင့် ဒီရောက်နေတာကို။
သို့သော် ချင်ကျင်းသည် သံသယမဝင်ဘဲ ချက်ချင်းအခြေ အနေအား စိတ်ပူစွာမေးလိုက်သည်။ သူလုံးဝ အဖမ်းစားခံထားရကာ အဘယ်ကြောင့် ဤမျှအကြာကြီးအလိမ်ခံနေမှန်းသိ သာသည်။
အကြိမ်ကြိမ်အခါခါအားပေးပြီး အကူအညီပေးရန် ကြိုးစာပြီးနောက်တွင် သူမ ငြင်းဆိုကာဖုန်းချသွားသည်။
“ဟေး၊ လုပ်စမ်းပါကွာ ? မင်းယုံနေတာလား ? ဒါ သူမလာချင်လို့ သက်သက်မဲ့ အကြောင်းပြချက်တွေ လျှောက်ပေးနေမှန်း သိသာနေတာကို။” ချင်ကျောက် မနေနိုင်ဘဲပြောလိုက်သည်။
“ ဟမ်။ ကိုယ့်အမေကျန်းမာရေးနဲ့ ပတ်သတ်ပြီးတော့ ဟာသမလုပ်လောက်ပါဘူးကွာ။ ဟုတ်တယ်မလား ?”
ချင်ကျင်းသည် ယုတ္တိရှိသူဖြစ်ကာ အထူးသဖြင့် သူ့အမေမှာ ငယ်စဥ်ကတည်းက ဆုံးပါးသွားသောကြောင့် ဤကဲ့သို့ ကိစ္စများနှင့် ပတ်သတ်လျှင် အထိမခံဖြစ်တတ်သည်။
ကျီဖေး ဝင်ပြောလိုက်သည်။
“အဲ့လိုမထင်နဲ့လေ။ လူတွေက အဲ့လိုလိမ်နေကျပဲ။ နင်စဥ်းစားသင့်တာက နင့်ကိုလာတွေ့မယ့်အစား ဘာလို့ အဲလောက်ထိ လိမ်နေရတာလဲ လို့ပဲ။ သူ ဘာကို ဖုံးကွယ်နေတာဖြစ်လောက်မလဲ။”
ချင်ကျင်း အံသြသွားသည်။ ချင်ရှောင်ယွီလည်း အစပိုင်းတွင် သူ့အစ်ကိုပြောသကဲ့သို့ပင် ထင်ခဲ့သော်လည်း အခြားသူများ၏ အကြောင်းပြချက်များအားကြားသော် မပြောပဲ မနေနိုင်တော့ချေ။
“ကော အားလုံးပြောတာ ဖြစ်နိုင်ခြေရှိတယ်ထင်တယ်နော်။”
ထို့အချိန်တွင် ဝမ်ပိုင်သည် အပြေးပြန်လာပြီး ပြေးလာရသော ကြောင့်ထင် ချွေးများထွက်နေကာ သိသိသာသာပင် ဤနေရာရှိအခြေအနေအားစိုးရိမ်နေပုံရသည်။ သူယခု အခြေအနေပိုဆိုးတော့မည်အားတွေးတာ မရယ်ပဲမနေနိုင်ချေ။
သေချာပေါက်ပင် သူထိုင်လိုက်သည်နှင့် ထိုဇာတ်လမ်းမှာ လိမ်ဆင် ဟုတ်မဟုတ်ဆွေးနွေးနေသည်ကို ကြားတာ နေမထိထိုင် မသာဖြစ်နေသည်မှာ သိသိသာသာပင် စိတ်မသက်မသာဖြစ်နေပုံပင်။
ထို့နောက် ချင်ရှန့် ထပ်ပြောလိုက်သည်။
“ချင်ကျင်း သူ့ကို ထပ်ဆက်လိုက်ဦး။ ငါတို့ဆီမှာ အကောင်းဆုံး ဆေးဘက်ဆိုင်ရာအရင်းအမြစ်တွေရှိတာ မင်း မပြောလိုက်မိဘူး။ သူ့အမေသာ တကယ်နေမကောင်းဖြစ်နေရင် သူအမေကို သေချာပြုစုစောင့်ရှောက်ပေးဖို့အတွက် ငြင်းမှာ မဟုတ်ဘူး။”
ဝမ်ပိုင် ချက်ချင်းပင် ချွေးများစီးကျလာသည်။
ချင်ကျင်း သူ့နဖူးအားရိုက်လိုက်ကာ “ဟုတ်သားပဲ၊ ကျနော် သူ့ကို အခုခေါ်လိုက်မယ်။”
သူကြံရာမရစွာဖြင့် တစ်ခုခုကျန်ခဲ့သောကြောင့် သွားယူဟန် ဆောင်ကာ ထွက်သွားပြန်သည်။
ချင်ရှောင်ယွီသည် ဂနာမငြိမ်သော ဝမ်ပိုင်ထွက်သွားသည်အား ကြည့်ကာရေရွတ်လိုက်သည်။
“သူ ဒီနေ့ ဘာဖြစ်နေတာလဲ။”
ထိုအချိန်တွင်၊ ကျီဖေးနှင့် အခြားသူများ သေမတတ်ရယ်မောနေကြရသည်။
အထူးသဖြင့် ချင်ရှန့် တမင်တကာနောက်ပြောင်နေမှန်း မသိသည့် ကျီဖေးသည် ရယ်စရာကောင်းသော တိုက်ဆိုင်မှုဟုသာ ထင်နေသည်။
【အရက်အမူးတိုက်ဖို့ ကြိုးစားလိုက်ရတာ။ အခုတော့ နင် ပြန်ထိပြီမလား ? ဟားဟား!]
