အခန်း (၄၃၀)
Vol. 43 Ch. 430
သူတို့သည် ၎င်းကို အနိုင်ကျင့်သည့်အကြောင်းကို လူကြီးများဆီ တိုင်ကြားမည်ကိုကြောက်ခဲ့သော်လည်း တကယ်တမ်း ပြဿနာရှာသူမှာ ၎င်းပင်။
"အဟမ်း! ယွီလု... မင်းမှာ ရည်းစားရှိလား"
ချင်ရီသည် အဆင်မပြေသောလေထုကို ခံစားမိသဖြင့် အ ကြောင်းအရာကို ပြောင်းလဲလိုက်ပြီး ယွီလုကို ခပ်တိုးတိုး သတိပေးလိုက်သလိုပက်။ ယွီလု လုပ်ခဲ့သည်များမှာ သိသာထင်ရှားသဖြင့် ချင်မိသားစုသည် ထိုသိက္ခာမဲ့သည့်အပြုအမူကိုခွင့်လွှတ်နိုင်မှာ မဟုတ်ချေ။ သူ အဲ့ထက်လွန်လာရင်ရော ? ရတယ်လေ... လူကြီးတွေကိုပဲ ကိုင်တွယ်ခိုင်းရမှာပေါ့
ယွီလုသည် ညုတုတုလေသံလေးဖြင့် ချိုမြိန်စွာပြောလိုက်သည်။ "ဟင့်အင်း တို့စံနှုန်းတွေက အရမ်းမြင့်လို့၊ တစ်ခါမှ ရည်းစားမထားဖူးဘူး"
ရေသောက်နေသော ကျီဖေးသည် ထိုအရာကိုကြားသောအခါ သီးသွားခဲ့သည်။ ချင်ရှန့်သည် သူ့နောက်ကျောကို အလျင်အ မြန် ပုတ်ပေးလာကာဖက်ထားလိုက်သည်။ ယွီလုသည် ကျီဖေးမှာ ၎င်းနှင့် ချင်ရှန့် ဆက်ဆံရေးကို တမင်တကာပြနေသည်ဟုသာ ထင်သောကြောင့် ဒေါသတကြီးဖြစ်နေသည်။
ကျီဖေးသည် ယွီလု၏ရဲတင်းသောစကားကြောင့် အမှန်တ ကယ် ထိတ်လန့်သွားခြင်းပင်။
[နင့် အခု လက်ရှိချစ်သူနဲ့ တွဲနေတာတောင် မကြာသေးဘူးမလား ? တစ်ခါမှ ရည်းစားမထားဖူးဘူး ? သူ အလယ်တန်းကျောင်းပြီးကတည်းက ရည်းစားတွေထည်လဲတွဲခဲ့တာ၊ ပြောဖို့တောင် မသင့်ပေမဲ့... အဲ့မှာ နင် ဆယ့်ရှစ်နှစ်မပြည့်ခင် လုပ်လို့မရမဲ့ဟာတွေတောင် လုပ်ရဲသေးတယ်၊ အချစ်နဲ့ လွတ်လပ်မှုဆိုတာကို ငါလည်း သိပါတယ်၊ ဒါပေမယ့် လူတွေကို မလိမ်စမ်းပါနဲ့ အိုကေ ?]
ချင်မိသားစုဝင်များ - ... သူတို့မှာ တကယ့်ကြီး ဒုက္ခပေးတက်တဲ့ ဧည့်သည်တစ်ယောက်ရှိနေတာပဲ
ယွီလုသည် မလုံမလဲမဖြစ်ပဲဆက်ပြောလာသည်။
"တို့ မိသားစုထဲက ယောက်ျားတွေကိုပဲကြည့်၊ အထူးသဖြင့် ချင်ရှန့်လိုလူပေါ့၊ သူ့ကို ဘယ်သူကများယှဉ်နိုင်မှာလဲ၊ သူနဲ့နှိုင်းလို့ရမဲ့သူမျိုးကို တို့ တစ်ခါမှမတွေ့ဖူးဘူး၊ သူ့ကို သဘော ကျမဲ့သူတွေ အများကြီးရှိတယ်မလား ?"
