ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရှိရန်
Vol. 7 Ch. 668
ထိုသို့တွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ပို၍ စိတ်လှုပ်ရှားလာတော့သည်။ ယခုတွင်မူ သူသည် ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော လမင်းကြီး၏ အေးစိမ့်သောလရောင်အောက်ဝယ် သူ၏အောင်မြင်မှုများကို ကျေနပ်နေသည့် စိတ်ဖြင့် သရဲကြီးရုပ်ထုထဲမှ ပျံထွက်လာတော့သည်။
" ငါ ဒီလောက်ကြီးတော်နေဖို့ ဆုမတောင်းဖူးပါဘူးကွာ။ ဒါပေမဲ့ တခြားရွေးချယ်စရာမှ မရှိပဲ။ ဒါ ကောင်းကင်ရဲ့ အလိုတော်ပဲ ဖြစ်ရမယ်။ ပထမဆုံး ငါက အဏ္ဏဝါခေါ်သံဂိုဏ်းရဲ့ ဂုဏ်ကျက်သရေနဲ့ ပြီးပြည့်စုံတဲ့ ခေါင်းဆောင်ငယ်လေး ဖြစ်ခဲ့ရတယ်။ ပြီးတော့ မဟာတံတိုင်းကြီးမှာလည်း စစ်ဦးစီးမှူးတစ်ယောက် ဖြစ်ခဲ့ရတယ်။ အဲဒါတွေပြီးလို့ အခု မြေရိုင်းဒေသထဲကိုရောက်တာတောင် နာမည်တွေထပ်ကြီးနေတုံးပါလား "
သူ၏ ထက်မြက်လွန်းနေမှုကြီးကြောင့် စိတ်ရှုပ်နေသည့်အလား သူက ခေါင်းကိုခါယမ်းလိုက်တော့သည်။ သူက ဂုဏ်ယူဝင့်ကြွားနေသည့် သူ၏ခံစားချက်ကြီးကို ဖုံးကွယ်ရန် ကြိုးစားမနေပေ။
ယခင်ကဆိုလျှင် ပိုင်ရှောင်ချန်းသည် ထောင်စောင့်တစ်ယောက် ဖြစ်ခဲ့သည့်အတွက်သာ မြို့ထဲတွင် ပျံသန်းခွင့်ရှိခဲ့သည်။ သို့သော် သူက ထိုသို့ပျံသန်းရာတွင် သက်တောင့်သက်သာ မရှိခဲ့ပေ။ မြို့စောင့်တပ်များနှင့် ကြုံကာ အကယ်၍ သူတို့က မနှစ်သက်ခဲ့ပါက သူ့ကို မြေပြင်ပေါ်သို့ ပြန်၍ ချနိုင်သည် မဟုတ်ပါလော။
သို့သော် ယခုတွင်မူ ကင်းလှည့်အစောင့်များအားလုံးက သူ့ကို တရိုတသေ ကြည့်နေကြရပြီဖြစ်ပြီး သူ့ဘေးနားတွင် လက်များယှက်ကာ အကာအကွယ်ပေးသည့် ပုံစံ ဖမ်းနေရပြီဖြစ်သည်။
အစတွင် ပိုင်ရှောင်ချန်းမှာ အံ့သြသွားခဲ့ပါသော်လည်း ထိုအပြောင်းအလဲများကို လျင်မြန်စွာပင် ကျင့်သားရသွားတော့သည်။ သူကချောင်းကိုဟန့်လိုက်ပြီး ကျောက်စိမ်းပေလွှာတစ်ခုကိုထုတ်ကာ လျင်မြန်စွာလေ့လာလိုက်သည်။ ထို့နောက်သူသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ကောင်းကင်မြို့စားကြီး သူ့ကိုလက်ဆောင်ပေးခဲ့သည့် စံအိမ်ဘက်သို့ ထွက်ခွာသွားတော့သည်။
၎င်းသည် အတွင်းပိုင်းမြို့တော်ထဲတွင် တည်ရှိသည်ဖြစ်ပြီး ထိုကောင်းကင်မြို့စားကြီးအတွက် ဒုတိယနေအိမ် ဖြစ်ခဲ့သည်။ ထိုအိမ်မှာ အတော်အတန်ကြီးမားပြီး အလှဆင်ကျောက်များသာမက စမ်းချောင်းလေးများနှင့် ရေကန်ငယ်များပင် ပါဝင်သည်။ ထို့အပြင် ၎င်းကိုကာကွယ်ပေးနေသည့် မန္တန်အစီအရင်တစ်ခုရှိနေသေးသဖြင့် တိတ်ဆိတ်ငြိမ်သက်ကာ အေးချမ်းနေတော့သည်။ သူ့ကိုစောင့်မျှော်နေသည့် အစောင့်များပင် ရှိပြီး သူတို့မှာ ချက်ချင်းပင် တရိုတသေ နှုတ်ဆက်လိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ ထိုသို့သော စီမံပေးထားမှုများကြောင့် အလွန်ကျေနပ်သွားပြီး စံအိမ်ထံသို့ စိတ်ကျေနပ်စွာသက်ပြင်းချရင်း ဝင်သွားတော့သည်။
