အခန်း (၄၁၉)
Vol. 42 Ch. 419
【 သူသာ ချင်ထျန်းထျန်းလို ကြီးပြင်းလာရရင် သူလည်း ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေနိုင်တာပဲလေ။ ဒါတွေအားလုံးက သူ့ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတာ။ သူ့အပြစ်မဟုတ်ဘူး။ 】
【သူလည်း မျှမျှတတ ဆက်ဆံခံရပြီး သူ့အထောက်အထားကို ပြန်ရသင့်ပါတယ်လေ။]
【ဒါပေမယ့် ချင်ထျန်းထျန်းလို မိန်းကလေး... သူမကို ဘယ်သူက နာကျင်အောင် လုပ်ရက်မှာလဲ? ပြီးတော့ အဲဒီမိသားစု၊ ချင်ထျန်းထျန်းကိုသာ အဲဒီနေရာကို ပို့လိုက်ရင် သူအချိန်မရွေး သေတဲ့အထိ အနိုင်ကျင့်ခံရလိမ့်မယ်။ ဒါပေမယ့် သွမ့်ရီလည်း အဲ့လို မိသားစုမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရတာပဲ။ သူဘယ် လောက်တောင် ခံစားခဲ့ရပြီးပြီလဲ! အဲဒီဒုက္ခတွေက သူ့အတွက် မဟုတ်ခဲ့ဘူးလေ။]
【ငါဝတ္တုတွေဖတ်တုန်းက အမွေဆက်ခံသူအတုကို ကူညီပေးတဲ့သူတွေ ဆန်ကုန်မြေလေးတွေလို့ အမြဲတွေးခဲ့တာ။ အခုတော့ ငါကိုယ်တိုင် အဲဒီဆန်ကုန်မြေလေးတွေထဲက တစ်ယောက်ဖြစ်သွားမှာစိုးရတယ်။]
【အားး။ ငါအဲဒီ စုန်းမအိုကြီး ဒေါ်လေးမောင်ကို ဓားနဲ့ထိုးပစ်ချင်လိုက်တာ။】
[လူတစ်ယောက်က ဘယ်လိုများ ဒီလောက်ထိဆိုးရွားရတာလဲ။ သူ့ယောကျ်ားကလူကောင်းမဟုတ်ဘူးဘဲ သူ့သမီးအနာ ဂတ်ကို ထိခိုက်စေနိုင်ဆိုတာကို သိတယ်။ သူ ဆဌမအဒေါ်နဲ့ ရုပ်ချင်းခပ်ဆင်ဆင်တူပြီး ကလေးနှစ်ယောက်ကလည်း တစ်လတည်းမွေးတယ်။ ပြီးတော့ မိသားစုရဲ့ကြင်နာမှုကိုအခွင့် ကောင်းယူပြီး အတူတူဆေးရုံတက်တယ် ပြီးတော့ ကလေးတွေကိုလဲပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ကလေးနှစ်ယောက်ရဲ့ကံကြမ္မာက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားတော့တာပဲ။]
[လူတစ်ယောက်က ဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်နိုင်ရတာလဲ။ ဒီနေ့ သူ့အမူအရာ ထူးဆန်းနေတာ မဆန်းတော့ပါဘူး!]
[ဒီတော့ ဒီလိုဖြစ်ခဲ့တာပေါ့။ တွေးကြည့်လိုက်ရင် တကယ်ရွံ့တယ်! အားးး!]
