← Chapters

ခုန်းလုံမြို့၏ ဒုတိယ ဆေးကျွမ်းကျင်ပညာရှင်

Vol. 79 Ch. 1185

ခုန်းလုံမြို့၏ ဒုတိယ ဆေးကျွမ်းကျင်ပညာရှင်

Vol. 79 Ch. 1185

အကြီးအကဲဝမ်သည် သူ၏ နတ်စွမ်းအင်ဆေး၏ တိုးတက်မှုများနှင့်ပတ်သက်၍ အလွန်ယုံကြည်ချက်ရှိသည်။ ထို့ကြောင့် ချူးယွင်ဖန်းက တစ်ချက်တည်းကြည့်ရုံဖြင့် ပြောနိုင်မည်ဟုမထင်ခဲ့ပေ။ တကဘ်တမ်းတွင် ဆေးပညာရှင်များစွာက ဤကဲ့သို့ တိုးမြှင့်မှုများကို လုပ်ဆောင်နေကြခြင်းဖြစ်ရာ စံသတ်မှတ်ထားသော နတ်စွမ်းအင်ဆေးကို

၎င်း၏ဆေးဖက်ဝင် အာနိသင်နှင့် ၎င်း၏ကုန်ကျစရိတ်ကြား ချိန်ခွင်လျှာဖြင့် ဆုံးဖြတ်သည်။ အခြားကြိုးစားမှုများက မဖြစ်နိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။

အချို့သူများသည် ပိုက်ဆံမနည်း၍ ချမ်းသာသည်။ ဤလူများက ဆေးလုံး၏ ဆေးဖက်ဝင်အာနိသင်ကို တိုးမြှင့်လိုကြသည်။ ကုန်ကျစရိတ်ကမူ ၎င်းတို့နှင့် မသက်ဆိုင်ပေ။ နောက်ဆုံးတွင်မူ လူအများစုက နတ်စွမ်းအင်ဆေးကို အသုံးပြုချိန်သည် သေခြင်းနှင့် ယှဥ်ခြင်း၏ အရေးကြီးသောအခိုက်အတန့်တွင်ဖြစ်သည်။

“ကျွန်တော်ပြောတာမမှားရင် ဆင်သားရဲရဲ့ သွေးဖြစ်မယ်” ချူးယွင်ဖန်းက ပြောသည်။

“ဒီဆင်သားရဲရဲ့ သွေးကို ပေါင်းထည့်ထားက နတ်စွမ်းအင်ဆေးရဲ့ အကျိုးသက်ရောက်မှုကို နှစ်ဆတိုးစေတယ်”

ဆင်သားရဲများသည် မွေးရရာပါ နတ်စွမ်းအင်များရှိကြသည်ဖြစ်ရာ အလွန်ကျော်ကြားသည် မွန်းစတားတစ်မျိုးဖြစ်သည်။ အများစုမှာ မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် အထက်တွင်ရှိကြကာ နတ်အဆင့်၌ပင် ရှိနိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကို အလွန် အစွမ်းထက်သော မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ အကြီးအကဲဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆေးကို မမြည်းကြည့်ရသေးသော်လည်း ဆေးအနံ့တစ်ခုတည်းဖြင့် သိနိုင်ခဲ့သည်။ သို့သော် သူက အမြန် တည်ငြိမ်သွားပြီးနောက် ပြောလိုက်သည်။

“ဒါပေမယ့် မလုံလောက်ဘူး”

“ဒါပေါ့ မလုံလောက်ပါဘူး” ချူးယွင်ဖန်းက ပေါ့ပါးစွာပြောလိုက်သည်။

“ဒါပေမယ့် ကျုပ်မမှားရင် ခင်ဗျား ဆင်သားရဲရဲ့ သွေးကိုထည့်တုန်းက အသက်ရှုကြိမ်သုံးဆယ်လောက်စောလွန်းတယ်။ ဒါ့ကြောင့် ခင်ဗျားသုံးတဲ့သွေးက အလကားဖြစ်သွားတယ်”

ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောနေသဖြင့် အခြားသူများက အကြီးအကဲဝမ်ကိုကြည့်ကာ ချူးယွင်ဖန်း မှန်သည်မှားသည်ကို ဖြေပေးရန် စောင့်ဆိုင်းနေကြသည်။

"မှန်ပါတယ် မင်း အောင်သွားပြီ”

