← Chapters

ကိုယ့်ကိုယ်ကိုယ် မီးကင်ခြင်း

Vol. 7 Ch. 671

ကိုယ့်ကိုယ်ကိုယ် မီးကင်ခြင်း

Vol. 7 Ch. 671

" ထာဝရဧကရာဇ်လက်သီး "

ပိုင်ရှောင်ချန်းက ခံစားချက်ပေါင်းစုံ ရွှန်းလဲ့နေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်လေသည်။ သူသည် ရန်သူများကို အထင်မြင်သေးသည့်အကြည့်များဖြင့် ကြည့်ကာ ထာဝရဧကရာဇ်လက်သီးကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထုတ်လွှတ်နေသည့် ပုံရိပ်ကြီးကို စိတ်ကူးထဲမှာ ပုံဖော်နေပြီ ဖြစ်သည်။

အနည်းငယ် ကြာပြီးနောက် သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူတည်ငြိမ်အောင် ပြန်လည်ချုပ်တည်းလိုက်တော့သည်။ တစ်ဖက်တွင် ထာဝရဧကရာဇ် လက်သီးသည် သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကိုထုတ်ယူ၍ သူ၏လမ်းတစ်လျှောက်ရှိ အရာအားလုံးကိုဖျက်ဆီးပစ်နိုင်လောက်သည့် ဝှက်ဖဲတစ်ခုအဖြစ် အသုံးပြု၍ ရသည်။ အခြားတစ်ဖက်တွင်မူ ထိုသိုင်းကွက်ကို သုံးပြီးပါက သူသည် စွမ်းအင်ကုန်ခန်းသွားမည်ဖြစ်ပြီး အပြင်ခန္ဓာကိုယ်စွမ်းအားမှာ အလွန်အားအင်ချည့်နဲ့သွားမည်ဖြစ်သည်။

ယခုလောလောဆယ်တွင် ထာဝရဧကရာဇ်လက်သီးကို ဝှက်ဖဲတစ်ခုအနေနှင့် အသုံးပြု၍ ရနိုင်ဦးမည်ဖြစ်သည်။

ထို့အပြင် သူသည် ၎င်းကို အလွယ်တကူသုံး၍ မရနိုင်သေးပေ။ ပုံမှန်ဆိုလျှင် ရောစပ်အရိုးများ၏ တတိယအဆင့်ကိုရောက်မှသာ ထိုလက်သီးချက်ကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။

" ထာဝရအပိုင်းရဲ့ စတုတ္ထမြောက်အဆင့်က ထာဝရအရိုးတွေပဲ။ အဲဒါကိုကျင့်ကြံဖို့ဆိုရင် စိတ်ကူးနဲ့တောင် မခန့်မှန်းနိုင်လောက်အောင်များပြားတဲ့ သက်စောင့်စွမ်းအင်တွေလိုမှာပဲ။ တတိယအဆင့်က ဒီအဆင့်ကို ဘယ်လိုနည်းနဲ့မှ မယှဥ်နိုင်ဘူး။ ဆေးတွေဖော်စပ်လို့ရတဲ့ ကောင်းကင်တံတားဒေသမှာဆိုရင်တော့ ကျင့်ကြံရတာပိုလွယ်မှာပဲ "

ထာဝရအသက်ရှည်နည်းသိုင်းကို ကျင့်ကြံရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုတွေးမိလိုက်ရုံနှင့် ပိုင်ရှောင်ချန်းမှာ စိုးထိတ်စွာနှင့် မျက်မှောင်ကြုတ်နေရတော့သည်။

" မြေရိုင်းဒေသက မြေဆီလွှာညံ့ပြီး သစ်ပင်ပန်းမန်တွေ မပေါက်ရောက်နိုင်ဘူး။ သက်စောင့်စွမ်းအင်နေရာမှာ အစားထိုးနိုင်မဲ့ အရာတစ်ခုခု ငါလိုတယ်။ "