ကျီဖေး အပြစ်ရှိသလို ခံစားနေရချိန် ချင်ရှန့်၏ရင်ခွင်ထဲသို့ ရုတ်တရက် ဆွဲသွင်းခံလိုက်ရသည်။
"ဘာဖြစ်လို့လဲ။ မင်း ဘာလို့ အတွေးလွန်နေတာလဲ။”
ကျီဖေးတောင့်သွားပြီး မော့ကြည့်ကာအသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ နှလုံးသားတွင် ကြိုးထုံးများရှိနေသော်လည်း သူမသည် ထျန်းထျန်းအားချစ်ခင်မြတ်နိုးသော်လည်း အချို့သော အမှန်တရားများသည် ပေါ်ထွက်လာသင့်သည်။ ရလဒ်များ သည် ကောင်းမွန်သွားနိုင်သည်။ ကိုယ့်ကိုကိုယ် ခြောက်လှန့်မနေသင့်ပါ။
ရုတ်တရက် ချင်ရှန့်သည် ကျီဖေး သတ္တိရှိရန်ကြိုးပမ်းနေသည် ကို နှောက်ယှက်လိုက်သည်။ "အဒေါ်မောင်အကြောင်း တွေးနေတာလား။ အတွေးလွန်မနေနဲ့။ ကိုယ် မနက်ဖြန်ကျရင် သူ့ကို သေသေချာချာ စုံစမ်းလိုက်မယ်။ သူဘာတွေကိုပဲ ဖုန်းကွယ်ထားပါစေ သဲလွန်စတော့ရှိမှာပဲ။”
သူ့အတွက် ချင်ရှန့်ဆုံးဖြတ်ချက်ချပေးလိုက်သဖြင့် ကျီဖေး အံ့အားသင့်သွားသည်။
ကျီဖေး အဘယ်ကြောင့် ဤမျှစိတ်မတည်မငြိမ်ဖြစ်နေရသည်ကို သူနားလည်သည်—အခြေအနေသည် အမှန်တကယ်ပင် ရှုပ်ထွေးလှသည်။
ဤသည်မှာ အမှန်ဖြစ်လျှင် သွမ့်ရီသည်သနားစရာပင်။ သူမသည် ချင်မိသားစု၏ကလေးအစစ်ဖြစ်သည်။ သို့သော် ချင် ထျန်းထျန်းအတွက်တော့ ဆဌမဦးလေးနဲ့ ဆဌမအဒေါ်တို့မှ မှန်ကန်သည့် ဆုံးဖြတ်ချက်ချပေးလိမ့်မည်ဟု သူယုံကြည်သည်။
ချင်ရှန့်မှာလည်း နောက်ထပ် အတွေးတစ်ခုရှိသေးသည်။
သူ ယုံရခက်မိသည်။ ကျီဖေးမြင်ခဲ့ရသည့် အချက်အလက်များအရ မိခင်နဲ့ ကလေးငယ်များသည် Qin Corporation၏ဆေး ရုံမှာ ရှိနေခဲ့ကြသည်။ ဘယ်လိုလုပ် ဤကဲ့သို့သော အမှားမျိုး မည်သို့ဖြစ်သွားရသနည်း။
အရင်တုန်းက သူ့အစ်မအကြီးဆုံးကိစ္စဖြစ်ပျက်ခဲ့စဥ်က သူတို့ပိုင်နက်ထဲတွင် မရှိခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ထိုအချိန်တုန်းက ဖြစ်ပျက်ခဲ့သည်များကို သူ စုံစမ်းဖို့ လိုနေပြီဖြစ်သည်။
သေချာပေါက်ပင် အခြေခံအကျဆုံးအဆင့်မှာ paternity test ဖြစ်သည်။ နားလည်မှု လွဲမှားခြင်းများကိုရှောင်ရှားရန် ထိုအရာကိုဦးစွာလုပ်ဆောင်သင့်သည်။
သူကျီဖေးအား မယုံကြည်သောကြောင့်မဟုတ်ပေ။ သို့သော် သူမ၏ ‘အတင်းအဖျင်း စနစ်’သည် ချို့ယွင်းချက်များရှိနေခဲ့သည်။ ပထမတစ်ကြိမ်၊ သူ့အစ်မအကြီးဆုံး၏ အခြေအနေတွင် သူတို့ အမှန်တရားအားလွဲချော်လုနီးပါးဖြစ်ခဲ့ရသည်။ တစ်စုံတစ်ယောက်အကြောင်းပြောသည့် အတင်းအဖျင်းသည် များသောအားဖြင့် တကယ့်ဖြစ်ရပ်များအပေါ် အခြေခံထားသော်လည်း ကိုယ်ရေးကိုယ်တာအမြင်အချို့လည်း ပါဝင်နေ သည်။ တခါတရံတွင် လူတိုင်းမှ အမှန်အတိုင်းပြောခဲ့လျှင်ပင် အမှန်တရားတစ်ခုလုံးကို ထုတ်ဖော်နိုင်ပြီဟုမဆိုလိုချေ။ မကြာခဏ ကွာဟချက်များနှင့် အမှားအယွင်းများ ရှိတတ် သည်။