အဆုံးတွင် အကြီးအကဲဝမ်က ဝန်ခံရုံသာတတ်နိုင်ခဲ့သည်။ ပထမက သူမဝန်ခံချင်သော်လည်း ချူးယွင်ဖန်းက သူသွေးကို အချိန်စော၍ ထည့်ခဲ့မိကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။ ထို့ကြောင့် သူမည်သို့ပြောနိုင်ဦးမည်နည်း။

ဆက်မေးပါက သူ ပို၍ အရှက်ကွဲရပေလိမ့်မည်။

ချူးယွင်ဖန်းက ထိုသို့ပြောပြနိုင်မည်မဟုတ်ဟု မူလက သူထင်ခဲ့သည်။ အညစ်အကြေးဟုဆိုကြသော်လည်း တကယ်တမ်းတွင် ဆေးလုံး၏ အာနိသင်က သာမန် နတ်စွမ်းအင် ဆေးများထက် သာလွန်နေသေးသည်။

“ငါ့ဟာကိုလည်း လာကြည့်ပါဦး” အကြီးအကဲရွှီက အစိမ်းရောင်ဆေးလုံးကိုထုတ်ကာ ချူးယွင်ဖန်းအားပေးလိုက်သည်။

ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှုလိုက်သည်။ ဆေးဖက်ဝင်အပင်များစွာ၏ အမည်များက သူ့စိတ်ထဲတွင် ပေါ်လာသည်။

"ဒါက သစ်စိမ်းဆေးဖြစ်မယ်။ သစ်သားပုံစံကျင့်ကြံနည်းတွေကို လေ့ကျင့်တဲ့ သိုင်းပညာရှင်တွေရဲ့ ကျင့်ကြံရေးအဆင့်ကို မြှင့်တင်တဲ့နေရာမှာသုံးတယ်။ ပျော့ပြောင်းမြက်၊ နဂါးအန်ဖက်မြက်တို့နဲ့ လုပ်ထားတာ ဖြစ်နိုင်တယ်”

ချူးယွင်ဖန်းသည် တစ်ချက်တည်းတွင် ပါဝင်ပစ္စည်းများ ဒါဇင်ပေါင်းများစွာကို စာရင်းပြုစုပြခဲ့သဖြင့် အကြီးအကဲရွှီ၏ မျက်နှာထက်တွင် အလွန်ထိပ်လန့်တုန်လှုပ်သွားသည့် အမူအရာတစ်ခု ပေါ်လွင်လာသည်။ ချူးယွင်ဖန်းသည် ဆေးမွှေးရနံ့ကို အနည်းငယ်သာ အနံ့ခံခဲ့သော်လည်း ပါဝင်သော ပစ္စည်းအားလုံးကို တစ်ကြိမ်တည်းနှင့် ပြောပြနိုင်ခဲ့သည်။

ချူးယွင်ဖန်းဖတ်ပြသည့်စာရင်းမှာ ဆေးဖက်ဝင်ပစ္စည်းများထည့်သည့် အစဥ်အတိုင်းဖြစ်ကြောင်း သူသတိပြုမိသည်။ တစ်နည်းဆိုရသော် ချူးယွင်ဖန်းသည် သူဆေးဖော်စပ်စဥ်က ထည့်ခဲ့သော ဆေးဖက်ဝင်ပစ္စည်းများထည့်သည့်အစီအစဥ်ကို ပြောပြခဲ့ပြီးဖြစ်သည်။ အမှားအယွင်းမရှိခဲ့ပါ။ သူ ဆေးဖော်စပ်နေစဥ် ချူးယွင်ဖန်းက ဘေးမှ ရှိနေသည့်အလားပင်ဖြစ်၏။

အကြီးအကဲရွှီသည် သစ်စိမ်းဆေးကို ပြုပြင်မွမ်းမံခဲ့ရာ ၎င်းသည် ပြင်ပတွင် ပျံ့နှံ့နေသော သစ်စိမ်းဆေးများ၏ ပြုလုပ်နည်းနှင့် ကွဲပြားသည်။ သို့သော် ချူးယွင်ဖန်းသည် ပါဝင်ပစ္စည်းများကို အခက်အခဲမရှိဘဲ စာရင်းပြုစုခဲ့သည်။ ထို့ကြောင့် ဤအရာများအားလုံးက သူ့အတွက် မခက်ခဲကြောင်းကိုလည်း ပြောနိုင်သည်။ အရာအားလုံးကိုတွေးတောရင်းဖြင့် အကြီးအကဲရွှီသည် သူ့ကျော်ရိုးတစ်လျှောက်အေးခဲသွားသည့်အလား ခံစားလိုက်ရသည်။

