ထာဝရဧကရာဇ်လက်သီး
Vol. 7 Ch. 670
ဓာတ်ကြီးငါးပါးမဟာစက်ဝန်း။ ကောင်းကင်တာအိုယင်ယန်ဝိညာဥ်။
ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားမှုများ ဆူဝေနေတော့သည်။ သူ့မျက်လုံံးများ ဖွင့်လိုက်စဥ် သူ၏ ရွှေအမြုတေသည် မည်ကဲ့သို့ ယင်ယန်ဝိညာဥ်ဖြစ်လာခဲ့ကြောင်း ခံစားလိုက်ရသည်။ သူ၏ ယင်ယန်ဝိညာဥ်ဖြစ်သည့် လူပုလေးက မွန်မြတ်သန့်ရှင်းသော အရှိန်အဝါနှင့် ကောင်းကင်တာအိုအငွေ့အသက်များကို ထုတ်လွှတ်ရင်း တင်ပျဥ်ခွေထိုင်နေသည်။ သူ၏ ယင်ယန်ဝိညာဥ်ကို ခံစားသိရှိနိုင်သည့် မည်သူမဆို နက်နက်ရှိုင်းရှိုင်း အံ့သြတုန်လှုပ်သွားမည်မှာ သေချာသည်။
အကန့်အသတ်မရှိသော အခိုးအငွေ့များ ယင်ယန်ဝိညာဥ်ထံမှ တလိပ်လိပ်ထွက်လာကာ သူ၏ ချီထွက်ပေါက်များကို ဖြတ်သန်းစီးဆင်း၍ သူ့တစ်ကိုယ်လုံးတွင် ကျင့်ကြံခြင်းအခြေခံ အံမခန်းစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
ပိုင်ရှောင်ချန်းမှာ တုန်ရီသွားပြီး ဘေးပတ်လည်ကို ကြည့်လိုက်ရာ ယခင်ထက် အနည်းငယ်ကွဲပြားသွားကြောင်း တွေ့လိုက်ရသည်။ ကမ္ဘာကြီးသည် ပို၍တောက်ပလင်းလက်လာပြီး အရောင်အသွေးပိုမိုစုံလင်လာလေသည်။ နှစ်ခြင်းမင်္ဂလာ ပြုခံလိုက်ရသည့်အလား သူ လုံးဝခြားနားစွာ ခံစားလိုက်ရသည်။ အမှန်တွင် ယခု သူ၏ ကျင့်ကြံခြင်းအခြေခံမှ ရနေသည့် အကန့်အသတ်မဲ့ ခံစားချက်သည် ထိုအချက်ကို ပို၍ခိုင်လုံသွားစေသည်။
လက်ရှိအချိန်တွင် သူသည် ယခင်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားလေပြီ။ အမှန်တကယ်ဆိုရလျှင် ယခု သူသာ ပိုင်မျိုးနွယ်စုခေါင်းဆောင်နှင့် တွေ့ပါက လက်ဝါးတစ်ချက်ဖြင့် ချေမှုန်းပစ်နိုင်မည်ဟု ယုံကြည်နေပြီဖြစ်သည်။
" ဒီတော့ ဒါက ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ပေါ့လေ၊ ဟမ် "
ပိုင်ရှောင်ချန်းသည် လက်ခံရခက်သည့်တိုင် သာမန်ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအများစုထက် များစွာပို၍ စွမ်းအားကြီးနေပြီဟု သဘောပေါက်လိုက်သဖြင့် စိတ်လည်းလှုပ်ရှားနေသည်။
သူပြောနိုင်သည်က သူ၏ဝင်လေ၊ထွက်လေလေးသည်ပင် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါသွားစေနိုင်ပြီး သူ၏ အကြည့်တစ်ချက်က သူကြည့်လိုက်သည့် မည်သူ့ကိုမဆို ဖိနှိပ်နိုင်သည့် ဖိအားတစ်ခုဖြစ်တည်လာစေနိုင်သည်။