ထို့ကြောင့်၊ ကျီဖေး အတင်းအဖျင်းအချို့အား ဖော်ထုတ်ချိန်တိုင်း ချင်ရှန့်သည်လည်း စုံစမ်းခဲ့သည်။ နှစ်ခုလုံးကို ပေါင်းစပ်လိုက်ချိန်မှသာ ပြီးပြည့်စုံသည့် အမှန်တရားရိြရရှိခဲ့ကြသည်။
ကျီဖေးသည် တုံ့ဆိုင်းနေပြီး ချင်ရှန့်အား သတိပေးချင်နေတုန်းပဲဖြစ်သည်။
ချင်ရှန့် ပြုံးလိုက်ပြီး "အရမ်းနောက်ကျနေပြီ။ အိပ်ချိန်တန်ပြီ။ အတွေးလွန်နေရင် မင်း ခေါင်းကိုက်နေလိမ့်မယ်။ စိတ်မပူနဲ့၊ ကိုယ် အားလုံးကို ဖြေရှင်းပေးမယ်။”
ကျီဖေး စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ နောက်ဆုံးတွင်၊ သူမသည် ဤအခြေအနေမှ ရှောင်နေလို့ရသေးသည်—သူမသည် ချွေးမတစ်ဦးသာဖြစ်ပြီး သွေးချင်း ဆက်နွယ်သူမဟုတ်ပေ။ မိသားစုခေါင်းဆောင်နှင့် ရင်းနှီးသည့် ဝမ်းကွဲဖြစ်သူ ချင်ရှန့်မှ ဤကိစ္စအား ထုတ်ဖော်ရန်ကိုင်တွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။
ချင်ရှန့် ဤကိစ္စကို မဖြေရှင်းနိုင်ရင် နောက်မှ သူ့အားနည်းလမ်းရှာပြီး သတိပေးလိုက်မည်။
[ကြင်နာတတ်တဲ့သူက အရမ်းကြီးမနာကျင်ဘဲ အရာအားလုံးကို မြန်မြန်ကုစားနိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်။]
ကျီဖေး မထင်မှတ်ထားသည့်အရာမှာ သူ အိပ်ပျော်နေစဉ် Y City ရှိ လူနေအဆောက်အအုံတစ်ခုတွင် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစောပိုင်း သွမ့်ရီ အိမ်ပြန်ရောက်ခဲ့ပြီး အန်တီမောင်သည် သူ့အား တလမ်းလုံး ဆူပူခဲ့သည်။ သူတို့ပြန်ရောက်ချိန်တွင် သွမ့်ရီ စိတ်အခြေအနေမကောင်းပေ။ သူ မချက်ပြုတ်ရသေးသော ကြောင့် အိမ်ရှိလူနှစ်ယောက်သည် ဗိုက်ဆာနေခဲ့သည်။ သူ အထဲကိုဝင်လိုက်သည်နှင့် စကားများကြကာ သွမ့်ရီ အရိုက်ခံလိုက်ရသည်။
သူ ပြန်တိုက်ခိုက်ရန် ကြိုးစားသော်လည်း၊ နောက်ဆုံးတွင် အားချင်းမယှဥ်နိုင်ခဲ့ပေ။ သူ့အမေအား အကူအညီတောင်းသော်လည်း အဒေါ်မောင်သည် ဘေးတွင် ရပ်ပြီး စိတ်ထိခိုက်သောကြောင့် ခေါင်းအားစောင်းလိုက်သော်လည်း ဝင်မတားခဲ့ပေ။
သားအဖနှစ်ယောက် ရိုက်နှက်ပြီးသည့် နောက်မှာမှ အဒေါ်မြောင်သည် ရှေ့တိုးလာကာ ပြောသည်။