“ဒါက အရမ်းအဓိပ္ပါယ်ရှိတဲ့ ကြိုးစားမှုပဲ” ချူးယွင်ဖန်းက ပြုံးလိုက်သည်။

“ကျွန်တော့်ကို ဆက်ပြောစေချင်လား”

“မလိုတော့ပါဘူး။ မင်း အောင်မြင်သွားတာကို ငါဝန်ခံပါတယ်” အကြီးအကဲရွှီက ခါးသက်စွာပြုံး၍ ပြောသည်။

မှန်သည်။ ချူးယွင်ဖန်းက သူဆေးလုံးထုတ်လုပ်ခဲ့ပုံ၏ တိကျသောအဆင့်များကို ဆက်ပြောနိုင်သော်လည်း လျို့ဝှက်ထားပေးမည်ဟု ဆိုလိုသည်။ နောက်ဆုံးတွင် အကြီးအကဲရွှီသည် သစ်စိမ်းဆေး၏ ပိုမိုကောင်းမွန်သော ပုံစံကို ဖန်တီးနိုင်ရန် အချိန်အတန်ကြာကုန်ခဲ့ရသည်။ ထို့ကြောင့် ဤနေရာ၌ ပေါ့ပေါ့ပါးပါး လူသိရှင်ကြား ထုတ်ပြခြင်းက အဆင်မပြေလှပေ။ သူသည် ချူးယွင်ဖန်းကို ပို၍ ကျေးဇူးတင်စွာပင်ကြည့်နေသည်။ ဤဆေးဖော်စပ်နည်းများသည် ဆေးပညာရှင်များ၏ အခြေခံအုပ်မြစ်များပင်ဖြစ်သည်။

သစ်စိမ်းဆေး သန့်စင်သည့် နည်းလမ်းကို အတိအကျ သိချင်သည့် လူများစွာသည် စိတ်ပျက်သွားရုံမှတပါး အခြားမတတ်နိုင်တော့ပေ။ သူမည်ကဲ့သို့ဆေးဖက်ဝင်ပစ္စည်းများသုံးခဲ့ကြောင်းသိရုံနှင့် အသုံးမဝင်ပေ။

သို့သော် လူများစွာ၏ အသက်ရှုသံက ရုတ်တရက် လျင်မြန်လာသည်။ ဆေးပညာရှင်အဖွဲ့၏ စည်းမျဉ်းများအရ ချူးယွင်ဖန်းသည် ဆေးပညာရှင်တစ်ယောက်ဖြစ်လာရန် အဖြေမှန်သုံးခုရရန်သာ လိုအပ်သည်။ ယခု သူ့တွင် အဖြေမှန် နှစ်ခုရှိနေပြီဖြစ်သောကြောင့် အကြီးတန်းဆေးပညာရှင်ဖြစ်ရန် အဖြေတစ်ခုသာ ထပ်မှန်ရန် လိုအပ်သည်။

လူများစွာက အသက်ရှုကြပ်လျက် ချူးယွင်ဖန်း မည်သူ့ကို ရွေးချယ်မည်ကို စိတ်ဝင်စားစွာကြည့်နေကြသည်။ သို့သော် ချူးယွင်ဖန်းသည် ဆေးပညာအစည်းအရုံး၏ဥက္ကဌ ကုန်းပုယီကို ရွေးချယ်ခဲ့ကာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ချူးယွင်ဖန်းက ကုန်းပုယီထံသို့လျှောက်သွားသည်။ ကုန်းပုယီသည် ချူးယွင်ဖန်းကို အံ့အားသင့်စွာ ကြည့်နေ၏။ ၎င်းတိုတ့ ငါးဦးအနက် သူက အဆင့်အမြင့်ဆုံးဖြစ်သည်။ မှန်သည်။ သူ့မေးခွန်းက အခက်ခဲဆုံးဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက သူ့ကို စိန်ခေါ်ရန် အမှန်ပင် ရွေးချယ်ခဲ့၏။

“မင်း ငါ့ကိုရွေးတယ်ဆိုတော့ ငါ့ဆေးလုံးက ဘာအတွက်သုံးလဲဆိုတာ လာကြည့်ပါ”