အရေးအကြီးဆုံးမှာ သူ၏ နတ်ဘုရားအာရုံသည် ယခင်နှင့် လုံးဝကွာခြားနေလေပြီ။ ၄င်းသည် သူ၏စိတ်ဝိညာဥ်နှင့် ဆက်သွယ်နေပြီဖြစ်ကာ အသေးစားတည်နေရာရွှေ့ပြောင်းခြင်းများကိုပင် ပြုလုပ်နိုင်နေပြီဖြစ်သည်။
" ငါ့ နတ်ဘုရားအာရုံရဲ့ အတိုင်းအတာက ဘယ်လောက်ရှိလဲ မှန်းစမ်း "
သူက ပုံမှန်သာထုတ်လွှတ်လိုက်သည့်တိုင် အရပ်မျက်နှာအားလုံးသို့ ငါးကီလိုမီတာစီ ရောက်ရှိသွားလေသည်။
သူက ထိုနေရာအတွင်းရှိ အရာမှန်သမျှကို အာရုံခံနိုင်နေသည်။ သို့သော် ငါးကီလိုမီတာက မိုင်ကုန်မဟုတ်ကြောင်း သူသိလေရာ နောက်ထပ်နတ်ဘုရားအာရုံများ ထပ်မံဖြန့်ကျက်လိုက်သည်။ ထစ်ခြုန်းသံများ မြည်ဟည်းသွားပြီး ငါးဆယ် ကီလိုမီတာ အကွာအဝေးထိရောက်သွားသည်။
ထိုသည်ပင် မိုင်ကုန်မဟုတ်သေး။ သူက ဆက်လက်ဖြန့်ကျက်ရန် စိတ်ကူးပေါ်လာသော်လည်း နောက်ဆုံးတွင် မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မြေရိုင်းဒေသတွင်ဖြစ်ပြီး အလွန်အကြူး မလုပ်ချင်ပေ။ ထိန်းချုပ်ထားခြင်းသည် ဘေးအကင်းဆုံးဖြစ်သည် မဟုတ်ပါလော။
" သိပ် အားကောင်းတယ် "
သူက နတ်ဘုရားအာရုံများကို ပြန်ရုပ်သိမ်းရင်း တွေးလိုက်သည်။ ဤအချိန်တွင် သူသည် မည်သည့်ရှုထောင့်တွင်မဆို များစွာပို၍စွမ်းအားကြီးလာကြောင်း ခံစားလိုက်ရ၏။ သို့သော် သူကို အရာရာတိုင်းထက်ပို၍ စိတ်လှုပ်ရှားသွားစေသည်မှာတော့ သူ၏ ပင်ကိုယ်သက်စောင့်အားကို စစ်ဆေးကြည့်လိုက်ချိန်တွင်ဖြစ်သည်။ ၄င်းသည် အံသြဖွယ်ကောင်းလှသော သဘာဝဖြင့် အကန့်မသတ်မရှိ သက်ဝင်လှုပ်ရှားနေရာ ချက်ချင်းပင် သူ့အသိစိတ်တခဏတာ လွတ်သွားတော့သည်။
"ငါ့သက်စောင့်အား။ ဘုရားဘုရား... ဒီကနဦးအဆင့်မှာတောင် ငါနှစ်ထောင်ချီအသက်ရှည်တော့မှာပါလား "
သူသည် အလွန်စိတ်လှုပ်ရှားနေသည်ဖြစ်၍ တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်ယင်နေတော့သည်။ သူ့ဘဝရည်မှန်းချက်သည် ထာဝရအသက်ရှည်ရန် မဟုတ်ပါလော။ ထိုအိပ်မက်ကို ယခုထက်ထိ လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့သည့်တိုင် ယခု သူ မှန်ကန်သော ခြေတစ်လှမ်း လှမ်းလိုက်ရချေပြီ။ နှစ်ထောင်ချီနေရတော့မည်ကို တွေးလိုက်ရုံနှင့် သူ မျက်ရည်များ ဝဲတက်လာတော့သည်။
" တန်တယ်။ အကုန်လုံးတန်တယ်ကွာ"
သူကထရပ်လိုက်ပြီး ခေါင်းနောက်လှန်၍ အားပါးတရရယ်ကာ ပျော်ရွှင်မြူးထူးစွာ ခုန်ဆွခုန်ဆွ ကခုန်လိုက်လေသည်။ သူက ပြေးထွက်၍ သူမည်မျှသန်မာလာကြောင်းစမ်းသပ်ရန်ပြင်လိုက်စဥ် သူ့မျက်နှာ ဝင်းလက်သွား၏။