ထိုသို့ အနည်းငယ်တွေးတောလိုက်ပါသော်လည်း သူက အကြံကောင်းတစ်ခုလေးပင်ထွက်မလာချေ။ ဝိညာဥ်ဆေးဝါးများကို သူကထည့်၍စဥ်းစားခဲ့သေးသည်။ ၎င်းတို့ကို မြေရိုင်းဒေသထဲတွင် ဝိညာဥ်ကျင့်ကြံသူများက ဝိညာဥ်ကျောက်တုံးများအဖြစ် အသုံးပြုကြသည်ဖြစ်သော်လည်း သက်စောင့်စွမ်းအင်များစွာ မပါဝင်ပေ။ ၎င်းတို့ဖော်စပ်ရာတွင် ဝိညာဥ်များကို အသုံးပြုခဲ့သည် မဟုတ်ပါလော။

" ကြည့်ရတာ သာမန်တန်ဖိုးကြီးပစ္စည်းတွေကိုရှာပြီး အဆင့်တစ်ဆယ်အထိ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရမယ်နဲ့ တူတယ်။ စိတ်စွမ်းအင်အဆင့်ကို အမြင့်ကြီးရောက်အောင်မြှင့်နိုင်မယ်ဆိုရင် အဲဒီပစ္စည်းတွေမှာ ဖော်ပြလို့မရနိုင်လောက်အောင် ကြီးမားတဲ့ စွမ်းအင်တွေ ရှိသွားလောက်တယ် " ထိုအကြံမှာ သူတွေးမိသည့် တစ်ခုထဲသော အကြံကောင်းသာ ဖြစ်သည်။

ထို့နောက် သူက အသက်ပြင်းပြင်းရှူကာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများကိုမှိတ်၍ ထာဝရအပိုင်းထဲတွင် ဖော်ပြထားသည့် နည်းလမ်းများကိုသုံးကာ ထာဝရအရိုးများကို စတင်ကျင့်ကြံရန် ပြင်လိုက်တော့သည်။ ခဏအကြာတွင် သူ၏ခန္ဓာကိုယ်အတွင်းထဲ အက်ကွဲသံများကို ကြားလိုက်ရတော့သည်။ အစပိုင်းတွင် ထိုအသံများမှာ ညင်သာပါသော်လည်း အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်ခန့် ကြာပြီးသွားသောအခါ အလွန်ကျယ်လောင်လာသဖြင့် သူ၏နားထဲတွင် မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေတော့သည်။

ထိုအသံ၏ သဘောသဘာဝကို လေ့လာကြည့်လိုက်လျှင် ပိုင်ရှောင်ချန်း၏ အရိုးများမှာ ကြီးကျယ်စွာပြောင်းလဲနေသည်ကို သိနိုင်သည်။

ကြီးမားသော ဖိအားကြီးတစ်ခု သူ့အပေါ်သက်ရောက်နေသည့်အလား သူ၏ အသွေးအသားများအားလုံးမှာ တုန်ရီနေသည်။ တချိန်ထဲမှာပင် သက်စောင့်စွမ်းအင်များမှာ သူ၏အရိုးများထဲသို့ စီးဝင်သွားကြတော့သည်။

သူ၏ အရိုးစုအဖွဲ့အစည်းတစ်ခုလုံးမှာ ကျဥ်းနက်ကြီးပမာဖြစ်နေပြီး ကြောက်မက်ဖွယ် ဆွဲငင်အားကြီးတစ်ခုကို ထုတ်လွှတ်ကာ ၎င်း၏ပတ်ပတ်လည်ရှိ သက်စောင့်စွမ်းအင်အားလုံးကို စုပ်ယူနေတော့သည်။ တချိန်ထဲမှာပင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့သည်။

ထိုဖြစ်စဥ်ကြီးမှာ မပြီးသေးပဲ ထစ်ချုန်းသံများမှာ ပို၍ကျယ်လောင်လာပြီး သူ၏တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီလာတော့သည်။ ထို့နောက် သူ၏ အပြင်ခန္ဓာကိုယ် ခြောက်ကပ်လာသည့် အရိပ်အယောင်များကို သူ သတိထားမိလိုက်တော့သည်။