ထိုညတွင် မည်သည့်ဖြစ်ရပ်မှ ဆက်မဖြစ်ပေ။ ပိုင်ရှောင်ချန်းမှာ သတ္တုအမျိုးအစား နတ်ဝိညာဥ်နှင့် မပေါင်းစည်းလိုက်ပေ။ ထိုငါးခုမြောက် ဝိညာဥ်မှာအလွန်အရေးကြီးသည်။ ၎င်းနှင့်ပေါင်းစည်းပြီးပါက သူသည် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်သွားမည်ဖြစ်၍ သူသည် တံခါးပိတ်ကျင့်ကြံမှသာ ပေါင်းစည်းချင်နေသည်။
သို့သော်လည်း ယခုသည် တံခါးပိတ်ကျင့်ကြံခြင်း စတင်နိုင်သည့်် အချိန်မဟုတ်ပေ။ ပထမတစ်ချက်မှာ နောက်နေ့တွင် ပိုင်ရှောင်ချန်းအား အမှုဆောင်ချုပ်ရာထူးအပ်နှင်းခြင်းကို တရားဝင်ကြေငြာမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသတင်းမှာ တောမီးများသဖွယ် ပျံ့နှံ့သွားပြီး လူအများမှာ တအံ့တသြ ဖြစ်ကုန်ကြတော့သည်။.
" အမှုဆောင်ချုပ်၊ ပိုင်ဟောက်က အမှုဆောင်ချုပ် ဖြစ်သွားတာ ငါ့ဖြင့် မယုံနိုင်ဘူး "
" သရဲကြီးမြို့တော်မှာ အရင်က အမှုဆောင်ချုပ် မရှိဖူးပါဘူး "
" အမှုဆောင်ချုပ်၊ အမှုဆောင်ချုပ်.... တစ်ဖက်မှာဆိုရင် အဲဒီရာထူးရဲ့ အဓိပ္ပါယ်က မြို့တော်ထဲက အရာရာတိုင်းကို သူချုပ်ကိုင်ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒါပေမဲ့ တစ်ခြားတစ်ဖက်မှာဆိုရင်လည်း သူက ဘယ်နေရာမှာမှ ခေါင်းဆောင်မဟုတ်ဘူးလို့ အဓိပ္ပါယ်ကောက်လို့ရတယ်။ ဂုဏ်ပြုရုံသက်သက်နဲ့ တကယ့်ရာထူးအစစ်ကြားမှာရှိတဲ့ နာမည်ပါပဲကွာ။ သူ့အာဏာက ဘုရင်ကြီးရဲ့ စိတ်နေစိတ်စိတ်ထားပေါ်မှာ မူတည်နေမှာ။ အခုလောလောဆယ်တော့ ဘုရင်ကြီးက ပိုင်ဟောက်ကို သဘောကျနေတာကွ "
အမှုဆောင်ချုပ်ဆိုသော ရာထူး၏ အာဏာကို မြို့တော်ထဲရှိလူတိုင်းက တွေးတောကြံဆနေကြစဥ် ပိုင်ရှောင်ချန်းမှာ သူ၏ ရာထူးအသစ်အတွင် သာယာနေသင့်သလား၊ မနေသင့်သလား တွေးတောနေတော့သည်။ သို့သော် သူ မည်သို့မှမလုပ်နိုင်ခင်မှာပင် လူများက သူ့ဆီသို့ရောက်လာကြပြီး တရိုတသေ လာရောက်နှုတ်ဆက်ကြတော့သည်။
ကောင်းကင်မြို့စားကြီး လေးယောက်မှာ အရင်ရောက်လာပြီးနောက် ဝိညာဥ်ကျင့်ကြံသူများ တဖွဲဖွဲ ရောက်လာကြတော့သည်။ မြို့တော်ထဲရှိ အဖွဲ့အစည်းနှင့် အုပ်စုအားလုံးနီးပါးက သူ့ထံသို့ လူများစေလွှတ်လိုက်ခြင်းဖြစ်သည်။
