← Chapters

ကောင်းကင်တာအိုယင်ယန်ဝိညာဥ်

Vol. 7 Ch. 669

ကောင်းကင်တာအိုယင်ယန်ဝိညာဥ်

Vol. 7 Ch. 669

ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့် ရောက်သူကို ရှာဖွေရသည်မှာ .......ကောက်ရိုးပုံထဲ အပ်ရှာရသည့် အလား အလွန်ခဲယဥ်းသည်။

ထိုအခက်အခဲတွင် လူတစ်ယောက်သည် နတ်ဝိညာဥ်များရှိရန် လိုအပ်သည်သာမက ထိုဝိညာဥ်တစ်ခုချင်းစီသည်လည်း သတ္တု၊ သစ်သား၊ ရေ၊ မီး ၊ မြေဟူသည့် ဓာတ်ကြီးငါးပါး တစ်မျိုးစီကို ကိုယ်စားပြုရန် လိုသေးသည် ။ ထိုငါးမျိုးလုံးစုံမှသာလျှင် အောင်မြင်မည်ဖြစ်သည်။ ယင်းမှာ အမှန်တကယ်ပင် အလွန်ခက်ခဲလှသည့် ကိစ္စတစ်ရပ်ဖြစ်ပေသည်။

ကောင်းကင်တံတားနယ်မြေများတွင် နတ်ဝိညာဥ်များသည် အလွန်ရှားပါး၍ ကံကောင်းထောက်မမှသာလျှင် ပိုင်ရှောင်ချန်း စုဆောင်းနိုင်မည်ဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းတွင် ရှိခဲ့စဥ်အခါက သူ တစ်ခုရခဲ့ပြီး နောက်တစ်ခုကို တုလင်ဖေးက လက်ဆောင်ပေးခဲ့သည်။ သို့သော် သုံးခုမြောက်ဝိညာဥ်ရရန်အတွက်မူ သူသည် မလွှဲမရှောင်သာ၍ အပြင်းအထန်ကြိုးစားကာ ရယူခဲ့ရသည်။

သူ့အသက်ကို စွန့်စားပြီးနောက် ဝင်္ကပါထဲတွင် သုံးခုမြောက် ဝိညာဥ်ကို ရခဲ့သည်။ ထို့နောက် သူသည် ဝေးလံခေါင်ဖျားသော မြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရ၏။ ထို့နောက် လေးခုမြောက်ဝိညာဥ်ကို ရရန် သူသည် အရာအားလုံးကို လောင်းကြေးထပ်ခဲ့ပြီး ပိုင်မျိုးနွယ်စုကိုလည်း ပုန်ကန်ခဲ့ရသည်။

ထို့နောက်တွင်ကား နောက်ဆုံးသော ဝိညာဥ်ကို အချိန်ကြာရှည်စွာ အပြင်းအထန် ရုန်းကန်အါးထုတ်ပြီးနောက်တွင်မှ သူ ရခဲ့လေသည်။

သူသည် နတ်ဝိညာဥ်နှင့် ပေါင်းစည်း၍ ငါးကိုယ်မြောက် ကိုယ်ပွားဖြစ်ပေါ်နေစဥ် မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များအား ပြန်ပြောင်းတွေးတောလိုက်သည်တွင် သူ့နှလုံးသား၌ အကြောက်တရားများ ကိန်းအောင်းနေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် သူက ကိုယ်ပွားငါးယောက်အား ဝေ့ဝိုက်ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး ဝင်္ကပါထဲက ကျောက်တိုင်ပေါ်ရှိ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့်သို့ မည်သို့တက်ရမည်ကို ရှင်းလင်းဖော်ပြထားသော အချက်အလက်များအား ပြန်လည်စဥ်းစားလိုက်သည်။

" လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲကို ကိုယ်ပွားငါးယောက်ထည့်သွင်းပြီး ခန္ဓာကိုယ်အစစ်နှင့်ပေါင်းစည်း၊ ရွှေအမြုတေ ယင်ယန်ဝိညာဥ်အဆင့်ကို ဖောက်ထွက် "