ထိုအခါတွင် သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ၏ မျက်ဝန်းများမှာ တောက်ပသွားပြီး မျက်မှောင်ကြုတ်လိုက်တော့သည်။

" ဆက်ကျင့်လို့ မရတော့ဘူး။ အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်လောက်ပဲ ရှိသေးတယ်။ ငါနှစ်ပေါင်းများစွာ စားခဲ့တဲ့ဆေးလုံးတွေမှာပါတဲ့ သက်စောင့်စွမ်းအင်တွေအားလုံးကို စုပ်ယူသွားတာပဲ။ ထာဝရအရိုးကို ကျင့်ကြံရတာ တော်တော်ကြောက်ဖို့ကောင်းတာပဲ "

" ငါသာ ဆက်ကျင့်နေမယ်ဆိုရင် ငါ့ သက်စောင့်စွမ်းအင်ရဲ့ အခြေခံအုတ်မြစ်တွေ ထိခိုက်သွားနိုင်တယ် "

သူက တုန်လှုပ်မှုများ မပျောက်သေးပဲ လက်ကိုငုံ့ကြည့်ကာ ရုတ်တရက် အသက်တစ်ချက်ရှူသွင်းလိုက်တော့သည်။

" ရောစပ်အရိုးတွေရဲ့ ပထမအဆင့်ကိုတောင် ငါမရောက်သေးဘူးပဲ။ အဲဒါတောင် ငါ့ရဲ့ ခုခံနိုင်စွမ်းတွေက တော်တော်တိုးတက်သွားပြီဆိုတာ ငါခံစားနိုင်နေပြီ "

သူသည် သူ၏အရိုးများကို ရောစပ်နေသည်သာ ဖြစ်သော်လည်း သူ့အတွက်မူ ခန္ဓာကိုယ် တစ်ခုလုံးကို ရောစပ်ကာ ပို၍သန့်စင်အောင် လုပ်နေသည့်အလား ဖြစ်နေတော့သည်။

သူက အနည်းငယ်မျှတွေးတောလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ စိတ်ပူနေရန် မလိုသည်မဟုတ်ပါလော။ သူလုပ်ရန်လိုသည်မှာ သက်စောင့်စွမ်းအင်နေရာတွင် အစားထိုးသုံးနိုင်မည့် အရာတစ်ခုကို ရှာမတွေ့ခင်အထိ စောင့်ပြီးမှ သူ၏ကျင့်ကြံခြင်းကို ပြန်စတင်ရန်ပင် ဖြစ်သည်။

" ငါ့ဆီမှာသာ သက်စောင့်စွမ်းအင် အလုံအလောက်ရှိပြီဆိုရင် ထာဝရအရိုးတွေကို တစ်ခေါက်ထဲနဲ့ အပြီးကျင့်ကြံပစ်လို့ရတယ်။ အခုငါကြုံနေရတဲ့ အတားအဆီးက ကျင့်ကြံဖို့လိုအပ်တဲ့ အချိန်မှ မဟုတ်ပဲ။ သက်စောင့်စွမ်းအင်ပဲကို။ "

သူ၏ မျက်ဝန်းများမှာ တစ်ခဏမျှ အရောင်လက်သွားပြီး သူ့ကိုယ်သူ ပြန်လည်တည်ငြိမ်အောင် လုပ်လိုက်တော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံကို ဆန်းစစ်လိုက်ပြီး သူ၏ယင်ယန်ဝိညာဥ်ကို အနည်းငယ် အကဲခတ်လိုက်သောအခါ သူ၏ အငွေ့အသက်မှာ ယခင်ကအတိုင်း အခိုးအငွေ့များဖြင့် တုန်ရီစပြုလာတော့သည်။