သို့သော် ချင်ရှန့်သည် သူ၏စိတ်မဝင်စားမှုကို မဖုံးကွယ်ထားခဲ့ချေ။ သူ သဘောမကျသည့်သူများအပေါ် စိတ်မရှည်နိုင်ပေ။
ထုံးစံအတိုင်း တခြားသူများသာ အခြေအနေကို၀င်ထိန်းလိုက်ကြသည်။
"အာ့တိက ငယ်ငယ်ကတည်းက အမြဲတမ်း လူတော်တော်များများဆီက သဘောကျခံရတယ်လေ" ချင်ရန်ပြောလိုက်သည်။
"ဒါပေမယ့် သူတို့ထဲက ဘယ်သူ့မှ သူ့မျက်လုံးကိုမဖမ်းစားနိုင်ဘူး"
"ဒါ တမင်ပြောတာမဟုတ်ဘူးနော်၊ ငါ့ကို သဘောကျတဲ့လူတွေက အာ့ကောကိုမြင်ပြီး သူ့ကိုပြောင်းကြိုက်သွားကြတာ" ချင်ကျောက် ဆက်ပြောလာသည်။
"ဒါပေမဲ့ အာ့ကောကတော့ သူတို့ကို ဘယ်တုန်းကမှဂရုမစိုက်ဘူး"
"ဟုတ်တယ် ညီမအသိတွေလည်း အာ့ကောကိုမြင်တာနဲ့ မိတ်ဆက်ပေးဖို့ အမြဲတောင်းဆိုနေကြတာ" ချင်ရုန်သည် အတိတ်ကိုပြန်တွေးကာ ပြောလိုက်သည်။ "ဒါပေမယ့် ငါ့ကောက ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး"
"တကယ်လား ?!" ကျီဖေး ရုတ်တရက်စိတ်၀င်စားလာသည်။ "အဲ့မှာ ဒရာမာလိုဇာတ်ကွက်တွေရော မပါဘူးလား"
ချင်မိသားစုဝင်များ- ... တခြားသူကို ရွဲ့ပြောနေတာကို မင်းက ဘာလို့ ပိုပြီးစိတ်၀င်စားနေရတာလဲ ?
၎င်းတို့သုံးယောက်လည်း ကျီဖေးသိချင်သည့် အမျိုးမျိူးအဖုံဖုံး ဒရမ်မာများကိုပြန်သတိရလာသည်။
"ကျီဖေး အရမ်းစိတ်လှုပ်ရှားနေတာပဲ၊ မင်း ငယ်ငယ်ကတည်း က ချင်ရှန့်နဲ့တွဲရဖို့ ဆုတောင်းချင်နေတာလား" ချင်ရီ နောက် ပြောင်လိုက်သည်။
"သူက ငယ်ငယ်လေးကတည်းက သူနဲ့ တွဲဖို့ ဆန္ဒရှိနေတာလေ" ချင်ရှောင်ယွီလည်း အရွှန်း၀င်ဖောက်သည်။
[အင်း...ကြည့်ရတာတော့ သူ့ကို သဘောကျတဲ့သူတွေ အများကြီးနဲ့တူတယ်၊ ဒါက idolတစ်ယောက်ကို သဘောကျသလိုမျိုးနေမှာ၊ တကယ်လို့ ငါတောင် ချင်ရှန့် ဓာတ်ပုံတွေ၊ လတ်မှတ်တွေကိုရောင်းပြီး သူ့ကိုပေးတဲ့ စာတွေ၊ လက်ဆောင်တွေကို ကိုယ်စားလက်ခံပေးတဲ့ အလုပ်လုပ်မယ်ဆို အဲ့ကျောင်းနှစ်မှာ ငါပိုက်ဆံအတွက် စိတ်ပူစရာလိုမှာမဟုတ်ဘူး]
ကျီဖေးသည် သူမ၏ယခင်ကမ္ဘာတွင် အလုပ်မျိုးစုံကိုစမ်းကြည့်ဖူးသဖြင့် ပိုက်ဆံရမည့် အပေါက်များကိုကြိုတင်မှန်းဆနိုင်သည်။