သူတို့အားလုံးထံတွင် လက်ဆောင်ပဏ္ဍာများ ပါလာကြသဖြင့် ပိုင်ရှောင်ချန်းမှာ တအံ့တသြနှင့် လက်ခံယူလိုက်တော့သည်။ များစွာသော လက်ဆောင်များ၏ မြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ ဆွံ့အနေရပြီး တချိန်ထဲမှာပင် ပျော်ရွှင်မှုများဖြင့် သူ့မျက်နှာဝင်းလက်နေတော့သည်။
ထိုလက်ဆောင်များထဲတွင် အံ့သြစရာအကောင်းဆုံးအရာမှာ သူယခုနေထိုင်နေသည့် စံအိမ်ကြီးပင်ဖြစ်သည်။ ထိုစံအိမ်ကို သူ့အားပေးခဲ့သည့် ကောင်းကင်မြို့စားကြီး၏ အမည်မှာ ချန်ဟိုင်ဖြစ်သည်။ သူသည် လူဝကြီးတစ်ယောက်ဖြစ်ပြီး ပိုင်ရှောင်ချန်းကိုမြင်တိုင်း ရွှင်ပြစွာပြုံးနေလေ့ရှိသည့် လူတစ်ယောက် ဖြစ်သည်။ ထိုလူကြီးမှာ ကျင့်ကြံခြင်းအခြေခံနှင့် ရာထူးများကို ဂရုမစိုက်သည့်ပုံစံပေါ်နေသည်။ သူသည် အလွန်ရိုးသားကာ နွေးထွေးပျူငှာလွန်းနေသည်။
ပိုင်ရှောင်ချန်း၏ ရုတ်တရက် ရာထူးတက်သွားမှုကြောင့် ကျိုးရီရှင်းနှင့် လီဖုန်းတို့မှာလည်း အကျိုးကျေးဇူးများစွာ ခံစားလိုက်ရလေသည်။ ပိုင်ရှောင်ချန်းကို အရေးကြီးသည့်နေရာများတွင် ကူညီပေးခဲ့သည့် ကျိုးရီရှင်းမှာ ပို၍ပင် အကျိုးကျေးဇူးများ ခံစားလိုက်ရသည်။
ယခုတွင် ပိုင်ရှောင်ချန်းသည် ဂုဏ်အရှိန်အဝါကြီးမားနေပြီ ဖြစ်သဖြင့် ကျိုးရှီရှင်းမှာ အပြေးလာကာ သူ့ကိုနှုတ်ဆက်လိုက်တော့သည်။ သူသည် လတ်တလောတွင် ပင်ပန်းဆင်းရဲစွာနေခဲ့ရသည်ကို ပိုင်ရှောင်ချန်းက သိသည်။ ထို့ကြောင့် သူ့အား လက်ရှိအခြေအနေကို အသုံးချခိုင်းကာ မြို့တော်ထဲတွင် သူ၏ကိုယ်ပိုင်အင်အားစုတစ်ခုကို တည်ထောင်ခိုင်းလိုက်တော့သည်။
ကျိုးရှီရှင်းမှာ ကျေနပ်ပီတိမှုများဖြင့် စိတ်လှုပ်ရှားစွာ ပြန်သွားတော့သည်။ သူသည် ပိုင်ရှောင်ချန်း၏ ထောက်ပံ့မှုကိုရထားသဖြင့် အချိန်လုံးဝဆွဲမနေပဲ သူ၏နောက်လိုက်များကို စုဆောင်းနေတော့သည်။
ရက်အနည်းငယ်ကြာသောအခါ ဧည့်သည်များ အလာနည်းသွားသဖြင့် ပိုင်ရှောင်ချန်းမှာ မြို့ထဲသို့ လမ်းထွက်လျှောက်ရန် အချိန်ရသွားတော့သည်။ သူသွားသည့်နေရာတိုင်းတွင် ဝိညာဥ်ကျင့်ကြံသူများက သူ့ကိုတရိုတသေ နှုတ်ဆက်နေကြသဖြင့် သူသည် မြို့တော်ထဲတွင် တစ်နေရာမှမကျန်လောက်အောင် စိတ်လှုပ်ရှားစွာဖြင့် လှည့်ပတ်သွားလာနေတော့သည်။
" မင်္ဂလာပါ အမှုဆောင်ချုပ်ပိုင် "
" မင်္ဂလာပါ အမှုဆောင်ချုပ်ပိုင် "
" ဟိုမှာကြည့်စမ်း အမှုဆောင်ချုပ်ပိုင်မလား "
သူက အမှုဆောင်ချုပ်ပိုင်ဟူသော ခေါ်သံများကို ပိုကြားရလေ သူ့လက်ရှိရာထူးအပေါ် သာယာယစ်မူးနေလေ ဖြစ်နေတော့သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှာရှိစဥ်က အမူအရာအတိုင်း လူအများ၏ အာရုံစိုက်ခြင်းကို ခံရစေရန် သူက တစ်ခါတရံ ချောင်းကိုဟန့်ကာ အမှုဆောင်ချုပ်ပိုင် ရောက်လာပြီဖြစ်ကြောင်း သတိပေးနေတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုသို့သော အာရုံစိုက်ခံရမှုများကြောင့် ယစ်မူးနေတော့သည်။ သူသည် မိစ္ဆာအကျဥ်းထောင်သို့ သွားရောက်လည်ပတ်ရန်ပင် ပြင်လိုက်တော့သည်။