" ရွှေအမြုတေအဆင့်တုံးက ငါ့ဆီမှာ ထိန်းချုပ်စွမ်းအင် နည်းနည်းရှိခဲ့တယ်။ ဘာလို့ အခုငါ့ရဲ့ အမြုတေက ယင်ယန်ဝိညာဥ်တစ်ခုဖြစ်သွားတဲ့အခါ အဲဒီစွမ်းအင်ကို မခံစားမိတော့တာလဲ။ "

သူက အနည်းငယ်ထပ်၍ တွေးတောလိုက်ပါသော်လည်း ယင်ယန်ဝိညာဥ်အဆင့် သိုင်းကွက်များကို သူ မတတ်မြောက်သည့် အချက်နှင့် ဆက်စပ်နေမည် ဟူသော ဆုံးဖြတ်ချက်မှလွဲ၍ အခြား အဖြေရှာမရပေ။

" နှမြောစရာကွာ၊ မဟုတ်မှလွဲရော ငါ့ရဲ့ လူသားထိန်းချုပ်နည်း မဟာပညာရပ်က တစ်နည်းနည်းကြောင့် ကွယ်ပျောက်သွားတာများလား။ ဘာလို့ အဲဒီအစွမ်းကို အာရုံမခံနိုင်တော့တာလဲ။ အခုငါက ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်ရောက်နေပြီဆိုတော့ အခြား ဘယ်လိုထူးဆန်းတဲ့ဖြစ်ရပ်တွေ ထပ်ဖြစ်ဦးမလဲ မသိဘူး "

သူသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်အကြောင်းကို ကောင်းကောင်းမသိပေ။ အမှန်မှာ ဤကမ္ဘာကြီးထဲတွင် ကောင်းကင်ဧကရာဇ်မှလွဲ၍ ထိုအကြောင်းကိုသိသူမှာ မရှိသလောက်ရှားပါးသည်။

ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်၏ မှော်ဆန်သော လျှို့ဝှက်ချက်များကို သူကိုယ်တိုင် တွေးတောချင့်ချိန်ပြီးမှသာ နားလည်နိုင်မည်ဟု ပိုင်ရှောင်ချန်းက ခံစားနေရသည်။

" အခုလောလောဆယ်တော့ ငါ့ရဲ့ထိန်းချုပ်စွမ်းအားနဲ့ ထာဝရအသက်ရှည်ခြင်းအတတ်ကို တွေးပူမနေတော့ဘူး။ မြေရိုင်းဒေသမှာက ဆေးပင်တွေ နည်းလွန်းတာကိုး။ ပြီးတော့ ငါ့ဆီမှာက ယင်ယန်ဝိညာဥ်အဆင့် သိုင်းကွက်တွေ မရှိသေးဘူး။ ငါ့ရဲ့ ကျင့်ကြံခြင်းကို အဆင့်မြှင့်ချင်တယ်ဆိုရင် လုပ်စရာတစ်လမ်းပဲ ရှိတော့မယ် "

သူ၏ မျက်လုံးများမှာ စူးရှတောက်ပသွားပြီး သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် အပြုံးတစ်စ ထွက်ပေါ်လာတော့သည်။

" အခြားလူတွေ အတွက်တော့ အသက်အန္တရာယ်ရှိတဲ့ စွန့်စားမှုကြီးတစ်ခုဖြစ်နေနိုင်ပေမဲ့ ငါ့အတွက်တော့ ဘယ်လိုမှ အန္တရာယ်မရှိနိုင်ပါဘူး "

" ပြီးတော့ ပိုကောင်းတာက ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံက အမြန် တိုးတက်သွားမှာပဲ။ တမုဟုတ်ခြင်း မြင့်တက်သွားနိုင်တယ်။ ငါ့တစ်ဘဝလုံး ငါကြုံတွေ့ခဲ့ရတဲ့ ကျင့်ကြံခြင်းအခြေခံတိုးတက်ခြင်းတွေထဲမှာ အမြန်ဆုံး တိုးတက်မှုတောင် ဖြစ်သွားနိုင်တယ် "

" ငါ့ယင်ယန်ဝိညာဥ်ကို စိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ အချိန်ကျပြီ။ "

ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ပြတ်သားမှုများဖြင့် တောက်ပနေပြီး တွေဝေတုံ့ဆိုင်းနေခြင်း တစိုးတစိမျှ မပါဝင်ပေ။ သူက သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ မျက်စိကျိန်းစရာကောင်းသည့် အလင်းတန်းများနှင့်အတူ လိပ်ဒယ်အိုးလေးပါ ပေါ်ထွက်လာတော့သည်။

လတ်လလော သူ ရရှိထားခဲ့သည့်လက်ဆောင်များအားလုံးကြောင့် ဝိညာဥ် အမြောက်အမြားကို စုဆောင်းထားမိခဲ့သည်။ ထိုဝိညာဥ်များကို သူကသုံး၍ တစ်ရောင်ခြယ်မှ ဆယ့်လေးရောင်ခြယ်မီးတောက်အထိ အလျင်အမြန် ဖန်တီးလိုက်တော့သည်။ ထိုအချိန်တွင် သူ့ယင်ယန်ဝိညာဥ်၏ မျက်လုံးများ ပွင့်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ယင်ယန်ဝိညာဥ်ပုံစံအဖြစ် အပြင်သို့ ထွက်လာတော့သည်။

သူသည် ပြင်ပသို့ ယင်ယန်ဝိညာဥ်တစ်ခုအနေ နှင့် ထွက်လိုက်ရသည့် ခံစားချက်ကြောင့် တုန်ရီသွားတော့သည်။ ယင်ယန်ဝိညာဥ်များကိုသာ အာရုံခံနိုင်သည့် အေးစိမ့်ချီတစ်မျိုး ဤနေရာတွင် ရှိနေသည့်အတိုင်းပင်။ အမှန်မှာ ယင်ယန်ဝိညာဥ်များသည် အေးစိမ့်ချီများကို အခြားအရာများထက် ပို၍ခံစားနိုင်သည်ဖြစ်၍ နှင်းများထူထပ်နေသည့် ကွင်းပြင်ကြီးတစ်ခုထဲတွင် ကိုယ်လုံးတီးဖြစ်နေသည့် သာမန်လူတစ်ယောက်ကဲ့သို့ အမူအရာများ ပေါ်ထွက်လာတော့သည်။

အမှန်မှာ အေးစိမ့်ချီများနှင့် ကြာမြင့်စွာထိတွေ့နေပါက ယင်ယန်ဝိညာဥ်များမှာ ပြန်၍ ကောင်းမွန်နိုင်စွမ်းပင်မရှိလောက်အောင် ဒဏ်ရာရသွားမည်ဖြစ်သည်။ ထိုအချက်ကို ပိုင်ရှောင်ချန်းက ကောင်းကောင်းသိသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ယင်ယန်ဝိညာဥ်များကို ဒဏ်ရာရစေရုံတင်မက ဖျက်ဆီးနိုင်သည့် အရာများစွာရှိပြီး ၎င်းတို့ထဲတွင် အေးစိမ့်ချီလည်း အပါအဝင်ဖြစ်သည်။ အပြင်ခန္ဓာကိုယ်သည် လှေတစ်စင်းကဲ့သို့ ဖြစ်နေပြီး ထိုအပြင်ခန္ဓာကိုယ်သာ မရှိပါက ယင်ယန်ဝိညာဥ်သည် သမုဒ္ဒရာထဲသို့ ပစ်ချခံလိုက်ရသည့် မွေးကင်းစကလေးငယ်တစ်ယောက်အလား ဖြစ်သွားမည်သာ ဖြစ်သည်။