သူက မျက်လုံးများကို မှိတ်၍ အာရုံစူးစိုက်လိုက်သည်။ ဤကိစ္စသည် အလွန်တရာအရေးကြီးသဖြင့် အမှားနည်းနည်းမှ ခံမည်မဟုတ်ပေ။ အတွေးများကို အစီအစဥ်တကျနေရာချပြီးနောက် သူက မျက်လုံးများကို ပြန်ဖွင့်လိုက်သည်တွင် စိတ်ပိုင်းဖြတ်ထားခြင်းများဖြင့် စူးရှတောက်ပနေတော့သည်။

" သတ္တု၊ သစ်သား၊ မီး၊ ရေ၊ မြေ။ ငါ့ရဲ့သတ္တုကိုယ်ပွားနဲ့ စကြတာပေါ့ "

သူက ကျင့်ကြံခြင်းအ

ခြေခံစွမ်းအားကို ဆင့်ခေါ်လိုက်ရာ ရွှေအမြုတေအဆင့် မဟာစက်ဝန်း၏ အငွေ့အသက်များ ထွက်ပေါ်လာတော့သည်။ သူ့ရွှေအမြုတေ၏ ဖိအား ပတ်ဝန်းကျင်အပေါ် သက်ရောက်လာချိန်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ တလက်လက် စူးရှတောက်ပလာပြီး သူ၏ သတ္တုဓာတ် နတ်ဝိညာဥ်ကိုယ်ပွားကို ငဲ့ကြည့်လိုက်သည်။

သတ္တုဓာတ်ကိုယ်ပွားက သူ၏ ကိုယ်အစစ်အားလှမ်းကြည့်ပြီး ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ ထို့နောက် တစ်ချက်ကလေးပင် တုံဆိုင်းမနေပဲ သူက ရွှေရောင်အလင်းတန်းအသွင်ဖြင့် ပိုင်ရှောင်ချန်း၏ နဖူးထံ ပြေးဝင်လာ၏။

တဖြည်းဖြည်း နီးကပ်လာစဥ် ၄င်းသည် အပိုင်းပိုင်းကြေမွလာရာ အရပ်မျက်နှာတစ်ခွင်တွင် စူးရှသောအလင်းများ ပျံ့နှံ့သွားတော့သည်။ မျက်စိတစ်မှိတ်တွင်းမှာပင် ၄င်းက ပိုင်ရှောင်ချန်း၏ နဖူးထဲ ဝင်ရောက် ပေါင်းစည်းသွားပြီး သတ္တုစွမ်းအားတစ်ခုဖြစ်သွားကာ သူ့ခန္ဓာကိုယ်အနှံ့ တဟုန်ထိုးစီးဆင်းသွား၏။

သတ္တုဓာတ်စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်လျှောက်ဖြတ်၍ ရွှေအမြုတေအထိ စီးဆင်းသွားသောကြောင့် သူ့စိတ်ထဲ ထစ်ခြုန်းသံများ မြည်ဟည်းလာကာ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်သွားသည်။

သူ၏ ရွှေအမြုတေသည် တုန်ခါသွားပြီး ထိုနေရာတွင် ပေါ်လာသည့် အရှိန်အဝါသည် “ လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ကြီးထဲက ထူးဆန်းမှုတစ်ခု “ဟုသာ ဖော်ပြနိုင်တော့သည်။ ၄င်းမှာ နက်နဲဆန်းကြယ်သော သက်စောင့်အားများ ပါဝင်နေဟန်တူပြီး သူ့တစ်ကိုယ်လုံး ပျံ့နှံ့လာကာ သူ့ကို ပြောင်းလဲပေးလာတော့သည်။

တချိန်တည်းမှာပင် သူ၏ ရွှေအမြုတေပတ်ပတ်လည်တစ်လျှောက်လုံး၌ ရွှေရောင် မှော်သင်္ကတများပေါ်လာရာ သူ၏ မျက်နှာမှာ ဝင်းလက်တောက်ပလာသည်။

သို့သော် မကြာမီ ရွှေရောင်မှော်သင်္ကတများ ပျောက်ကွယ်သွားပြီး စိတ်ပျက်ဖွယ် အေးစက်ခြင်းတစ်ခုက အစားထိုးဝင်ရောက်လာသည်။ သတ္တုဓာတ်၏ စွမ်းအားသည် အလွန်အားကောင်းလှသဖြင့် ၄င်း၏ ဖိအားအောက်တွင် သူ၏ရွှေအမြုတေမှာ ကွဲကြေပျက်စီးတော့မတတ် ဖြစ်လာသည်။