ထောင်မှူးကြီးလီရှူမှာ ထိုအချင်းအရာကို သဘောမကျသော်လည်း တရိုတသေနှုတ်ဆက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိသဖြင့် ပိုင်ရှောင်ချန်အား ထောင်ကို လှည့်ပတ်ကြည့်ရှုစစ်ဆေးရာတွင် ခေါ်သွားတော့သည်။ ပိုင်ရှောင်ချန်းကမူ ရာထူးအလှည့်အပြောင်းများကို သဘောကျနေပြီး အဆောက်အဦများကို ဖြတ်သွားတိုင်း ပြုပြင်မွမ်းမံရန် လိုအပ်နေသည့် အခန်းကဏ္ဍများကို ညွှန်ကြားနေတော့သည်။
လက်ထောက်ထောင်မှူးလေးယောက်နှင့် အမှောင်စစ်ဆေးရေးမှူးလေးယောက်မှာ သူ၏ဘေးနားတွင် မိန်းမောစွာ ကပ်နေကြတော့သည်။ ဤလူသည် ထောင်စောင့်တစ်ယောက်အဆင့်ကနေ အကျဥ်သားတစ်ယောက်အဖြစ် ရောက်ပြီးနောက် ယခုတွင် အမှုဆောင်ချုပ်ဖြစ်နေသဖြင့် သူတို့အားလုံးမှာ မတွေးနိုင်လောက်အောင် ဖြစ်နေကြတော့သည်။
အမှတ်လေးထောင်ခန်း မှ လက်ထောက်ထောင်မှူး စွန်းဖုန်မှာ အဆွံ့အဆုံး ဖြစ်နေတော့သည်။ သို့သော် ပိုင်ရှောင်ချန်းမှာ မိတ်ဆွေဟောင်းများကို မမေ့သည့်လူစားမျိုးဖြစ်၍ အမှတ်လေးထောင်ခန်း ကိုမူ ချီးကျူးခန်းများ ဖွင့်လိုက်တော့သည်။ စွန်းဖုန်မှာ စိတ်လှုပ်ရှားနေရတော့သည်။
ထောင်ထဲရှိ လူများအားလုံးထဲတွင် အဖွဲ့နံပါတ်ကိုးမှ အစောင့်များနှင့် ပိုင်ရှောင်ချန်းမှာ အခင်မင်ဆုံးဖြစ်သည်။ သူက အဖွဲ့ခေါင်းဆောင်ကို နာမည်ပင်ခေါ်ကာ သူ့ကိုလမ်းပြခိုင်းလိုက်တော့သည်။ ထို့ကြောင့် အဖွဲ့နံပါတ်ကိုးတစ်ခုလုံးမှာ ဂုဏ်ယူဝမ်းမြောက်နေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားရတော့သည်။
သူက သက်ပြင်းချရင်း ဆိုလိုက်လေသည်။
" မိစ္ဆာအကျဥ်းထောင်ထဲမှာ ငါရဲ့ အမှတ်တရတွေမှ အများကြီးပဲ။ ဒီနေရာက အရင်တုံးက ငါ့အိမ်ဖြစ်ခဲ့တာ။ ဒီနေရာမှာ ငါ့ရဲ့ခံစားချက်တွေကို ရင်းနှီးမြှုပ်နှံထားခဲ့တာ "
ထိုစကားများကြောင့် လူတိုင်းမှာ စိတ်ထဲခံစားသွားရတော့သည်။ ခဏအကြာတွင် သူတို့အဖွဲ့မှာ အမှတ်လေးထောင်ခန်း ထဲသို့ရောက်ရှိသွားပြီး သူ၏အခန်းဟောင်းရှေ့တွင် ရပ်လိုက်ကြတော့သည်။ ထိုအခါတွင် သူ၏မျက်နှာပေါ်တွင် အတိတ်ကိုပြန်ပြောင်းသတိရနေသည့် အရိပ်အယောင်များ ပေါ်လာတော့သည်။
" ဒီနေရာလေးကို ကြည့်လိုက်ရုံနဲ့ ငါ့ရဲ့ လက်ရှိရာထူးကို ပြန်အပ်နှင်းပြီး ထောင်စောင့်တစ်ယောက်တောင် ပြန်ဖြစ်ချင်လာပြီ "
သူ၏ပါးစပ်မှ ထိုစကားများထွက်လာသည်နှင့် လူတိုင်းမှာ အလျင်အမြန်ပင် သူ့အားထိုသို့မလုပ်ရန် တားဆီးလိုက်ကြတော့သည်။