ပိုင်ရှောင်ချန်းက သူ၏ယင်ယန်ဝိညာဥ်အား အပြင်သို့ထုတ်နေသည်ကို အခြားသော ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများသာ မြင်လိုက်ရပါက သူတို့မှာ မြင်နေရသည်များကို မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားကြမည် ဖြစ်သည်။ ပုံမှန်ဆိုလျှင် ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်ရောက်ပြီးချင်း မိမိ၏ ယင်ယန်ဝိညာဥ်ကို အပြင်သို့ ထုတ်ရန်မှာ မဖြစ်နိုင်ပေ။ အလွန်သန်မာသည့် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် ထိုသို့မလုပ်နိုင်ချေ။ ထိုဝိညာဥ်အပေါ် သက်ရောက်နေသည့် ကောင်းကင်နှင့်မြေပြင်တွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အေးစိမ့်ချီ၏ ထိုးနှက်မှုများမှာ အလွန်ပြင်းထန်နေမည် ဖြစ်သည်။

အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများပင် ထိုအချင်းအရာကို ပေါ့ပေါ့ဆဆ လုပ်ရဲမည်မဟုတ်။ အကယ်၍ သူတို့၏ ယင်ယန်ဝိညာဥ်များကို အပြင်သို့ ထုတ်ယူနိုင်သည်ဆိုလျှင်တောင် အကြာကြီး ထုတ်ယူနိုင်မည်မဟုတ်။ နှောင်းပိုင်း ယင်ယန်ဝိညာဥ်အဆင့်နှင့် မဟာစက်ဝန်းအဆင့်တွင်ရှိသူများ၏ ယင်ယန်ဝိညာဥ်များကသာ အပြင်သို့ထွက်လာနိုင်ပြီး ကမ္ဘာကြီး၏ အေးစိမ့်ချီကို အန်တုနိုင်မည့် စွမ်းအင်မျိုးရှိမည် ဖြစ်သည်။

ထိုသို့သော အေးစိမ့်ချီကို လျစ်လျူရှုနိုင်သူများမှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်သည်။

သို့သော် ယင်ယန်ဝိညာဥ်အဆင့်သို့ ယခုမှတက်လှမ်းလာသည့် ပိုင်ရှောင်ချန်းမှာ သူ၏ ယင်ယန်ဝိညာဥ်ကို အပြင်သို့ ထုတ်ယူနေပြီဖြစ်သည်။ သူ၏ ယင်ယန်ဝိညာဥ်မှာ ရုန်းကန်နေသည့် ပုံပေါက်နေသော်လည်း ဒဏ်ရာလုံးဝ မရထားပေ။ ထိုသို့ဖြစ်ရခြင်းမှာ ၎င်းသည် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်ဖြစ်နေသောကြောင့် ဖြစ်သည်မှာ အသေအချာပင်။

" အပြင်မှာ တော်တော်အေးတာပဲဟ "

သူ့ယင်ယန်ဝိညာဥ်၏ ပါးစပ်မှ ရေရွတ်လိုက်သည်။ ထို့နောက် နောက်သို့လှည့်ကာ သူ၏အပြင်ခန္ဓာကိုယ်ကို ကြည့်လိုက်သောအခါ အလွန်ထူးဆန်းနေတော့သည်။ သူ့ကိုယ်သူ တစ်ခဏမျှ ကြည့်ရှုလိုက်ပြီးနောက် သူကလှစ်ခနဲ လှုပ်ရှားကာ ပျံသန်းသွားပြီး လိပ်ဒယ်အိုးထဲတွင်ဝင်၍ တင်ပျဥ်ခွေထိုင်လိုက်တော့သည်။

" ကဲ... ဒါဆိုရင် ငါ့ကိုငါ မီးကင်တယ်ဆိုပြီး ပြောလို့ရမလား "

သူက ရေရွတ်လိုက်လေသည်။ သူ့ ယင်ယန်ဝိညာဥ်၏ သေးငယ်သောလက်ကလေးကို ရှေ့သို့ဆန့်ထုတ်ကာ ဒယ်အိုး၏ မျက်နှာပြင်ကို ထိတွေ့လိုက်တော့သည်။

" မီးကင်တယ်ဆိုလည်း ကင်တာပေါ့ကွာ။ မီးမွှေးမှရမယ် "