အမှန်တွင် သူ၏ချီထွက်ပေါက်များပင်လျှင် ထိုသတ္တုဓာတ်စွမ်းအားကို ခံနိုင်တော့သည် ပုံမရတော့ဘဲ ပျက်စီးလာတော့သည်။

ဤပုံစံအတိုင်း ဆက်သွားနေပါက တခဏအတွင်း ပိုင်ရှောင်ချန်းသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဖျက်စီးခံရတော့မည်ဖြစ်သည်။

ထိုအန္တရာယ်အများဆုံးအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဖျတ်ခနဲပွင့်သွားပြီး ဓားသွားပမာ စူးရှနေသည့် အကြည့်ဖြင့် မီးကိုယ်ပွားကို ကြည့်လိုက်သည်။

" အဓိကစွမ်းအင်က အခဲဖြစ်တဲ့အရာကို အနိုင်ယူ။ မီးက သတ္တုကို ထိန်းချုပ် "

သူက ဟိန်းဟောက်လိုက်သည်။ တစ်ဆက်တည်းမှာပင် မီးကိုယ်ပွား၏မျက်လုံးများသည် တဖျပ်ဖျပ်တောက်ပလာပြီး မီးတောက်များ တဟုန်းဟုန်းတောက်လျက် ပိုင်ရှောင်ချန်းထံ ပြေးဝင်လာကာ သူ့နဖူးထဲဝင်ရောက် ပေါင်းစည်းသွား၏။

ချက်ချင်းပင် သူ့ကိုယ်ထဲရှိ သတ္တုစွမ်းအားသည် တစ်ကိုယ်လုံးလွှမ်းခြုံသွားသည့် မီးစွမ်းအား၏ ထိန်းချုပ်ခြင်းခံလိုက်ရသည်။ သူ၏ ချီသွေးကြောများရှိ သတ္တုဓာတ်စွမ်းအားမှာ ဖိနှိပ်ခံလိုက်ရပြီး မီးစွမ်းအားက သူ၏ ရွှေအမြုတေထံ တဟုန်ထိုးစီးဆင်းသွား၏။

မီးစွမ်းအားသည် မီးပင်လယ်တစ်စင်းအသွင်ပြောင်းကာ သူ၏ရွှေအမြုတေကို ဝန်းရံလိုက်ပြီးနောက် ၄င်းအထဲ စီးဆင်းလာသဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ ကြားလိုက်ရသည်။ ချက်ချင်းပင် ရွှေရောင် မှော်သင်္ကတများတောက်ပလင်းလာပြီး သတ္တုစွမ်းအားသည် မီးစွမ်းအား၏ အစားထိုးခြင်းခံလိုက်ရသောကြောင့် သူ၏ ရွှေအမြုတေကို အန္တရာယ်ပြု၍မရတော့ပေ။

သို့သော် သတ္တုစွမ်းအားမှာ ဖိနှိပ်ခံလိုက်ရသော်လည်း ယခု မီးစွမ်းအားက သူ၏ ရွှေအမြုတေကို ရှေးယခင်ကအတိုင်း အန္တရာယ်ပြုနေပြန်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ရွှေအမြုတေသည် မီးအမြုတေဖြစ်လာပြီး အလွန်ပြင်းထန်သော အပူလှိုင်းများကို ထုတ်လွှတ်နေရာ ပိုင်ရှောင်ချန်းမှာ ချက်ချင်းလက်ငင်း ချွေးများထွက်လာတော့သည်။ မီးပင်လယ်ကို သူ့ကိုယ်ထဲ၌ ပိတ်လှောင်ထားပြီး အလွန်စွမ်းအားကြီးလှသဖြင့် ၄င်းသာ ပေါက်ကွဲထွက်သွားလျှင် အရာအားလုံးကို ဖျက်စီးနိုင်သည့်အလား။