ချင်ကျောက်နှင့် ချင်ရုန်တို့လည်း သူတို့အာ့ကောအား တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။
ထို့နောက် တစ်ဖက်မှ ဖုန်းမကိုင်မှီ နှစ်ကြိမ်လောက် ဆက်လိုက်ရသည်။
ချိတ်ဆက်မိသွားသည်နှင့် တစ်ဖက်လူမှ အသက်ပြင်းပြင်းရှူနေသည်ကိုကြားလိုက်ရသည်။
ချင်ကျင်း သိချင်စွာ မေးလိုက်သည်။
“မင်း ဘာတွေလုပ်နေတာလဲ။”
"တို့... ရှင့်ဖုန်းကို ကိုင်ဖို့အလျင်လိုနေလို့ပါ။"
ချင်ကျင်း စိတ်ပျော့သွားသည်။ ထို့နောက် ချက်ချင်းပင် ချင်ရှန့်၏အကြံအတိုင်း သူ့အားပြောလိုက်သည်။
တစ်ဖက်မှ ခဏတာငြိမ်သွားကာ လူတိုင်းသည်လည်း ဝမ်ပိုင် မည်သည့် ဆင်ခြေပေးလာမည်အားသိချင်နေကြသည်။ ထိုအချိန်တွင် တစ်ဖက်လူမှာ ပေါက်ကွဲလာပြီး ဒေါသတကြီးနှင့်ပင် ချင်ကျင်းအား သူ့ကို မယုံတာလားဟု မေးခွန်းထုတ်လာသည်။ ချင်ကျင်း သူ့အား တွေ့ချင်သည်နှင့်ပင် အကြောင်းပြချက်မျိုးစုံထုတ်နေသည်ဟူ၍လည်း စွပ်စွဲလာသည်။ သူ၏ ချုပ်ချယ်တတ်ပြီးဆိုးရွားသည့် အပြုအရာအား သူ မလိုချင်ဟုပြောလာသည်။ ထို့နောက်တွင် ကွက်တိပင် သူပြောလာသည်မှာ “ခဏတော့ မဆက်သွယ်ဘဲ နေကြရအောင်၊ စိတ်ငြိမ်အောင် အနားယူလိုက်တာက တို့နှစ်ယောက်လုံးအတွက် အဆင်ပြေသွားမှာပါ။”
သူ့လေသံမှာ ချင်ကျင်းနဲ့လမ်းခွဲနေပုံပင်။
ချင်ကျင်း ကြောက်လန့်တကြားနှင့် အမြန်တောင်းပန်ခဲ့သော် လည်း တစ်ဖက်မှ ပြတ်ပြတ်သားသားပင် ဖုန်းချသွားပြီး ဆက်သွယ်၍မရတော့ပေ။
ချင်ကျင်း အံ့အားသင့်ကျန်ခဲ့ကာ ချင်ရှန့်အား မကျေမနပ်ဖြင့်ကြည့်လိုက်သည်။
ချင်ရှန့်: ……
ကြည့်ရတာ သူတို့တဖက်လူ အကျိုးရှိသွားအောင် လုပ်လိုက်မိပြီထင်တယ်။