" မပြီးသေးဘူး "
သူက တွေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူပြောနိုင်သည်က ပြောင်းလဲခြင်းများသည် ဤမျှနှင့် မပြီးသေးပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် အဆင့်တက်ခဲ့ပြီးသည့်တိုင် သူ့ခန္ဓာကိုယ်ထဲမှာ နောက်ထပ် အမြုတေတစ်ခု ရှိနေသေးသည်.... ယခုအခါ ၎င်းက အဆင့်တက်နေ၏။
ထိုသည်ကား..... သူ၏ ထာဝရကောင်းကင်ဘုရင် အမြုတေပင်။
ထာဝရကောင်းကင်ဘုရင်အမြုတေသည် ထာဝရသိုင်း၏ တတိယအဆင့်တွင် ဖြစ်တည်လာခြင်းဖြစ်သည်။ ထိုတတိယအဆင့်ကို ကျင့်ခဲ့စဥ်က သူ့ကိုယ်ထဲတွင် တဖြေးဖြေးဖြစ်တည်လာခဲ့သောစွမ်းအားက ယခု သူ၏ထာဝရကောင်းကင်ဘုရင်အမြုတေကို အဆင့်တက်သွားစေခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်လာ၏။
" တတိယအဆင့်ရဲ့အတားအဆီးကို ချိုးဖျက်နိုင်ဖို့ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက ထုတ်ပေးတဲ့စွမ်းအားကို ခဏသုံးလို့ရတယ် "
သူက မြန်မြန်ဆန်ဆန်ပင် တင်ပျဥ်ခွေပြန်ထိုင်လိုက်သည်။သူသည် သူ၏ထာဝရပြုစားခြင်းသိုင်းကို မဟာစက်ဝန်းအဆင့်ထိတောက်လျှောက် တွန်းပို့၍ အတားအဆီးနှင့် ဆံုတွေ့စေလိုက်သည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံသည် အဆင့်တက်သွားပြီး ထာဝရကောင်းကင်ဘုရင်အမြုတေ ပျက်စီးလာကာ သူ၏ သက်စောင့်အားသည် မယုံကြည်နိုင်ဖွယ် စွမ်းအားဖြင့် စတင်စီးဆင်းလာသည်။
ဝုန်း
သူ့တစ်ကိုယ်လုံးတုန်တက်သွားပြီး ရုတ်တရက် သူ့ပခုံးပေါ်တွင် တောင်ကြီးသုံးလုံးထမ်းလိုက်သည့်အလား ခံစားလိုက်ရသည်။ ထိုသည်က သူ၏ အပြင်အားကို ကန့်သတ်ထားသည့် ကျန်ရှိနေသော အတားအဆီးသုံးခုဖြစ်ကြောင်း ညွှန်ပြနေသည်။
ယခုတွင် စီးဆင်းနေသည့် သက်စောင့်အားများနှင့် သူ၏ပြိုကွဲလာသော အမြုတေဖြင့် ထိုသုံးလုံးမြောက်တောင်ကို ဖျက်စီးပြီး ထိုအတားအဆီးကို ချိုးဖျက်ရန် အချိန်ဖြစ်ပေသည်။
ဂျိန်းးး... ဝုန်းးး
သူ၏ သက်စောင့်အားနှင့် ပြိုကွဲနေသော ထာဝရကောင်းကင်ဘုရင်အမြုတေမှ ထုတ်ပေးနေသည့် စွမ်းအင်တို့ကို ဆင့်ခေါ်လိုက်သောကြောင့် ထစ်ခြုန်းသံများ မြည်ဟည်းသွား၏။ ထိုသည်မှ ပြင်းထန်သော စွမ်းအင်များဖြစ်ပေါ်သွားပြီး သူက ထိုစွမ်းအင်များကို အတားအဆီးထံတည့်တည့် ပစ်လွှတ်လိုက်သည်။ အက်ကွဲသံများ စတင်ထွက်ပေါ်လာပြီး တောင်သည် အစိတ်စိတ်အမြွှာမြွာဖြစ်သွားကြောင်း သူခံစားလိုက်ရသည်။ ထို့နောက်.... အတားအဆီးပျောက်ကွယ်သွားလေပြီ။