ယခု သူ ခံစားနေရသည့် သေစေနိုင်သောအန္တရာယ်အငွေ့အသက်ကြီးသည် စောစောကထက် မလျှော့ပေ။ အမှန်တကယ်ဆိုရလျှင် ပို၍ များလိမ့်မည်။ သို့သော် ပိုင်ရှောင်ချန်းကား တည်ငြိမ်နေဆဲ။ ဤအခိုက်တန့်သည် ထိန်းချုပ်မှုကင်းမဲ့ရန် အချိန်မဟုတ်ပေ။ သူ၏ ရေကိုယ်ပွားကို လှမ်းကြည့်ရင်း သူကအော်လိုက်သည်။

" အများက အနည်းကို အနိုင်ယူ။ ရေက မီးကို ထိန်းချုပ် "

ထစ်ခြုန်းသံများ ကြားလိုက်ရပြီး သူ၏ ရေကိုယ်ပွားက အပြာရောင်အလင်းတစ်ခုဖြစ်လာသည်။ ထိုအလင်းအတွင်း အပြာရောင်အရည်တစ်စက်ရှိပြီး ထိုရေစက်တွင် အဆုံးမရှိသော ရေများပါဝင်နေသည့်ပုံရသည်။ မျက်စိတစ်မှိတ်အတွင်း ရေစက်က ပိုင်ရှောင်ချန်းထံရောက်သွားပြီး သူနှင့်ပေါင်းစည်းသွား၏။

ရေစွမ်းအားသည် သူ့ကို ဖြတ်၍ စီးဆင်းသွားကာ ရေခဲရေတစ်ပုံးဖြင့် မီးတောက်ကိုငြိမ်းသက်လိုက်သည့်အလား မီးစွမ်းအားကို ဖိနှိပ်လိုက်လေသည်။ အချိန်တိုအတွင်း ၄င်းက မီးအမြုတေထံ စီးဆင်းနေသည့်တိုင် ထိုနေရာတွင် သေစေနိုင်သော အန္တရာယ်အငွေ့အသက်ကြီးက ရှိနေသေးသည်။

မကြာမီ ပိုင်ရှောင်ချန်းကိုယ်ထဲတွင် ရေစွမ်းအားများဖြင့် ပြည့်နှက်သွားပြီး သူသည် အရည်ဖြစ်တော့မည့်အလား ခံစားလိုက်ရ၏။

တိုက်စားအားက သူ၏ အရိုးများကို စားသောက်နေသည့်အလား ဖြစ်နေရာ အသည်းခိုက်အောင် ပြင်းထန်လှသော နာကျင်မှုများ ပြည့်နှက်နေသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများက ရဲရဲနီသွားပြီး သူက အော်လိုက်သည်။

" အစစ်က အတုကို အနိုင်ယူ။ မြေက ရေကို ထိန်းချုပ် "

သူ၏ မြေကိုယ်ပွားက သူ့ကိုယ်ထဲဝင်ရောက်ပေါင်းစည်းသွားရာ တစ်ကိုယ်လုံး မြေဓာတ်စွမ်းအား ပျံ့နှံ့သွားတော့သည်။

" ဆုံချက်က ကျယ်ပြန့်ခြင်းကို အနိုင်ယူ။ သစ်သားက မြေကြီးကို ထိန်းချုပ်"

သူ၏သစ်သားကိုယ်ပွား သူ့ကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွားသဖြင့် ပြင်းထန်သော ထစ်ခြုန်းသံများ ပြည့်နှက်သွားသည်။ ယခုအခါ သူ့ကိုယ်ထဲတွင် စွမ်းအား ငါးမျိုးလုံး ပြည့်နေချေပြီ။ မြေစွမ်းအားသည် ဖိနှိပ်ခံလိုက်ရပြီး သစ်သားစွမ်းအား ထွက်ပေါ်လာကာ သူ၏အမြုတေကို သစ်သားအမြုတေ ပြောင်းပစ်လိုက်သည်။

သို့သော် ပိုင်ရှောင်ချန်းသည် သူခံစားနေရသည့် အန္တရာယ်များကို တစ်စက်လေးမှ မထိတ်လန့်ပေ။ သူ့မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် စူးရှတောက်ပနေရင်း အော်ဟစ်လိုက်သည်။

" ခိုင်မာခြင်းက ပျော့ပျောင်းခြင်းကို အနိုင်ယူ။ သတ္တုက သစ်သားကို ထိန်းချုပ် "