သူက ထူးဆန်းသော မျက်နှာထားဖြင့် ညာလက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် တစ်ရောင်ခြယ်မီးတောက်မှာ ပျံဝံလာပြီး လိပ်ဒယ်အိုးနှင့် ပေါင်းစည်းသွားတော့သည်။ အနည်းငယ်ကြာသောအခါ ဒယ်အိုးပေါ်တွင် မျက်စိကျိန်းစရာ ကောင်းလောက်အောင် လင်းလက်နေသည့် အင်းကွက်တစ်ခု ပေါ်လာတော့သည်။

သူက သူ့ကိုယ်သူ ယုံကြည်မှုရှိပါသော်လည်း အနည်းငယ် စိုးရိမ်နေဆဲပင်။ သူသည် သူ့ကိုယ်သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်နေသည် မဟုတ်ပါလော။

တစ်ခုခုသာ လွဲချော်သွားခဲ့သည်ရှိသော်.... သူသည် တံခါးပိတ်ကျင့်စဥ်ထဲတွင်ရှိနေသည်မှာ ကြာလှနေပြီဖြစ်ကြောင်း လူအများကသတိထားမိသွားပြီး အဆုံးတွင် သရဲကြီးဘုရင်ကိုယ်တိုင် ရောက်လာကာ သူ၏ ကျင့်စဥ်အခန်းကို ဖွင့်လိုက်သည့်အချိန်တွင် အရသာရှိဖွယ် မွှေကြော်ခံထားရသည့် ယင်ယန်ဝိညာဥ်တစ်ခုကို တွေ့လိုက်ရမည် ဖြစ်ကြောင်း ပိုင်ရှောင်းချန်းက တွေးနေတော့သည်။

ထိုကြောက်မက်ဖွယ် အတွေးကြီးကြောင့် သူက တုန်ရီသွားပြီး လိပ်ဒယ်အိုးထဲမှ ပျံထွက်ရန်ပင် ကြံလိုက်သည်။ သို့သော် ထိုအချိန်တွင် ကျယ်လောင်သော ထစ်ချုန်းသံများ မြည်လာတော့သည်။

သူ၏ အော်ဟစ်သံများနှင့်အတူ ငွေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး သူ့ကို လွှမ်းခြုံသွားတော့သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်မှာ ဒယ်အိုးထဲမှထွက်လာပြီး သူ၏ယင်ယန်ဝိညာဥ်ထဲသို့ စီးဝင်သွားတော့သည်။

သူ၏ အတွေးထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားတော့သည်။

အဆုံးတွင် အသံများပျောက်ကွယ်သွားပြီး ငွေရောင်အလင်းတန်းမှာလည်း ကွယ်ပျောက်သွားသည်။ ပိုင်ရှောင်ချန်း၏ ယင်ယန်ဝိညာဥ်မှာ ကြောက်ရွံ့နေသည့် ပုံစံဖြင့် လေပေါ်သို့ပျံလာတော့သည်။ မကြာသေးမီက သူသည် ဒေါသထွက်နေသည့် ဧရာမလှိုင်းလုံးကြီးများအကြားတွင် ယိမ်းခါနေသည့် လှေကလေးတစ်စင်းအလား ခံစားနေရသည်။

" ကြောက်စရာကြီးပဲ။ ဒါ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းမှ မဟုတ်ပဲ။ သေခြင်းတရားနဲ့ ကစားနေတာ ဖြစ်နေပြီလေ။ "

ထိုအချိန်တွင် သူက လက်လျှော့ရန် ဆုံးဖြတိလိုက်တော့သည်။ သို့သော် သူ၏ ယင်ယန်ဝိညာဥ်ကို ငုံ့ကြည့်မိလိုက်သောအခါ ၎င်းအပေါ်တွင် ငွေရောင်အင်းကွက် တစ်ကွက်ရှိနေသည်ကို သူက ရုတ်တရက်သတိထားမိလိုက်တော့သည်။

ထို့အပြင် သူ၏ယင်ယန်ဝိညာဥ်မှာ ယခင်ကနှင့် ကွဲပြားသည့်ဟန် ရှိနေပြီဖြစ်သည်။

All Chapters