ကုန်းပုယီ၏ လက်ဖဝါးပေါ်တွင် ဆေးနံ့တလှိုင်လှိုင်ထွက်နေသော အနက်ရောင် ဆေးလုံးတစ်ခု ရှိသည်။

“ကျွန်တော်မမှားရင် ဒါ အဆိပ်ဖြေဆေးဖြစ်မယ်” ချူးယွင်ဖန်းက တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ချက်တည်းကြည့်ကာပြောလိုက်သည်။

"မှန်ပါတယ်။ ဒါက အဆိပ်ဖြေဆေး၊ ဒါပေမယ့် ဘယ်လိုအဆိပ်မျိုးအတွက် သုံးတာလဲ။" ကုန်းပုယီက ချူးယွင်ဖန်းကိုကြည့်၍ အပြုံးမပျက်ပြောသည်။

ဤကမ္ဘာကြီးတွင် လူလုပ်သည်ဖြစ်စေ သဘာဝအတိုင်းဖြစ်စေ အဆိပ်အတောက် အမျိုးမျိုးရှိသည်။ အမျိုးအစားများစွာ ရှိသည်ဟု ဆိုနိုင်သောကြောင့် အဆိပ်ဖြေဆေး အမျိုးမျိုး ထွက်ပေါ်လာသည်။

အချို့သော အဆိပ်ဖြေ‌ဆေးများသည် အဆိပ်အများစုကို ကုသပေးနိုင်သော်လည်း အချို့မှာမူ အထူးအဆိပ်တစ်မျိုးစီအတွက်ဖြစ်သည်။

“ကျွန်တော် မမှားဘူးဆိုရင် ဒါက အဆိပ်ပြင်းဖားပျံအတွက် အဆိပ်ဖြေဆေးဖြစ်လိမ့်မယ်” ချူးယွင်ဖန်းက တွေးပြီးနောက်ပြောလိုက်သည်။

“အမ်” ကုန်းပုယီ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်တွင် သူ အမှန်ပင် အံ့သြသွားရသည်။

အဆိပ်ဖြေဆေးအများစုသည် ဆင်တူသော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို အနံ့ခံရုံဖြင့် သိနိုင်သည်။

"အဆိပ်ပြင်း ဖားပျံအတွက် ဆေးလို့ ဘာလို့ထင်တာလဲ”

ချူးယွင်ဖန်းက ခေတ္တရပ်၍ ပြောလိုက်သည်။

"ဒါက ခန့်မှန်းရမခက်ပါဘူး။ အဆိပ်ပြင်းဖားပျံက အဆိပ်ပြင်းတဲ့ သတ္တဝါတစ်မျိုးပဲ။ သူတို့က အနံ့အသက်ဆိုးတဲ့နေရာတွေမှာ အုပ်စုလိုက်ပေါ်လာတတ်တယ်။ သူတို့ဆီက အဆိပ်မိတာနဲ့ နောက်ဆုံးရလဒ်က အခြေခံအားဖြင့် သေခြင်းတရားပဲ။ သူတို့ကို သတိမထားရင် နတ်အဆင့်တွေတောင်မှ ဒုက္ခရောက်ကြရလိမ့်မယ်။ မှန်တယ်မလား”

"မှန်ပါတယ်၊ ဒါပေမယ့် ဒါက မင်းရဲ့အဖြေအတွက် အကြောင်းပြချက်တစ်ခု မဖြစ်သင့်ဘူး" ကုန်းပုယီက ပြောသည်။

“အဆိပ်ပြင်း ဖားပျံအဆိပ်ကို ကုသဖို့ နည်းတစ်နည်းပဲရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ အဲ့တာက သူ့အဆိပ်ပဲ။ ကျွန်တော် ဒါကို အနံ့ခံလိုက်တော့ အဆိပ်ပြင်းဖားပျံရဲ့ အဆိပ်နံ့ကို ရတာမို့ ကျွန်တော့်အတွက် ဒါက ခန့်မှန်းရမခက်ပါဘူး” ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

"မဆိုးပါဘူး၊ မင်း ဆက်လုပ်ဖို့ မလိုပါဘူး၊ မင်းအောင်မြင်သွားပြီ၊ မင်းမှာ ဆေးကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အစွမ်းသတ္တိရှိတယ်ဆိုတာ ငါဝန်ခံပါတယ်" ကုန်းပုယီက ကြေညာခဲ့သည်။

All Chapters