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့် သူ့အမြုတေထဲတွင် ဖိနှိပ်ခံထားရသည့် သတ္တုဓာတ်စွမ်းအား ပေါ်ထွက်လာပြီး သစ်သားစွမ်းအားကို ထိန်းချုပ်လိုက်သည်။ ထို့နောက် ပြန်လည်ထွက်ပေါ်လာသည့် သတ္တုစွမ်းအားကို မီးစွမ်းအားက ဖိနှိပ်လိုက်သည်။ မီးစွမ်းအားကို ရေစွမ်းအားက ဖိနှိပ်သည်။ ရေစွမ်းအားကို မြေစွမ်းအားက ဖိနှိပ်သည်။ မြေစွမ်းအားကို သတ္တုစွမ်းအားက ပြန်ဖိနှိပ်သည်.....

ပိုင်ရှောင်ချန်း၏ ရွှေအမြုတေထဲတွင် ပြီးပြည့်စုံသော စက်ဝန်းတစ်ခု ဖြစ်မြောက်သွားပြီး ၄င်းက ဓာတ်ကြီးငါးပါး၏ စွမ်းအားအပြည့်အစုံဖြင့် လည်ပတ်လာလေသည်။

ဤသည်မှာ... ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်သည် ဓာတ်ကြီးငါးပါးလုံး မည်သည့်အတွက်ကြောင့် လိုအပ်ရသည်ဆိုေသာ အကြောင်းရင်းပင်။ တစ်ခုလေးမရှိရုံနှင့်ပင် ပြည့်စုံသောစက်ဝန်းဖြစ်တည်နိုင်မည်မဟုတ်၍ ကျင့်ကြံခြင်းအခြေခံအဆင့်တက်ရန် ကြိုးစားနေသူသည် ဖျက်စီးခံလိုက်ရမည်ဖြစ်သည်။

ဓာတ်ကြီးငါးပါး မဟာစက်ဝန်း ပြည့်စုံနေမှသာလျှင် ပြီးပြည့်စုံသောစက်ဝန်းဖန်တီးနိုင်ပေမည်။

ကိုးပတ်တိတိလည်ပတ်ပြီးနောက် ပိုင်ရှောင်ချန်းက ဟိန်းဟောက်လိုက်ရာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးပင်လျှင် တသိမ့်သိမ့်တုန်ခါသွား၏။ ထိုစဥ် သူ၏ ကျင့်ကြံခြင်းအခြေခံသည် ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် တဟုန်ထိုးတိုးတက်လာသည်။ သူ၏ ရွှေအမြုတေ ကြေမွသွားပြီး ဖြစ်ပေါ်လာသည့် အပိုင်းအစေများသည် အတူတကွ ပေါင်းစပ်၍.... ပိုင်ရှောင်ချန်းနှင့် တထေရာတည်း တူသော လူအသေးလေးတစ်ယောက် ဖြစ်ပေါ်လာ၏။

ထိုလူသေးလေးသည် သူ၏ ယင်ယန်ဝိညာဥ်ပင် ဖြစ်သည်။

၄င်း၏ မျက်လုံးများက ပိတ်နေပြီး ၄င်းသည် စူးရှတောက်ပသော အရောင်များဖြင့် လင်းလက်နေ၏။ ဓာတ်ကြီးငါးပါး၏ စွမ်းအားများသည် သူ့ကိုဖြတ်၍ တဟုန်ထိုးစီးဆင်းသွားရာ သူ၏ ယင်ယန်ဝိညာဥ်အတွင်း အံ့မခန်းအရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

အခြားသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသာ ထိုခမ်းနားလှသောမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရပါက ဆူညံပွက်လောရိုက်သွားမည်ဖြစ်ပေသည်။ သာမန်ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ အမြုတေကို အသုံးပြု၍ ယင်ယန်ဝိညာဥ်ကို ဖန်တီးလျှင် ၄င်းကို လူသားတာအိုယင်ယန်ဝိညာဥ်ဟု ခေါ်မည်ဖြစ်သည်။ ၄င်းသည် လူသားတစ်ယောက်နီးပါး ပြတ်ပြတ်သားသားမြင်ရရန် ခဲယဥ်းမည်ဖြစ်ပေသည်။