“နင့်ကို နာနာခံခံနေပါလို့ ပြောတယ်မလား။ ကိုယ့် ကံကြမ္မာကိုယ် လက်မခံတော့ အခုဘယ်လိုဖြစ်နေပြီလဲ ကြည့်ပါဦး။”
သွမ့်ရီ၏နာကြည်းမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ အန်တီမြောင်အားတွန်းထုတ်ပြီး အခန်းထဲသို့ ပြေးဝင်ကာ အထဲမှသော့ခတ်လိုက်သည်။
ဆယ့်ရှစ်နှစ်တွင် သူ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ကျောင်းမတက်ချင်တော့ပေ။ သူ့အား ဤမိသားစုမှ လွတ်မြောက်ရန် ကူညီပေးဖို့ ချင်ထျန်းထျန်းအား အရှက်မဲ့စွာတောင်းဆိုမည်။ ဤအိမ်နှင့် သူ့အမေဆီက ထွက်ခွာမှသာ သူလွတ်လပ်နိုင်မည်။
သွမ့်ရီသည် တစ်ညလုံး မီးမဖွင့်ဘဲ သူ့အခန်းထဲတွင် သော့ခတ်ကာနေခဲ့သည်။ သားအဖနှစ်ယောက် ပြန်လာချိန်တွင် တံခါးဖွင့်သံအား သူ ကြားလိုက်ရသည်။
သားဖြစ်သူသည် စောစောအိပ်ရာဝင်သော်လည်း ဖခင်ဖြစ်သူမှာ အရက်သောက်ပြီး တီဗီကြည့်နေပြီး အဒေါ်မောင်သည် အကြိမ်ကြိမ် သူ့အား ပြောနေခဲ့သည်။ ထိုလူသည် ဆတ်ခနဲအော်ဟစ်လိုက်သည်။
“ပါးစပ်ပိတ်ထားစမ်းပါ! ဒီနေ့ ပိုက်ဆံကုန်လာလို့ စိတ်အခြေ အနေမကောင်းဘူး။ ငါ့ကို ပြောစမ်းပါ….မင်း သမီးနဲ့ပတ်သတ်ပြီး ဘာအစီအစဥ်ရှိလဲ?”
တံခါးနားတွင် ရပ်နေသော သွမ့်ရီသည် နှလုံးခုန်သံပင် မမှန်တော့ပေ။ သူ့ နားရွက်အား တံခါးနှင့် ကပ်၍ ခိုးနားထောင်လိုက်သည်။
အန်တီမောင်သည် တစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်သော်ကြောင့် ထိုလူအား သူတို့ အခန်းထဲသို့အမြန်ဆွဲခေါ်သွားလိုက်သည်။
သွမ့်ရီ နှလုံးခုန်သံမြန်လာကာ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ သူတို့အခန်းထဲမှာ ပြင်ပလေအေးပေးစက်တွင် ပလက်ဖောင်းတစ်ခုပါသည်ကို သူ အမှတ်ရလိုက်သည်။
ဟိုအရင်တုန်းက အရိုက်နှက်ခံရခြင်းမှ ရှောင်ရှားရန် သူမသည် ထိုအပေါ်တက်ကာနားထောင်ခဲ့ဘူးသောကြောင့် သူမကြောက်ပေ၊
အချိန်ကိုက်ပင် သူ့ပထွေးဖြစ်သူက သူ့အား လူပျိုသိုးကြီးနှင့် တင်တောင်းငွေလိုချင်သောကြောင့် လက်ထပ်ပေးလိုကြောင်းပြောနေသည်ကို ကြားလိုက်ရသည်။
သွမ့်ရီမျက်လုံးများ နီရဲလာသည်။ သေချာတယ် ငါ့အမေက ဒါကို သဘောတူမှာ မဟုတ်ဘူးဟု သူ တွေးလိုက်သည်။
သေချာပေါက်ပင်။ အဒေါ်မောင်က "အဲဒီလူပျိုကြီးကမကောင်းဘူး၊ သူ့ အသက်ကြီးလွန်းနေပြီ။ ငါတို့ သူ့ကိုလက် ထပ်ပေးလိုက်ရင် လူတွေ ငါတို့ကို ဘယ်လောက်တောင်ပြောကြလိမ့်မလဲ? သွမ့်ရီအတွက်လည်း ဒါကြီးက ရက်စက်လွန်းတယ်။ ဒါ….ဒါကြီးကတော့ မဟုတ်သေးဘူး။”