သူသည် ခါတိုင်းထက်ပို၍ သက်တောင့်သက်သာဖြစ်သွားပြီး တချိန်တည်းမှာပင် သူ၏အပြင်အားက တဟုန်ထိုးတက်လာကြောင်း အာရုံရလိုက်၏။ စွမ်းအားသည် သူ့တစ်ကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားပြီး သူ၏ အတိုက်အခိုက်စွမ်းရည် လျင်မြန်စွာတိုးတက်လာသည်။
သူက စိတ်လှုပ်ရှားစွာ ထရပ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည့်အချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ဟိန်းထွက်သွားပြီး ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာသည်တွင် မီတာဒါဇင်ပေါင်းများစွာ ရောက်နေလေပြီ။
" ငါရဲ့ အပြင်အားကိုယ်က လေကို ခွင်းနိုင်တယ် "
သူက ဘဝင်မြင့်သွားရင်း ခေါင်းနောက်လှန်၍ အားပါးတရအော်ဟစ်ရယ်မောလိုက်သည်။ လွန်ခဲ့သော အချိန်အနည်းငယ်က သူသည် ယင်ယန်ဝိညာဥ်ကိုသုံးကာ တည်နေရာရွှေ့ပြောင်းလိုက်ခြင်း မဟုတ်ဘဲ သူ၏ အပြင်အားခန္ဓာကိုယ်ဖြင့် လေကို ခွင်း၍သွားလိုက်ခြင်းဖြစ်သည်။ ရလဒ်ကား အတူတူပင် ဖြစ်ချေသည်။ ထိုဖြစ်ရပ်ကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသည့် မည်သူမဆို တုန်လှုပ်သွားရမည်သာဖြစ်တော့သည်။ ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များ တိုက်ခိုက်ကြသောအခါ သူတို့ တည်နေရာရွှေ့ပြောင်းနိုင်သည့်အချက်သည် များစွာ အရေးပါသောကြောင့် နည်းလမ်းပေါင်းစုံအား မကြာခဏ အသုံးပြု၍ ထိုတည်နေရာရွှေ့ပြောင်းခြင်းများအား ခုခံကြရသည်။
သို့သော် နည်းလမ်းများသည် ပိုင်ရှောင်ချန်းအပေါ်တွင်တော့ အသုံးတည့်မည်မဟုတ်ပေ။ သူကား အပြင်အားခန္ဓာကိုယ်နှင့် တည်နေရာရွှေ့ပြောင်းနိုင်ပေသည်။
ဤအခိုက်အတန့်တွင် သူက ကမ္ဘာပေါ်တွင် သာမန်ကာလျှံကာ စွမ်းအားကြီးခြင်းမဟုတ်တော့ပေ။ သူသည် လက်ဖျားခါလောက်အောင် ခမ်းနားကြီးကျယ်စွာ အစွမ်းထက်နေပေသည်။ လူသားတာအိုယင်ယန်ဝိညာဥ်အဆင့်ရှိမည်သူမဆို မည်သည့် နည်းလမ်းသုံး၍ သူ့ကို တန်ပြန်တိုက်ခိုက်စေကာမူ သူက နင်းခြေပစ်နိုင်လေသည်။ တကယ်တမ်းပြောရလျှင် သူက နတ်အဆင့်သို့ ရောက်လုဆဲဆဲ လူသားတာအို ယင်ယန်ဝိညာဥ်နှင့် လူတစ်ယောက်ကိုပင် အလွယ်တကူ နင်းခြေပစ်နိူင်လေသည်။