အကယ်၍ လူတစ်ယောက်သည် နတ်သားရဲဝိညာဥ်များကို သုံး၍ ယင်ယန်ဝိညာဥ်ကို ဖန်တီးလျှင် ပို၍ ပြတ်ပြတ်သားသား မြင်နိုင်မည်ဖြစ်သည်။ ထိုမျှသာမက လူတစ်ဦးတစ်ယောက်ချင်းစီ၏ မွေးရာပါပါရမီနှင့် ကျင့်ကြံထားသည့် အတတ်များအပေါ်မူတည်၍ လူတစ်ယောက်၏စွမ်းအားတွင် ဓာတ်ကြီးငါးပါးဖြစ်သည့် သတ္တု၊ သစ်သား၊ ရေ၊မီး သို့မဟုတ် မြေစသည့် ဓာတ်တစ်မျိုးမျိုးပါဝင်မည်ဖြစ်သည်။ ထို့ပြင် ၄င်းသည် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် လည်ပတ်နေမည့် နတ်ဘုရားအလင်းအဖြစ် ဖြစ်တည်သွားမည်ဖြစ်သည်။

အများအားဖြင့် ပြောကြသည်က ထိုသည်မှာ အလွန်ဆုံးဖြစ်သည်။ ဒဏ္ဍာရီလာ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်များသာလျှင် ဓာတ်ကြီးငါးပါး၏ နတ်ဘုရားအလင်းများဖြင့် ပြည့်နှက်နေပြီး ကြည်လင်တောက်ပနေသည့် သလင်းကျောက်ကဲ့သို့ ပြီးပြည့်စုံကာ အပြစ်အနာအဆာကင်းသော ပုံစံဟု သတ်မှတ်နိုင်သည်။ ထိုသို့ သက်စောင့်နတ်ဘုရားအလင်းကို ဓာတ်ကြီးငါးပါးအပေါ်အခြေခံသည့် မည်သည့်နည်းလမ်းအတတ်ပညာနှင့်မှ ဖိနှိပ်၍မရပေ။ ၄င်းကို ထုတ်လွှတ်လိုက်ပါက မည်သည့် ယင်ယန်ဝိညာဥ်အမျိုးအစားကိုမဆို ဖိနှိပ်ပစ်နိုင်လေသည်။ လူသားတာအိုဖြင့်ဖြစ်စေ နတ်သားရဲဝိညာဥ်များမှ ဖန်တီးထားသည်ဖြစ်စေ သူတို့အားလုံးသည် နင်းခြေခံရမည်ဖြစ်သည်။

ကောင်းကင်တာအိုယင်ယန်ဝိညာဥ်အဆင့်ပညာရှင်နှင့် တူညီသော ကျင့်ကြံခြင်းအခြေခံရှိသည့် အခြားကျင့်ကြံသူတစ်ယောက်မှာမူ အနိမ့်ဆုံး စွမ်းအား၏ သုံးပုံတစ်ပုံကို လျှော့ချခံရမည်ဖြစ်သည်။ အမှန်တွင် သူတို့သည် ကျင့်ကြံခြင်းအခြေခံကိုပင် မလည်ပတ်နိုင်တော့သည်ထိ အလွန်တရာအားနည်းသွားနိုင်သည်။

တစ်ကမ္ဘာလုံးတွင် ထိုကဲ့သို့ ယင်ယန်ဝိညာဥ်များသည် မရှိသလောက်ပင်။

ဤသည်မှာ ကောင်းကင်တာအိုယင်ယန်ပင် ဖြစ်ပေသည်။

ယင်ယန်ဝိညာဥ်၏ မျက်လုံးများ ပွင့်လာစဥ် သရဲကြီးမြို့တော်၏အပေါ်ရှိ ကောင်းကင်ယံတွင် ကျယ်လောင်လှသော မိုးခြိမ်းသံကြီး ထစ်ခြုန်းသွားသည်။

ဂျိန်းးး

တချိန်တည်းမှာပင် ပိုင်ရှောင်ချန်း၏ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်တာအိုအရှိန်အဝါသည် ကောင်းကင်ဘုံမှ လာသော မိုးကြိုးဖြင့် ပေါင်းစပ်သွားဟန်တူကာ ဝုန်းခနဲပေါက်ကွဲထွက်လာတော့သည်။

All Chapters