" အမှုဆောင်ချုပ် ခင်ဗျာ။ ဒီလိုမျိုး လုံးဝမလုပ်ပါနဲ့။ ဆရာ တာဝန်ယူဖြေရှင်းရမဲ့ ကိစ္စရေးရာတွေ အမြောက်အမြား ကျန်သေးတယ်လေ။ ဆရာ့ရာထူးအရ သရဲကြီးမြို့တော် စည်ပင်သာယာရေးအတွက် ဆရာ့မှာ တာဝန်ရှိတယ်ဗျ "
" ဟုတ်တယ်ဗျ အမှုဆောင်ချုပ်။ အမှုဆောင်ချုပ်သာမရှိရင် သရဲကြီးမြို့တော်ရဲ့ ထောင်စောင့်တွေလည်း အဆင်ပြေနိုင်မှာ မဟုတ်ဘူး "
သူတို့၏ နားချနေသော စကားများကိုကြားလိုက်ပြီးနောက် ပိုင်ရှောင်ချန်းမှာ ကူရာမဲ့နေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်တော့သည်။
" အာ... ဘာပဲဖြစ်ဖြစ်ပါ။ " သူက ဆိုလိုက်သည်။
" မင်းတို့က အခုလိုပြောနေမှတော့လည်း ငါ့မှာ ငါ့ အိပ်မက်ပန်းတိုင်ကို စွန့်လွှတ်ဖို့ကလွဲပြီး တခြားရွေးစရာမရှိတော့ဘူးပေါ့။ ငါလုပ်သမျှအရာတိုင်းက ရှင်ဘုရင်မင်းမြတ်အတွက်ပါပဲ။ ငါလုပ်သမျှ အရာအားလုံးက သရဲကြီးမြို့တော်အတွက်ပါပဲကွာ "
ထိုအခါ ရှိရှိသမျှ လူတိုင်း၏ မျက်နှာများပေါ်တွင် တည်ကြည်သော အမူအရာများ ပေါ်ပေါက်လာပြီး လူအချို့၏မျက်ဝန်းများထဲတွင် မျက်ရည်စက်များဖြင့် ရွှန်းလဲ့နေသည်ကို မြင်နိုင်ပေသည်။
ပိုင်ရှောင်ချန်းမှာ ချောင်းဟန့်လိုက်တော့သည်။ သူ၏ အောင်မြင်မှုထဲတွင် သာယာပျော်မွေ့နေသည်မှာ လွန်သွားမည်ကိုစိုးသဖြင့် သူက လှည့်ပတ်ကြည့်ရှုစစ်ဆေးခြင်းကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူက ထွက်ခွာရန်ပြင်လိုက်စဥ်မှာပဲ လီရှူကိုလှမ်းကြည့်မိလိုက်သောအခါ သူ၏ အမူအရာမှာ တချိန်လုံးထူးဆန်းကာ မကျေနပ်သည့်ပုံစံပေါက်နေသည်ကို သတိထားမိလိုက်တော့သည်။
လှည့်ပတ်ကြည့်ရှုနေသည့် အတောအတွင်း လီရှူ၏အမူအရာမှာ အနည်းငယ်ပင် မပြောင်းလဲသဖြင့် ပိုင်ရှောင်ချန်းမှာ မကျေမနပ် ဖြစ်နေတော့သည်။ သူက သည်းမခံနိုင်သည့် အမူအရာဖြင့် ပြောလိုက်တော့သည်။
" လီရှူရေ။ ငါ့မှာ မင်းကို ဝေဖန်စရာတစ်ခုရှိတယ်။ ရှင်ဘုရင်မင်းမြတ် အန္တရာယ်ကြုံနေရတုံးက သူ့ကိုဘေးကင်းအောင်ထားဖို့ သူ့ဘေးမှာ ငါတစ်ယောက်ပဲ ရှိနေတာ။ အဲဒီတုံးက မင်းဘယ်ကိုများ ရောက်နေတာလဲ "
လီရှူမှာ တစ်ခဏမျှတိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ ပြန်ဖြေလိုက်တော့သည်။
" အဲဒီနေ့တုံးက ကျုပ် နယ်စားကြီး သေမင်းအော်သံ နဲ့ သွားတွေ့တာပါ "
ပိုင်ရှောင်ချန်းမှာ ရေခဲတမျှအေးစက်သော မျက်ဝန်းများဖြင့် လီရှူကိုစိုက်ကြည့်ကာ ထပ်မံမေးခွန်းထုတ်လိုက်တော့သည်။
" ရှင်ဘုရင်မင်းမြတ် အန္တရာယ်ကြုံနေရတဲ့အချိန်ကို မင်းက နယ်စားကြီးသေမင်းေအာ်သံ နဲ့သွားတွေ့နေတယ်ပေါ့။ အဲဒါ သစ္စာရှိတဲ့လူတစ်ယောက်ရဲ့ လုပ်ရပ်လား လီရှူ "