နတ်သားရဲဝိညာဥ်သုံး၍ ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းရောက်နေသည့် လူတစ်ယောက်နှင့်ထိပ်တိုင်ကြုံရလျှင်တောင်မှ သူတို့ကို အလွယ်တကူအနိုင်ယူနိုင်လေသည်။ အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိ လူများကိုလည်း အလားတူပင်။ သူ့အတွက် ပြဿနာစေနိုင်လောက်သည့် လူမှာ နတ်သားရဲဝိညာဥ်များသုံး၍ ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းရောက်ခဲ့ပြီး နတ်အဆင့်သို့ တစ်ပိုင်းရောက်နေသည့်အပြင် ဝှက်ဖဲအနည်းငယ်ရှိသည့် လူတစ်ယောက်ပင်ဖြစ်သည်။ ပိုင်ရှောင်ချန်းသည် နတ်အဆင့်သို့ တစ်ပိုင်းရောက်နေပြီး ထိုအဆင့်သို့ရောက်ရန် နတ်သားရဲဝိညာဥ်များအသုံးပြုထားသည့် လူတစ်ယောက်နှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ သို့သော် သူသည် သူတို့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသည်။
လူတစ်ယောက်ကို နင်းခြေခြင်းနှင့် အလွယ်တကူအနိုင်ယူခြင်းသည် အလွန်ခြားနားသည့် အရာနှစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်ကို နင်းခြေရာတွင် တိုက်ခိုက်ရန်မလိုသော်လည်း အနိုင်ယူရာတွင်တော့ လိုအပ်သည်။
ထိုမျှသာမက ပိုင်ရှောင်ချန်းသည်... လောလောဆယ်တွင် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင်သာရှိသေးသည်။ သူ မဟာစက်ဝန်းသို့ရောက်လျှင်တော့ ယခုထက်ပင် ပို၍ သန်မာအားကောင်းလာမည်ဖြစ်သည်။
"ငါတကယ်ကြီး အရမ်းသန်မာတာပဲ "
သူက ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ရင်း နှလုံးသားထဲတွင် ထိန်းချုပ်၍ပင်မရတော့သော မျှော်လင့်ချက်များအပြည့်ဖြင့် ကျင့်ကြံခြင်းအခြေခံကို စစ်ဆေးကြည့်လိုက်သည်။
ပိုင်ရှောင်ချန်းသည် သက်ရှိသက်မဲ့အရာအားလုံးကို မျက်မှောင်ကြီးကြုတ်၍ အထင်အမြင်သေးစွာ ကြည့်နိုင်သဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အင်္ကျီလက်စကို ခါရမ်းလိုက်ရင်း ဂုဏ်ယူစွာပြောသည်။
" အခုကစပြီး ယင်ယန်ဝိညာဥ်အဆင့်အောက်မှာရှိတဲ့ကောင်မှန်သမျှ ငါ့ကို အသံမာမာပြောရဲပါဦးမလား ကြည့်ရသေးတာပေါ့ကွာ "
တခဏကြာ ပျော်ရွှင်မြူးထူးနေပြီးနောက် သူက အသက်တစ်ချက်ရှိုက်လိုက်ပြီးနောက် ထာဝရသိုင်း၏ စတုတ္တမြောက်အဆင့်ကို စဥ်းစားလိုက်ပြီး ရင်ထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်လာတော့သည်။