အထူးတလှယ် ကာကွယ်ပေးနေခြင်းမဟုတ်သော်လည်း သွမ့်ရီ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။
သို့သော်ငြား နောက်အခိုက်အတန့်မှာတော့ သူ အံ့အားသင့်သွားရသည်။
ပထွေးဖြစ်သူက "ရက်စက်လွန်းတယ်ဟုတ်လား။၊ မင်း ငါ့ကို လာနောက်နေတာလား။ အဲခွေးမကို မင်း ဘာလုပ်ခဲ့လဲ? မင်းသူအပေါ်ဒီလောက်လုပ်ခဲ့တာတောင်မှ ရက်စက်တယ်ဆိုတာတွေ လာပြောနေတယ်ပေါ့။”
အဒေါ်မောင် သိသိသာသာ တုန်လှုပ်သွားသည်။
"ရှင်ဘာတွေပြောနေတာလဲ။"
ထိုလူ ရယ်မောလိုက်သည်။ "ငါ မသိဘူးများ ထင်နေလား။ မင်း ကလေးမွေးတုန်းက ဖျားချင်ယောင်ဆောင်ပြီး ချင်မိသား စုကို အကူအညီတောင်းခဲ့တာလေ။ သူတို့သဘောထားကြီးကြီးနဲ့ မင်းနဲ့ကလေးကို ပြုစုပေးဖို့ ဆေးရုံကြီးဆီခေါ်သွားခဲ့တာ။ ဒါပေမယ့် မင်း ပြန်ရောက်လာတဲ့ အချိန်ကစပြီး သူ့အ ပေါ်ထားတဲ့ မင်းရဲ့ သဘောထားက ပြောင်းလဲသွားတာကို ငါသတိထားမိသားပဲ။ မင်းက ဆက်မချစ်ရုံတင်မဟုတ်ဘူး၊ သူ့ကို ငြင်းပါ ငြင်းဆန်နေတာ။ မင်း သူ့ကို မွေးစတုန်းကဆို ငါတစ်ခွန်းလောက် မှားပြောမိလိုက်ရင်တောင် မင်း ကျားမတစ်ကောင်လို ရူးသွပ်သွားတာ။ ဒါဆို ဘာလို့များ ချက်ချင်းကြီး ဂရုမစိုက်တော့ရတာလဲ။”
အဒေါ်မြောင် မျက်နှာဖြူဖျော့သွားသည်။
အပြင်ဘက် နံရံတွင်ကပ်နေသည့် သွမ့်ရီ၏အမူအရာသည်လည်း တဖြည်းဖြည်းဆိုးရွားလာတော့သည်။ ဤသည်မှာ သူတစ်သက်လုံး ရှာဖွေခဲ့သည့်အဖြေဖြစ်သည်—သူ့အမေက သူ့ရဲ့ တစ်ဦးတည်းသောကလေးကို ဘာလို့မချစ်ရတာလဲ။
"ပြီးတာ့ မင်း လျစ်လျူထားလို့ ကလေးသေလုနီးပါးဖြစ်သွားတဲ့ ညမှာ မင်း ငိုယိုပြီး ဝမ်းနည်းပြီးကုသိုလ်ကောင်းမှုတွေ ထပ်လုပ်ပါမယ်လို့ ပြောနေခဲ့တာလေ။ ငါ ထူးဆန်းတယ်လို့ ထင်ခဲ့တာ။ ဒီအတိုင်း ပေါ့ဆမိလို့ဖြစ်တာဆိုရင် မင်း ဘာလို့ကြောက်ပြီး အပြစ်ရှိသလိုဖြစ်နေရတာလဲ။"
အန်တီမောင်သည် ယခုတုန်လှုပ်နေပြီး အောင်ပွဲခံကာ ရယ်မောနေသည့် ထိုလူအား စိုက်ကြည့်နေခဲ့သည်။
"ပြီးတော့ အဲဒီ ကလေးစုတ်လေးက ချင်မိသားစုရဲ့သမီးနဲ့ ရင်း နှီးလာတာမြင်တော့ မင်း ဘယ်လောက်တောင် ကြောက်နေလဲ ကိုယ့်ဟာကိုယ်ရောသိရဲ့လား။ မင်း သမီးကိုတော့ သွားမကြိုဘူးပြောပြီး အဲဒီမိန်းကလေးကိုသွားကြည့်ဖို့ ကျောင်းကို ခဏ ခဏခိုးသွားတယ်လေ။ အခု အားလုံး အဓိပ္ပာယ်ရှိသွားပြီ။ မင်းက လူကြည့်တော့ နှိမ့်ချ၊ အောက်ကျို့တတ်တဲ့ မိန်းမတစ်ယောက်လိုပုံနဲ့ လူတိုင်း နောက်ကွယ်မှာ ဒီလို စီမံကိန်းကြီးကို ခက်ခက်ခဲခဲနဲ့ ပြီးမြောက်အောင်လုပ်နေတာလေ ဟားဟား။”