လီရှူမှာ မျက်နှာပျက်သွားတော့သည်။ ပိုင်ရှောင်ချန်း၏ မျက်ဝန်းများထဲမှ အေးစက်မှုများကို သူက ရိပ်မိပြီး စောစောက သူ၏အပြုအမူများမှာ မှားယွင်းသွားပြီဖြစ်ကြောင်း သိလိုက်တော့သည်။ ပိုင်ရှောင်းချန်းမှာ သူ၏ မျက်နှာထားကြောင့် စိတ်မရှည်ဖြစ်သွားရသည်မဟုတ်ပဲ ထိုမျက်နှာထားကို မပြင်သရွေ့ သည်းမခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှောင်ချန်းကို ဒေါသထွက်အောင် လုပ်မိလိုက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်ပြီး ပိုင်ရှောင်ချန်း၏ လက်ရှိ ရာထူးကို ရိပ်စားမိလိုက်သောအခါ လီရှူမှာ ချက်ချင်းပင် နောင်တကြီးစွာရသွားတော့သည်။ ထို့ကြောင့် သူက တရိုတသေလက်ယှက်ကာ အသေးစိတ်ရှင်းပြလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အဆုံးမရှိသော အညှိုးအတေးများထားတတ်သူ မဟုတ်ပဲ လီရှူကိုလည်း အရိုးထဲမှနေ၍ မုန်းတီးနေခြင်း မရှိပေ။ ထို့ကြောင့် လူအုပ်ကြီး၏ရှေ့တွင် ဤသို့ပြုမူနေသည်ကိုမြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်းမှာ အနည်းငယ် နေမထိ ထိုင်မသာ ဖြစ်သွားရတော့သည်။ ထိုလူမှာ သင်ခန်းစာရသွားပြီဖြစ်ပြီး သူ့ကိုယ်သူ အနည်းငယ် နှိမ့်ချတတ်သွားပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ မသိမသာ ခေါင်းညိတ်ကာ လှည့်ပတ်ကြည့်ရှုခြင်းကို အဆုံးသတ်လိုက်တော့သည်။
နောက်ရက်အနည်းငယ်တွင် ပိုင်ရှောင်ချန်းမှာ မြို့ထဲတွင် ပတ်သွားကာ သူ၏ရာထူးအသစ်အပေါ် ပျော်မွေ့နေတော့သည်။ သူသည် မျိုးနွယ်စုကြီးသုံးစုကို မမေ့နိုင်သေးပေ။ အထူးသဖြင့် သူ့ကိုသတ်ရန် ကြိုးစားခဲ့သည့် ပိုင်မျိုးနွယ်စုကို ပို၍မမေ့နိုင်လောက်အောင် ဖြစ်နေရတော့သည်။
သူသည် မကျေနပ်ချက်အသေးစားလေးများကြောင့် လက်တုံ့ပြန်တတ်သည့် လူစားမျိုးမဟုတ်ပါသော်လည်း သူ၏လက်ဝယ်တွင်ရှိနေသည့် အာဏာကြောင့် မျိုးနွယ်စုသုံးစုက သူ့အပေါ်လုပ်ခဲ့သည့် လုပ်ရပ်များကို တွေးမိသွားသောအခါ သူက ဒေါသထွက်သွားတော့သည်။ သို့သော် သရဲကြီးဘုရင်တွင် အခြားအကြံများရှိနေသည်။ ချိုင်မျိုးနွယ်စုခေါင်းဆောင်ကြီးကို သတ်ကာ ပိုင်မျိုးနွယ်စုနှင့် ချန်မျိုးနွယ်စုခေါင်းဆောင်ကြီးတို့ကိုဖမ်းဆီးထားရုံမှလွဲ၍ သူသည် မျိုးနွယ်စုများကို ကိုင်တွယ်ဖြေရှင်းရန် အစီအစဥ်မရှိသေးပေ။
ရက်အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းမှာ စိတ်မရှည်တော့သဖြင့် သူ့အပေါ်သစ္စာရှိသည့် မြို့ထဲမှလူများအား မျိုးနွယ်စုကြီးသုံးစုကို အပြစ်ပေးရန် အချိန်ကျပြီဖြစ်ကြောင်း အရိပ်အမြွက်စကားများ ဆိုလိုက်တော့သည်။