" အခုလောလောဆယ် ငါ့မှာ ယင်ယန်ဝိညာဥ်ဆင့်အတတ်တွေ တစ်ခုမှ မရှိတာ ဆိုးတယ်ကွာ " သူက ရေရွတ်လိုက်သည်။
" ဒါပေမဲ့ အနည်းဆုံးတော့ ငါ့မှာ လေ့ကျင့်ဖို့ အပြင်အား ပညာရပ်ရှိသေးတာပဲ "
" ထာဝရသိုင်းရဲ့ လေးဆင့်မြောက်က ထာဝရအရိုးပဲ " ထို့နောက် သူက အရေပြား၊ အသား၊ အရွတ်ကြော၊ အရိုးနှင့် သွေးဟူ၍ ဖော်ပြထားသော ထာဝရသိုင်း၏ မိတ်ဆက်နိဒါန်းကို ပြန်လည်စဥ်းစားလိုက်သည်။
ထိုအကြောင်းတွေးလေလေ စိတ်အားထက်သန်မှုများပြင်းပြလာလေလေဖြစ်တော့သည်။ ထာဝရအရိုးအဆင့်တွင် လူတစ်ယောက်၏ အရိုးများအားလုံးအား ပြန်လည်သန့်စင်ခြင်း ပါဝင်သည်မဟုတ်ပါလော။ ထိုသည်က ခုခံနိုင်မှုတိုးတက်ခြင်း၊ ပို၍အားကြီးခြင်း၊ ကောင်းကင်တုန်လှုပ်၍ မြေပြင်တို့အက်ကွဲစေသည့် ပြောင်းလဲခြင်းများကို ဦးတည်နေရာ သူ့ကို အလွန်တရာ စိတိလှုပ်ရှားသွားစေတော့သည်။
" ထာဝရအရေပြားက ခုခံမှုအပေါ်အလေးထားတယ်။ ထာဝရအသားက ခွန်အား။ ထာဝရအရွတ်အကြောတွေက အမြန်နှုန်းအတွက်.... ပြီးတော့ ထာဝရအရိုးက ခုခံမှုရယ် ခွန်အားရယ်ကို အတူပေါင်းပြီး အံမခန်းအဆင့်တွေကို ရောက်သွားစေမှာ "
သူ တုန်လှုပ်သွားရင်း ထာဝရအရိုးများနှင့်ပတ်သက်သည့် အချက်အလက်များကို ပြန်စဥ်းစားလိုက်သည်။ ၄င်းကို အဆင့်ခွဲလေးခု ပိုင်းခြားထားပြီး တစ်ခုစီကို ကိုးလွှာစီထပ်ပိုင်းခြားထားပြန်သည်။
" ေရာစပ် အရိုး။ စွမ်းအားအရိုး၊ ကောင်းကင်အရိုး၊ ထာဝရအရိုး။ "
" ရောစပ်အရိုးက ခန္ဓာကိုယ်ကို လုံးဝပြောင်းလဲပြီး ခုခံရာမှာ တဟုန်ထိုးအားကောင်းသွားစေတယ် "
"စွမ်းအားအရိုးက လူတစ်ယောက်ရဲ့ စွမ်းအားတစ်ခုလုံးကို ကောင်းကင်တုန်လှုပ်ပြီး မြေပြင်တို့ အက်ကွဲသွားစေတဲ့အဆင့်အထိ တိုးမြှင့်ပေးတယ်"
" ကောင်းကင်အရိုးက ခွန်အားနဲ့ ခုခံမှုကို ပေါင်းစပ်ပြီး သက်ရှိသက်မဲ့အရာအားလုံးကို ဖျက်စီးပစ်နိုင်စေတယ် ''
" နောက်ဆုံးက ထာဝရအရိုး.... အဲဒီအဆင့်ထိ ကျင့်ကြံလိုက်မယ်ဆိုရင် သင့်ဝိညာဥ် ပျက်စီးသွားလျှင်တောင်မှ သင့်အရိုးတွေက ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး "
" ဝိညာဥ်ပျက်စီးသွားပေမယ့် အရိုးတွေက ထာဝရမပျက်စီးဘူး။ ဒါက ထာဝရအသက်ရှည်နည်းနဲ့ လုံးဝကွက်တိပဲ။ ငါက ထာဝရအသက်ရှည်နည်းရဲ့ ထာဝရအသွင်အပြင်တွေပေါ်မှာ အာရုံစိုက်တဲ့ ထာဝရပြုစားခြင်းသိုင်းကို ကျင့်ကြံနေတာပါလား "