ကျီဖေး: "ဟုတ်တယ်၊ ဟုတ်တယ်! ငါ ဖြစ်နိုင်ရင် ငယ်ငယ်ထဲက ချင်ရှန့်ရဲ့ထိုင်ခုံဖော်ဖြစ်ချင်တာ"
လူတိုင်းသည် ထိုချိုမြိန်လှသောစုံတွဲကြောင့် ရယ်မောလိုက်ကြသည်။
တစ်ချိန်တည်းပင် ချင်မိသားစုအဖွဲ့ဝင်များလည်း အော်ရယ်ချင်စိတ်ကို ထိန်းထားရကာ ချင်ရှန့်စိတ်သည် သိသိသာသာ မှောင်မိုက်သွားရသည်။
ချင်ရှန့်သည် ရုတ်တရက် ကျီဖေး၏မေးစေ့ကို ဖမ်းကိုင်ကာ သူနှင့် အကြည့်ချင်းစုံနိုင်ရန် သူ့ မျက်နှာကိုဆွဲလှည့်လိုက်ပြီး သူလေသံသည် အနည်းငယ်အဓိပ္ပာယ်ဖော်ရခက်သည်။ "ဟုတ်တယ်၊ ထိုင်ခုံဖော်ဆိုတော့ ပိုကောင်းတာပေါ့"
သို့သော် သူ့စကားအဆုံးတွင် သူ့အသံသည် အလိုအလျောက် ပျော့ပြောင်းသွားသည်။
ဟုတ်တယ်၊ သူတို့ စားပွဲဖော်တွေဖြစ်ရင် အကောင်းဆုံးပဲ၊ ဒါပေမယ့် ၀မ်းနည်းစရာက သူတို့ နှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတာပင်။
သူသာ သူမကိုအကြာကြီးမစောင့်ခဲ့ရပါက အမှားများစွာ လုပ်မိမည်မဟုတ်ချေ။ ထူးဆန်းသည့်အရာမှာ သူ ယခင်တုန်းက တစ်စုံတစ်ဦးနှင့် ချိန်းတွေ့ရန် အဘယ်ကြောင့်သဘောတူခဲ့သည်ကို မမှတ်မိတော့ပေ။ ထိုအချိန်တွင် သူ ရည်းစားထားသင့်သည်ဟု ခံစားရသောကြောင့်ဖြစ်နိုင်သည်။
ထိုသည်မှာ အဓိပ္ပါယ်ရှိသည်။ သူ ကျီဖေးကိုမချစ်မိခင် သူ့ဘဝသည် ကြိုတင်မှန်းဆထားသည့် သာမန်လမ်းကိုသာလျှောက်ခဲ့သည်။ သူ့တွင် သူ မကြိုက်သည့်သူများရှိသလို၊ သူဂရုစိုက်သည့် မိသားစုဝင်များနှင့် သူငယ်ချင်းများရှိသော်လည်း မည် သူကမှ ကျီဖေးလိုလေးနက်သော ခံစားချက်မဖြစ်လာနိုင်ချေ။ သူမ တစ်ယောက်တည်းသာရှိသည်။
ချင်ရှန့်သည် ကျီဖေးအား သူ့အနားပိုနီးအောင်ဆွဲလိုက်ကာ သူ့ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
ခန်းမတွင် ရယ်မောသံများဖြင့် ပြည့်နှက်နေသော်လည်း တစ်ယောက်သောသူသည် ဒေါသများကြောင့်ဆူဝေနေသည်။
သူမသည် ၎င်းတို့အား ခက်ခဲအောင်လုပ်နေသော်လည်း တစ်နည်းမဟုတ်တစ်နည်းဆိုသလို ချိုမြိန်မှုများထုံလွှမ်းသွားဆဲသာ။
ယွီလုသည် စိတ်ပျက်မှုကိုမျိုသိပ်ရင်း "ဒါဆို ချင်ရှန့်ရဲ့ အချစ် ဦးဘယ်သူလဲ?"