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားသည်။ အဆုံးတွင် သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်းကို ဆင့်ခေါ်လိုက်ပြီး မည်သည့်အလုပ်မှမလုပ်ပဲ မြို့ထဲတွင် တစ်နေကုန်လျှောက်သွားနေသည့်အတွက် သူ့အား အပြစ်တင်ကြိမ်းမောင်းလိုက်တော့သည်။ ထို့နောက် ပိုင်ရှောင်ချန်းမှာ ဆူပုတ်စွာဖြင့် သူ၏ စံအိမ်သို့ပြန်ကာ တံခါးပိတ်ကျင့်စဥ် စတင်လိုက်တော့သည်။ သူက သက်ပြင်းချကာ သူ၏နတ်ဝိညာဥ်ကိုထုတ်ယူလိုက်ပြီး ကျင့်ကြံရန် စတင်လိုက်တော့သည်။
သူသည် ကျင့်ကြံခြင်းအကြောင်း မေ့သွားသည်တော့ မဟုတ်ပေ။ ယခုတွင် အမှုဆောင်ချုပ်ဖြစ်နေပြီဖြစ်သည့်အတွက် သူ၏ရာထူးအသစ်ထဲတွင် သာယာလိုခြင်းသာ ဖြစ်သည်။ သူသည် သရဲကြီးမြို့တော်ထဲတွင် အချိန်ကြာမြင့်စွာ သိုသိုသိပ်သိပ်နေခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် ပေါ်ပေါ်ထင်ထင် ဟိတ်ဟန်ထုတ်နိုင်ရန်အခွင့်ရေးရလာသောအခါ သူက မငြင်းဆန်နိုင်တော့ပေ။
ပြီးခဲ့သည့်ရက်များအတွင်း ပိုင်ရှောင်ချန်းသည် သူ၏အချိတ်အဆက်များကိုသုံးကာ မြို့ထဲရှိလူတိုင်းအပေါ် ဗိုလ်ကျခဲ့သည်ကိုကြည့်၍ သရဲကြီးဘုရင်မှာ သူ၏ စိတ်နေစိတ်ထားကို ပို၍နားလည်လာတော့သည်။
" ဥာဏ်များတဲ့ မြေခွေးပေါက်စလေးပဲ။ တစ်ခါတရံကြရင် သူက ရက်စက်ကြမ်းကြုတ်စရာကောင်းတဲ့ ဗျူဟာတွေထုတ်နိုင်တဲ့ အကြံသမားတစ်ယောက်နဲ့တူပေမဲ့ အခြားအချိန်တွေမှာတော့ သူက ကလေးတစ်ယောက်လိုပါပဲလား "
သရဲကြီးဘုရင်မှာ ခေါင်းခါလိုက်တော့သည်။ ယခုတွင်မူ သူသည် ပိုင်ရှောင်ချန်းကို သူ၏ဘေးတွင်ထားရသည်မှာ ပို၍စိတ်အေးလာပြီဖြစ်သည်။ သူက တစ်ခါတရံဆိုလျှင် ကဖျက်ကယက်လုပ်တတ်ပါသော်လည်း အာရုံစိုက်ခံလိုသောကြောင့်သာ ဖြစ်သည်။ ခြုံငုံကြည့်ပါက သူသည် အခြားလူများကို သစ္စာဖောက်မည့် လူစားမျိုးမဟုတ်ပေ။ ထို့အပြင် ယခု သူ လုပ်နေသည့်လုပ်ရပ်များမှာ သရဲကြီးဘုရင်၏ စေတနာများကြောင့် လုပ်နေသည် မဟုတ်ပါလော။
မျိုးနွယ်စုကြီးသုံးစုထံသို့ လျို့ဝှက်စွာဖြင့် အကြမ်းနည်းသုံးရန် သူကြံစည်ခဲ့သည်ကိုမူ သရဲကြီးဘုရင်က စိတ်ထဲပင်မထားပေ။ သူ၏အမြင်တွင် ၎င်းမှာ အသေးစားကိစ္စတစ်ခုသာ ဖြစ်သည်။
" ဒါပေမဲ့ သူက ကျင့်ကြံခြင်းနဲ့ပတ်သတ်လာရင် တော်တော်အပျင်းထူတာ။ ဖိအားမပေးဘူးဆိုရင် သူတံခါးပိတ်ကျင့်ကြံမှာကို မဟုတ်ဘူး။ ဘဝကြီးကို ပျော်ပျော်နေရတာ အတော်ခုံမင်တဲ့ကောင်ပဲ "
ပိုင်ရှောင်ချန်းအား သရဲကြီးမြို့တော်သို့ ပြန်ခေါ်လာပြီးနောက် သူ့အား အခြားလူများနှင့်မတူလောက်အောင် ဆက်ဆံနေသည်ကို သရဲကြီးဘုရင် ကိုယ်တိုင်ပင် သတိမထားမိပေ။