ထိုအတွေးရထားကြီးသည် မကြာမီပင် ထာဝရသိုင်း၏ နောက်ဆုံးအဆင့်ဖြစ်သည့် ထာဝရသွေးဆီ ဆိုက်ရောက်သွားသည်။ သူ့ကို ရူးမတတ်ဖြစ်သွားစေသည်မှာ ထာဝရသွေး၏ ရှင်းလင်းဖွင့်ဆိုချက် နောက်ဆုံးအပိတ်စကားတွင် ဤသို့ဖော်ပြထားသောကြောင့်ပင်။
သွေးတစ်စက်နှင့် ခန္ဓာကိုယ် ပြန်လည်ဖြစ်တည်လာနိုင်သည်။
" ငါ သေချာပေါက် ထာဝရအရိုးကို ပြီးအောင်ကျင့်ရမယ်။ ပြီးရင် ထာဝရသွေးကို ဆက်သွားနိုင်မယ် "
ထို့နောက် သူက ထာဝရအရိုး၏ လျှို့ဝှက်နည်းလမ်းကို ပြန်လည်သုံးသပ်လိုက်သည်။
ထာဝရသိုင်း၏ အဆင့်တိုင်းသည် ပြိုင်ဘက်ကင်း လျှို့ဝှက်မှော်သိုင်းများ ဖြစ်နေသည်။ ပထမဆုံးသုံးခုသည် လည်မျိုဖမ်းဆုပ်ကွက်၊ တောင်ဖြိုသိုင်းနှင့် ထာဝပြုစားခြင်းတို့ဖြစ်ကြသည်။ ထိုသိုင်းအားလုံးက အလွန်အသုံးဝင်ကြောင်း သက်သေပြခဲ့ပြီးလေပြီ။ ထို့ပြင် သူက ထာဝရအရိုးကို ဆက်ကျင့်လျှင် ထိုသိုင်းကွက်များက သူ၏လက်နက်တစ်စိတ်တစ်ပိုင်းဖြစ်လာပေမည်။
" ထာဝရဧကရာဇ်လက်သီး"
အပြင်အားက အရိုးများထဲမှလာြခင်းဖြစ်ပြီး အရေပြားကိုဖြတ်၍ ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအားကို လျှို့ဝှက်မှော်သိုင်းသုံး၍ ထုတ်ဖော်လိုက်သောအခါ ၄င်းသည် အလွန်ပြင်းထန်လာကာ ကောင်းကင်ကို လှုပ်ရမ်း၍ မြေပြင်ကို လှုပ်ခါပစ်နိုင်စွမ်းရှိလာသည်။ ထိုမယုံကြည်နိုင်ဖွယ်အင်အားက လည်မျိုဖမ်းဆုပ်ကွက်နှင့် တောင်ဖြိုသိုင်းတို့ကို ထုတ်ဖော်တိုက်ခိုက်လိုက်သည်ထက် ပြင်းထန်သည်။
ထာဝရအရိုးများသည် နောက်တစ်ဆင့်ဖြစ်ပြီး ထာဝရဧကရာဇ်လက်သီးနှင့် အတူတူပင် ဖြစ်သည်။ ရောစပ်အရိုး၏ သုံးဆင့်မြောက်ကိုရောက်သည်နှင့် လူတစ်ယောက်သည် ထာဝရဧကရာဇ်လက်သီး၏ အခြေစွမ်းအားနှစ်ဆကို ထုတ်နိုင်မည်ဖြစ်သည်။ “ စွမ်းအားအရိုးအဆင့် “ တွင် ထိုစွမ်းအားသည် သုံးဆဖြစ်ပေမည်။ “ ကောင်းကင်အရိုး “ တွင် လေးဆဖြစ်သွားပြီး “ ထာဝရအရိုးအဆင့် “တွင် ငါးဆစွမ်းအားကြီးသွားပေမည်။
ထာဝရဧကရာဇ်လက်သီးမည်မျှစွမ်းအားကြီးနိုင်သည်နှင့်ပတ်သက်၍ ယထာဘူတကျကျ ပြောရလျှင် အကန့်အသတ်မရှိဟု ဆိုရပေမည်။ ၄င်းသည် ခန္ဓာကိုယ်၏အကန့်အသတ်ဖြင့်သာ ထိန်းချုပ်ထားခြင်းဖြစ်သည်။
ထိုသည်ကား ထာဝရဧကရာဇ်လက်သီးပင်။
ထာဝရသိုင်း၏ လေးဆင့်မြောက် လျှို့ဝှက်မှော်သိုင်း၊
စွမ်းအားကြီးပြီး ခမ်းနားကြီးကျယ်ကာ အရာခပ်သိမ်းကို တုန်လှုပ်သွားအောင် စွမ်းဆောင်နိုင်သော မှော်သိုင်း။