ချင်ရှန့်၏အချစ်ဦးမှာ သူ၏ လက်ရှိဇနီးဖြစ်မည်ဟု သူ မယုံသောကြောင့် မေးလိုက်ခြင်းပင်။ အချစ်ဦးနှင့် လက်ထပ်ဖို့ဆိုသည်မှာ ထီပေါက်ဖို့ထက်ပင်ခက်လှသည်။ တခြားမိန်းက လေးတွေကရော အရူးတွေမို့လို့လား ? ဘယ်သူကမှ ချင်ရှန့်ရဲ့ နှလုံးသားကို မယူနိုင်ဘူးလား ?
ယွီလုသည် သူ မသိလိုက်ခင် မြှုပ်ထားသည့် မိုင်းတစ်ခုပေါ်သို့ တက်နင်းမိခဲ့သည်။
ထိုသည်မှာ ချင်ရှန့်အတွက်မဖော်ပြလိုသောအတိတ်တစ်ခုပင်။
ချင်ဒုတိယမိသားစုမှ လူသုံးဦးတို့သည် ထိုဇာတ်လမ်းကို ရှင်း ရှင်းလင်းလင်းသိကြသော်လည်း အခြားသူများမှာ ထို တက္ကသိုလ်နှစ်တုန်းကအကြောင်းကို ကောလာဟလများသာ ကြားဖူးသည်။
ဒါကြောင့် သူ့ရဲ့အချစ်ဦးက...
ထိုအချိန်တွင် ချင်ရှန့်သည် သူ့ခေါင်းကို ကျီဖေး၏ပခုံးပေါ်သို့ တင်လိုက်ကာ သူ့ဇနီးကိုဒေါသမထွက်စေချင်သလို သူ့အတိတ်ကြောင့် သူမ မနာကျင်စေဖို့မျှော်လင့်မိသည်။
[ဟာဟားဟား နင်က ကိုယ့်ဒုက္ခကိုရှာနေတာပဲ၊ ဒါက ချင်ရှန့်ရဲ့ အနာဟောင်းကို ဆွလိုက်သလိုပဲဟ၊ သူလို CEO တစ်ယောက်က အချစ်မှာလှည့်စားခံရတာကို သူ ဘယ်လိုလုပ် ဝန်ခံနိုင်မှာလဲ ဟားဟား!]
ချင်ရှန့်:...
ချင်ဒုတိယမိသားစု- အင်း ငါတို့စိုးရိမ်နေရတာ အလကားပဲကို
"ဘာကိစ္စမို့လို့ တိတ်ဆိတ်နေတာလဲ၊ ပြောဖို့ အဆင်မပြေဘူးလား၊ ဒါမှမဟုတ် အားစောင်ကို မကြားစေချင်လို့လား" ယွီလု ပြဿနာရှာရန် ကြိုးစားနေသည်မှာ ထင်ရှားသည်။
အခြားသူများသည် ထိုကိစ္စကို မပြောသင့်ဟုထင်ကာ စကားလမ်းကြောင်းလွှဲချင်ကြသည်။
သို့သော် ရုတ်တရက် ချင်ရန်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး "ငါတို့ သူ့အချစ်ဦးအကြောင်းပြောရရင် ချင်ရှန့် အရင်တုန်းက လက်ထပ်မယ်လို့ကတိပေးဖူးတဲ့ မိန်းကလေးအကြောင်းကိုပြောရမှာပဲ"
ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူတို့ အစ်မကိုထိတ်လန့်စွာ လှည့်ကြည့်လိုက်ကြသည်။ ဘာတွေဖြစ်နေတာလဲ ? သူမ သတင်းကြီးတစ်ခုကို ပြောတော့မလို့လား? ချင်ရှန့်က သူ့ရည်းစားဟောင်းကို လက်ထပ်မယ်လို့ ကတိပေးခဲ့တာလား?