ထိုစဥ် ပိုင်ရှောင်ချန်း၏ တံခါးပိတ်ကျင့်စဥ်အခန်းထဲတွင် သူသည် ကြွားဝါမှုများအားလုံးကို ချုပ်တည်းနေပြီဖြစ်သည်။ သူသည် တည်ငြိမ်နေသည့် မျက်ဝန်းများဖြင့် လက်ထဲရှိ နတ်ဝိညာဥ်ကို ငုံ့ကြည့်လိုက်တော့သည်။
" ဒါ ငါနောက်ဆုံးလိုအပ်နေတဲ့ နတ်ဝိညာဥ်ပဲ။ အဲဒါနဲ့ ပေါင်းစည်းပြီးပြီဆိုရင် ငါ့ ဓာတ်ကြီးငါးပါးစလုံး ပြည့်စုံသွားပြီ။ အဲဒါဆို ငါအဆင့်တက်လို့ရပြီ "
သူက စိတ်လှုပ်ရှားမှုများ တောက်ပနေသည့် မျက်ဝန်းများဖြင့် နတ်ဝိညာဥ်ကိုယူကာ သူ၏ရင်ဘတ်ထဲသို့ ထည့်လိုက်တော့သည်။
ဂျုန်းးး
ချက်ချင်းပင် သူ၏ အငွေ့အသက်မှာ ငွေ့ရည်ဖွဲ့လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာ လည်ပတ်လာတော့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရင်းနှီးနေသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး သူသည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေသည့်အလား ခံစားလိုက်ရသည်။
သူက တင်ပျဥ်ခွေထိုင်နေစဥ်တွင် ပုံရိပ်ယောင်များမှာ သူ၏ပတ်ပတ်လည်တွင် ပေါ်ထွက်လာသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်အစစ်သည် သူ၏ပုံစံတူလေးယောက်နှင့် တစ်နေရာထဲတွင် ထိုင်နေသည့်အလား ဖြစ်နေသည်။ အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးလာတော့သည်။ တဖြည်းဖြည်းနှင့် ငါးခုမြောက် ကိုယ်ပွားပေါ်ထွက်လာပြီး ၎င်းမှာ ကြည်လင်ပြတ်သားလာတော့သည်။
သူ၏စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားစဥ် သူကလက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏လက်ချောင်းကို လေထဲတွင် ဝှေ့ယမ်းလိုက်တော့သည်။
" ကိုယ်ပွားတွေ ပေါင်းစည်းစေ "
ဂျုန်း...
ကိုယ်ပွားငါးခု ပေါ်ထွက်လာပြီး သူ၏ခန္ဓာအစစ်ကို ဝန်းရံလိုက်ကြသည်။ ထိုအခါ ပိုင်ရှောင်ချန်းခြောက်ယောက်ပေါ်တွင် ကြီးမားသော ဖိအားများကျဆင်းလာတော့သည်။
သူ၏ကိုယ်ပွားများအားလုံးမှာ အမြုတေအဆင့်မဟာစက်ဝန်းတွင် ရှိနေပြီဖြစ်၍ အစောပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို အလွယ်တကူ အနိုင်ယူနိုင်သည်။
သူသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်ကို မပိုင်ဆိုင်သေးပါသော်လည်း ကောင်းကင်ကိုတုန်ရီစေကာ မြေပြင်ကိုအက်ကွဲစေနိုင်သည့် စွမ်းအင်မျိုးကို ထုတ်လွှတ်နိုင်နေပြီဖြစ်သည်။
" ဒါပြီးရင်... ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ပဲ "
သူက စူးရှတောက်ပနေသည့်မျက်ဝန်းများဖြင့် ရေရွတ်လိုက်တော့သည်။