ချင်ရှန့်လည်း ချင်ရန်ကို စိတ်ရှုပ်ထွေးစွာကြည့်နေလေသည်။
တစ်ဖက်တွင် ကျီဖေး အံ့အားသင့်သွားသည်။ သူ ချင်ရှန့် အတိတ်လျှို့ဝှက်ချက်များကို မကြည့်နိုင်သဖြင့် သူ နားမလည်ခဲ့သော အရာများစွာရှိသည်။
ယွီလုသည် လူတိုင်း၏အမူအရာများ ပြောင်းလဲသွားသည်ကိုမြင်လျှင် ပြုံးလိုက်မိပြီး
"အိုး? ဘယ်လို ဇာတ်လမ်းမျိုးလဲ ? တို့ နားထောင်ချင်လိုက်တာ၊ ဒီကိစ္စကို ဘယ်သူမှ စိတ်ဆိုးမှာမဟုတ်ဘူးမလား ? ဒီလောက် စိတ်၀င်စားဖို့ကောင်းတဲ့ အကြောင်းအရာကိုတော့ မပြောပဲမနေနဲ့နော်"
မည်သူမှ သူ့ စကားကိုဂရုမစိုက်ကြပေ။ ၎င်းတို့အားလုံးသည် ထိတ်လန့်သွားကာ သိချင်စိတ်ပြင်းပြလာသလို တစ်ချိန်တည်းတွင် စိတ်ပူမိသော်ငြား ချင်ဒုတိယမိသားစုသည် ကိုယ့်အိမ် တွင်းရေးကို ကိုယ့်ဘာသာ ပြောလာသဖြင့် တိတ်တဆိတ်သာ ဒရမ်မာကို ပျော်မွေ့လိုက်ကြသည်။
ချင်ရန်သည် ကျီဖေးကို ရုတ်တရက်ကြည့်လိုက်ပြီး ခပ်ပြုံးပြုံးနှင့် "အဲ့ဒါ နင်ပဲလေ"
ကျီဖေး အံ့သြသွားသည်။
"ကျွန်မလား ?"
ချင်ရန်သည် သူမ ချင်ရှန့်နှင့် တွဲလိုက်ကြပြီး ၎င်း သူမကို လက်ထပ်ရန်ပြောသည့်အကြောင်းကိုပြောခြင်းဟုသာ ထင်လိုက်သည်။
ချင်ကျောက်နှင့် ချင်ရုန်တို့သည် ချင်ရှန့်မှာသူ့ရည်းစားဟောင်းအား လက်ထပ်ရန်ကတိမပေးခဲ့သောကြောင့် ချင်ရန်သည် ထိုအခြေအနေကို ပါးနပ်စွာအခွင့်ကောင်းယူသည်ဟုသာ ထင်ခဲ့သည်။
ချင်ရှန့်လည်း ထိုသို့ထင်ခြင်းပင်။
အခြားသူများလည်း ချင်ရန့်အား ဉာဏ်ကောင်းသည်ဟု တွေးမိကြသည်။
ထိုစဥ် ချင်ရန်သည် အတိတ်ကို လွမ်းဆွတ်နေသောလေသံဖြင့်
"အာ့တိ ဆယ်နှစ်တုန်းက ငါ မှတ်မိသေးတယ်...၊ သူ ငါတို့နဲ့ အချိန်ပိုပြီးနေလာတယ်၊ ငါတို့အိမ်မှာ ကစားနေကြတုန်းက ငါကအာ့တိရဲ့သတို့သမီးဖြစ်ချင်တယ် သူ့ကို ငါ့သတို့သားလုပ်ခိုင်းတာ၊ ဒါပေမယ့် သူက တခြားတစ်ယောက်ကိုလက်ထပ်ဖို့ ကတိပေးထားပြီးသားမို့လို့ ငါ့ သတို့သားမဖြစ်နိုင်ဘူးဆိုပြီး ငြင်းခဲ့တာ"